Monday, December 20, 2010

သစ်နဲ့၂၀၁၀

၂၀၁၀ ကနေ ၂၀၁၁ ကူးပြောင်းတော့မယ့် လကိုကျရောက်လာပါပြီ ။ နှစ်စဉ်သုံးသပ်နေကြအတိုင်း ကိုယ့်ကိုယ်ကိုစပြီး သုံးသပ်တဲ့ပို့စ်လေးရေးဖို့ အလှည့်ကျလာပြန်ပါပြီ ။ ဒီတော့ ၂၀၁၀ မှာ သစ် ဘာတွေလုပ်လဲအရင်စဉ်းစားရပြီပေါ့ ။ ၂၀၁၀ အစပိုင်းတုန်းကတော့ ပုံမှန်နေ့စဉ်ဖြတ်သန်းမှုနဲ့ပါပဲ ဘာမှထူးထူးခြားခြားရယ်လို့မရှိပါခဲ့ပါဘူး ။

နောက် ဖေဖော်ဝါရီ မိဘဆီပြန်တယ် ။ ပြန်လာတော့ ကျောင်းတက်ဖို့အင်္ဂလိပ်စာဝင်ခွင့်ဖြေရပါတယ် ။ လှလှပပကြီးကို ကျပါတယ်ရှင် ။ ဧပြီလသူများတွေကျောင်းတက်ရတဲ့အချိန်မှာ ကိုယ်တယောက်တည်း ငေါင်စင်းစွာကျန်ရစ်ခဲ့တယ် ။ အဲ့အချိန်မှာ ကိုယ့်ရဲ့အသုံးမကျမှုတွေဟာ ပိုပြီးပေါ်လွင်လာခဲ့တယ် ။ ဘယ်တော့မှကျောင်းတက်ဖို့မကြိုးစားတော့ဘူးလို့ စဉ်းစားမိခဲ့တယ် ။ အမေရဲ့ ဒီတခါမရလည်း နောက်တခေါက်ပေါ့ဆိုတာလဲ ကိုယ့်နားထဲတိုးမ၀င်ခဲ့ပါဘူး ။ မေလရောက်တော့ အလုပ်သစ်မှာ၁နှစ်တိတိပြည့်ခဲ့တယ် ။ အလုပ်ဘက်ကို စိတ်ကိုနှစ်လို့တိုးတက်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတွေးခေါ်ခဲ့တယ် ။ စင်္ကာပူမှာနေတာ ၄နှစ်နီးပါးဖြစ်လာတော့ ရှင်းရှင်းပြောရရင် နေရာလေးတခုရချင်လာမိတယ် ။ ကိုယ်နဲ့သင့်တော်တဲ့နေရာလေးပေါ့ ဒီလိုနဲ့တခုခုဖြစ်အောင်တော့ ကြိုးစားမှဖြစ်မယ်ဆိုတာ အသိတရားရလာခဲ့တယ် ။ ဇွန်လ မွေးနေ့ပုံမှန်ပဲဖြတ်သန်းခဲ့တယ် ထူးထူးခြားခြားမရှိခဲ့ပါဘူး ။

ဇူလိုင်လမှာတော့ ကိုယ့်ရဲ့ပိုနေတဲ့အချိန်တွေကို အသုံးချဖို့လမ်းကြောင်းတခုပေါ်လာခဲ့တယ် ။ စတင်ပေးခဲ့တဲ့သူရော အားပေးခဲ့တဲ့သူရော ခုချိန်ထိရင်ထဲမှာကျေးဇူးတင်လျှက်ပါပဲ ။ ကိုယ်လုပ်ချင်တဲ့အရာတခုကို အစပျိုးပြီးဆက်တိုက်လုပ်ခဲ့တယ် ။ အတွေးခေါ်အမြင်မှားတွေကြားမှာ ကိုယ့်ရည်ရွယ်ချက်အတိုင်း အဆင်ပြေပြေလေးနဲ့ဖြတ်သန်းခဲ့တယ် ။ သူငယ်ချင်းအသစ်တွေရသလို အဟောင်းတွေရဲ့စိတ်ဓါတ်တော်တော်များများကို သိခဲ့ရတယ် ။ စက်တင်ဘာလမှာ ဘ၀မှာထင်မထားခဲ့တဲ့ အရာတခု ရင်ထဲမှာ ငလျင်လှုပ်သလိုဖြစ်သွားခဲ့တယ် ။ ဖြေမဆည်နိုင်ခဲ့ဘူး ခုချိန်ထိတိုင်အောင်ပဲ ဒါပေမယ့် ကံကောင်းချင်လို့ဖြစ်လာတယ်လို့ပဲ စိတ်ထဲမှာလက်ခံခဲ့တယ် ။ အောက်တိုဘာမှာ မိဘတွေရဲ့ တင်းကြပ်စွာတိုက်တွန်းမှုကြောင့် ကျောင်းဝင်ခွင့်နောက်တကြိမ်ဝင်ဖြေခဲ့တာ လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ တက်ခွင့်ရခဲ့တယ် ။ ၀မ်းအသာဆုံးက မိဘတွေပေါ့ သူတို့ရဲ့အပျော်တွေကိုမပျက်ဆီးရအောင် သစ်ကြိုးစားခဲ့ရတယ် ခုတိုင်လည်း ကြိုးစားနေဆဲပါပဲ ။ အခက်အခဲပေါင်းများစွာကို စက်တင်ဘာကစလို့ ရင်ဆိုင်ခဲ့ရတယ် ၀ိုင်းဝန်းကူညီပေးတဲ့သူငယ်ချင်းတွေ အားလုံးကိုလည်း သစ်ရင်ထဲမှာ အမြဲအမှတ်တရကျေးဇူးတင်နေမှာပါ ။ နိုဝင်ဘာမှာ ငယ်သူငယ်ချင်းမိသားစုနဲ့ စိတ်ပြေလက်ပျောက် ခရီးတိုလေးထွက်ခဲ့တယ် ။ ပြန်လာတော့ လူသစ်စိတ်သစ်နဲ့ တကယ့်သစ်သစ်ဖြစ်ခဲ့ပါတယ် ။ အဲဒီမှာပဲ...... ဒန် တန့် ဒန်..........း) ။

ခု ဒီဇင်ဘာရောက်ပြီ သစ်သစ်ဘာလုပ်နေလဲ ၂၀၁၀ က သစ်သစ်ကိုဘာတွေပေးခဲ့လဲ သစ်သစ်ရဲ့စွမ်းဆောင်မှုတွေ ဘာတွေထူးခြားခဲ့လဲ သုံးသပ်ရင်တော့ ကျောင်းတခုတက်ခွင့်ရတာကလွဲလို့ ဘာဆိုဘာမှ မထူးခြားခဲ့ပါဘူး ။ ဒါကတော့ နောင်ကိုယ့်အတွက်ကျန်မယ့်အရာတခုလို့လဲ သစ်သစ်ကမြင်ပါတယ် ။ သစ်ကိုအပြည့်အ၀နားလည်ပေးတဲ့ သစ်မိဘတွေရော ချစ်သူရော သူငယ်ချင်းတွေရော အားလုံးကို သစ်သစ်ကကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ။ နောက် သစ်သစ်ပို့စ်တွေမရေးနိုင်ပဲ ဘလော့ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတာတောင် အစဉ်လာရောက်ဖတ်ကြတဲ့ သစ်ရဲ့အစ်ကို အစ်မ မောင် ညီမ သူငယ်ချင်းများအားလုံးကိုလည်း သစ်သစ်ကတကယ်ကို ကျေးဇူးတင်ရှိပါတယ် ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဟောလီးဒေးကိုဖြတ်သန်းရင်း ၂၀၁၁ကို အတူအကွကြိုဆိုလိုက်ကြရအောင်နော်.....။

ဆက်ဖတ်ချင်သေးရင်...

Tuesday, December 7, 2010

ပြန်လာခဲ့တော့မယ်နော်

တစ်ခုသောနေ့လည်ခင်းလေးမှာ ကောင်မလေးက ကောင်လေးကိုမေးခဲ့တယ် တို့၂ယောက်ဘ၀ကိုဘယ်လိုတည်ထောင်ချင်လဲပေါ့ ။ တကယ်ဆိုရင်တော့ ကောင်မလေးရဲ့ရင်ထဲမှာ ငယ်စဉ်ကတည်းကမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို ၀ှက်ဖဲအနေနဲ့ ကောင်လေးကိုပြောမပြခဲ့ပါဘူး ။ ကောင်လေးပြောလာမယ့် အဖြေကိုပဲ ရင်ခုန်တိုးတိတ်စွာ စောင့်မျှော်နေခဲ့ပါတယ် ။ ကောင်မလေးရဲ့ မေးခွန်းက ကောင်လေးကိုခဏတာတော့ ငြိမ်သက်သွားစေခဲ့ပါတယ် ။ နောက်တော့ ကောင်လေးကပြောပါတယ် သူပြောတာထပ်တူမကျခဲ့ရင်လည်း ကောင်မလေးဖြစ်ချင်တာကို ဦးစားပေးဖို့ ဆုံးဖြတ်ပြီးသားဆိုတာကိုပါ အရင်ဆုံးပြောခဲ့တယ်ဆိုပါတော့ ။ သူ့ရင်ထဲကဆန္ဒလေးကို ထုတ်ဖော်ခွင့်ပေးတဲ့ ကောင်မလေးကို ကျေးဇူးတင်ကြောင်းလဲ ဦးစွာပြောပြခဲ့တယ် ။

၂ယောက်လုံး ပညာတတ်တွေဆိုပေမယ့် နိုင်ငံခြားကိုထွက်လာတဲ့ ကောင်မလေးနဲ့ ကိုယ့်မြေကိုယ့်ရေမှာပဲ ကျရာနေရာမှာ တံတားဆောက်လမ်းဖောက်နေတဲ့ ကောင်လေးတို့ပေါင်းဆုံဖို့က လက်တွေ့မှာသိပ်ကိုခက်ခဲခဲ့ပါတယ် ။ ညှိနှိုင်းလို့မရတဲ့သံစဉ်တွေကြားမှာ မလူးသာမလွန့်သာပဲခက်ခဲစွာရုန်းကန်နေရတဲ့ သူတို့၂ယောက်ရဲ့ရည်ရွယ်ချက်ကတော့..........

ချစ်သူ ..... ကို့ရည်ရွယ်ချက်ကတော့လေ မချမ်းသာချင်ပါဘူး အေးချမ်းတဲ့အရပ်ဒေသလေးမှာ စိုက်ပျိုးရေးလုပ်ကိုင်လို့ မဖွံဖြိုးတဲ့သူတွေကို မျက်စိနားပွင့်အောင် ပညာတွေအခမဲ့သင်ပေးချင်တယ် ။ ကိုယ်တို့တွေသက်ရှင်ရပ်တည်ဖို့အတွက် တပိုင်တနိုင်စိုက်ပျိုးရေးလုပ်လို့ ဘ၀ကိုရှေ့ဆက်ကြမယ် ။ ကိုယ်တို့မှာ ဖုန်းတွေ ကားတွေ အင်တာနက်တွေ မလိုဘူး ကိုယ်တို့တတ်ထားတဲ့ပညာလေးကိုပဲ ဖြန့်ဝေမျှဝေကြည့်ချင်တယ် ။ ကျန်းမာသက်ရှည်စွာနေနိုင်ဖို့ သား ငါးတွေ ရာသက်ပန်စွန့်လွှတ်ပြီး အသီးအရွက်တွေနဲ့ပဲ သက်ရှင်ရပ်တည်ကြမယ်လေ ။ ကိုယ်တို့မှာလောဘဆိုတာဖြစ်မလာအောင် သံယောဇဉ်ဆိုတဲ့နှောင်ကြိုးထပ်ပြီး မချည်နှောင်ပဲ ကိုယ်တို့ဘ၀တွေကို ၂ယောက်ထဲသက်ဆုံးတိုင်ဖြတ်သန်းကြမယ်ချစ်သူ ။ ကိုယ်ပြောပြတဲ့ရည်ရွယ်ချက်လေးထဲကို ချစ်သူလိုက်လာရင် ခက်ခဲမယ် ဆင်းရဲမယ် ဘ၀ကြမ်းမယ် ဒါပေမယ့်လေ စိတ်လက်ချမ်းသာပျော်ရွှင်မှု အပြည့်အ၀ရလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ် ။ ကိုယ်တို့ရဲ့ချစ်ခြင်းတွေက ဘာပကာသနမှလွှမ်းမိုးခြင်းမရှိတဲ့ ချိုမြိန်ခြင်းသက်သက်ပဲဆိုတာ ကိုယ်ရောမင်းရောခံယူထားခဲ့ကြတယ်လေ .... ။

ချစ်တဲ့သူရဲ့ ရည်ရွယ်ချက်စကားသံလေးအဆုံးမှာ ကောင်မလေးပြောလိုက်တဲ့တစ်ခွန်းက သဲပြန်လာတော့မယ် မောင်ရယ် တဲ့......။ ဘာလို့မြန်ဆန်စွာကောင်မလေးကပြောခဲ့လဲဆိုတော့ သူငယ်စဉ်ကအိပ်မက်လေးနဲ့ထပ်တူကျခဲ့လို့တဲ့လေ ...။ လူတိုင်းပဲကိုယ်ချစ်တဲ့သူနဲ့တွေ့ဆုံချိန်မှာ တွေဝေမှုကင်းလို့ ဆုံးဖြတ်ချက်တွေမှန်ကန်ပြီး အချိန်တွေအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ပါတယ် ။ တခါတလေ မြို့ပြရဲ့မွန်းကြပ်မှူအောက်မှာ စိတ်တွေချုပ်တည်းထားမယ့်အစား နှောင်ဖွဲ့မှုကင်းတဲ့ချစ်ခြင်းတွေနဲ့ သက်ဆုံးတိုင်ဖြတ်သန်းနိုင်ကြပါစေ ။ နောက်ပြီးချစ်သူတိုင်းရဲ့ပန်းတိုင်ဖြစ်တဲ့ ပေါင်းဆုံခြင်းကိုလည်း မြန်ဆန်မှန်ကန်စွာပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, November 29, 2010

သူ့အကြောင်းတစေ့တစောင်း

သစ်သစ် စာမရေးဖြစ်တာ အတော်ကြာပါပြီ.... သစ်သစ်မှာရေးစရာတွေ ရင်နဲ့အပြည့်ပါ ဆက်လည်းရေးဦးမှာပါ လုပ်စရာကိုင်စရာ အချိန်ပေးစရာတွေနည်းနည်းများနေလို့ မရေးဖြစ်တာပါ ။ စာလာဖတ်တဲ့သူတွေကို ပစ်ထားသလိုဖြစ်သွားပါတယ် ။ ခုတော့ နည်းနည်းချင်းစီပြန်ရေးဖို့ အားထုတ်နေပါတယ် ။ ဘယ်သူ့အကြောင်းမှ မရေးရင်တောင်မှ သစ်သစ်အကြောင်းကိုတော့ ဆက်ရေးဖြစ်နေမှာပါ ။

သစ်သစ် ကျောင်းစတက်ရတော့ အရမ်းပင်ပန်းပါတယ် အလုပ်ကပြန်ရင် ကျောင်းဆက်တိုက်သွား ညဆို၁၁နာရီကျော်မှ အိမ်ပြန်ရောက်လေ့ရှိပါတယ် ။ စင်္ကာပူစရောက်ကတည်းက အလုပ်နဲ့အိမ်ပဲ သက်တောင့်သက်တာ လုပ်လာတဲ့သစ်သစ် ရုတ်တရက်အပြောင်းအလဲကို တော်တော်အသားကျအောင်လုပ်ရပါတယ် ။ ကျောင်းကတပတ် ၃ရက် တခါတလေ ၄ရက်မှာ အားတဲ့ရက်တိုင်း အားကစားသင်တန်းသစ်သစ် သွားဖြစ်အောင်ကြိုးစားပါတယ် ။ မသွားဖြစ်တဲ့ရက်တွေဆို အစားအသောက်ကိုလည်း တတ်နိုင်သလောက်ထိန်းပါတယ် ။ ခုတော့ ကျောင်းတက်တာ၂လလောက်ကျော်သွားပြီဆိုတော့ အဆင်ပြေလာပါပြီ ။ စာကြည့်ဖို့အတွက် စိတ်ကိုဆွဲနှစ်နေတာ ခုထိမုမ၀င်သေးပါဘူး ။ တစ်ခါတစ်လေ ရထားပေါ်မှာ စဉ်းစားမိတယ် ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်ပြီးအောင်တော့လုပ်ရမှာပဲ တခုခုလုပ်လို့ တခုခုမှာအားနည်းတယ်ဆိုတာ မဖြစ်ချင်တော့လည်း ကိုယ်တိုင်ပင်ပန်းခံရုံမှတပါး အခြားမရှိတော့ဘူးလေ ။ အခြားလူမှူရေးတွေကို ပျက်ကွက်မှုမရှိအောင် တတ်နိုင်သလောက်လေးတော့ သွားလာနေတုန်းပါပဲ ။

ဒီနိုဝင်ဘာလထဲမှာ သစ်သစ်ချစ်ရတဲ့ငယ်သူငယ်ချင်းနဲ့လဲ မလေးရှားခဏသွားဖြစ်ပါသေးတယ် ။ သူ့ရဲ့အစီအစဉ်တွေကောင်းလို့ သစ်သစ်နေရာတော်တော်များများရောက်ခဲ့ပါတယ် ။ သစ်သစ်အတွက် ပထမဆုံးမလေးခရီးစဉ်ပါ ။ အရမ်းလည်းပျော်ရွှင်ရသလို စိတ်တွေလည်းအတော်ပေါ့ပါးခဲ့တဲ့ ခရီးလို့လည်းပြောလို့ရပါတယ် ။ သူငယ်ချင်းခိုင်လေးကို အရမ်းကျေးဇူးတင်မိပါတယ် ။

သစ်သစ်ကျန်းမာရေးခြေနေကတော့ ခုတလော ၁ပတ်လောက်ရှိပြီဆိုပါတော့လေ ညဆို၁၂ကျော်မှအိပ် မနက်၎နာရီလောက်ဆို ခါးကမခံမရပ်နိုင်လောက်အောင် နာပါတယ် ။ အိပ်လို့ဘယ်လိုမှမရပါဘူး စောင်းလှဲလို့လဲမရ မှောက်ခုံလည်းမရ ပက်လက်လည်းမရ အတော်ကိုဆိုးတဲ့ခံစားမှုပါပဲ ။ ဒါ့အပြင် အိပ်ရေးမ၀ဘူးဆိုတဲ့ ခံစားမှုပါပိုလာတော့ စိတ်ကမနက်ဆိုမကြည်လင်တော့ပါဘူး ။ တစ်ခါမှဒီလိုဝေဒနာမျိုးမခံစားဖူးတော့ အတော်ခံရခက်ပါတယ် ။ လာမယ့်ပိတ်ရက်မှမသက်သာရင် ဆေးခန်းပြဖို့စဉ်းစားထားပါတယ် ။ ဟူးးးးး တစ်ယောက်တည်းမိဝေးဖဝေးနေရတော့ အတော်လေးကသီကလင်တနိုင်ပါတယ် ။

အိမ်ကိုလည်းလွမ်းလို့ ဆက်တိုက်ဆိုသလို ဖုန်းတွေဆက်ဖြစ်နေပါတယ် ။ စာမေးပွဲလေးပြီးရင်တော့ ၂ပတ်လောက်ပြန်မယ် စဉ်းစားထားပါတယ် ။ မသေချာသေးပါဘူး သစ်မေမေ့ကိုလွမ်းတာကတော့ အရမ်းပါပဲလေ ။ ဘ၀ဆိုတဲ့စက်ဝန်းထဲမှာ ဒီလိုပဲဝေးကွာစွာနေရမယ်ဆိုတဲ့ကံပါတော့လည်း ဘယ်တတ်နိုင်မလဲလေ ။ သစ်တို့ချစ်ခင်လာခဲ့တဲ့ သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျတဲ့သူကျ သစ်တို့ကိုပစ်ခွာပြီး တစ်ယောက်တည်းခွဲထွက်သူကခွဲထွက်နဲ့ ကျန်ရှိနေတဲ့သူလေးတွေနဲ့ပဲ ကျေနပ်စွာနေတတ်ဖို့ ကြိုးစားနေရပါတယ် ။

သစ်သစ်အလုပ်ကလည်း ပရောဂျက်အသစ်တွေရတော့ လူသစ်တွေထပ်ခန့် ရုံးခန်းတွေထပ်ချဲ့နဲ့ အလုပ်များနေပါတယ် ။ သစ်ကိုလည်းနေထိုင်ခွင့်သက်တမ်း ၂နှစ်တိုးပေးထားတော့ ထမင်းစားလက်မှတ်လေး နောက်၂နှစ်ထိရှင်သန်အောင် သစ်သစ်ကြိုးပမ်းအားထုတ်ရဦးမယ်လေ ။ ဘာပဲဖြစ်ဖြစ် ရလာတဲ့အခွင့်အရေးတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း သစ်သစ်တစ်ယောက် အချိန်တွေဖြတ်သန်းနေတယ်ဆိုတာ စာလာဖတ်ကြတဲ့ အစ်ကို အစ်မ မောင်နှမများ သိအောင် သစ်သစ်အကြောင်းတစေ့တစောင်းဆိုပြီး ပို့စ်လေးတစ်ပုဒ်ကို သာယာတဲ့မနက်ခင်းလေးမှာ ချရေးပြီးအသိပေးလိုက်ပါတယ်နော် ။ အားလုံးပဲကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, October 26, 2010

သူပေးတဲ့ဒဏ်ရာ

သစ် ဒီနေ့စာလေးနည်းနည်း ရေးချင်နေမိပါတယ် ။ ဒီတော့ သစ်ငယ်ငယ်က အကြောင်းတွေ ရေးမယ်စိတ်ကူးမိပါတယ် ။ သစ်တို့မိသားစုရန်ကုန်ရောက်စက သမိုင်းလမ်းဆုံမှာ သူများအိမ်တစ်ဝက်ကိုငှားပြီး နေခဲ့ပါတယ် ။ ၃နှစ်လောက်ကြာတယ်ဆိုပါတော့ ။ နောက်ပိုင်းအင်းစိန်ဘက်မှာ မြေကွက်ဝယ်ပြီး နေလာလိုက်တာခုဆို သစ်သစ်တစ်သက်တောင် ရှိခဲ့ပါပြီ ။ ပြောရမယ်ဆိုရင်တော့ တောမှာနေခဲ့တယ်ဆိုပါတော့ ဒီတော့ ရုပ်ရှင်သရုပ်ဆောင်တွေဆို အရမ်းတွေ့ဖူးချင်တာ မဆန်းပါဘူးလေ ။

တစ်ရက်ပေါ့ သစ်တို့၁အိမ်ကျော်မှာ နေတာက ကလေးသရုပ်ဆောင် အိသီရိလွင် နေပါတယ် ။ သူကရိုက်ကွင်းတွေသွား ပြန်လာရင် သစ်သစ်တို့ကို ရုပ်ရှင်မင်းသမီးအကြောင်းတွေပြော တမေ့တမောသွားနားထောင်ရတယ်ဆိုပါတော့ ။ ဒီတော့ သစ်ငယ်ငယ်လေးကတည်းက သဘောကျတဲ့ သရုပ်ဆောင်ကတော့ စိုးသူပါ ဆရာဝန်လည်းဖြစ် နာမည်လည်းကြီးဆိုတော့ အရမ်းကြိုက်ပါတယ် ။ ဒီလိုနဲ့ တနေ့သူငယ်ချင်းက သတင်းပေးပါတယ် လမ်းထိပ်က ဧကရီကျော်ကျော်ဆံပင်ညှပ်ဆိုင်ဖွင့်ပွဲမှာ စိုးသူ တင်နီလာဝင်း အခြားသရုပ်ဆောင်တွေလာမယ်ပေါ့နော် ။ ဒါပေမယ့်အဲ့အချိန်မှာ သစ်သစ်ကျူရှင်ချိန်နဲ့ကလည်း တိုက်နေတော့ မကြည့်ရတော့ဘူးဆိုပြီး အတော်ကိုဝမ်းနည်းပက်လက် ဖြစ်နေခဲ့ပါတယ် ။ ကျူရှင်ချိန်မှာလည်း အကြံတွေကထုတ်လို့ပေါ့ ။ ဒါနဲ့ကျူရှင်ပြန်တော့ လမ်းထိပ်ရောက်ချိန်မှာ လမ်းထဲကထွက်လာတဲ့ကားကြောင့် သစ်အိမ်ကဒရိုင်ဘာကြီးက ကားခဏရပ်လိုက်ပါတယ် ။ အဲ့အချိန်မှာ ရုပ်ရှင်သရုပ်ဆောင်တွေကားက ဖြတ်သွားတော့ စောင့်နေတဲ့လူအုပ်ကြီးက ဝေါခနဲပြေးလိုက်သွားတာ တွေ့လိုက်ပါတယ် ။ ဒါနဲ့ဘာမှမစဉ်းစားတော့ပဲ လွယ်အိတ်ကို ကားထဲထားခဲ့ပြီး ကားမောင်းတဲ့ဦးမောင်ထွန်းကို အမေ့ကိုပြောလိုက် မုန့်သွားစားတယ်ဆိုပြီး လမ်းထိပ်မှာပဲ ခုန်ဆင်းကျန်ခဲ့ပါတယ် ။

စည်းကမ်းကြီးတဲ့အမေရိုက်မှာကိုလည်း သိပါတယ် ။ ဒါပေမယ့် သစ်သစ်တစ်ယောက် စကတ်လေးဖလပ်ဖလပ်နဲ့ ကားနောက်ပြေးလိုက်ပါတယ် ။ လူအုပ်ကအရမ်းများတော့ တိုးမပေါက်ပါဘူး ။ သစ်သစ်အမ အပျိုတွေတသိုက်ကလည်း အဲ့လူအုပ်ထဲပါတာ မသိပါဘူး ။ အဲ့အချိန်စိုးသူကားက ပြေးနေတဲ့သစ်ဘေးမှာ စိုးသူထွက်ဖို့ရပ်လိုက်ပါတယ် ။ ၀မ်းသာအားရနဲ့စိုးသူကိုကြည့်မယ်ပြင်နေတုန်း လူအုပ်ကြီးနောက်ကပိပြီး သစ်သစ်မျက်နှာ စိုးသူကားရဲ့မှန်မှာကပ်နေပါတယ် ။ ရုန်းလို့လည်းမရ အော်လို့လည်းမရတော့ အသားကုန်အော်ငိုလိုက်ပါတယ် ။ သစ်သစ်အသံကတိုးလို့တောင်မပေါက်ပါဘူး ။ စိုးသူလည်းတံခါးဖွင့်မရပါဘူးလေ အဲ့အချိန်မီးသတ်သမားတွေက စိုးသူဆင်းဖို့လမ်းကြောင်းရှင်းတော့မှာ သစ်သစ်မယ်မျက်ရည်တွေနှပ်ချီးတွေ ဂျီးကြောင်းတွေနဲ့ ကားနားကခွာရပါတယ် ။ အဲ့နေ့က စိုးသူကသနားလို့ထင်ပါတယ် ရင်ထိုးလေးသစ်သစ်ကိုပေးသွားခဲ့တာ ခုထိရန်ကုန်အိမ်မှာ ရှိပါသေးတယ် ။ အဲ့အချိန်မှ သစ်သစ်အမကလည်း သစ်သစ်ကိုတွေ့ပြီး ငါ့ညီမလေးဆိုပြီး အိမ်ပြန်ခေါ်လာခဲ့ပါတယ် ။

ဘာပြောကောင်းမလဲ အမေကကြိမ်လုံးနဲ့ ခြံထိပ်ကစောင့်နေပြီး အသားကုန်ဆော်ပါတော့တယ် ။ သစ်သစ်အမခေါ်သွားတယ်ထင်ပြီး အမကိုပါဆော်ပါတယ် ။ အိမ်ကိုပတ်ပြေး ခြံထဲပတ်ပြေး အုန်းပင်ကြားတွေပတ်ပြေးနဲ့ အမေလည်းအတော်ညောင်းသွားပါတယ် ။ သစ်သစ်ကပြေးသာပြေးနေတာ ပါးစပ်ကလည်း အမေကစိုးသူဆီခေါ်သွားပေးလို့လား ကိုယ့်ဘာသာသွားကြည့်တာပဲ သမီးကစိုးသူလို အဆိုတော်ဆရာဝန်လုပ်ချင်တာ မျိုးစုံရွတ်ပြီး အော်ငိုနေတော့ လိုက်ဆွဲတဲ့ ကားမောင်းတဲ့ဦးမောင်ထွန်းမှာ ခုထိသစ်ကိုတွေ့ရင် ပြောမဆုံးသေးပါဘူး ။ တကယ်ဆိုးတဲ့သစ်သစ်ပါ..... ဟိ။ နောက်အပျိုပေါက်ဖြစ်လာတော့ ကျောင်းနားက စီအိုင်ဒီထဲမှာ ဒွေး ရုပ်ရှင်လာရိုက်လို့ သွားကြည့်တဲ့အကြောင်း ထပ်ရေးပါဦးမယ် ။ သေချာတာကတော့ သစ်ငယ်စဉ်ကအလွန်တရာ ကွန်ပလိန်းတက်တဲ့သူဆိုတာ ငယ်ဘ၀မှတ်တမ်းတွေကြည့်လို့ သိနိုင်ပါတယ် ။ ခုတော့လည်း အဲဒီငယ်စဉ်အချိန်လေးတွေ တကယ်ကိုပြန်လိုချင်နေမိပါတယ် ။ သတိရတယ်ကွယ်.......

ဆက်ဖတ်ချင်သေးရင်...

Wednesday, October 13, 2010

ကိုယ်မင်းကိုသိပ်ချစ်ပါတယ်

ဒီနေ့ သစ်သစ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ သစ်သစ် သူပြန်မယ်ဆိုတာ သိပေမယ့် တကယ်ပြန်မယ့်နေ့ကို ရင်မဆိုင်ရဲခဲ့ပါဘူး ။ အမြဲလိုလိုလည်း ရှောင်နေမိတယ် သူမပြန်ဖြစ်တော့ဘူးလို့ ပြောမှာကိုနေ့စဉ်လိုလားစွာ တောင်းတမိခဲ့တယ် ။ သစ်ဆုတောင်းမပြည့်ခဲ့ဘူးလို့ ဆိုရမယ် ဒီနေ့ညနေ သူအော့ဖ်လိုင်းလေးနဲ့ သူစနေနေ့ပြန်တော့မယ်တဲ့လေ ။ သစ်ကြိုတင်မျှော်လင့်ထားပေမယ့် တကယ်တမ်းကျတော့ မျက်ရည်တွေတားဆီးမရစွာ စီးကျလာခဲ့ပြန်တယ် ။

ရုံးဆင်းဆင်းချင်းဖုန်းတွေဆက်တိုက် ခေါ်ပေမယ့် သူမကိုင်တော့ပါဘူး သစ် သူ့အသံကိုတောင် ကြားခွင့်မရှိတော့ဘူးလား ဘုရားရေ သူမနေ့ညက သစ်ကိုဖုန်းဆက်သေးတယ် အဲ့အချိန်မှာသစ်စာသင်ခန်းထဲရောက်နေတော့ သူ့ဆီကိုအလွယ်တကူ မရောက်ခဲ့ဘူး ။ နောက်ဆုံးဆိုတာသိခဲ့ရင် သစ်အတန်းဖျက်ခဲ့မိမှာ သေချာတယ် ။ သစ်သူ့ကိုသိပ်တွေ့ချင်တယ် သူ့ကို သစ်မပြောလိုက်ရတဲ့ စကားလုံးများစွာ ရှိနေသေးတယ် ။ သူလိုအပ်ချိန်မှာ သစ်တာဝန်မကျေခဲ့ဘူး သူငယ်ချင်းကောင်းတစ်ယောက် မဖြစ်ခဲ့မိဘူး ။ နာကျင်မှုတွေလူးလှိမ့်ခံစားနေရတဲ့ကြားက သစ်ပူလောင်နေချိန်မှာ သူအရောက်လာခဲ့တယ် သစ်ကိုအားပေးခဲ့တယ် သစ်အတွက်အကောင်းဆုံးဖြစ်အောင် သူလုပ်ပေးခဲ့တယ် ။ သစ်လောက်မိုက်မဲတဲ့သူရှိပါဦးမလား နောင်ဘယ်အချိန်ဆုံမှာ မသိနိုင်တော့တဲ့သူတစ်ယောက်ကို သစ်လစ်ဟင်းမှုတွေရှိခဲ့တယ် ။ တောင်းပန်ပါတယ် သူငယ်ချင်းလေးရယ် သစ်ကိုဘယ်တော့မှခွင့်မလွှတ်ပါနဲ့ ။ သစ်ဘ၀မှာမင်းနဲ့ဖုန်းပြောခဲ့ရတဲ့ညတွေကို ဘယ်တော့မှမေ့နိုင်တော့မယ် မထင်ပါဘူး ။

သစ်ဒီနေ့သင်တန်းကပြန်လာတော့ စဉ်းစားမိတယ် ကိုယ်မင်းနဲ့စတွေ့ခဲ့တဲ့နေ့လေးကိုပေါ့ ။ တောင်တက်ဖို့လူတွေစုတော့ မင်းဆိုတာဘယ်သူမှန်းမသိဘူး ဒါပေမယ့်ဖုန်းတွေကဆက်နေတော့ အသံကိုမှတ်မိနေတယ် ။ အမြဲတမ်းသစ်ကလေးလို့ ခေါ်တတ်တဲ့ခေါ်နေသံကိုလည်းမှတ်မိနေခဲ့တယ် ။ သူငယ်ချင်းတွေ ဂရုဏာဒေါသတွေနဲ့ပြောသမျှကို ပန်းနဲ့ပေါက်သလိုမင်းခံယူခဲ့ဘူးတယ် ။ ဘယ်သူတွေဘာပြောပြော မင်းလုပ်ချင်ရာကိုယ်ပဲလုပ်ခဲ့တဲ့ တဇွတ်ထိုးစိတ်လေးကိုလည်း ကိုယ်ရိပ်မိခဲ့တယ် ။ မင်းရင်ထဲကဝေဒနာတွေကို သူငယ်ချင်းတွေကိုမသိစေခဲ့ဘူး ။ တို့တွေအတူတူကျောင်းဝင်ခွင့်တွေဖြေခဲ့ဘူးတယ် ထမင်းတွေအတူစားခဲ့ဘူးတယ် ခြင်္သေ့ကြီးနားမှာ မျိုးနဲ့အတူတူ စကားတွေများစွာပြောခဲ့ဘူးတယ် ။ မရေရာတဲ့အနာဂတ်တွေထဲမှာ ကိုယ်တို့တွေအတူ လမ်းလျှောက်ခဲ့ဘူးတယ် ။ သူငယ်ချင်းရယ် ခုချိန်မှာကိုယ်ရေးနေတဲ့စာထက် ပြောချင်တာများစွာရှိခဲ့တယ် ။

ဘ၀မှာကျဆုံးချိန် နာကျင်ရချိန် ၀မ်းနည်းနေရချိန်တွေများစွာ ရှိပါတယ် ။ သစ်ကိုယ်တိုင်လည်း မတူရင်တောင် ထပ်တူနီးပါးဒီလိုမျိုးတွေ ဖြစ်ခဲ့ဘူးတယ် ။ ခုချိန်ထိလည်း သစ်ရပ်တည်ဖို့ စဉ်းစားနေခဲ့တယ် ။ ဒါပေမယ့် သစ် မင်းလို မဆုံးဖြတ်ရဲခဲ့ဘူး မပြတ်သားခဲ့ဘူး မဖြစ်သင့်ဘူးဆိုတာ သိပေမယ့် ကိုယ့်ရင်ထဲက မင်းဆုံးဖြတ်ချက်ကို တိတ်တခိုး အားကျနေခဲ့မိတယ် ။ နာကျင်မှုတွေထဲမှာ ဖော်ပြလို့မရတဲ့ ဒီခံစားမှုမျိုးကို သစ်နားလည်တယ်ဆိုရင် မင်းယုံမယ်မထင်ဘူး ။ တချိန်မင်းပြန်လာခဲ့ရင် လူသစ်စိတ်သစ်ဘ၀သစ်မှာ ပျော်ရွှင်တက်ကြွတဲ့သူတစ်ယောက် အဖြစ် သစ်မျှော်လင့်မိပါတယ် ။ ၉. ၁၀. ၂၀၁၀ ညက မင်းပြောခဲ့တဲ့စကားလုံးတွေကို ကိုယ့်ရင်ထဲမှာတစ်သက်လုံးမှတ်ထားပါ့မယ် ။ မင်းထွက်ခွာမသွားခင်မှာ တစ်ခုလောက်တော့မှတ်သွားပေးပါနော် ကိုယ် မင်းကိုသိပ်ချစ်ပါတယ် သူငယ်ချင်းရယ်...... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, August 31, 2010

ပျက်ကွက်မိတဲ့ကိုယ်

သစ်မနေ့က သင်တန်းကပြန်ရောက်တော့ အင်တာနက်ဖွင့်ပြီး မေးလ်စစ်ဖြစ်ပါတယ် ။ အဲ့အချိန်မှာ သစ်သူငယ်ချင်းက ရန်ကုန်ကနေ ဆရာ့ဆီဖုန်းဆက်လိုက်ဦး နင်တို့ကိုသတိရနေတယ်လို့ ပြောတော့ သစ်ဆရာ့ဆီဖုန်းဆက်ဖြစ်ခဲ့တယ် ။ အလုပ်တွေနဲ့ မေ့လျော့ပြီးဆရာ့ဆီ ဖုန်းမဆက်ဖြစ်ခဲ့တာ ခုဆို ၁လကျော်တောင်ရှိနေပါပေါ့လားဆိုပြီး ကိုယ့်ဘာသာလဲအပြစ်တင်မိတယ် ။

ဆရာကဖုန်းကိုင်တာနဲ့ကို နေကောင်းလားလို့သူက စမေးခဲ့ပါတယ် ။ နောက်ဖုန်းမဆက်ကြလို့ စိတ်ပူနေကြောင်း ၇န်ကုန်ကသစ်တို့မိဘတွေဆီကိုတောင် ဒီလကုန်ဆိုဆက်သွယ်မေးမြန်းမလို့ စဉ်းစားထားကြောင်း ဆက်တိုက်ဆိုသလို ပြောတော့တာပဲလေ ။ သစ်လည်းဆရာ့ကိုတောင်းပန်ရင်း ဆရာ့မေမေ ကြီးကြီးနေမကောင်းတာ သိခဲ့၇တယ် ။ အရင်ကဆို ဆေးခန်းလိုက်ပို့ ဆေးသောက်တာကအစ သတိတွေပေးပြီး သစ်တို့ဆွေမျိုးအရင်းတွေလို နေခဲ့တာကို ဆရာလည်းသတိရသလို သစ်ကိုယ်တိုင်လည်း ပြန်လည်သတိရမိပါတယ် ။

သစ်တို့ဆရာက စိတ်ထားသိပ်ကိုကောင်းပါတယ် ။ သူ့ကိုဒေါသကြီးမယ်ထင်ထားခဲ့တာ သူ့စိတ်ရင်းမှန်ကိုသိသွားရင် တော်တော်လေး လေးစားမိပါတယ် ။ ဆရာကသူများကိုတိုက်ခိုက်တယ်မရှိပဲ သူများတွေကသာ ဆရာ့ကိုတိုက်ခိုက်တိုင်း ရေငုံနှုတ်ပိတ်နေခဲ့တဲ့ဆရာလေ ။ ဆရာကသစ်တို့ဖုန်းလာရင် သူရင်ဖွင့်စရာရှိတာတွေ ဆက်တိုက်ပြောတော့တာပဲ ။ အထပ်မြင့်ပရောဂျက်တွေများလို့ ခုတလောသူတော်တော်လေးပင်ပန်းကြောင်း ဒါ့အပြင် ဆရာခန့်ထားတဲ့သူတွေကလည်း စင်္ကာပူကိုအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြကြောင်း သစ်တို့၎ယောက်ထွက်သွားပြီးကတည်းက ခုထိမတည်ငြိမ်သေးကြောင်း ပြောတော့သစ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ ဒါပေမယ့်ကိုယ်တိုင်ကလည်း ဒီဖော်မြူလာအတိုင်း ထွက်လာခဲ့တဲ့သူဆိုတော့ ဆရာ့ကိုနှစ်သိမ့်စရာ စကားလုံးရုတ်တရက်ရှာဖွေမတွေ့ခဲ့ပါဘူး ။

သစ်တို့ထွက်တော့ ဆရာပြောတဲ့စကားလေးတစ်ခွန်း သစ်အမြဲအမှတ်ရပါတယ် ။ ဒီ၎ယောက်ထွက်သွားတာ ကျွန်တော့လက်တွေပြုတ်သွားသလိုပါပဲဗျာ ဆိုတာပေါ့ ။ ခုတော့တယောက်တည်း ဘာမဆိုဝင်လုပ်နေရတော့ ဆရာလည်းပိုပင်ပန်းတာပေါ့လေ ။ ဆရာ့အီးမေးလ်ကို ဟိုစစ်ဒီစစ်လုပ်တော့ မေးသမျှကို ဆရာကဖြေရှာပါတယ် အမြဲရိုးရှင်းတဲ့ ဆရာ့စတိုင်ပဲလေ သစ်တို့စစ်ပြီမေးပြီဆို သေချာဖြေတယ် နောက်မှသစ်တို့ကနောက်တာဆို ရီနေတတ်တယ်လေ ။ သစ်တို့ပြန်လာပြီဆို ဘယ်သွားမလဲ ဘာလုပ်ချင်လည်း ဘာစားချင်လဲဆိုပြီး ကားတစ်စီးနဲ့လိုက်နေတတ်တဲ့ဆရာလေ ။ သူ့စိတ်ထဲရှိတာတွေ ပြောဆိုတတ်တဲ့သူပေါ့ ။ သစ်တို့ပြန်လာရင် သူဘယ်လိုတွေလုပ်မယ်ဆိုတဲ့ပလန်တွေ အားတက်သရောပြောပြနေရင် သစ်တို့ကဘယ်ချိန်ပြန်လာမယ်ဆိုတာ တိကျစွာမပြောနိုင်တော့ ဆရာ့ကိုယ်တောင်ပြန်ပြီး အားနာရပါသေးတယ် ။ဘာပဲဖြစ်ဖြစ် သစ်ဖုန်းဆက်ချိန်ခဏလေးမှာ ဆရာတဒင်္ဂပျော်ရွှင်သွားတယ်ဆိုရင် သစ်ကျေနပ်ပါတယ် ။ ဒါတောင် မိနစ်၂၀လောက်ပဲပြောရသေးတယ် ဖုန်းဖိုးတွေဈေးကြီးတယ် နေကောင်းအသံကြားရင်ကျေနပ်ပြီ သူ့ကိုအဆက်အသွယ်မဖြတ်ပါနဲ့ ၅မိနစ်လောက်ပြောရရင်ကို ကျေနပ်ပါပြီတဲ့လေ ။ ဆရာပြောတဲ့စကားတွေကို စိတ်မကောင်းဖြစ်ရသလို ပျက်ကွက်မိတဲ့ကိုယ့်ကိုယ်ကိုလည်း........ ။

ဆက်ဖတ်ချင်သေးရင်...

Friday, August 20, 2010

August လရဲ့အတင်းများ

စာမရေးတာကြာလို့ သစ်ကိုမေ့နေကြပြီထင်ပါတယ် ။ စာရေးဖို့ကုန်ကြမ်းတွေ ရှိပေမယ့် ကိုယ်ရေးတာသူများမှာ တခုခုထိခိုက်စေမလားဆိုပြီး မရေးဖြစ်တာနဲ့ကို ဘလော့ဘက်ခြေလှမ်းမလှည့်ဖြစ်တော့ပါဘူး ။ ခုတော့လည်း ထုံးစံအတိုင်း ကိုယ့်အကြောင်းကိုရေးတာပဲ ဆင်ဆာလွတ်တယ်လေ ။ သစ်နေမကောင်းတပတ်လောက်ဖြစ်ပြီးတော့ ဘလော့လည်းမဖတ်ဖြစ် ရေးလည်းမရေးဖြစ်ပဲ အလုပ်ဘက်အာရုံများနေတာ ခုဆို၁လနီးပါးလောက်ရှိပြီထင်ပါတယ် ။

ဘာလိုလိုနဲ့ ၂၀၁၀ ဆိုတဲ့နှစ်တစ်နှစ်တောင် အဆုံးသတ်ဖို့နီးလာခဲ့ပြီပဲ ။ ဒီပို့စ်ကိုမရေးမီ ၂၀၀၉ကုန်ခါနီးတုန်းက သစ်ရေးခဲ့ဘူးတဲ့ ၂၀၁၀မှာဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေပြန်ဖတ်မိပါတယ် ။ ၃ခုလောက်ပဲအကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ သစ်ကိုယ်တိုင်ပဲညံ့နေလို့လား ကံပဲမကောင်းလို့လားတော့မသိပါဘူး ပညာရေးနဲ့သစ်ကအကျိုးမပေးဘူးထင်ပါတယ် ကျောင်းတက်ဖို့ကြိုးစားတယ် အဆင်မပြေခဲ့ပါဘူး နောက်အခါအခွင့်သင့်ရင် ထပ်ကြိုးစားဖို့ဆန္ဒရှိပါတယ် ။ မထင်မှတ်ပဲလုပ်ဖြစ်တာက သင်တန်းတစ်ခုတက်ဖြစ်ခဲ့ပါတယ် ။ အချိန်တစ်ခုပေးရပါတယ် အကျိုးရလာဒ်ကတော့ ပထမဆုံးသစ်မိဘတွေ သိပ်ဝမ်းသာပါတယ် ၊ နောက်တစ်ခုကတော့ အရင်ကကိုက်ခဲထိုင်းမှိုင်းနေတတ်တဲ့ သစ်သစ်ခုဆိုတော်တော်လေးနေရတာ အဆင်ပြေလာပါပြီ ကိုယ်တိုင်လည်းယုံကြည်မှုတွေတိုးလာသလို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒအတိုင်းတတ်နိုင်သလောက် ဘောင်ဝင်အောင်ကြိုးစားနေပါတယ် ။ ရေရှည်လုပ်ကိုင်ရမယ့် ကိစ္စဖြစ်နေတော့ ကိုယ့်စိတ်ကိုမလောဖို့ ထိန်းချုပ်နေရပါတယ် ။ ဒီကြားထဲဝေဖန်တိုက်ခိုက်မှုတွေကို အပြုံးမပျက်ပဲနေတတ်အောင်လည်း ကြိုးစားခဲ့ရတာပေါ့ ။ ဘာပဲဖြစ်ဖြစ်၂လဆိုတဲ့အတိုင်းအတာအတွင်းမှာ သစ်သစ်ကျေနပ်ပါတယ် ။

နောက်တစ်ခုကျေနပ်စရာကတော့ သစ်မိဘတွေ နေကောင်းကျန်းမာလို့ သစ်နေထိုင်လုပ်ကိုင်ရတာ တော်တော်လေးစိတ်ချမ်းသာပါတယ် ။ ဒီ့အတွက်လည်း မိဘတွေကိုသစ်သိပ်ကျေးဇူးတင်ပါတယ် ။ ဒီလပိုင်းအတွင်းမှာ ကံကောင်းတာတစ်ခုက သစ်အလုပ်မှာတော်တော်လေးကံကောင်းပါတယ် ပြောချင်တာကတော့ သစ်လုပ်ချင်တဲ့ပရော့ဂျက်တစ်ခုကို ကိုယ်တိုင်အောက်ခြေကစလို့ လုပ်ခွင့်ရပါတယ် ။ ကိုယ့်လုပ်ကိုင်ပုံတွေကိုယုံကြည်လို့ လုပ်ခွင့်ရတယ်ဆိုပြီး အကောင်းဆုံးလုပ်ဖို့ စိတ်ရောကိုယ်ပါအလုပ်ထဲ နှစ်မြှုပ်ပြီးအချိန်တွေကုန်ဆုံးနေပါတယ် ။ ဒီလိုကျတော့လည်း လုပ်ငန်းခွင်ကပျော်စရာကောင်းနေပြန်ရောလေ ။ တဖက်ကလည်း နေထိုင်ခွင့်သက်တမ်းတိုးဖို့နီးလာပြန်ပြီလေ အမျိုးမျိုးကြားနေရတဲ့အချိန်ဆိုတော့ အဆင်ပြေပါ့မလားစိုးထိတ်မိပါတယ် ။ ၂၀၁၀မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက နောက်ဆုံးတစ်ခုလို့ပြောလဲရပါတယ် ။ သစ်သစ်ကတခုခုဆိုကံပေါ့လို့ စိတ်ထဲမထားတတ်တော့ ကိစ္စတစ်ခုလုပ်မယ်ဆိုတာနဲ့ စိတ်ထဲတိုက်ပွဲတစ်ခုလို သဘောထားတတ်နေခဲ့တာကြာပါပြီ ။ အဆင်မပြေရင် ကိုယ်ဘာမှားခဲ့လည်း ပြန်စဉ်းစားတွေးခေါ်တတ်လာတာကတော့ ကောင်းတဲ့ရလာဒ်တစ်ခုပါ ။

လူတိုင်းကိုယ့်အပူနဲ့ကိုယ် ကိုယ့်အလုပ်တွေနဲ့ကိုယ် ရှုတ်နေတော့ သစ်တို့အဖွဲ့တွေ စုပေါင်းမဆုံတွေ့ဖြစ်တာလဲ ကြာခဲ့ပါပြီ ။ ဒီလပိုင်းတွေမှာ တစ်ကြိမ်လောက်ထပ်တွေ့နိုင်အောင် ကြိုးစားရပါဦးမယ် ။ နောက်ဆုံးစီဘောက်မှာတောင် စကားကောင်းကောင်းမပြောနိုင်ကြပါဘူး ။ ထောလေးတို့ချယ်တို့ အလုပ်များနေသလို ညညတို့နိုမိုတို့လည်း ရုံးမှာအင်တာနက်သုံးမရပါဘူး မျိုးတို့မေလေးတို့လည်း နှစ်လည်စာရင်းရှင်းတမ်းတွေနဲ့ အလုပ်များနေသလို ဗစ်တစ်ယောက်ကလည်း ၂၄နာရီဂျူတီနဲ့ပတ်ချာလည်နေပါတယ် ။ အားလုံးကစိတ်ထဲမှာတော့ သတိရနေကြပါတယ် မက်ဆေ့လေးတွေပို့လို့ အဆက်အသွယ်မပြတ်အောင် အတတ်နိုင်ဆုံးနေကြပါတယ် ။ အရင်ချိန်တွေလွမ်းသလို အခုလိုမအားတဲ့အချိန်တွေကိုလည်း နားလည်မှုပေးရတာပေါ့ ။ နှစ်ကုန်နိုဝင်ဘာ ၊ ဒီဇင်ဘာလောက်ကျရင်တော့ စုပေါင်းပြီးတခုခုလုပ်ဖို့ စဉ်းစားထားပါတယ် ။ အားလုံးသဘောတူကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။

နောက်ဆုံးတစ်ခုကတော့ အခုနောက်ပိုင်းအရမ်းဆိုးတဲ့ သစ်ကိုနားလည်မှုအပြည့်နဲ့ စိတ်ရှည်သီးခံတဲ့ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ။ သူကိုယ်တိုင်လည်းအလုပ်တွေများပေမယ့် သစ်အပေါ်ဂရုတစ်စိုက်အချိန်တွေပေးတဲ့ အတွက်လည်းထပ်ဆင့် ကျေးဇူးတင်လျှက်ပါ ။ ရည်မှန်းချက်ကိုယ်စီနဲ့ အချိန်တွေကိုဖြတ်သန်းရင်း သစ်တို့၂ယောက်နီးစပ်ဖို့ အချိန်တွေလည်း မဝေးတော့ပါဘူးလို့ သတင်းကောင်းပြောရင်း သြဂုတ်လကိုဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ချင်ပါတယ် ။ အားလုံးပဲကျန်းမာရွှင်လန်းစွာနဲ့ အချိန်တွေကိုဖြတ်သန်းနိုင်ပါစေလို့ သစ်ဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, August 4, 2010

ရင်ကိုလှုပ်ခတ်စေသော သီချင်းများ

နေ့ရက်တွေတိုင်း နားထောင်ဖြစ်ပြန်ပြီ...





ဆက်ဖတ်ချင်သေးရင်...

Monday, August 2, 2010

လူဖြစ်ရတဲ့ဒုက္ခ

ဒီအပတ်စာမရေးတာ နည်းနည်းကြာသွားတယ် ။ နောက်ဒီအပတ်မှာ နေမကောင်းတော်တော်ဖြစ်တယ် ။ ခေါင်းတွေအမြဲလိုလိုမူးနေတယ် ရိပ်တိတ်တိတ်နဲ့ နီးလာပြီထင်ပါတယ်လေ ။ စာရေးဖို့မဆိုထားနဲ့ ဘလော့တောင်မဖွင့်ဖြစ်တဲ့ရက်တွေ ရှိလာပြီ ။ ပျက်ကွက်တာတွေများလာပြီ ဆိုပါတော့လေ ။ ဇူလိုင်လတစ်လလုံးခြုံပြီးသုံးသပ်ရရင် တော်တော်လေးကံကောင်းတယ် ပြောရမယ် ။ အလုပ်အကိုင် ၊ စီးပွားရေး၊ လူမှုရေး အကုန်ပါပဲံလေ မကောင်းတာကျန်းမာရေးတစ်ခုပဲ အဲမှာတခုသိသွားခဲ့တယ် လူတစ်ယောက်ဟာဘယ်လောက်ပဲ အောင်မြင်နေပါစေ ကျန်းမာရေးမကောင်းရင် ဘာမှလိုချင်စိတ်မရှိတော့ပါဘူး ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ သွေးထွက်အောင်မှန်တာ ကိုယ်တွေ့သိလိုက်ပြန်ပြီလေ ။

အစဉ်အမြဲမူးဝေနေတဲ့ ဒီခေါင်းကိုတူနဲ့တောင် ရိုက်ခွဲချင်တဲ့စိတ် ဖြစ်မိတယ် ။ မိုးလင်းလို့ကုတင်ပေါ်ကဆင်းလိုက်တာနဲ့ မိုက်ခနဲဖြစ်သွားတာ စိတ်ကစပြီးမကြည့်တော့ဘူးလေ ။ အလုပ်သွားလမ်းတလျှောက် မြင်နေတာတွေ တကယ့်ကိုမှုံဝါးဝါးပဲ စက်လှေခါးစီးရင်တောင် မူးလာတာ သစ်တစ်ခါမှဒီလိုမဖြစ်ဘူးတော့ စိတ်ထဲကလဲလန့်နေမိတယ် ။ ဘယ်နေရာမှာများ လဲကျနေမလဲပေါ့ဆိုပြီး စိုးရိမ်မိတယ် ။ အလုပ်မသွားပဲ တစ်ရက်နားကြည့်တယ် အဆင်မပြေဘူး နောက်နေ့ဆေးခန်းသွားတယ် သောက်ဆေး၁၀ရက်စာသောက်ခိုင်းထားတယ် သောက်လိုက်ရင်ကောင်းတယ် နောက်ပြန်မူးတာပဲ မအိုကေပြန်ဘူး ။ ခုဆိုနားထဲကတောင်လေထွက်ပြီး အိပ်လို့မရလို့ဒီပို့စ်ကိုထရေးနေတယ် မူးနောက်နောက်နဲ့ရေးနေတော့ စာတွေကလည်းပေတိပေကြောင်ပေါ့ ။

လူကနေမကောင်းတော့ စိတ်ကတောင်ရောက်မြောက်ရောက်လေ လုပ်ဖို့မဖြစ်သေးတာတွေ လုပ်နေဆဲအလုပ်တွေ လုပ်ပေးစရာလေးတွေ မလုပ်ပေးလိုက်ရမှာ သိပ်စိတ်ပူမိတယ် ။ ငါ ဒီအချိန်မှာတခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးဆိုးမျိုးတွေရော ဂယောင်ခြောက်ခြားတွေးနေမိတယ် ။ ငါတာဝန်ကျေရဲ့လားဆိုပြီး အထပ်ထပ်စဉ်းစားနေမိတယ် ။ မျက်စိကိုအတင်းဇွတ်မှိတ်အိပ်လည်း အဆင်မပြေ ဘုရားရှိခိုး ပုတီးလေးစိတ်တော့လည်း မတည်ငြိမ် အော် ...လူဖြစ်ရတဲ့ဒုက္ခ ကြီးလေစွပါတကား.......။

ဆက်ဖတ်ချင်သေးရင်...

Friday, July 23, 2010

ဖေဖေ့ကိုချစ်တယ်

စင်္ကာပူရဲ့ သောကြာညနေခင်းတွေဟာ တချို့သူတွေအတွက်ပျော်ရွှင်စရာကောင်းပေမယ့် သစ်အတွက်ကတော့ ဘာမှမထူးတဲ့နေ့တွေထဲက ညနေတစ်ခုပါပဲ ။ ခုနောက်ပိုင်းသင်တန်းလေးတစ်ခုရှိလို့သာ ညနေဘက်အချိန်တွေကို အကျိုးရှိရှိအသုံးချဖြစ်တာပါ။ ဒီလိုနဲ့ပဲ ဒီနေ့လည်းတစ်ခုတည်းသော သောကြာဆိုတော့ ထုံးစံအတိုင်းစောပြန်ရောက်ပြီး အင်တာနက်ကနေ ရုပ်ရှင်လေးတစ်ကား ကြည့်ဖြစ်တယ်ဆိုပါတော့ ။

ရုပ်ရှင်မကြည့်ခင်ကလည်း အိမ်ကိုဖုန်းဆက် အလွမ်းသယ်ထားတဲ့ဓါတ်ခံလေးကလည်း ရှိနေတော့ကြည့်လိုက် ပြောလိုက်တဲ့အရာတိုင်းဟာ ဆွေးမြည့်ဖွယ်ကောင်းနေတော့တာပဲလေ ။ သရုပ်ဆောင်လူမင်းရဲ့ဖခင်မေတ္တာဖွဲ့ကားလေး ကြည့်ပြီးချိန်မှာ သစ်ရင်ထဲမှာ ဟာ ဆင်းသွားသလို ခံစားချက်မျိုးဖြစ်ပြီး အဖေ့ကိုပိုပြီး သတိရမိပါတယ် ။ နောက်ပြီး ငယ်စဉ်တုန်းကအဖေ အလိုလိုက်ခဲ့တာတွေကို ပိတ်ကားချပ်ပေါ် ပေါ်လာသလိုမျိုး တစ်ခန်းချင်းစီ ပုံရိပ်တွေလာထင်နေပါတော့တယ် ။ သစ်သစ်ကတစ်ဦးတည်းသောသမီးမဟုတ်ခဲ့ပေမယ့် သစ်အဖေက သစ်ကိုတစ်ဦးတည်းသော သမီးတစ်ယောက်လိုအချစ်မျိုးနဲ့ ချစ်ခဲ့တာပါ ။ အရွယ်ကွာတဲ့အစ်ကို၊အစ်မတွေကြားမှာ သစ်ကသီးခြားဖြစ်နေတာကတော့ သိပ်ဆန်းပြားမယ်မထင်ပါဘူး ။ ဒါပေမယ့် အဖေရဲ့ထူးထူးကဲကဲ အခွင့်အရေးပေးအချစ်ပိုတာကတော့ အမေနဲ့စကားများ ရန်ဖြစ်ယူရတဲ့အထိပါပဲ ။

အဖေက သစ်ကိုဘာလုပ်လုပ် တော်တော်လေးယုံကြည်ပါတယ် အရာရာကိုလည်း သစ်ကိုပဲဆုံးဖြတ်ခိုင်းပြီး နောက်မှသာ ဘယ်ဟာကဘယ်လိုပြောတတ်တဲ့သူမျိုးပါ ။ ငယ်စဉ်ကတည်းကဘယ်သွားသွားခေါ်လွန်းလို့ သစ်လာရင်အဖေမပါဘူးလား အဖေလာရင် သစ်မပါဘူးလား မေးတဲ့အထိပါပဲ ။ နောက်တစ်ခု အဖေက အစ်ကို ၊ အစ်မ တွေကို စစ်တပ်လိုပဲအုပ်ချုပ်သလို ဒါဆိုဒါပဲဆိုတဲ့ အမိန့်နဲ့ဆက်ဆံတတ်ပေမယ့် သစ်စကားဆိုရင်တော့ ကလေးဘ၀ကတည်းက သေချာစဉ်းစားမျှတွေးပေးတတ်ပါတယ် ။ စဉ်းစားပေးတယ်ဆိုတာထက် အလိုလိုက်ချင်တာကများတာပါလေ ။ မောင်နှမထဲမှာ ဘယ်သူမှမရတဲ့ အခွင့်အရေးမျိုးတွေ သစ်ရတတ်သလို သစ်ကိုယ်တိုင်ကလည်း အဖေယုံကြည်စိတ်ချ အားထားရတဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်နိုင်ခဲ့လို့လဲပါတယ် ထင်ပါတယ် ။

ကိုင်တွယ်ပုံကွာဟတော့ အမြင် အယူအဆတွေလည်း ကွဲလွဲသွားတာ သစ်ကိုယ်တိုင်ကိုယ်တွေ့ပါပဲ ။ သစ်အစ်ကို၊အစ်မတွေက ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆို မိဘကိုပြောရင်တားဆီးမှာပဲလေဆိုတဲ့စိတ်မျိုး အလိုလိုဝင်နေတတ်တော့ သူတို့ဘာသာဆုံးဖြတ်လေ့ရှိပါတယ် ။ လောကအတွေ့အကြုံမရင့်သန်သေးတော့ ဆုံးဖြတ်ချက်တွေကမှားနေတတ်ပါတယ် ဒီတော့မိဘကပိုပြီး ထိန်းချုပ်ကြပ်မတ်လာပါတယ် ။ အဲဒီမှာပဲ သားသမီးနဲ့မိဘကြား နားလည်မှုတွေလွဲသည်ထက်လွဲလာခဲ့တယ်လေ ။ သစ်ကိုဖေဆုံးမတာကျတော့ ဖရီးစတိုင်လိုမျိုး ဖြစ်တော့ဘာမဆို သစ်ကမိဘကိုတိုင်ပင်ပြောဆိုလေ့ရှိတယ်ဆိုတော့ ဟိုလိုရောမဖြစ်နိုင်ဘူးလား ဒီလိုကျတော့ရောဆိုပြီး ကိုယ်မမြင်နိုင်တှဲ့ရှု့ထောင့်တွေကို မြင်တတ်လာခဲ့တယ်လေ အမှားမရှိဘူးလို့မဆိုနိုင်ပေမယ့် အမှားနည်းတယ်လို့တော့ ပြောလို့ရတဲ့အနေအထားမှာရှိပါတယ် ။

ရေခြားမြေခြားသွားအလုပ်လုပ်မယ်ဆိုတော့လည်း အမေကတော့ မိန်းကလေးဆိုတော့ပူပင်တာတစ်မျိုးပေါ့ အဖေသည်လည်းပူပင်ပေမယ့် သူစိတ်ပူတာကိုသစ်ရှေ့ကိုမပြတတ်ပါဘူး ။ ဆုံးမစကားကိုလည်းတတွတ်တွတ်လိုက်မပြောပါဘူး ။ ကိုယ်ဖြစ်ရင်ကိုယ်ခံ ဆိုတဲ့စကားတစ်ခွန်းရယ် ဖြစ်ပြီးမှတတဲ့နောင်တဆိုတဲ့အနက်ရယ်ကိုပဲ သေချာရှင်းပြခဲ့ပါတယ် ။ သမီးလိုလားပို့ပေးမယ်ဆိုတဲ့စကားကိုလည်း ခုထိမေးဆဲမေးတုန်းပါပဲလေ ။ တစ်နှစ်ထက်တစ်နှစ်ပြန်ချိန်တွေမှာ အရွယ်အတော်ကျလာတဲ့ အဖေ့ကို ကိုယ်ကကြည့်ရင် ဂရုဏာမျက်ဝန်းတွေနဲ့ အဖေက သမီးကိုကြည့်ရင် ဂုဏ်ယူတတ်တဲ့မျက်လုံးတွေနဲ့ အချိန်ကာလတွေက သားအဖကြားကမျက်ဝန်းတွေကိုပါ ပြောင်းလဲပေးခဲ့ပါတယ် ။

ငယ်စဉ်တုန်းကဆို စာကြိုးစားပါ ရည်ရွယ်ချက်ထားပါ ငွေကြေးမချို့မတဲ့နဲ့စာသင်ရတာ ကုသိုလ်ကံကောင်းလို့ဆိုတာကတစ်မျိုး ဘာသာရေးမှာလည်း ခရစ်ယာန်ရယ် ဗုဒ္ဒဘာသာရယ် မဟုတ် ကိုယ်ယုံကြည်ရာ ကိုးကွယ်ဖို့ကို တိုးတိုးလိုတစ်မျိုး ကျယ်ကျယ်လိုတစ်သွယ် လမ်းချပြပေးခဲ့ပါတယ် ။ ဘုရားစာတွေကျက်လို့မှတ်လို့ရွတ်ဆိုနိုင်တယ်ဆို အဖေ့မှာဝမ်းတွေသာနေပေမယ့် အမေ့ရှေ့မှာတော့ ငါတို့ဘာသာဆိုပြီးမော်ကြွားကာ သမီးကိုတစ်ခါမှမဆုံးမခဲ့ပါဘူး ။ ဘာသာတိုင်းကကောင်းမွန်တယ်ဆိုတာကိုပဲ ဘယ်စာအုပ်တွေဖတ်ဆိုပြီး သစ်ကိုလမ်းကြောင်းပေးခဲ့တာ ငယ်စဉ်ကနားမလည်ခဲ့ပေမယ့် ခုလိုအရွယ်ရောက်တော့အဖေ့ရဲ့စေတနာတွေကို သိမြင်လာခဲ့ပါတယ် ။

အလည်ခဏပြန်လို့ သမီးစိတ်ကြိုက်ဘာမဆို လိုက်လျောတတ်ပြီး သမီးနဲ့ညဘက်တွေစကားပြောချင်လွန်းလို့ သမီးအခန်းနားရစ်ဝဲနေတတ်တာ သူ့ရင်ထဲကပြောချင်တဲ့စကားတွေကို ခုမှပဲတစ်လုံးတစ်ခဲတည်းပြောရတော့မယ်ဆိုပြီး ပျော်နေတတ်တာ လေဆိပ်ကိုဘယ်တော့မှ လိုက်မပို့တတ်တာ ရောက်လာရင်လည်းခြံထိပ်ကနေပဲ ကြိုနေတတ်တာ မနက်ဆိုခုချိန်ထိ ဘာစားမလဲလာမေးနေတတ်တာ သူ့ကိုဆေးမသောက်လို့ဆူရင် ငါကလေးမဟုတ်ဘူးဆိုပြီး စိတ်ပြန်လုပ်တတ်တာလေးတွေက လုပ်ပေးနေချိန်မှာ ဘာမှမဟုတ်သလိုဖြစ်ခဲ့ပေမယ့် တစိမ့်စိမ့်ပြန်တွေးကြည့်ရင် တစ်သိမ့်သိမ့်ခံစားရပါတယ် ။

ဖေဖေရယ် အခွင့်ရှိခဲ့သေးရင်တော့ အချိန်တစ်ခုပေးပြီး အဖေပြောတဲ့တရုတ်ဖြူတွေ တိုက်ပွဲအကြောင်း ၊ အဖေ့ငယ်ဘ၀အကြောင်း ၊ ဗိုလ်သင်တန်းအကြောင်း ၊ အဖေတို့မြို့အကြောင်း ၊ အမေ့အကြောင်းတွေကို သမီးတစ်ဝကြီးနားထောင်ချင်ပါသေးတယ် ။ ဘ၀ဆိုတဲ့တိုက်ပွဲတစ်ခုမှာ သမီးရောက်နေပေမယ့် စစ်မျက်နှာဖွင့်ပေးခဲ့တဲ့ အဖေ့ကျေးဇူးတွေကို သမီးဒီတစ်သက်ပြန်ဆပ်ဖို့ မှီပါဦးမလားနော် ။ အဖေ့ဆီမှာသမီးလိုချင်တာတွေအများကြီးရှိသေးတယ် တန်ဖိုးရှိတဲ့အဖေ့အတွေ့အကြုံတွေကို မှတ်တမ်းတင်ချင်ပါသေးတယ် ။ သမီးတို့မိသားစုဒီအခြေအနေတစ်ခုရောက်အောင် မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အဖေ့ကိုသမီး သိပ်ချစ်ပါတယ် အဖေ. ..... ။ ဇူလိုင်လ၂၃ရက်နေ့မှာကျရောက်တဲ့ မင်္ဂလာသက်တမ်း ၄၇နှစ်ပြည့်မှသည် နောင်နှစ်၁၂၀တိုင် ဖေချစ်တဲ့ဒီသားသမီးမြေးတွေနဲ့ ထာဝရအတူတကွ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း အဖေ့ကိုသတိရတမ်းတစိတ်တွေနဲ့ ဒီပို့စ်လေးတစ်ပုဒ်ချရေးဖြစ်ခဲ့ပါပြီ အဖေ.....။ ကျန်းမာရွှင်လန်းပါစေ ဖေဖေ ။


ဆက်ဖတ်ချင်သေးရင်...

Wednesday, July 14, 2010

ခရီးသွားမယ်ကွယ်

သစ်ငယ်စဉ်ကတည်းက ရောက်ဖူးချင်တဲ့ နေရာလေးတွေ ရေးမှတ်ထားလေ့ ရှိပါတယ် ။ ခရီးဝေး ဘုရားဖူးထွက်လေ့ မရှိတဲ့သစ်မိသားစုမှာ သစ်ကခရီးသွားတာကို ၀ါသနာပါနေတော့လည်း ခက်သားလားနော် ။ ငယ်စဉ်တုန်းကတော့ စိတ်မချလို့တဲ့ နောက်တော့လည်း အကြောင်းတွေကများတော့ မရောက်ဖြစ်ပါဘူး ။ ကရင်ပြည်နယ်ကတော့ အမြဲသွားနေကျလမ်းဖြစ်လို့ သိပ်မထူးပါဘူး ။

အရမ်းရောက်ဖူးချင်တာကတော့ ပုဂံပါ တခါမှမရောက်ဘူးလို့ ကိုယ့်ဘာသာမြန်မာမစစ်ဘူးလို့တောင် ခံယူထားပါတယ် ။ မြန်မာဆို ပုဂံကိုရောက်ဖူးသင့်တယ်လို့ သစ်ထင်နေမိလို့ပါ ။ (အမြင်ကွဲနိုင်ပါတယ်) ။ ခုထိ ပုဂံကိုဆန္ဒသာရှိပြီး မရောက်ဖူးသေးပါဘူး ။ နောက်တစ်နေရာကတော့ ချင်းတောင်တွေဘက်ပါ လူမျိုးတွေအကြောင်းလေ့လာချင်သလို တောင်ဇလပ်တွေပွင့်တဲ့ ချင်းပြည်နယ်ကိုသဘောကျမိတယ်လေ ။ အရမ်းရောက်ဖူးချင်တဲ့နေရာ၂ခုလုံး မရောက်ဖူးသေးပါဘူး ။ အခွင့်အရေးအရရော ငွေကြေးအရရော ကြိုးစားနေဆဲပေါ့...း) ။

အိပ်မက်တွေထဲက မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ စစ်ကိုင်း စတဲ့နေရာတွေကိုတော့ စလုံးမလာခင် သွားဖြစ်ခဲ့ပါတယ် ။ မင်းကွန်းလည်း ရောက်ခဲ့တယ်ဆိုပါတော့လေ ။ နောက်တစ်ခုကတော့ ကမ်းခြေတွေပါ ရေနဲ့ဝေးတဲ့အရပ်ဒေသမှာ ကြီးပြင်းတော့ရေကိုအများကြီးမြင်ချင်တယ် ပင်လယ်ကိုမြင်ဖူးချင်တာ မဆန်းပါဘူးလေ ဒါကြောင့် ငပလီကလည်း သွားချင်တဲ့နေရာမှာပါခဲ့တယ်လေ ။ ဆရာကျေးဇူးကြောင့် ငပလီ ရော ကမ်းသာယာရော ရောက်ဖူးခဲ့တဲ့အပြင် ရခိုင်ဒေသရဲ့ ဓလေ့တစ်ချို့ကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ် ။ ကျိုက်ထီးရိုးကတော့ မမသူငယ်ချင်းတွေနဲ့ ၂ခေါက် ကိုယ့်သူငယ်ချင်းတွေနဲ့တစ်ခေါက် ရောက်ဖူးခဲ့လို့ ကျေနပ်မိပါတယ် ။ နောက်ဆုံးသစ်သစ်ရောက်ဖူးခဲ့တာကတော့ ဒီတရုတ်နှစ်ကူးပြန်လည်တော့ အင်းလေး ၊ တောင်ကြီး စတဲ့ ရှမ်းပြည်ဘက်ကို မထင်မှတ်ပဲရောက်ခဲ့ပါတယ် ။ သိပ်ကိုပျော်ခဲ့ပါတယ် အဖော်လိုက်ပေးတဲ့သစ်အမကို ကျေးဇူးအရမ်းတင်ပါတယ် ။

ဒီတစ်ခါပြန်ရင်တော့ မွေးရပ်မြေဖြစ်တဲ့ မကွေးဘက်ကို သွားမယ်စဉ်းစားထားပါတယ် ။ ရွှေစက်တော် ၊ မင်းဘူး ဘက်ရောပေါ့ ။ အမေရော အဖေပါလိုက်နိုင်တဲ့ ခရီးစဉ်လေးတစ်ခုသွားဖြစ်အောင် သစ်စီစဉ်ဖို့စဉ်းစားထားပါတယ် ။ ဒီနေ့ အင်တာနက်ကနေ ကိုယ့်နိုင်ငံကိုကြည့်ရင်း သွားချင်တာလေးတွေနဲ့ သွားပြီးတာလေးတွေ ချရေးဖြစ်ခဲ့တယ် ။ နောက်ထပ်သွားနိုင်ဖို့ ငွေစုလိုက်ဦးမယ်ကွယ်...ဟိ ။

ဆက်ဖတ်ချင်သေးရင်...

Sunday, July 11, 2010

တစ်နှစ်ဆိုတဲ့အချိန်

တစ်နှစ်ပြည့်နေတာကို အမှန်ပြောရရင် သစ်သတိမရမိပါဘူး ။ ဒီနေ့ ဟိုဒီလိုက်ကြည့်ရင်း ပထမဆုံးပို့စ်ကို အလိုအလျောက်ရောက်သွားတော့ မနှစ်က ဇူလိုင် ၉ရက်နေ့မှာ သစ်ဘလော့ကိုစတင်လုပ်ဖြစ်ခဲ့တာကို သတိထားမိသွားတယ် ။ ဘာလိုလိုနဲ့ ခံစားချက်တွေ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ချရေးဖြစ်ဖို့ သူတာဝန်ကျေကျေနေရာလေးတစ်ခု အနေနဲ့ထမ်းဆောင်ခဲ့တာ ၁နှစ်တောင်ရှိခဲ့ပြီပဲလေ ။ တကယ်ဆို သစ်သူ့ကိုမေ့နေမိတာ တာဝန်မကျေသလိုတောင် ခံစားမိတယ် ။


တကယ်တော့ သစ်ဘလော့တွေ စတင်ဖတ်ဖြစ်လာတာ wesheme ဆိုတဲ့ဘလော့လေးက စတင်ခဲ့တာပါ ။ အဲဒီဘလော့လေးက သစ်သစ်ကိုရသမျိုးစုံပေးခဲ့တဲ့အပြင် အခြားဘလော့လေးတွေ မြည်းစမ်းခွင့်ကိုလည်း အဲ့ဒီဘလော့လေးကတဆင့် ရခဲ့တာပါ ။ ကျေးဇူးတင်ပါတယ် အစ်ကို နဲ့ အမ ....။ သစ် အဲဒီဘလော့လေးမှာ စိတ်ဝင်စားဆုံးအရာကို ပြောရရင် အစ်ကို ၊ အမ တို့ရဲ့ သမီးဦးလေးဖြစ်တဲ့ ညီမလေးရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေပါပဲ ။ ကလေးချစ်တတ်တဲ့ သစ်သစ်ကတော့ အဲ့ဘလော့မှာ ကလေးလေးအကြောင်းပါရင် မသွားရ မနေနိုင်လောက်အောင်ပါပဲ ။ အဲဒီကနေ တဆင့် ကိုစိုးထက် ဆိုတဲ့အစ်ကိုတစ်ယောက်ရဲ့ ဘလော့ကိုရောက်ခဲ့ပါတယ် ။ နောက်ပိုင်းကျတော့ အဲ့အစ်ကိုဘလော့ကို စွဲစွဲမြဲမြဲ အဟောင်းလေးတွေ ဖတ်ဖြစ်တဲ့အပြင် အခုနာမည်ကျော် မခင်ဦးမေ ဆိုတဲ့ဘလော့ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ် ။ အဲ့အချိန်မှာ သစ်သစ် မဟုတ်တဲ့ဘလော့လေးတစ်ခု စတင်ဖြစ်တဲ့အချိန်လေးပဲ ဆိုပါတော့ ။

နေ့နေ့ညည ဘလော့မှဘလော့ပါပဲ အဲဒီဘလော့ကနေတဆင့် ခင်မင်ရင်းနှီးလာရတာကတော့ မခင်ဦးမေလို့ခေါ်တဲ့ မမပါပဲ နောက် မမ၀ါ နောက်ပိုင်းဘလော့နဲ့ပက်သက်တာတွေ ဖတ်ရင်းရောက်ခဲ့တာကတော့ သစ်အစ်ကိုလိုခင်မင်ရတဲ့ ကိုရန်အောင်ဘလော့လေးပါပဲ ။ နောက်ပိုင်းဘလော့မျိုးစုံကို ဖတ်တတ်လာခဲ့တဲ့အပြင် ဟတ်စတေရှင်ဆိုပြီး ပို့စ်လေးတွေရေးတတ်တဲ့ ကိုဘ ဘလော့ကိုရောက်သွားချိန်မှာ ဘလော့လောကသူငယ်ချင်းများစွာ ရလာခဲ့ပါတယ် ။ ကိုဘစီဘောက်မှာ အတူတကွ ချက်တက်ကြရင်းနဲ့ ဒေါက်တာစတိ (ခုဆိုအားလုံးကို အဆက်အသွယ်ဖြတ်သွားပါပြီ ) ၊ ထိုင်ဝမ်က ပေါက် ၊ ချစ်စရာမဲလေး ၊ စလုံးကတော့ မျိုး ၊ မေဖလားဝါး ၊ ဆင်ဆင် ၊ ရန်ကုန်ကဆို နန်းညီတို့နဲ့ မမခင်ဦးမေကနေဆင့် သိလာတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အွန်လိုင်းသူငယ်ချင်းတွေပါပဲ ။ ခုချိန်ထိလဲ ဆက်လက်ခင်မင်နေတုန်းပါပဲ မိဝေးဖဝေးနိုင်ငံမှာ အလုပ်လုပ်လာလုပ်ကြတဲ့ မောင်ငယ် ညီမငယ်တွေကို စောင့်ရှောက်ကြတဲ့ အစ်ကိုအစ်မ အသစ်တွေရလာသလို စီဘောက်မလာရင်လဲ ဘာဖြစ်လဲ နေမကောင်းဘူးလား ဖုန်းဆက်မေးကြတဲ့အထိ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လာခဲ့ကြပါတယ် ။

အဲဒီအချိန်မှာ သစ်စခဲ့ဘလော့လေးကို အကြောင်းအမျိုးမျိုးကြောင့်ဖြတ်ပစ်ခဲ့ပြီး စာဖတ်သူအနေနဲ့ပဲ နေလာခဲ့တာ ၈လလောက်ကျော်လာတော့ သစ်သစ်စာတွေပြန်ရေးချင်လာမိပြန်တယ် ။ အားပေးဆုံးကတော့ မမပေါ့ ပြန်ရေးပါ လာဖတ်မယ် ပြန်ရေးပါ အမြဲပြောပြီး ဟင်းတွေချက်ပါလို့ အားပေးတတ်သူပေါ့ ။ ဒါနဲ့ပဲ ၂၀၀၉ ဇူလိုင် ၉ရက်နေ့မှာ သစ်သစ်ဘလော့လေးကို စတင်ဖန်တီးခဲ့ပါတယ် ။

သစ်ဘလော့လေးကို အစစအရာရာ အဆင်သင့်ရေးနိုင်အောင် ပြင်ဆင်ပေးတဲ့အစ်ကို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ နောက်ကွန်မန့်လေးတွေပုံမှန် လာပေးတဲ့သူငယ်ချင်းတွေရော ကျေးဇူးတင်ပါတယ် ။ နောက်သစ်နဲ့ခင်သည်ဖြစ်စေ မခင်သည်ဖြစ်စေ သစ်ဘလော့ကိုပုံမှန်ဖတ်ပြီးလာလည်နေကျ သူငယ်ချင်းတွေရော တခဏတာ ကလစ်လေးတစ်ချက်ယောင်ပြီး ပေးလိုက်မိပြီးရောက်လာတဲ့ သူငယ်ချင်းတွေကိုရော သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါရစေနော် ။ သစ်နောက်ပိုင်းပို့စ်များကို အလျဉ်းသင့်သလို ရေးသွားမှာဖြစ်သလို အရေးကျဲခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါဦးလို့ ဒီနေရာကနေပဲ တခါတည်းတောင်းပန်လိုက်ပါတယ်နော် ...။

ဆက်ဖတ်ချင်သေးရင်...

Wednesday, July 7, 2010

ဓါတ်ကျချိန်

ဒီနေ့ အိမ်ကိုသတိရတယ် ပြန်ချင်တယ်ပြောရင် ပိုမှန်မယ် ။ စလုံးမှာနေရတာ မပျော်ဘူးဖြစ်နေတယ် ဖန်တရာထေနေတဲ့ စကားလုံးတွေနဲ့ ကိုယ့်ဘာသာနှစ်သိမ့်ရရင် ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့လေ ။ ဒါတော့ ဒါပေါ့ မပျော်တာဘယ်လိုလုပ်မလဲ ။ တစ်ခါတစ်လေလည်း စိတ်ဆိုတာ ခက်သားလား လွှတ်ထားလိုက်ရင်မပြီးတော့ဘူး ကိုယ့်ကိုကိုယ်အားပြန်တင်းရပေါင်းလဲ များနေပါပြီလေ ။ အားငယ်တာ စိတ်ဓါတ်ကျတာတွေမရှိအောင် ကိုယ့်ဘာသာအချိန်တွေ မအားလပ်အောင်လုပ်ထားပေမယ့်လည်း တွေးချင်ရင်တွေးနေမိပြန်ရော စိတ်ညစ်တယ်လို့ပဲ ခေါင်းစဉ်တပ်ချင်တော့တယ် ။

လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘာသာရှာဖွေစုဆောင်း တိုးတက်အောင်လုပ်သင့်တာ မှန်ပေမယ့် တခါတလေတော့လည်း သူများအားကိုးချင်တဲ့စိတ်တွေ ၀င်လာတတ်တာ သဘာဝပဲလေ ။ သစ်သစ်မျက်နှာဆိုအစဉ်ပြုံးရွှင်နေပေမယ့် စိတ်ညစ်စရာ ပူပင်စရာတွေကလည်း အများသားလား တချို့တွေကို ခဏမေ့ထား တချို့တွေကို ဦးစားပေးလို့ အလျင်းသင့်အောင် လုပ်နေသော်လည်း တစ်ခါတစ်လေကျတော့ စိတ်ကိုလျော့ချပလိုက်ချင်တယ် ။ ငါ့စိတ်သည်သာ ငါ့ဘ၀အတွက် အားကိုးရာဆိုပြီး မာန်ကိုတင်းလို့ ဖြတ်သန်းခဲ့ရပေါင်းလဲများနေပါပြီ ။ လောဘ ဒေါသ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုခွန်အားတွေနဲ့ ဖြတ်သန်းရမလဲဆိုတာ တွေးလို့တောင်မနေချင်ပါဘူး။

စိတ်ဓါတ်ကျရောဂါဟာ တကယ်ဆိုးပါတယ် မျက်နှာသွင်ပြင် စိတ်တွင်းအားလုံး ပြောင်းလဲစေနိုင်လို့ ကြောက်မက်ဖွယ်ရောဂါထဲတောင် ထည့်လို့ရပါတယ် ။ ခုတလောစာတွေလည်းမဖတ်ဖြစ်သလို တစ်စုံတစ်ခုကိုပဲ တစ်စိုက်မတ်မတ်လုပ်နေမိတယ် ။ ပိတ်ရက်တွေမှာလည်း သွားတာလာတာများလာသလို ခံစားမိလို့ နောက်ရက်တွေကစလို့ ခြေချုပ်ပြန်ချတော့မယ် စဉ်းစားမိတယ် ။ မိဘတွေကို တခုခုလေးကြားတာနဲ့ အရမ်းစိတ်ပူတတ်တဲ့ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်မရဘူး ။ စိတ်ကထင့်ခနဲဆို ဖုန်းကောက်ဆက်လိုက် အသံလေးကြားမှ နေသာထိုင်သာရှိသလိုမျိုး ဖြစ်နေတယ် ။ စာတွေလည်းရေးချင်စိတ်မရှိ ကိုယ့်အပူတွေကို မရှယ်ချင်တာလဲပါပေမယ့် ခုတော့စိတ်ကဘယ်လိုမှ မနေနိုင်လို့ ပို့စ်လေးတစ်ပုဒ်ချရေးလိုက်ပါတယ် ။

ချစ်သူကတော့ ကိုယ့်အပေါ်သိပ်ကိုကောင်းပါတယ် တခါတလေ သူပင်ပန်းချိန်တွေဆို ကိုယ်ကရစ်တတ်လို့ သူအနှောင့်အယှက်ဖြစ်တာတွေကိုတောင် အားနာမိပါတယ် ။ အရာအားလုံးအဆင်ပြေပြေနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကိုယ့်ဘာသာစိတ်လေး တည်ငြိမ်အောင် သီလရှင်ဝတ်ရင်ကောင်းမလားဟင်....း) ။ သစ်ကိုတော့ဝတ်ပါလားလို့ ချစ်သူကတော့အားပေးနေပြီလေ....။ စိတ်ညစ်စရာတွေဖတ်ပြီး ညစ်သွားမှာစိုးလို့ ဒီလောက်ပဲရေးတော့မယ်နော် ... မွ ။

ဆက်ဖတ်ချင်သေးရင်...

Friday, July 2, 2010

တွေ့ဖြစ်ကြတယ် 26.6.2010

သစ်တို့ပြီးခဲ့တဲ့အပတ်က ဗစ်စီဘောက်ကနေ ညီအစ်မလိုခင်နေတဲ့ သစ်သူငယ်ချင်းတွေနဲ့ သစ်အိမ်မှာအသုတ်စုံလေး လုပ်စားဖြစ်ခဲ့ပါတယ် ။ ဒီလိုလုပ်စားဖြစ်ဖို့ စလာတာကတော့ မိုးအေးတဲ့တစ်နေ့မှာ ချက်တက်နေရင်း ဗစ်ကအသုတ်စုံလေး စားချင်လိုက်တာဆိုတော့ အိုင်ဒီယာရသွားပြီး အားလုံးကိုသစ်အိမ်မှာလာပြီး အသုတ်စုံလာစားဖို့ သစ်ဖိတ်လိုက်မိပါတယ်။ အဲဒီနေ့က ပျော်စရာလည်းတကယ်ကို ကောင်းခဲ့ပါတယ် ။ သစ်ကသူတို့ကိုအိမ်မှာတစ်ခုခုလုပ်ကျွေးချင်စိတ်ရှိနေပေမယ့် သစ်နေမကောင်းဖြစ်နေတာကတကြောင်း အားလုံးအဆင်ပြေမယ့်အချိန်ညှိနေရတာကတစ်ကြောင်းဆိုတော့ တော်တော်နဲ့လူမစုဖြစ်ပါဘူး ။

အဲဒီနေ့က သစ်အိပ်ယာကတောင် မနိုးသေးလို့ အလုပ်ကိုရောက်နေတဲ့ ညညကဖုန်းဆက်ပါတယ် ထတော့ဈေးသွားဖို့တဲ့ တော်ကြာသူရုံးကလာရင် အသုတ်စားလို့မရသေးမှာစိုးလို့ ထင်ပါတယ် ... ဟိ ။ စီဘောက်ထဲဝင်တော့လည်း မမထောလေးက အော်နေပါပြီ ဘယ်သူမှမနိုးသေးဘူးလား ဘာလား ညာလားနဲ့ အဖွဲ့ထဲမှာသူအငယ်ဆုံးပါ ဒါပေမယ့်သူကပဲ အားလုံးကိုဆုံးမနေကြလေ (ချစ်စရာညီမငယ်လေးပါ ) ။ အေးဆေးမှလာကြရတယ် သစ်လုပ်ထားမယ်ဆိုတာကို နိုမိုကဇွတ်အတင်းကူမယ်ဆိုပြီး ကလမ်မန်တီကနေ ၁၁နာရီထွက်လာတာ သစ်နေတဲ့ဘိုနာဗစ်စတာကို ၁၂ကျော်မှရောက်ပါတယ် (သူလက်ဆောင်ဝယ်နေတာလေ ) အရမ်းဝေးတော့ သူအချိန်ယူရတာပေါ့ ဟိဟိ ။ ဒုတိယမြောက်အိပ်ယာခင်းကြီးကိုင်ပြီး ပန်းဝင်လာတာကတော့ ဒေါ်ချယ်ရီပါပဲ ကတောက် ကတောက်နဲ့ရောက်ကတည်းက သစ်ကိုဘရိတ်အုပ်နေတာ သူပြန်တဲ့အထိပါပဲ ။

အလုပ်ကနေတိုက်ရိုက်လာတဲ့ စုံထောက်ကျော်ညညကတော့ သူများလာနေကျလမ်းကိုသူမသုံးပဲ သူလာချင်သလိုလာနေတာ ရေကူးကန်ဘက်ကိုရောက်သွားပါတယ် ။ နောက်မှဟိုလိုပြော ဒီလိုပြောနဲ့ သစ်အိမ်ကိုဆိုက်ရောက်လာပါတယ် ။ မျိုးတစ်ယောက်က ၉၇၀ကားစောင့်ရတာကြာလို့ သူဟာအိမ်ကနေဘာမှမစားလာဘူး ဗိုက်ဆာနေပြီ တက်ဆီငှားမယ် စိတ်တိုလာပြီ ဗျစ်တောက်ဗျစ်တောက်ပြောလိုက်တာဆိုတာ အိမ်ရောက်အသုတ်ပန်းကန်တွေ့မှပဲ အသံတိတ်သွားပါတော့တယ် ။ အလုပ်ကနေလှုပ်လီလှုပ်လဲ့နဲ့ သမီးကမစားနိုင်ဘူး မမသစ်ရယ် အားလုံးကိုတွေ့ချင်လို့လာတဲ့ ထောကတော့ ရောက်တာနဲ့ပန်းကန်ကိုင်တော့တာပဲလေ (ချစ်စဖွယ်) သူမကုန်တော့ဘူးပြောလို့ အားလုံးကအစာအိမ်ဖြစ်မှာစိုးလို့ အေးအေးနိုင်သလောက်ပဲစား ပြောနေချိန်မှာ သူ့ပန်းကန်ကြည့်တော့ တက်တက်ကိုပြောင်သွားပြီလေ အဲလိုပါဆို ....။

သစ်တို့အဖွဲ့မှာ စားပြီးတိုင်းပြန်အန်တတ်တဲ့ ရောဂါသည်၂ယောက်တိတိရှိပါတယ် ။ သူတို့ကိုသူများတွေက အန်မှာစိုးရိမ်နေပေမယ့် သူတို့ကလက်ဖက်ပန်းကန်နားကကိုမခွာပဲ လစ်ရင်လစ်သလိုနှိုက်စားလို့ လက်ဖက်ပန်းကန်စောင့်ဖို့ ရဲခေါ်ရမလိုတောင်ဖြစ်နေပါတယ် ။ ဗစ်တစ်ယောက်ပဲဘယ်သူမှသိပ်မမေးပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ သူပေးတဲ့သူ့စီဘောက်က သစ်ပုံစံအရုပ်ဆင်လေးကြည့်ပြီး သဘောတွေကျနေသေးတယ် ။ ပေါက်ပေါက်ရှာရှာဝယ်တတ်တဲ့ ဗစ်လေ ။ သူဝယ်လာတဲ့လိုင်ချီးသီးကတော့ ခိုးစားလို့မရပါဘူး အခွံကိုခွာတာနဲ့ အခြားတစ်ယောက်ကိုစင်တော့ ချက်ချင်းတန်းသိတာ မဆန်းပါဘူးလေ အကြံပိုင်ချက် ဗစ်ရယ် ။

ဟဲ့ နင်တို့တွေ ငါ့ကိုစောင့်နော် နင်တို့ကိုတွေ့ချင်တာဆိုတဲ့ စီးပွားရေးသမားကြီး မေလေးကတော့ ညနေ ၄နာရီကျော်မှ ဘလော်ဂါညီမငယ်တစ်ယောက်နဲ့အတူ ရောက်လာပါတယ် ။ ဗစ် နဲ့ မျိုး က သွားစရာရှိလို့စောပြန်သွားတော့ သူတို့နဲ့မတွေ့လိုက်ရပါဘူး ။ ပြောမနာဆိုမနာနဲ့ အငြိုးအတေးအမုန်းမရှိပဲ တစ်ယောက်ကိုတစ်ယောက်ဖဲ့ကျတာကတော့ လျင်သူဦးစတမ်းပဲလေ ။ ဒါတောင် စကားလုံးတွေနဲ့ပဲရှိသေးတယ် ဟိဟိ ။ သူစိမ်းလူတစ်ယောက်သာ သစ်တို့အဖွဲ့စကားပြောတာ လိုက်နားထောင်ရင်ဘယ်အချိန်ထသတ်မလဲတောင် စဉ်းစားမိမယ်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သူတို့တွေနဲ့တွေ့ရတော့ သွေးတိုးတာတောင်ဘယ်ရောက်သွားလဲမသိပါဘူး ။ သွားရေးလာရေးသိပ်အဆင်မပြေတဲ့ သစ်အိမ်ကိုတကူးတကလာပြီး စားသောက်ပေးတဲ့သူငယ်ချင်းတွေကို သိပ်ကျေးဇူးတင်သလို လက်ဆောင်တွေပေးတဲ့သူတွေကိုလည်း အားနာမိပါတယ် ။ နောင်လည်းအခွင့်ကြုံရင် ဒီလိုပဲလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေနဲ့ ထပ်ဆုံချင်ပါသေးတယ် ။ အမှတ်တရပုံလေးတွေပါ တင်ပေးလိုက်ပါတယ် ။

မစားခင်ပြင်နေတုန်း ပန်းကန်တွေဆွဲပြီး ရိုက်နေတာလေ

နယ်ပြီးတာနဲ့လာထားပဲ တစ်ပုံရိုက်လိုက်တာ

ဟင်းခါးကိုလည်းသောက်လိုက်ကြတာ (ဘာကောင်းတယ်ဆိုလားပဲ များများသောက်ရင်..ဟိ)


အသီးကတော့အအီပြေပါ


လက်ဖက်ကိုတော့ အဲလိုပဲဖြစ်သလို သုတ်လိုက်တယ်


ဆက်ဖတ်ချင်သေးရင်...

Tuesday, June 29, 2010

ထာဝရမီးအိမ်

သစ်သစ်တို့ သူငယ်ချင်းတွေစုပြီး အဖွဲ့လေးတစ်ခုဖွဲ့ထားခဲ့တာ ကြာခဲ့ပါပြီ ။ လစဉ်ကြေးလေးတွေ ပုံမှန်ကောက်လို့ လိုအပ်တဲ့နေရာလေးတွေမှာ တတ်စွမ်းသလောက်အလှူလေးတွေ ပြုခဲ့ကြတာ ခုဆို ၆လထဲကိုရောက်လာခဲ့ပါပြီ ။ ဒီစုငွေလေးထဲကနေပဲ အလှူလေးတွေလုပ်ကြတယ် တွေ့ဆုံပွဲတွေလုပ်ကြတယ် ။ ကျောင်းကသူတွေ စုပေါင်းလုပ်ကြသလို မည်သူမဆိုလည်းပါဝင်နိုင်လို့ အခြားသူများလည်းပါတဲ့ အဖွဲ့လေးတစ်ခုပါ ။

ဒီအဖွဲ့လေးက လူနည်းနည်းလေးနဲ့စတင်ခဲ့ပေမယ့် ခုဆိုရင် တော်တော်လေးခရီးပေါက်ခဲ့ပါပြီ ။ ဒါပေမယ့် အဖွဲ့လေးနာမည်မပေးရသေးတော့ ပြီးခဲ့တဲ့တနင်္ဂနွေ ၂၇.၆.၂၀၁၀ က အားတဲ့အဖွဲ့ဝင်တွေပဲစုစည်းပြီး နာမည်လေးတစ်ခုရွေးခဲ့ပါပြီ ။ နာမည်လေးကတော့ ရိုးရိုးလေးနဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ။ နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာ တတ်စွမ်းသလောက် ထာဝရလင်းလက်စေမယ့် မီးလေးတွေထွန်းညှိပေးဖို့ မီးအိမ်လေးတစ်လုံးအဖြစ် အဓိပ္ပာယ်သက်ရောက်စေမယ့် ထာဝရမီးအိမ်ဆိုတဲ့ အနှစ်သာရပြည့်ဝတဲ့ နာမည်လေးကိုအားလုံးသဘောဆန္ဒအရ ရွေးချယ်အတည်ပြုခဲ့ပါတယ် ။

အဖွဲ့နဲ့ပက်သက်တဲ့အချက်အလက်လေးတွေ အသေးစိတ်သိချင်ရင်တော့ သစ်သစ်အီးမေးလ် thitthit22@gmail.com ကို မေးမြန်းနိုင်ပါတယ်နော် ။ လက်ရှိ တက်တက်ကြွကြွ ကျရာနေရာကတာဝန်ယူကြတဲ့ သူငယ်ချင်းများအားလုံးကို သစ်သစ်ကအားလုံးကိုယ်စားကျေးဇူးတင်ကြောင်းပြောပါရစေ ။ အားလုံးက၀ိုင်းပြီး ထွန်းညှိမယ်ဆိုရင် မီးအိမ်လေးကပိုပြီး လင်းလာမယ်ဆိုတာကတော့ သစ်ထပ်ပြောနေစရာတောင် မလိုတော့ပါဘူးနော် ။ ဒါကြောင့် တို့တွေအတူ ထွန်းညှိကြစို့နော်.... ။


မီးအိမ်လေး

အဖွဲ့ဝင်တစ်ချို့

ဆက်ဖတ်ချင်သေးရင်...

Friday, June 25, 2010

သူ့အတွက်

အပြောင်းအလဲများတဲ့ ဒီလလေးကို သစ်သစ်အမြဲအမှတ်တရဖြစ်နေမှာပါ ။ ရည်မှန်းချက် ၊ ရည်ရွယ်ချက်တွေ ပြောင်းလဲချမှတ်ရတယ်ဆိုလဲ မမှားပါဘူးလေ ။ ဘာပဲဖြစ်ဖြစ် သစ်သစ်ပျော်ပါတယ် ။ အချိုးအကွေ့များတဲ့ ကံကြမ္မာကို တခါတလေတော့လည်း ထိတ်လန့်မိသား ... ။ စိတ်တွေလွန်ဆွဲနေတယ်ဆိုရင် ပိုမှန်ပါမယ်လေ ။

ဒီအပတ်ထဲ စိတ်ကဆောင်နေတော့ လူကတော်တော်လေးကို ဒေါင်းပါတယ် ။ ခေါင်းတွေဆိုမူးနေပြီး သွေးတက်နေတာကလည်း ပြန်ကိုမကျနိုင်တော့ဘူးလေ ။ ကိုယ်ဘာဖြစ်နေလဲ ကိုယ်သိပေမယ့် တစ်စုံတစ်ယောက်ကိုတော့ မသိစေချင်ခဲ့ပါဘူး ။ ကိုယ်သည်သူ၏ ပါရမီဖြည့်ဖက်ပဲ ဖြစ်ချင်ခဲ့မိတယ် ။ ပျော်ရွှင်မှုတွေပဲ ဝေမျှချင်မိတယ် ။ အစဉ်တွေးတောနေတဲ့သူ၏စိတ်ကို ကိုယ့်အပြုံးတွေနဲ့ပဲ ကျော်ဖြတ်စေခဲ့တယ် ။ ကိုယ့်ကြောင့် သူ၏စိတ်တွင်စိုးစဉ်းမျှ ဒဏ်ရာမရှိစေရ ။ သူ့တွင်ရှိနေမည့် ကိုယ့်ရဲ့သမိုင်းသည် အစဉ်ရှင်းသန့်နေစေရမည် ။ ကိုယ်ဘာလိုချင်တယ်ဆိုတာ ထုတ်ဖော်မပြောတတ်ပေမယ့် နောင်တချိန်တွင် သူအလိုလိုနားလည်လာမည်ဟု ကိုယ်ယုံကြည်နေမိသည် ။

ဘာပဲဖြစ်ဖြစ် ချစ်သူ ကိုယ်မင်းကိုအကြွင်းမဲ့ ယုံကြည်နေမိသည် ။ နင် ဟာ ငါ့ဘ၀ရဲ့ ဦးဆောင်သူ ပဲ့ကိုင်ရှင်အဖြစ် ထာဝစဉ်ရပ်တည်နေပေလိမ့်မည် ။ ငါ့ဘ၀ရဲ့ပျော်ရွှင်မှုမှာ ဂုဏ်တွေ ရွှေငွေတွေ မလိုအပ်တာ နင်သိပါတယ် ချစ်သူရဲ့ နားလည်မှု သစ္စာတရား သာလျှင် ငါ့အတွက်အရေးကြီးဆုံး ဆိုတာ ကြာရင်သဘောပေါက်လာပါလိမ့်မယ် ။ ခုနေချိန်မှာ စဉ်းစားမိပါတယ် ကိုယ့်ရဲ့ချုပ်ခြယ်မှုတွေနဲ့ မင်းမွန်းကြပ်နေမလားပေါ့ ဒါပေမယ့် ယုံကြည်မှုတွေခိုင်မာအောင် တည်ဆောင်နေချိန်လေးမို့ ကိုယ့်ကိုခွင့်လွှတ်နားလည်ပေးစေချင်ပါတယ် ချစ်သူ ။ အချိန်ကာလအားဖြင့် တိုတောင်းသေးတယ်ဆိုပေမယ့် ခုဆိုတို့တွေ အနာဂတ်အိပ်မက်တွေကို အတူတူပုံဖော်နေကြပြီပဲ တွဲလက်တွေမြဲစေဖို့ပဲ အချစ်တွေနဲ့ချည်နှောင်ကြစို့နော် ။

ချစ်သူအတွက် ဒီပို့စ်လေးရေးနေချိန်မှာ ကိုယ့်ရဲ့နှလုံးသွေးသည်လည်း တဒိတ်ဒိတ်နဲ့ စီးဆင်းနေသလို ခံစားနေရတယ် ။ တို့၂ယောက်ရင်ခုန်သံတွေ မရပ်သရွေ့ လက်ကိုခိုင်ခိုင်ဆုပ်လို့ အခက်အခဲမှန်သမျှကို အတူမျှဝေရင်ဆိုင်ကြစို့ ချစ်သူ ။ သစ်သစ်ရင်ထဲက ပြောချင်နေတဲ့စကားတစ်ချို့ကို စာလေးတွေချရေးပြီး ပြောလိုက်ပါပြီ ။ ဒီရက်ပိုင်းမှာ နေသိပ်မကောင်းလို့ စာတွေအရင်လို သိပ်ရေးဖြစ်မယ်မထင်ပါဘူး ။ သစ်ကိုနားလည်ပေးကြပါဦးနော်... သိုင်းကျူး ။

ဆက်ဖတ်ချင်သေးရင်...

Monday, June 21, 2010

မေမေသို့



ချွဲနွဲခိုဝင်
မေ့ရင်ခွင်
ကုန်လွန်ခဲ့ပေါ့
နှစ်ပေါင်း ၂၉ပင်

ရင်မှာစိတ်တွင်း
ဒီရက်တွင်း
အမေ့ဆီ အပြေး
ပြန်ချင်နေ

မမာမကျန်း
အမေ့စိတ်မလန်း
သို့သော်မမေ့
ထိုတစ်နေ့

ဖုန်းသံကြားလို့
ကိုင်တိုင်းမှာ
စမေးသည်က
သမီးလား

မဟုတ်ဘူးဆို
သွားတော့တခြား
မြန်ဆန်လွန်းစွာ
ပေးတယ်တအား

မေမေ မေမေ
ရင်ထဲတွင်
အကြိမ်ကြိမ်ပင်
အော်ဟစ်ချင်

ထပ်တူမကျ
မိမိဘဝ
ကြေကွဲရုံက
မှတပါး

လက်စုံမိုးလို့
အဝေးကသာ
ရှိခိုးလို့သာ
ဦးခိုက်ကာ

ထပ်တူဂတိ
ပြန်ပေးကာ
နေပါတော့မယ်
နောက်နှစ်သာ

တစ်နှစ်ဆိုတဲ့
မျှော်လင့်ချက်
အမေ့စိတ်ကို
ဖြေသိမ့်ခဲ့
...............
ဒီရက်ပိုင်းမှာ မကျန်းမာတဲ့ သစ်အမေအတွက် အရမ်းစိတ်ပူရလို့ လူနဲ့စိတ်တောင်မကပ်နိုင်ပဲ ကိုယ်တိုင်တောင်ဘာတွေလုပ်နေမှန်းမသိပါဘူး ။ ဆက်နိုင်တာဖုန်းပဲရှိတာမို့ ဆက်လိုက်တိုင်း နေမပျော်တဲ့ကြားကနေ သမီးမွေးနေ့တဖွဖွ ရေရွတ်နေလို့ ရင်ထဲနာကြင်ရတဲ့အကြိမ်ပေါင်းလဲ မနည်းပါဘူး ။ ဒီနေ့တော့ စိတ်ထဲတင်းမထားချင်တော့တာနဲ့ စာစုလေးတွေ ချရေးဖြစ်တယ် ။ ကာရံမမိပေမယ့် သစ်ရင်ထဲက ခံစားချက်တွေ စာကုံးသဖွယ်ရေးခဲ့ရလို့ စိတ်ထဲအတန်ငယ်တော့ ပေါ့ပါးသွားခဲ့ပါတယ် ။ မေမေပျော်ပျော်ရွှင်ရွှင်နဲ့အမြန်ဆုံး ပြန်လည်နေထိုင်နိုင်စေဖို့ ဆုတောင်းရင်း ဒီပို့စ်လေးကိုအမှတ်တရတင်ပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, June 19, 2010

အပျော်တမ်း




ဒီနေ့တော့ သစ်သစ် အပျော်တမ်း ငါးထမင်းချဉ်လေးလုပ်စား ဖြစ်တယ် ။ ခုတလော ဘလော့တွေ ဖေ့ဘွတ်တွေမှာ သူများတွေတင်ကတည်းက စားချင်နေတော့ ဒီစနေတော့ဂျူးမြစ်လေးလည်း တွေ့တုန်းလုပ်စားဖြစ်တယ်ဆိုပါတော့ ။ ဘလော့လာလည်သူတွလည်း အ၀စားသွားနော် ပုံထဲမှာ ထမင်း၃လုံးတောင်ပြင်ထားတယ် ... ဟိ ။ လုပ်နည်းကတော့ သိနေကြတော့ မရေးတော့ပါဘူး (တကယ်တော့ရေးရမှာပျင်းနေတာလေ ) ။ အားလုံးပဲပျော်ရွှင်စရာ ပိတ်ရက်လေးဖြစ်ပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, June 14, 2010

ရောက်လာပြန်ပေါ့

သစ်သစ် စာမရေးတာလည်း ကြာပါပြီ စိတ်ထွက်ပေါက်တွေမရှိတဲ့အခါ စာတွေအဖြစ်ချရေးတတ်တဲ့ သစ်သစ်အကြောင်းကိုလည်း သိပြီးသလောက်ဖြစ်ရောပေါ့ ။ ဒီအပတ်တွေ သစ်သစ်စာရေးချင်စိတ်မရှိသလို လာဖတ်နေကျသူတွေကိုလည်း အားနာတာနဲ့ဘလော့လေး ခဏပိတ်ထားလိုက်မိပါတယ် ။ လာရောက်လည်ပတ်တဲ့သူတွေ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် ။ ဒီနေ့ သစ်ရေးချင်တာကတော့ ၂စီးရီးနောက်ဆုံးဖြစ်တဲ့ သစ်မွေးနေ့လေး အကြောင်းပါပဲ မွေးနေ့ဆိုတာ နှစ်တိုင်းကျရောက်နေမှာဆိုတော့ အထူးအဆန်းမဟုတ်ဘူးလို့ သစ်ကိုယ်တိုင်အစကယူဆထားပေမယ့် နောက်ပိုင်းတွေမှာ တနှစ်တကြိမ်အသက်ကြီးလာတာကို သုံးသပ်ဖို့အချက်ပေးသလို မွေးမိခင်ရဲ့သေမင်းနဲ့စစ်ခင်းခဲ့တဲ့ရက်လေးအဖြစ် အမေ့ကျေးဇူးကို ပြန်လည်အောက်မေ့မိတဲ့ ရက်လေးတစ်ရက်အဖြစ် တန်ဖိုးထားတတ်လာပါတယ် ။

ဟိုးးးး လွန်ခဲ့တဲ့ ၂၉နှစ်လောက်က တခုသောညနေခင်း ၅နာရီခွဲလောက်အချိန်မှာ မေမေဟာ သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ဒီအချိန်ကစလို့ အသက်ကြီးမှမွေးတဲ့သမီးလေးအဖြစ် သိပ်ဂရုစိုက်ပြီး ဖြစ်ချင်တာလေးတွေအတွက် မေမေ့ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သမီးအဖြစ်လည်း မျှော်လင့်ချက်တွေအများကြီးထားခဲ့ဘူးတာပေါ့။ ကျန်တဲ့မောင်နှမတွေကလည်း သူတို့အိမ်ကလေးသေးသေးလေး ရောက်လာလို့ ဆော့စရာသက်ရှိအရုပ်လေးဆိုပြီး ပျော်နေကြသလို ဖေဖေကလည်း သူနောက်တန်းရောက်တုန်းမွေးတဲ့ သမီးလေးဆိုပြီး ကြံဖန်အချစ်ပိုခဲ့ကြပါတယ် ။ တကယ်တော့ သစ်သစ်ဖြတ်သန်းခဲ့တဲ့ ၂၉နှစ်တာလုံးဟာ ရိုးရိုးသာမာန်လိုပဲ ဘာမှအလှည့်အပြောင်းမများခဲ့ပါဘူး ။ ငယ်စဉ်ဆယ်ကျော်သက်အရွယ်က မိဘတားမြစ်ခဲ့တာတွေကို ခုနေပြန်စဉ်းစားတော့ ဘာမှမဟုတ်ပဲ အဲ့အချိန်တုန်းကတော့ လူ့အခွင့်အရေးပဲဆုံးရှုံးသလိုမျိုး နင့်နင့်နဲနဲခံစားတတ်ခဲ့တာကို ပြန်သုံးသပ်မိပါတယ် ။ မိဘရဲ့စေတနာ မေတ္တာတွေကို ပိုပြီးသိမြင်လာသလို အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲလာခဲ့တာ သစ်သစ်မငြင်းနိုင်ပါဘူး ။

မိဘလောင်းရိပ်အောက်မှာ အပူအပင်ကင်းကင်း နေထိုင်ပြီးပညာသင်ခဲ့ရတာကိုလည်း ပြန်လည်သတိရမိသလို ငါ့အလှည့်ကျရင်ရော ဒီလိုလုပ်ပေးနိုင်ပါ့မလားဆိုတဲ့အတွေးမျိုးလေး တပိုင်းတစ၀င်လာတတ်ပါပြီ ။ ခုနေပဲကြည့်လေ သစ်သစ်မိဘကိုစိတ်ပူတယ်ဆိုတာ ပါးစပ်ဖျားလေးမှာပဲ လေထဲမှာပဲ ပြောနေသလိုဖြစ်နေတော့ ကိုယ့်ပူပင်မှုတွေက အရာမရောက်သလိုဖြစ်နေတယ်လို့ ခံစားမိတယ်။ အချိန်တိုင်းသတိရသလို အနားမှာပဲ မိဘတွေအသက်ကြီးချိန်မှာ ပြုစုချင်ပေမယ့် အခြေအနေအချိန်အခါတွေ မပေးတဲ့အခါ အဝေးကပဲနှုတ်အားဖြင့် စောင့်ရှောက်နေရတဲ့ဘ၀ကို တခါတလေသစ်သစ်တော်တော်လေးစိတ်ပျက်မိပါတယ် ။ စိတ်ကိုပိုင်းဖြတ်လို့ ပြန်လာတော့မယ်ပြောတိုင်း သားသမီးရဲ့ရှေ့ရေးကို တွက်ဆလို့ နေပါရတယ် အဆင်ပြေတယ် သမီးလုပ်ချင်တာ ဖြစ်ချင်တာကို ဖြစ်မြောက်အောင် အောင်မြင်အောင်လုပ်နော်ဆိုပြီး သူတို့ရဲ့ဆန္ဒကိုမြိုသိပ်ပြီး ကိုယ့်ကိုတဖန်ပြန်လည်အားပေးနေတာကိုက သနားစရာကောင်းလှပါပြီ ။ ပိတ်ရက်တွေ ကြားရက်တွေ သစ်သစ်ဖုန်းဆက်လွန်းတော့ အိမ်ကဘာလို့ဆက်တာလဲလို့ မေးနေပေမယ့် အဖေ အမေ သစ်သစ်အသံကိုကြားရင် အနည်းငယ်တော့ဝေဒနာတွေ သက်သာသွားတာ သစ်သစ်သိတာပေါ့ ရိပ်မိတာပေါ့ ဒါကြောင့် ဖုန်းအလကားရလို့ဆက်တာပါ မိနစ်လေးတွေကျန်နေလို့လေ ဟိုသတင်းရောကြားပြီးပြီလား အဖေ ကမ္ဘာ့ဖလားကတော့ ဘယ်လို စသဖြင့်ရောက်တတ်ရာရာ လျှောက်ပြောတော့လည်း ကိုယ့်ဘက်ကကြည့်ရင်ဘာမှမဟုတ်ပေမယ့် မိဘတွေဘက်ကနေကြည့်တော့ အနည်းငယ်ကျေနပ်နှစ်သိမ့်မှု ရတတ်ကြလေတယ် ။

ခုဆိုရင် သစ်မေမေက အစပ်လုံးဝစားလို့မရဘူးဆိုတာကို ဆရာဝန်ကသတ်မှတ်လိုက်တော့ သူကအဲဒါကိုစိတ်ဓါတ်ကျနေတယ် လူဆိုတာက မစားရဘူးဆိုမှ စားချင်တာသဘာဝလေ တောင့်တနေတာကလည်း သဘာဝပဲပေါ့ ဖုန်းဆက်တိုင်း ၀မ်းပန်းတနည်းပြောတတ်တာက သူအစပ်မစားရတော့တဲ့အကြောင်းတွေပဲပေါ့ ။ အဲဒါကိုမစားနဲ့လေ ဆရာဝန်ကပြောထားတာကိုလို့ ပြောလိုက်ရင်ဝမ်းနည်းမှာသေချာသလောက်ပဲဆိုတော့ ဟုတ်လားအမေ သမီးတောင်ခုတလော ဗိုက်အောင့်တတ်လို့ အစပ်ကိုဖြတ်လိုက်တာကြာပေါ့ မေမေကတောင်နှစ်တွေအကြာကြီးစားခဲ့ရသေးတယ် သမီးဆိုခုကတည်းက ရှောင်ရတာ မေမေကံကောင်းလိုက်တာလို့ ကြံဖန်ချီးမွမ်းရတတ်တယ် ။ ဒီလိုလေးတွေပြောတော့ သူတို့လည်းစိတ်ကျေနပ်စေတယ်လို့ ထင်တယ်လေ ။ သစ်သစ်ခုတလောဖုန်းဆက်ရင် မေမေထမင်းစားချိန်ကို မှန်းဆက်တတ်တယ် သူကအချိုတွေချက်ရင်မစားချင်ဘူးလေ အန်ချင်လာပြီဆိုပြီး သစ်အမကို ဂျီကျတတ်တယ် သစ်သစ်ကမသိသလိုနဲ့ အမေဘာဟင်းနဲ့စားတုန်းဆိုတော့ ကလေးဆိုးလိုပြောတတ်တယ်လေ အဲ့အချိန်ဆို သစ်သစ်က ဟယ်...စားချင်လိုက်တာ သမီးကအဲ့ဒီအချိုလေးတွေစားချင်နေတာ မေမေအရင်ကချက်တဲ့ ဘာနဲ့ဘာလေဆိုပြီးပြောလိုက်စားလိုက်ဆိုတော့ တစ်ပန်းကန်လောက်ကတော့ အသာလေးကုန်သွားတတ်ပါတယ် ။ တခါတလေလည်း သစ်စဉ်းစားမိတယ် ငါသာအနားမှာရှိခဲ့ရင် မေမေနောက်တပန်းကန်များထပ်ယူမလားပေါ့လေ ။ ဒီလိုအတွေးတွေ စိတ်ထဲရောက်လာရင် ၀မ်းနည်းမှုက ကြီးစိုးလာတတ်တယ် ။

ဒါကြောင့် သစ်ကတနှစ်တခေါက်တော့ ရောက်အောင်အိမ်ပြန်လေ့ရှိတယ် ။ တနှစ်ထက်တနှစ်အရွယ်ကျလာတဲ့ မိဘကိုလည်းပြန်ရောက်တဲ့ရက်လေးမှာ အတတ်နိုင်ဆုံးဂရုစိုက်မိပါတယ် ။ ခုလိုမွေးနေ့တွေဆို မေမေ့ကိုကျေးဇူးတင်ကြောင်း အဝေးကနေကန်တော့မိကြောင်း မပျက်မကွက်ပြောလေ့ရှိတဲ့အကျင့်လေး လုပ်ထားတယ် ။ ကိုယ့်နိုင်ငံမှာနေတုန်းက ဒီလိုလေးတွေမလုပ်ဖြစ်ခဲ့ပါဘူး ။ မွေးနေ့ဆိုပျော်မယ်ပါးမယ် စားမယ်သောက်မယ်လောက်နဲ့ပဲ ကုန်ဆုံးသွားတတ်ခဲ့တာပါ ။ ခုနောက်ပိုင်းကိုယ်လှုနိုင်တန်းနိုင်လာတဲ့အခါမှာတော့ မိဘနာမည်လေးနဲ့လှုတတ်တဲ့အကျင့်လေး ရလာခဲ့ပါတယ် ။ ဘယ်နေရာလှူလှူ အဖေ အမေ နာမည်နဲ့ပဲလှူတတ်တဲ့ သစ်သစ်ကိုသူငယ်ချင်းတွေကတောင် မေးတတ်ကြပါတယ် ။ လက်ရှိအခြေအနေအရ သစ်လုပ်ပေးနိုင်တာဒါလေးပဲ ရှိသေးတယ်လေ ။ မိဘတွေက သစ်အတွက်လုပ်ပေးလာတာ ခုချိန်ထိမရပ်သေးပါဘူး ။ ပူပင်မှုတွေ စိုးရိမ်မှုတွေနဲ့ အချိန်တိုင်းလွှမ်းမိုးနေဆဲပါ ။ မိဘစိုးရိမ်သလိုမဖြစ်ရအောင် အတတ်နိုင်ဆုံးနေထိုင်ရင်း ဒီပို့စ်လေးနဲ့လက်ဆယ်ဖြာမိုးလို့ ရှိခိုးကန်တော့လိုက်ပါတယ် ဖေ နဲ့ မေ .... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, June 1, 2010

ပျော်သလိုနေပါကွယ်

ပျော်အောင်နေနော်

ခုတလော သီချင်းတွေပဲ နားထောင်ဖြစ်လို့ စာမရေးဖြစ်ပဲ သီချင်းပဲတင်နေမိတယ် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 31, 2010

မေ ၃၁

ဒီသီချင်းလည်း သိပ်ကြိုက်တယ်

ဆက်ဖတ်ချင်သေးရင်...

Saturday, May 29, 2010

ပုံတစ်ချို့

ပုံတွေတင်ပြီး ပို့စ်ဖြစ်အောင်လုပ်တယ် ထင်ချင်လည်း ထင်ပါတော့လေ ရန်ကုန်ပြန်တုန်းက ပို့စ်ကိုလက်စသတ်ချင်တာလည်း ပါပါတယ် ။ သစ်သစ်ကင်မရာတစ်လုံးနဲ့ မြင်မြင်ရာလိုက်ရိုက်လို့ အဖေ့ရဲ့အပြောဒဏ်ကို ဆက်တိုက်ခံပြီး ရိုက်ထားတဲ့ပုံတွေဆိုတော့ တင်ပါရစေလို့ပဲ ပြောပါရစေ...ဟိ ။ ပိတ်ရက်လေး၃ရက်ဆိုတော့ အချိန်တွေပိုနေတယ်ဆိုပါတော့ ဒီတော့ရန်ကုန်ပြန်ချင်ဒယ်...... စလုံးမှာအမျိုးမရှိ အဆွေမရှိ တကောင်ကြွက် တမျက်နှာနေလာရတာ ကိုယ့်ဘာသာတောင် သနားလာပြီ (ဇွတ်သနားတာနော်) ။ နောက်လ ရက်၃၀တောင်အလုပ်ဆင်းရမှာ ပျင်းးးးးးးးးးးးဒယ် (ဒါကလည်းတိုးတက်မယ့်လက္ခဏာပဲလေ ...ဟိ ) ။

အိမ်က အပင် (အပင်ပုပုလေးမှာ အသီးတွေကအားကြီးပဲ)

အဖေ ဘာတွေစိုက်မှန်းမသိဘူး (တကယ်မသိတာပါ)

သရက်ပင် ၃ပင်မှာ ဒင်းကအသီးဆုံးပဲ (ဒီတော့ဘလော့ထဲသူပါခွင့်ရတာပေါ့)

ချစ်စရာလေးနော် (ဘာပင်မှန်းမသိလို့ အတင်းလိုက်ချစ်ခိုင်းတာ..ဟိ)

အဲဒီကုလားထိုင်မှာ အဲဒီအရုပ်ကလေးနဲ့ စာအုပ်ဖတ်ရတာက ဇိမ်..

အပင်နာမည်မသိတာခွင့်လွှတ် (အဖေ့အချစ်ဆုံးတွေလေ)

ဒါတော့သိတယ် ငါ့ကိုနမ်းပါ အပင်

ဒါက ၈မိုင်လမ်းဆုံ

န၀ဒေးရုပ်ရှင်ရုံ

ဆီအိုးနားဆိုပဲ

ထရိတ်ဒါးရောက်တော့မယ်လေကွယ်

မြန်မာ့အသံတ၀က်ပဲရိုက်ရတယ်


ညနေခင်း ကန်ဘောင်



အောင်မင်္ဂလာအဝေးပြေး ကျောက်ခင်းလမ်း (ဖွင့်တာကြာပြီ ခုထိလမ်းခင်းတုန်း)


ဒါက ငကြောင်သစ်သစ်လေ (ဘောနပ်စ်).....ဟိ

ဆက်ဖတ်ချင်သေးရင်...

Thursday, May 27, 2010

စားဖြစ်နေတာက...

ဒီအပတ် ရုံးက ၄ရက်ပဲတက်ရတယ်ဆိုတော့ စားတဲ့အစားအစာမထပ်ဘူးလို့ ပြောရမယ် ။ ခုတလော အစားအသောက်တွေကိုစားရင် ပါးစပ်မှာတခုခုလိုနေသလို အဆင်မပြေဘူး ဖြစ်နေတယ် စားပြီးရင်လည်း ကျေနပ်မှုဆိုတာမရှိပဲ လျှာဘာဖြစ်နေလဲကို မသိဘူး ။ ပြီးတော့ သွေးတိုးမှာခပ်ကြောက်ကြောက် နဲ့ပဲ ကောင်းမယ်ထင်တာလေးတွေ လိုက်စားပြီး ကိုယ့်ကိုယ်ကိုပြုစုသော်ငြားလည်း အဆင်မပြေခဲ့ပါ ။ ဒီအပတ် စားဖြစ်တာလေးတွေ ပါးစပ်မှာအရသာမကောင်းပေမယ့် ဖုန်းလေးနဲ့တော့ မှတ်တမ်းတင်ဖြစ်တယ် ။ ဒီတော့ အမှတ်တရပို့စ်ဖြစ်သွားတာပေါ့နော့...။


မြေအိုးမြီးရှည် (စီးတီးဟောသွားပြီးကို တခုတ်တရသွားစားတာပါ သို့သော်လည်း.....)



အသားတွေမစားချင်တော့ အာလူးနဲ့ခရမ်းသီး ပဲလေးနဲ့ ကုလားလိုဆိုတော့လည်း နိုး ပါပဲ

မရိုးနိုင်တဲ့ ကြက်ဆီထမင်းနာမည်ကြီးတဲ့ဆိုင်ကို ၁၀မိနစ်လောက်လမ်းလျှောက်သွားစားတာ ဒါလဲ....


ကဲ သွေးတက်ချင်လည်းတက်တော့ အမဲအူကြမ်းစွပ်ပြုတ်တဲ့ (တခုခုလိုနေသလိုပဲ)


ဒီနေ့တော့ ရှမ်းထမင်းချဉ်စားမယ်ကွာ ဗိုက်သာပြည့်သွားတယ်.....း(


စလုံးသားတွေအတွက် မရိုးနိုင်တဲ့ ယောင်တို့ဖူး ကိုယ်လည်းလိုက်ယောင်မယ်ကွာ...မထူးးးး


ကဲ..ဘာစားရင်ကောင်းမလဲ ကိုယ်တိုင်ချက်ဖို့ကတော့ ဝေးးးးးစွ စိတ်ကိုမပါဘူး ဖြစ်နေတယ် ...ဂယ်

ဆက်ဖတ်ချင်သေးရင်...

နှုတ်မဆက်ချင်ဘူး

ဒီနေ့ သစ်သစ်နည်းနည်းလေးအားတော့ သီချင်းလေးတွေလိုက်နားထောင်ဖြစ်ပါတယ် ။ အဆိုတော် ရဲလေးရဲ့အခွေသစ်ကို ဘားမိစ်ကလပ်စစ်မှာ နားထောင်ဖြစ်တော့ ဒီသီချင်းလေးကိုသစ်သစ်ကြိုက်လို့ သစ်သစ်ဘလော့လေးက သီချင်းဆိုတဲ့နေရာလေးမှာ စုစည်းလိုက်မိပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

Monday, May 24, 2010

ငယ်သူငယ်ချင်း

၁၉၉၄ ခုနှစ် ဇွန်လ ၁ရက်နေ့ မိုးတွေရွာနေတဲ့ နံနက်ခင်းလေးတစ်ခုမှာ အထက (၁) အင်းစိန် မေခဆောင်ထဲမှာတော့ ကျောင်းသားတွေနဲ့မိဘတွေ ပွက်လောရိုက်လို့နေပါတယ် ။ ကျွန်မသမီးလေးကတော့ ဒီအတန်းမှာသူ့သူငယ်ချင်း ဘယ်သူနဲ့ထိုင်မယ် နေရာဦးထားနော် ပြတင်းပေါက်နားရွေးမလား ကျောက်သင်ပုန်းမြင်ရအောင် အလယ်ခုံယူလေ သမီးသူငယ်ချင်း ဘယ်သူနားထိုင်မယ်နဲ့ ဆူညံနေခဲ့ပါတယ် ။


နွေကျောင်းပိတ်ရက်မှာ မျက်စိခွဲထားတဲ့ သစ်သစ်ကတော့ ၅တန်းတုန်းကအတန်းဖော်တွေနဲ့ကွဲပြီး မျက်စိလည်စွာ ၆တန်း အေတန်းရောက်လာတော့ အဖော်မဲ့နေခဲ့တာ မဆန်းပါဘူးလေ ။ နေရာလိုက်ဦးပေးတဲ့ သစ်သစ်အမကလည်း အတန်းပိုင်ဆရာမလာတော့မှ အလယ်ရိုးလ်ရဲ့ အတန်းတစ်တန်းမှာ နေရာတောင်းရန် ညီအမ၂ယောက် အတန်းပြင်မှာရပ်နေကြပါတယ် ။ အခန်းဝကနေ ကိုယ်တက်ရမယ့် အတန်းကိုကြည့်ရင်း ပထမဆုံးသတိထားမိတာကတော့ အလယ်ရိုးလ်ရှေ့ဆုံးတန်းမှာ ပါဝါအထူကြီးတပ်လို့ ယောက်ျားလေးပုံစံနဲ့ တယောက်တည်း ငြိမ်သက်စွာထိုင်နေတဲ့ ခပ်တည်တည်ကောင်မလေး တစ်ယောက်ပါပဲ ။

ဆရာမလာတော့ သစ်သစ်ကိုမျက်စိအခြေအနေကြောင့် အဲ့ကောင်မလေးဘေးမှာ နေရာပေးခဲ့ပါတယ် ။ အဲ့သူငယ်ချင်းက နောင်နှစ်တွေမှာခင်မင်ဖွယ်ကောင်းပြီး သံယောဇဉ်တွေမပြတ်ပဲ ခုစလုံးမှာပြန်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့တဲ့သူပဲ ဖြစ်ပါတယ် ။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးခါနီးမှာ စကပ်ရှည်ရှည် အကျီပွပွနဲ့ဝင်လာတဲ့သူကတော့ ယနေ့စလုံးမှာ ဘလော့လေးတစ်ခုတည်ဆောက်ထားပြီး အလုပ်ကိုရပ်ကာ ကျောင်းတက်နေတဲ့ ဘလော်ဂါတစ်ယောက်ဖြစ်လာမယ့် ရန်ကုန်မှာရပ်ကွက်တူ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။

ဒီလိုအသွင်မတူတဲ့သူ၃ယောက်ဟာ သမိုင်းသင်ရင်လည်း ကျလိ ကျလိ အင်္ဂလိပ်စာသင်လည်း ပြုံးစိစိ စာဆိုခိုင်းရင်တော့ ၃ယောက်ပေါင်းမှ နောက်ကအတန်းတောင်မကြားနိုင်တဲ့ အသံနဲ့ ၆တန်းတနှစ်လုံး မြုံစိစိဖြတ်သန်းလာခဲ့တာ ၁၀တန်းရောက်တဲ့အထိပါပဲ ။ ငယ်စဉ်အရွယ်ဆိုတော့ အပြင်သွားတာလည်းမရှိသလို ကျောင်းတက် မုန့်စားဆင်း ကျောင်းပြန်ဒါနဲ့ပဲ ဖြတ်သန်းလာခဲ့တာ နောင်နှစ်အတန်းတွေတက်တော့ အေတန်းခြင်းတူပေမယ့် အဆင့်အလိုက်နေရာချထားတော့ ထိုင်ခုံနေရာတွေကွဲခဲ့ကြပါတယ် ။ နောက်ဆုံး၁၀တန်းဆိုတဲ့ အချိန်ရောက်တော့ ယောက်ျားလေးဆန်တဲ့သူငယ်ချင်းက အပြင်ကဖြေလို့ ကျောင်းလာမတက်ကတည်းက အဆက်ပြတ်သွားလိုက်တာ ပြီးခဲ့တဲ့လကမှ အဆက်အသွယ်ပြန်ရခဲ့ပါတယ် ။

ငယ်စဉ်ကတော့ ငါကကြီးလာရင် ဘာလုပ်မယ်လို့ ကြိုတင်တိုင်ပင်ထားခြင်းမရှိပေမယ့် အံ့သြစွာပဲ ၃ယောက်လုံး အင်ဂျင်နီယာဆိုတဲ့ ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုမှာ တူညီစွာကူးခပ်နေကြပါတယ် ။ ၃ယောက်အတူမဆုံနိုင်သေးပေမယ့် ပြီးခဲ့တဲ့သောကြာညလေးမှာတော့ သစ်တို့၂ယောက်အတူ ဆုံနိုင်ခဲ့ပြီး ငယ်စဉ်ကဆရာ ဆရာမတွေ အကြောင်း အထက သူငယ်ချင်းတွေအကြောင်းပြောရင်း ပြန်ဆုံဖြစ်ခဲ့ကြပါတယ် ။ ပြန်လာတော့ ကားစီးရင်း သစ်သစ်စဉ်းစားမိတာကတော့ ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ငါတို့သူငယ်ချင်းတွေ ဒီအရွယ်မှာ အနာဂတ်ကိုပုံဖော်ရင်း ချီတက်နေသလို ဟိုးကလေးဘ၀တုန်းက အပူအပင်မရှိပျော်ခဲ့ကြတာကိုလည်း သတိရရင်း နောင် ၁၀နှစ်ကြာရင်ရော ဘယ်လိုအတွေးတွေ အောင်မြင်မှူတွေနဲ့ ရှင်သန်နေကြဦးမလဲ ကြိုတင်ပုံဖော်နေမိခဲ့တယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, May 20, 2010

ဒီအပတ်ရဲ့ဒိုင်ယာရီ

မနေ့က 19.5.2010 က သစ်သစ်ဒီအလုပ်မှာ ၁နှစ်တိတိပြည့်တဲ့နေ့ ဖြစ်ပါတယ် ။ ဒီအလုပ်လေးမှာလုပ်ရတာကို သစ်သစ်သိပ်ကိုကျေနပ်မိပါတယ် ။ စလုံးမှာ ပထမဆုံးသစ်သစ်လုပ်တာ ကုမ္ပဏီအကြီးမှာလုပ်တာပါ ။ မန်နေဂျာတွေ အဖွဲ့တွေလည်းအများကြီး ဖြစ်သလိုမန်နေဂျာအချင်းချင်းတွေ ပြိုင်ဆိုင်ကြ လက်အောက်ငယ်သား သစ်သစ်တို့ပါ မနားမနေ နိုင်ချင်တော့လုပ်ရတယ် အလုပ်မရှိတော့ ဒီတိုင်းထိုင်နေရပြန်တော့လည်း တင်စရာရီပို့မရှိ အခြားသူများက ဘယ်သူဘာလုပ်နေတယ် ဘယ်သူကတော့ဘာလုပ်ပြန်ပြီ ဆိုပြီး အတင်းပေါင်းစုံ ချွန်တွန်းပေါင်းစုံနဲ့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း အတွေ့အကြုံတွေအများကြီးလည်း ရခဲ့တယ်ဆိုပါတော့ ။ သစ်သစ်ရယ်လို့ စလုံးမှာရပ်တည်ခွင့်ရအောင် သူကလည်းများစွာအကျိုးပြုခဲ့တယ်လေ ကျေးဇူးလည်းမမေ့ပါဘူး ဘယ်အရာမဆို အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ ။

ဒီအလုပ်သစ်ကျတော့ အရင်အလုပ်လောက်တော့ မကြီးမားတော့ပေမယ့် ကိုယ့်ထက်ကြီးတဲ့ စလုံးသားတွေပဲဆိုတော့ ကိုယ့်ကိုဘယ်အရာမဆို အငယ်မို့လို့ ဦးစားပေးသလို မေးသမျှရှင်းပြဖို့စောင့်နေသလား မှတ်ရပါတယ် ။ ဘာလုပ်လုပ် သူတို့ကပြောပြတာကို ကိုယ်သိလည်းမသိသလိုနေလိုက် မသိလည်းမှတ်လိုက်ဆိုပြီး နေလာလိုက်တာ သူတို့ကလည်း သစ်သစ်ကိုတော်တော်ချစ်ကြပါတယ် ။ အမ်စီမယူချင်လို့ ဒီအတိုင်းဆေးခန်းမသွားပဲ ခွင့်ယူရင်တောင် လာတယ်ဆိုပြီး သူဌေးဆီမှာအလာစာရင်းပြပေးတတ်ကြတဲ့သူတွေပါ ။

အရာရာတိုင်းဆရာလုပ်တယ်လို့ မှတ်မယ်ဆိုရင်တော့ ရနိုင်ပေမယ့် သစ်သစ်ကိုယ်တိုင်က သူတို့ပြောသမျှ ဘာမှမငြင်းတော့ သူတို့အကြိုက်ဖြစ်ပုံလည်း ကျပါတယ် ။ အလုပ်နဲ့ပက်သက်ရင်တော့ သူတို့လည်းကိုယ်လုပ်တာဘာမှနားမလည်ဆိုတော့ ဘာမှဝင်စွက်ဖက်ခြင်းမရှိတာ တော်တော်စိတ်ချမ်းသာစရာကောင်းပါတယ် ။ သစ်သစ်စီနီယာက လုပ်သက်ဒီအလုပ်မှာ ၁၀နှစ်ဆိုတော့ သစ်သစ်ကိုဘယ်သူကဘယ်လိုဆက်ဆံရတယ် ဆိုတာကအစ သင်ပေးပါတယ် ။ သိပ်ချစ်စရာကောင်းတဲ့ စီနီယာပါ ။ အလုပ်မှန်သမျှ သူနဲ့ကိုယ်ပဲခွဲလုပ်ရတာဆိုတော့ အိုဗာတိုင်ဆင်းတဲ့ရက်တွေဆို ၂ယောက်တည်းပျော်ပျော်ပါပဲ ။

သစ်သစ်ကအလုပ်ကိုအချိန်ဆွဲမလုပ်တတ်တော့ စီနီယာကတောင် ဘယ်လိုမျိုးဆို ဘယ်လိုနှေးလုပ်ရတယ် မြန်တယ်ဆိုတာအချိန်အခါနဲ့ပြရတယ် မလိုအပ်ပဲ စွမ်းအားတွေမသုံးပါနဲ့တဲ့လေ ။ အဲလိုစီနီယာဆိုတော့ သစ်သစ်ကံကောင်းတယ်လို့ ဆိုရပါမယ် ။ ကုမ္ပဏီသေးပေမယ့် လုပ်ငန်းမျိုးစုံလုပ်ရတဲ့အပြင် စီနီယာရဲ့စီစဉ်တတ်မှုကြောင့်လားတော့မသိဘူး အလုပ်များတာလည်းမရှိဘူး အလုပ်ပါးတာလည်းမရှိဘူး ပုံမှန်ပဲ ဒတ်လိုင်းမဲ့လုပ်ရတာကတော့ စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲလေ ။

မနေ့ကတနှစ်ပြည့်ဆိုပြီး အလုပ်ကလုပ်ပေးတဲ့ပွဲလေးမှာ ပျော်ရွှင်ကြည်နူးရသလို နွေးထွေးမှုဆိုတာလည်း ခံစားရပါတယ် ။ သစ်သစ်ခံယူချက်ကတော့ ကုမ္ပဏီသေးတယ်ကြီးတယ်ဆိုတာထက် လုပ်ငန်းခွင်မှာစိတ်ချမ်းသာဖို့က ပိုပြီးအဓိကကျပါတယ် ။ ဒီအပတ်ထဲနေမကောင်းလည်းဖြစ်လိုက်သလို စိတ်မချမ်းသာစရာလည်း ကြုံခဲ့ပါသေးတယ် ဒီ့အတွက်ချစ်သူက ပိုလို့တောင်ဂရုစိုက်လို့ ကျေနပ်ရပါသေးတယ် ။

နောက် သစ်ရဲ့အရမ်းချစ်ရတဲ့ သစ်ဆရာမလည်းဖြစ်တဲ့ သစ်အမတစ်ယောက် ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် သစ်တို့ကိုမွေးပေးပါတယ် ။ သစ်သိပ်ကိုပျော်ပါတယ် ကလေးအရမ်းချစ်တတ်တော့ နောက်ဆိုအဲဒီအိမ်ပဲရောက်နေတော့မယ် ထင်ပါတယ် ။ လာမယ့်သောကြာမှာ ဖေ့ဘွတ်ကနေတဆင့်ပြန်ဆက်သွယ်မိတာ မကြာသေးတဲ့ ဟိုးးးး အထကကျောင်းကငယ်သူငယ်ချင်းနဲ့ တွေ့ဖို့ရှိပါတယ် ။ အဲဒီအတွက်လည်း ကြိုတင်ပျော်နေမိတယ် ။ မတွေ့ရတာ လက်၁၀ချောင်းတောင် ကျော်ခဲ့ပြီလေ ။ ဘာပဲဖြစ်ဖြစ် ဒီအပတ်လေးကတော့ စိတ်ညစ်စရာအနည်းငယ်သာရရှိခဲ့ပေမယ့် တော်တော်များများကတော့ စိတ်ချမ်းသာပါတယ် ။ ချစ်သူလေးနဲ့လည်း ဘာပြသနာမှမရှိ အဆင်ပြေပြေ နေ့ရက်များကို ဖြတ်သန်းရင်း ဒီတပတ်ရဲ့ဒိုင်ယာရီကို အဆုံးသတ်လိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 17, 2010

ချစ်တူလေး

တီတီလေးရေ ဆိုပြီး ဖုန်းဆက်နေကျ ချစ်တူလေး ဘာလုပ်လုပ် သူ့တီတီလေးကို သတိရတဲ့ကလေးလေး ခုဆို ၁တန်းကျောင်းသားကြီးတောင် ဖြစ်တော့မယ် ။ ချစ်စဖွယ်တူလေးကို သတိရလို့ ရန်ကုန်ပြန်တုန်းက ရိုက်ယူလာတဲ့သူပုံလေး အလွမ်းပြေတင်လိုက်တယ် ။ ဖုန်းဆက်ပြီး သားသားပုံကို လူတွေအများကြီးကြည့်အောင် တီတီလေးလုပ်လိုက်တယ်ဆိုတော့ ဘလော့ဆိုတာဘာမှန်းမသိတဲ့ ကလေးလေးက ရှက်တယ်တဲ့လေ...း) ။


ဆက်ဖတ်ချင်သေးရင်...

Sunday, May 16, 2010

အချစ်

သစ်သစ် ဒီနေ့ အချစ်အကြောင်းလေး နည်းနည်းရေးချင်နေမိပါတယ် ။ ချစ်တယ်ဆိုတာ စာလုံးကတော့၂လုံးတည်းပေမယ့် တကယ်ကိုရိုးရှင်းပြီး နက်ရှိုင်းပါတယ် ။ အချစ်ဆိုတာကို ခိုင်မြဲအောင် နားလည်မှု သီးခံမှုတွေနဲ့ ချည်နှောင်လေ့ရှိကြပါတယ် ။ လူတစ်ယောက်ဟာ အချစ်ဆိုတာ တစ်ခုတည်းနဲပဲတွေ့ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါဘူး ။ တစ်ဦးထက်ပေါ်လာတဲ့ ချစ်ခြင်းတွေကို အလိမ္မာအသိဥာဏ်နဲ့ ပယ်ချဆုံးဖြတ်လေ့ရှိပါတယ် ။


ကိုယ်ပက်သက်လိုက်တဲ့သူဟာ ပက်သက်နေတဲ့အချိန်မှာ အရာအားလုံးကင်းရှင်းနေရင် ဒါဟာသန့်စင်တယ်လို့ ယူဆလို့ရပါတယ် ။ ဟိုးအတိတ်ဟောင်းကို ပြန်လည်တူးဆွလို့ အချိန်တိုင်းအဆင်မပြေမှု ဖြစ်လာခဲ့ရင် ဒီအချစ်သည်လည်း ဘယ်လောက်ကြာရှည်စွာ ခိုင်မြဲတော့မှာလဲလေ ။ ခွင့်လွှတ်နိုင်လို့စကတည်းက ပက်သက်ခဲ့တာပဲ ဒါကိုပွိုင့်အောက်လုပ်လာခဲ့ရင်တော့ သစ်သစ်ဆိုရင်သီးခံနိုင်မယ် မထင်ပါ ။ လူတစ်ယောက်အတွက် အချစ်ဆိုတာ ဖျော်ဖြေစရာတစ်ခုအဖြစ် ယူဆခဲ့ရင် ဒီအချစ်ဟာဘယ်တော့မှ ဖြူစင်တဲ့ချစ်ခြင်းအဖြစ် မရပ်တည်နိုင်တော့တာ သေချာပါတယ် ။

မိန်းမသားတိုင်းက အချစ်ရဲ့ပန်းတိုင်ကို လက်ထပ်ခြင်းဆိုတာနဲ့ သတ်မှတ်ထားလေ့ရှိပါတယ် ။ ချစ်သူဘ၀မှာ အတွေးအခေါ် အယူအဆတွေညှိကြမယ် သဘောထားတွေပြောကြမယ် ရှေ့ရေးတွေတိုင်ပင်ကြမယ် ဒါဟာဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ ။ ဒါတွေကိုချည်နှောင်တယ်လို့ ယူဆရင်တော့ သေချာနေပါပြီ တခုခုတော့မှားနေပြီပဲလေ ။ ဒီလိုမျိုးခံစားရတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိတော့တာ သစ်သစ်ကတော့မှားတယ်မထင်ပါဘူး ။ ရွေးချယ်ခြင်းဆိုတာ တဖက်သတ်တော့မဖြစ်နိုင်ဘူးလေ သီးခံတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တာပေါ့ ။ ချစ်သူတိုင်းမျှမျှတတ တွေးခေါ်တတ်ရင် လောကကြီးကတော့ သာယာနေမှာသေချာပါတယ် ။

တဖက်စွန်းရောက်နေတဲ့ချစ်သူတွေ ညီညွတ်မျှတစွာ တွေးခေါ်တတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ သစ်သစ်ကိုရင်ဖွင့်လာတဲ့ သူငယ်ချင်းလေးလည်း အစစအရာရာအဆင်ပြေပါစေ ။ သစ်သစ်အနေနဲ့ သူများချစ်ခြင်းကို ဝေဖန်လိုစိတ်မရှိပေမယ့် ခံစားနေရတဲ့သူ့ခံစားချက်လေးကို အခြေခံပြီး သစ်အမြင်လေးနည်းနည်းရေးချင်တာနဲ့ ဒီပို့စ်လေးဖြစ်လာတာပါ ။ အားလုံးပဲ မျှမျှတတနဲ့ ပျော်ရွှင်စွာအနာဂတ်ကို ပုံဖော်နိုင်ကြပါစေ....။


ဆက်ဖတ်ချင်သေးရင်...

ဆုတောင်း

၃နှစ်ပြည့်မှသည် နောင်နှစ်များစွာတိုင် ခိုင်မြဲစေသော်....

ဆက်ဖတ်ချင်သေးရင်...

Thursday, May 13, 2010

ခွန်အားမျှပါ

သစ်သစ်ကိုကြီးအကြောင်း ရေးပြီးတဲ့နောက်ပိုင်းမှာ သစ်သစ်မိသားစုအကြောင်းကို တော်တော်များများစဉ်းစားမိခဲ့ပါတယ် ။ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေကို ထုတ်ဖော်မပြတတ်တဲ့ သစ်တို့ညီအစ်ကိုမောင်နှမတွေရဲ့စရိုက်ကိုလည်း ပြန်လည်သုံးသပ်မိပါတယ် ။ အိမ်နဲ့ပက်သက်လို့တာဝန်မကျေတဲ့ သစ်သစ်ကိုလည်း အားလုံးကနားလည်ခွင့်လွှတ်စွာနဲ့ သစ်သစ်ဘာလုပ်လုပ် ဂုဏ်ယူနေတတ်တဲ့ သစ်သစ်မိဘ ၊ မောင်ဘွားတွေကိုလည်း ပြောမပြနိုင်လောက်အောင် အံ့သြမိပါတယ် ။ ဒီလိုနဲ့ ဒီမိသားစုကြီးဖြစ်လာအောင် စတင်ခဲ့တဲ့ သစ်အဖေ နှင့် သစ်အမေရဲ့ စွမ်းဆောင်ချက်အချို့ကို ချရေးဖို့သစ်သစ် စဉ်းစားမိခဲ့ပါတယ် ။ ဘယ်လိုအခြေအနေကပဲလာလာ သစ်တစ်ကိုယ်လုံးမှာ ဒီမိသားစုရဲ့သွေးတွေစီးဆင်းလည်ပတ်နေပါတယ် ။ ဒီလူတွေရဲ့ ခွန်အားနဲ့ ဒီနေ့ဒီအချိန်ထိ သစ်သစ်ရပ်တည်နေနိုင်ခဲ့တာပါ ။

ဖေဖေ နှင့် မေမေဟာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတာ မဟုတ်တော့ ခုလိုမရှိမရှားဘ၀လေးတစ်ခုရဖို့ တော်တော်လေးကြိုးပမ်းအားထုတ်ခဲ့ရပါတယ် ။ သာမာန်အရာရှိပေါက်စလေးဖေဖေက ကျောင်းဆရာမလေးမေမေ့ကို ရင်ထဲကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ ဘာသာမတူတဲ့မိသားစုပြသနာတွေ ကြားကနေရအောင်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ် ။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ခုကအစပြုလို့ ဘ၀တစ်ခုကိုစတင်ခဲ့ကြပါတယ် ။ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ပိုက်ဆံမရှိလို့ ဘ၀တူဖေဖေ့သူငယ်ချင်းစုံတွဲ ၂တွဲနဲ့ပေါင်းပြီး ၃စုံတွဲစုပေါင်းဧည့်ခံပွဲကို အခါတော်ပေးမပါ နှစ်ဖက်မိဘမပါပဲ ကျင်းပပြီးစခဲ့တယ်ဆိုပါတော့ ။ မနက်ပိုင်းမင်္ဂလာဆောင် ညနေရှေ့တန်းထွက်ရတဲ့ ဖေဖေ နှင့် တပ်တွင်းမှာနေသားမကျသေးတဲ့ မေမေတို့ဘ၀အစက ထင်သလောက်မလွယ်ခဲ့ပါဘူး ။

ဘာသာမတူတဲ့သူကိုယူသွားတဲ့ သမီးကိုနှမြောလွန်းလို့ တစ်ငိုတည်းငိုနေတဲ့ သစ်တို့အဘွားကိုလည်း အမိုး အမိုးဆိုပြီး သားမက်ကိုသားဖြစ်အောင်လည်း ဖေဖေလုပ်နိုင်ခဲ့ပါတယ် ။ ရှိရဲ့သားနဲ့မသုံးရက် မဖြုံးရက်စုဆောင်းလာခဲ့တဲ့ မေမေဟာ ခုချိန်မှာသစ်တို့က မေမေဘာလေးစားပါ ညာလေးစားပါဆိုရင်တောင် တို့ရုံထိရုံလောက်ပဲ စားတတ်တော့တာ ဘ၀ကပေးခဲ့တဲ့သင်ခန်းစာတွေပဲလား မေမေရယ် ။ ဖေဖေမရှိရင် ကြက်ဥပြုတ်ကို မနက် ၊ ည ခွဲစားတတ်ပြီး ဖေဖေရှိချိန်တွေဆို စုံလင်အောင်ချက်ပြုတ်တတ်တာ ဘယ်သူကသိနိုင်ခဲ့မှာလဲလေ ။ ဖေဖေ့ရိက္ခာနို့ဆီ ၊ သကြားတွေကို ၁၀ဗူးရရင် ၁ဗူးချန် ကျန်တာဈေးထဲသွင်းပြီး တစ်ကျပ်ကအစစုဆောင်းလာတဲ့ မေမေဟာ တပ်ကထွက်တော့ ဘယ်လိုမှအခြေမပျက်ခဲ့တာ အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး ။

ဆေးပင်စင်နဲ့တပ်ကထွက်လို့ စိတ်ဓါတ်တွေကျနေတဲ့ ဖေဖေ့ကိုအားပေးရတာတစ်ဖက် အိမ်စီးပွားရေးကို သား၂ယောက်နဲ့အစပျိုးရတာ တဖက်နဲ့ မေမေ့အကြောင်းကို သစ်စဉ်းစားမိရင် ခုတွေးခုသနားပါတယ် ။ ဒီကြားထဲ သား ၊ သမီးတွေကို တစ်ယောက်ကိုသော်မှ ပညာရေးမှာမလစ်ဟင်းရအောင် မေမေကြိုးစားခဲ့တယ် ။ ကားလုပ်ငန်းစလုပ်တော့ သား၂ယောက်လက်ကိုဆွဲလို့ ထမင်းချိုင့်တွေနဲ့ နေရာစုံသွားလို့ အားမာန်အပြည့်နဲ့မေမေကြိုးစားခဲ့တယ် ။ ပင်စင်ယူပြီးအနားယူတဲ့ဖေဖေကလည်း ကားလုပ်ငန်းကိုနည်းနည်းသော်မျှ စိတ်မ၀င်စား အားပေးခြင်း တားဆီးခြင်းကင်းပြီး အိမ်ထောင်ဦးစီးဆိုတဲ့မာနတွေနဲ့ သူ့ဘာသာရပ်တည်ခဲ့တာ ခုချိန်ထိပါပဲလေ ။ သား သမီးတွေကိုသိပ်ချစ်တတ်တဲ့ ဖေဖေနဲ့ စီးပွားရေးကိုဇောက်ချလုပ်တဲ့ မေမေတို့ကြား ကွာဟမှုတွေဖြစ်ခဲ့ပေမယ့် ဘယ်သူဘာလုပ်လုပ် အားလုံးဟာဒီသား၊သမီး ၄ယောက်အတွက်ပဲဆိုတဲ့ စိတ်လေးတစ်ခုကြောင့် ခုလိုအချိန်ထိ တစ်စိတ်တစ်ဝမ်းတည်း နေနိုင်ခဲ့တယ်လေ ။ ကျေးဇူးအရမ်းပဲ တင်မိပါတယ် ။

အသက် ၆၈နှစ်ရှိပြီးဖြစ်တဲ့ သစ်မေမေဟာ ခုချိန်ထိစီးပွားရေးကို ဦးဆောင်နေတုံးပါပဲ ။ သူစိတ်မထင်ရင် သူ့သားတွေကို ဆူငေါက်ပြောနေနိုင်တုန်းပါပဲ ။ မနက်ကရန်ကုန်မှာ ညနေဘားအံရောက်နေပြီဆိုတဲ့ မေမေပါ ။ သူ့သားတော်မောင်တွေဖုန်းမဆက်ရင် ညဘက်စဉ်းစားထား မနက်မိုးလင်းတာနဲ့ အမကိုသွားနှိုး ငါ့ကိုအောင်မင်္ဂလာအဝေးပြေးပို့စမ်းဆိုပြီး မပြောမဆိုလည်း ခြင်းတောင်းတစ်လုံးနဲ့ သွားတတ်ပါသေးတယ် ။ ညနေ၃နာရီလောက်ဆို သူ့ချွေးမဆိုင်ရှေ့ရောက်ပြီး ချစ်ကြည်လို့အော်ခေါ်လိုက်တာနဲ့ ဟိုကလည်းအမေဆိုပြီး ပြေးလာလို့မကြိုလိုက်နဲ့ ခြင်းတစ်လုံးပဲပါတယ် ။ ခုနောက်ပိုင်းတော့ သစ်စိတ်မချလို့ဟန်းဖုန်းတစ်လုံးသယ်ခိုင်းထားတာ ဘာလုပ်တယ်ထင်ပါသလဲ ဖုန်းပိတ်ထားတယ်လေ အဲလို မေမေပါ ။ မေမေရယ် ဘာမှမလုပ်ပါနဲ့တော့ နားပါတော့ဆိုရင်လည်း သူနားရင်နေမကောင်းချင်ဖြစ်တယ်တဲ့ ဒါကြောင့်သူဒီလိုလုပ်မှပျော်တယ်တဲ့လေ ။


ခုတော့သစ်က ရာသီဥတုအကြောင်းပြုပြီး ရန်ကုန်မှာပဲနေခိုင်းထားတော့ ဖေဖေနဲ့အဖော်ရနေတာပေါ့ ။ ဒါတောင်သူ့ကားတွေဝင်ရင် ဘုရင့်နောင်ကားဝင်းသွား ၁၂ဘီးကားတာလဘတ်တွေ ဆွဲချနေတတ်တဲ့မေမေပါ ။ ပုပုသေးသေးလေးနဲ့ လုပ်ချင်တာကို အသက်ကိုမစဉ်းစားလုပ်တတ်လွန်းလို့ သစ်အမကနောက်ကတကောက်ကောက်လိုက်နေရတယ်လေ ။ သူနေမကောင်းလို့များသစ်ဖုန်းမဆက်လိုက်နဲ့ ပြန်လာပါဆိုတာကြီးပဲ နောက်မေးတယ်ဘာလုပ်နေတာလဲတဲ့ မပျင်းသေးဘူးလားတဲ့လေ ဒီလိုဆို ဖေဖေနဲ့ကွိုင်တွေတက်ကုန်ပြီလေ ။ သစ်အဖေက သစ်ကိုလောကကြီးမှာ ဘယ်သူ့ကိုမှအားမကိုးပဲ ရပ်တည်တတ်စေချင်တယ် ။ ရပ်တည်တတ်အောင်လည်း သစ်ငယ်စဉ်ကတည်းက ထရိန်နင်ပေးလာခဲ့တဲ့ဖေဖေပါ ။

ဘာပဲဖြစ်ဖြစ် ဒီအဖေ ဒီအမေ တွေရဲ့စရိုက်တွေ အမူအကျင့်တွေ သစ်သစ်ဆီမှာပြည့်နှက်နေတတ်ပါတယ် ။ လိုသလိုအသုံးချတတ်ရင် သိပ်ကိုကောင်းပေမယ့် သေချာမကိုင်တွယ်တတ်တဲ့ ကိုယ့်ဘာသာလဲအားမရပါဘူး ။ ၀မ်းနည်းလို့စိတ်ဓါတ်ကျချိန်ဆို ဖေဖေက နင်ဟာလေငါ့သွေးတစ်စက်မှ မပါသလိုပဲ အားအားရှိစိတ်ဓါတ်ကျနေတယ်ဆိုရင် မျက်ရည်တွေသူ့အလိုလို ရပ်တန့်သွားတတ်ပါတယ် ။ မိသားစုအပေါ်တာဝန်မကျေသူလို့လည်း ကိုယ့်ဘာသာသတ်မှတ်ထားပါတယ် ။ ရှေ့ဆက်ပြီးလည်း ဒီခွန်အားတွေနဲ့ ရပ်တည်ခွင့်ပေးပါ ။ ဘုရားထံပါးမှာလည်း အနားမှာမနေနိုင်တဲ့ သမီးမိုက်ကိုယ်စား မိဘနှစ်ပါးကိုစောင့်ရှောက်ပေးပါလို့ နေ့စဉ်နေ့တိုင်းအပ်နှံလျှက်ပါ ။ ပျော်ရွှင်ပါစေ ဖေ နဲ့ မေ ..... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, May 11, 2010

ဟက်ပီးဘတ်ဒေး ကိုကြီး

ဒီနေ့ဟာဆိုရင် သစ်သစ်အရမ်းချစ်တဲ့ သစ်သစ်အစ်ကိုကြီးရဲ့ ၄၃နှစ်မြောက်မွေးနေ့လေးပါ ။ စနေသားဖြစ်တဲ့ သစ်သစ်အစ်ကိုဟာ သားဦးစနေမီးလိုမွှေဆိုတဲ့ စကားနဲ့လားလားမှ မတူပဲ အလွန်အေးဆေး မောင်နှမတွေအပေါ်အနစ်နာခံပြီး အစ်ကိုကြီးအဖရာပီသတဲ့ အစ်ကိုပါ ။ မေမေ အချစ်ဆုံးသားဆိုရင်လည်း မမှားပါဘူးလေ ။ ရိုးလွန်းတော့သူလုပ်တဲ့အလုပ်တော်တော်များများဟာ သူများအတွက်သာဖြစ်သွားတာ များပါတယ် ။ ဒါလည်း အမြဲပြုံးပြီး ကွမ်းတမြုံမြုံနဲ့အစ်ကိုကြီးပါ ။

သစ်သစ်ကိုမွေးကတည်းကနေ လက်ကမချတမ်းထိန်းလာတာလဲ ဒီအစ်ကိုကြီးပါပဲလေ ။ နှာခေါင်းချွန်အောင်ဆွဲလွန်းတာလည်း ကိုကြီးပါပဲ ။ သစ်သစ်ကလည်းခေသူတော့မဟုတ်ပါဘူး ကိုကြီးဆယ်တန်းအောင်တုန်းက အိမ်ပေါ်ကဆင်းတုန်းကတောင် သစ်သစ်ကနို့မှုန့်ဗူးတွေနဲ့လိုက်ဆင်းတတ်သူတဲ့လေ ။ အဖေကဆယ်တန်းအောင်တဲ့ သူ့သားကြီးကိုဗိုလ်သင်တန်းလျှောက်ဖို့ ဖောင်ယူလာတော့ စစ်သားမလုပ်ချင်တဲ့ကိုကြီးက မိကျောင်းရဲကနေ တောင်တွင်းကြီးကို ခဏရှောင်ဖို့ကြိုးစားပါတယ် ။ အမေကလည်း သူ့သားကြီးကိုသူ့နားမှာပဲ နေစေ့ချင်တော့ ဖောင်ပိတ်တဲ့ရက်မှပြန်လာဖို့ ပိုက်ဆံအလုံအလောက်ပေး သူ့သူငယ်ချင်းအိမ်မှာနေဖို့ စီစဉ်ပါတယ် ။ အဲမှာဒေါ်ရွှေသစ်စခန်းထပါတယ် အစ်ကိုနောက်လိုက်ဖို့ပါ နောက်တော့ပြောမရတာနဲ့ သစ်အကျီလေးတစ်ပတ်စာ နို့မှုန့်ဘူး ကလေးထမင်းဘူး အစုံသယ်လို့ ကိုကြီးအိမ်ပေါ်ကဆင်းပါတယ် ။ ခုချိန်ထိ တောင်တွင်းကြီးကအမျိုးတွေက တွေ့ရင်ပြောနေတုန်းပါပဲလေ ။ ဖောင်ပိတ်လို့ပြန်လာတော့ အဖေကသူ့သားကိုဆူမယ်လုပ်တော့ သူ့သားကသစ်သစ်ကိုခါးမှာခွင်ထား နို့ဗူးကလက်ကကိုင်လို့တဲ့ အိမ်ပေါ်ပြန်တက်လာတာကြည့်ပြီး မဆူရက်တော့ဘူးတဲ့လေ ။ ရဲရဲသာကျေးဇူးတင်လိုက်ပါ ကိုကြီးရယ် ညလေးကြောင့်အဆူမခံရတာပါနော်...ဟွန့် ။

သစ်သစ်ကိုမွေးတဲ့ မကွေးတိုင်းဟာ အရမ်းပူသလို မြွေပွေးလည်းအရမ်းများတယ် ပြောပါတယ် ။ တပ်ထဲကလိုင်းခန်းတွေက ၂ခန်းဆက်တွေဆိုတော့ အပူဒဏ်ကိုသိပ်မကာနိုင်ဘူးလေ ။ ဒါကြောင့် အမေမြို့ပေါ်သွားရင် သစ်သစ်ကိုထိန်းတာ ဒီကိုကြီးပဲပေါ့ ။ တစ်နေ့ နေ့လည်သစ်သစ်မအိပ်တော့ ကိုကြီးက သစ်သစ်ကိုချီပြီးချော့တယ်တဲ့လေ ။ လမ်းလျှောက်ရင်းသစ်သစ်အိပ်ပျော်သွားတော့ ကိုကြီးက သစ်သစ်ကိုပေါင်ပေါ်တင်ထားပြီး အိမ်ဘေးရေချိုးတိုင်ကီမှာမှီလို့ ခြေထောက်ကိုကျောက်ပြားပေါ်ဆင်းထားချိန်မှာ မြွေပွေးပေါက်ကလေးတစ်ကောင်က ကိုကြီးခြေဖမိုးပေါ်ကနေဖြတ်ဖို့ကြိုးစားတယ်တဲ့လေ ။ ဆတ်ခနဲထလိုက်ရင် မှီပေမယ့် သစ်နိုးမှာစိုးလို့ ငြိမ်ငြိမ်လေးပဲဆက်နေခဲ့တာ မြွေပွေးလေးဟိုဘက်ရောက်သွားတဲ့အထိပါပဲတဲ့လေ ။ ဒီအကြောင်းအရာတွေဟာ ခုနေမှာရယ်စရာဖြစ်ပေမယ့် ကိုကြီးရဲ့မေတ္တာကိုဖော်ညွှန်းနေခဲ့တာ သက်သေပဲလေ ။

တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့လည်း သစ်သစ်တို့က အာစီတူး မိန်းထဲ မရောက်ဖူးတာမရှိစေရပါဘူး ပုဆိုးဆွဲပြီးလိုက်နေတာ ၄နှစ်လုံးလေ....း ) ။ ကိုကြီးသူငယ်ချင်းတွေကဆို မင်းညီမကိုပါ ဘွဲ့ပေးသင့်တယ်တဲ့လေ ။ ဘော်တနီမေဂျာကဖြစ်တဲ့ကိုကြီးရဲ့ ကျူတိုရီယမ်စာအုပ်ထဲက ပန်းပုံတွေဟာ သစ်သစ်အတွက် ကာလာချယ်တဲ့စာအုပ်ဖြစ်ခဲ့တယ်လေ ။ စာမွဲနီးလို့စာကျက်နေတဲ့ အစ်ကိုဘေးနားမှာ ပွတ်သီးပွတ်သတ်နေရင် ကိုကြီးကစာအုပ်ပေးထားလိုက်တယ်လေ ။ ငြိမ်နေတာများ ထမင်းဟင်းတောင်မေ့တဲ့ သစ်သစ်ပါ ။ အဲလိုဆိုးတာ ပြန်ကိုမပြောချင်တော့ဘူး ဟိ ။

ကျောင်းပြီးတော့ အမေက ဟိုင်းလတ်လေးတစ်စီးဝယ်ပြီး ကိုကြီးကိုမောင်းစေတယ်လေ ရန်ကုန်- ပြည် နေ့ချင်းပြန်လိုင်းဆွဲတယ် ဆိုပါတော့ ။ ကျောင်းပိတ်ရက်တိုင်းဟာ သစ်သစ်တို့မနက်လေးနာရီဆို ဂီယာတံလေးဘေးမှာ အခန့်သားထိုင်လို့ပေါ့ ကားလိုက်စီးမယ်လေ .. ဟဲ ဟဲ ။ တွေ့တဲ့နေရာမှာမုန့်ဝယ်ကျွေးခိုင်း ကားသမားတွေစားတဲ့ ထမင်းဝိုင်းမှဟင်းစုံတာအမေရဲ့ ပြန်လာရင်ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်သေးတယ် ။ တစ်ခါတစ်လေဆို ကိုကြီးကမောင်းတယ် ကိုငယ်ကစပယ်ယာလုပ်တယ် အမေကသား၂ယောက်ကိုစိတ်မချတော့ ခေါင်းခန်းကလိုက်ရင် သစ်သစ်တို့ကပျော်မဆုံးလေ ထမင်းချိုင့်တွေပါယူတာပေါ့ ။ မောင်း ဆရာရေ ဟိုးး ဆရာရေ ကျော်လေ ဘာလုပ်နေတာလဲ ကားခေါင်းခန်းတစ်ခုလုံး သစ်သစ်အသံတွေကြီးပဲ...သတိရမိတယ် ။ ကားလိုက်စီးမယ်ဆို စိတ်မချတဲ့အဖေက သူကိုယ်တိုင်ကလည်းကုမ္ပဏီတစ်ခုမှာ အဖွဲ့ဝင်လုပ်နေတော့ သစ်ကိုခေါ်လို့မရ အားမတန်တော့မာန်လျော့တဲ့သဘောနဲ့ လွှတ်ရတယ်လေ ။ ပြန်လာပြီဆို ဆော့တောင်မဆော့နိုင်ပဲ သစ်သစ်တစ်ယောက်ဒေါင်းတာကတော့ တစ်အိမ်လုံးဆလံပေးရတယ် ။

ကိုကြီးအိမ်ထောင်ကျလို့သမီးလေးမွေးတော့ ငိုလိုက်ရတဲ့ သစ်သစ်လေ .. ကိုကြီးက သူ့သမီးလေးကို ပိုချစ်မှာ သစ်သစ်ကိုမချစ်တော့ပါဘူးဆိုပြီး ပြောလိုက်ငိုလိုက် အိမ်ကသူတွေက ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ကြတယ်လေ ။ သစ်သစ်အရွယ်ရောက်လို့ နိုင်ငံခြားကိုထွက်မယ်ဆိုတော့ သူ့ဘ၀မှာနိုင်ငံခြားဆိုတာ ဘာမှမဆိုင် တခါမှလည်းမသွားချင် ရုပ်ရှင်ထဲမှာပဲမြင်ဘူးတဲ့ ကိုကြီးတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ မိဘတွေကိုတားခိုင်းပါတော့တယ်လေ ။ မသွားနဲ့ဘာသွားလုပ်မှာလဲ ပိုက်ဆံရှာဖို့ဆိုလုံးဝမသွားရဘူး အလည်၁ပတ်လောက်ပဲသွား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်လေ ။ အဖေကခေတ်နဲ့အညီ သူများတွေသွားလို့သွားတာ မတားရဘူး ငွေတန်ဖိုးသိအောင် ကိုယ်တိုင်ရှာရမယ် တတ်ထားတဲ့ပညာတွေကို အသုံးချတတ်ရမယ် နို့မို့ဆိုမင်းတို့လို ကားသမားဘ၀ပဲဖြစ်မယ်ဆိုတော့ ကိုကြီးဘာမှဆက်မပြောအောင် အသံတိတ်သွားခဲ့တယ်လေ ။ သူ့လိုမပင်ပန်းစေချင်ပြန်တဲ့စိတ်လေးက သူ့ဆီမှာရှိနေခဲ့တာကိုး ။ သူ့ကိုယ်လုံး၀၀ကြီးနဲ့ ၁၀ဘီးကားတွေပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတာကို သူကပျော်နေတာလေ ။ သစ်သစ်ပြန်တုန်းကတောင် ဘားအံကိုကိုကြီးမောင်းတဲ့ကားစီးမယ်ဆိုတော့ ၁၀ဘီးကားပေါ်တက်ဖို့ ခွေးခြေတစ်လုံးနဲ့တစ်လမ်းလုံး သူ့ဘက်ကအရင်ဆင်း သစ်သစ်ဆင်းမယ့်ဘက်ကိုပြေးလာ ခွေးခြေခံတက်ခိုင်းဆင်းခိုင်း အဲလိုလုပ်တာလေ ခုချိန်ထိပဲ ....း ) ။

သစ်သစ်စလုံးသွားမယ်ဆိုတော့ လေဆိပ်မှာငိုတာလဲ ဒီအစ်ကိုပဲလေ ။ ပြန်လာတော့လဲ ၀မ်းသာအားရလာကြိုတာ ဒီအစ်ကိုပဲ ။ သစ်ပြန်မယ်ဆို တောထဲရောက်နေရင်တောင် ဒရိုင်ဘာနဲ့ကားကိုထားခဲ့ပြီး သစ်ကိုကြိုဖို့ရန်ကုန်အရောက်လာတတ်တဲ့ အစ်ကိုပါ ။ မေးတဲ့မေးခွန်းတွေကိုကြည့်လေ စင်္ကာပူမှာရထားတွေက တံခါးပေါက်မရှိဘူးဆိုတာ ဟုတ်လား ပူနေမှာပေါ့ တစ်ရှူး ရေဗူး မမေ့နဲ့နော် အဲလိုမှာတတ်တဲ့အစ်ကိုလေ ။ တခါတလေရိုးလွန်းတော့ သစ်သစ်ကအားမရဘူး ။ စလုံးလာလည်ဖို့သစ်သစ်ခေါ်တော့ အလကားပေးတောင်မလာဘူးတဲ့ လေယာဉ်မစီးရဲဘူးတဲ့လေ ။ အဲလို အစ်ကိုမျိုးပါဆို ။

ခုတော့ သစ်အချစ်ဆုံးကိုကြီး အသက် ၄၃နှစ်ပြည့်ခဲ့ပြီလေ ။ သူချစ်တဲ့ သူ့ဇနီးရယ် ၊ သား ၊ သမီး ၄ယောက် ရယ်နဲ့ လောဘမရှိ ပျော်ပျော်ရွှင်ရွှင် ဘားအံမှာလုပ်ကိုင်စားသောက်နေထိုင်နေတာ ခုချိန်ထိပါပဲ ။ အရက်မသောက်နဲ့ဆို မသောက်တော့ဘူး ဘီယာပဲသောက်တယ်ဆိုတဲ့ ကိုကြီး ကျန်းမာရွှင်လန်းပြီး နောက်နှစ်၁၂၀တိုင် ကိုကြီးချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ အဝေးရောက်ညီမငယ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 10, 2010

ယုံမှာလား

ဒီနေ့ ရင်ထဲမှာ ဟာတာတာနဲ့ဘာကြီးဖြစ်မှန်းမသိ ဖြစ်နေမိတယ် ။ ဒါကြောင့် ဟိုးအရင်က သစ်သစ်ကိုယ်တိုင်ဆိုပြီး လုပ်ထားတဲ့ဖိုင်လေးတွေ ပြန်နားထောင်ရင်း အမှတ်တရခံစားချက်လေးကို တင်လိုက်ပါတယ် ။ အသံသိပ်မကောင်းလို့ သီးခံပြီးနားထောင်ပေးစေလိုပါတယ် ။ ဘာကြောင့်ရယ်မသိ ဒီသီချင်းက ဒီညမှာတော်တော်ဟတ်ထိသွားတယ် ဆိုပါတော့ ။ အရင်ကတင်ခဲ့ဘူးတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲလေ ။






ဆက်ဖတ်ချင်သေးရင်...

Sunday, May 9, 2010

အမေနေ့အလှူလေး

သစ်သစ်တို့အဖွဲ့ ၉.၅.၂၀၁၀ အမေများနေ့မှာ ထူးထူးခြားခြားအလှူလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့ နဂိုစီစဉ်ထားတာက အောက်တိုဘာလမှလုပ်မယ် စီစဉ်ထားပေမယ့် စောစောလုပ်ချင်တယ်ဆိုတဲ့ အားလုံးရဲ့ဆန္ဒအရ ဒီမေလထဲမှာ စီစဉ်ဖြစ်သွားခဲ့ပါတယ် ။ ပျော်စရာလည်းကောင်းသလို တစ်ဖွဲ့လုံးဒီလိုနေ့ထူးနေ့မြတ်လေးမှာ အတူတကွ တရားနာနိုင်ခဲ့ကြ ကုသိုလ်အတူယူနိုင်ခဲ့ကြပါတယ် ။


သစ်သစ်တို့ဒီအစီအစဉ်ဖြစ်မြောက်ဖို့ ၁လလောက်အလိုကတည်းက တိုင်ပင်ဖြစ်ခဲ့ကြပါတယ် ။ အားလုံးရဲ့မအားလပ်တဲ့နေ့ရက်တွေကို ဖယ်လို့ ၉ယောက်လုံးအဆင်ပြေမယ့်နေ့ကို ရွေးချယ်ခဲ့ကြပါတယ် ။ အစပထမကတော့ မေလပထမဆုံးအပတ်မှာ ရက်လိုချင်ပေမယ့် ဘုန်းကြီးကျောင်းကအဲ့နေ့မှာ နေ့ဆွမ်းအလှူရှင်ရှိနေပြီးသားဖြစ်နေပါတယ် ။ ဒါကြောင့် သစ်သစ်တို့လည်း အမေနေ့ဖြစ်တဲ့ ဒီနေ့လေးကိုရွေးချယ်ဖြစ်ခဲ့တယ် ဆိုပါတော့ ။

ဘယ်သူတွေကဘာလုပ်မယ် ဘာချက်မယ် ဘယ်သူတွေကတော့ ဘယ်လိုကူညီမယ် တာဝန်တွေအသီးသီးခွဲလို့ အကြိမ်ကြိမ်လည်း စုပေါင်းတိုင်ပင်ကာ အမှားအယွင်းအလေအလွင့် ကင်းအောင် သေချာစီစဉ်နိုင်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့က ၉ယောက်ရှိပါတယ် ။ ဒီလူတွေက ဘလော့လေးတွေဖတ် ကွန်မန့်လေးတွေပေးလို့ ခင်မင်လာခဲ့တာ ခုဆိုရင် ၁နှစ်ကျော်တောင်ရှိခဲ့ပါပြီ ။ ဘယ်သူကသာတယ်နာတယ် တစ်ခါမှမစဉ်းစားပဲ ခုချိန်ထိညီညီညွတ်ညွတ်နဲ့ ညီအမအရင်းသဖွယ် နေလာခဲ့တာကနေ ခုလိုစုပေါင်းအလှူလေး လုပ်ဖြစ်တဲ့ထိအောင် ချီတက်နိုင်ခဲ့ကြပါပြီ ။ ဒီ၉ယောက်ဆိုတဲ့ အမည်တွေကတော့ စာဖတ်သူတွေရင်းနှီးအောင် သစ်သစ်ဖော်ပြပေးပါ့မယ် ။ သစ်သစ်ကတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်း)။ နောက်တစ်ယောက်ကတော့ ဘလော့လေးရေးတဲ့ ဗစ်စတာပါ ။ ထောပတ်သီးဆိုတာကတော့ အရင်ကဘလော့လေးရှိပေမယ့် ခုတော့စာဖတ်သူတစ်ယောက်အနေနဲ့ပဲ ရပ်တည်နေတဲ့ညီမငယ်လေးပါ ။ နောက်တစ်ယောက်ကတော့ အများကိုကူညီတတ်တဲ့ ညီမငယ် မေလေးဆိုတဲ့ ဘလော်ဂါပါ ။ နာမည်ကြီးစာဖတ်ပြီး ကွန်မန့်တွေလိုက်လံပေးတတ်တဲ့ သူတွေကတော့ ချယ်ရီ ၊ မျိုး ၊ ခရမ်းချဉ်သီး ၊ နိုမို ၊ ညည ဆိုတဲ့ ပင်တိုင်စာဖတ်သူတွေပါပဲ ။ စာဖတ်သူရယ် ဘလော့ရေးတဲ့သူရယ် လို့မခွဲခြားပဲ တစ်ဦးရဲ့အပူကို တစ်ဦးကမျှဝေ တစ်ယောက်ရဲ့အပျော်ကို တစ်ယောက်ကကူးစက်လို့ ရှေ့ဆက်လည်း ဒီလိုအလှူလေးတွေစုပေါင်းလှူဒါန်းရင်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး နေသွားကြမယ်လို့ သစ်သစ်မျှော်လင့်မိပါတယ် ။

ချက်မယ်ပြုတ်မယ်ဆိုတော့ အရင်ကတော့ သစ်သစ်တို့ဘုန်းကြီးကျောင်းမှာ စုပေါင်းချက်ပြုတ်ကြမယ် ဆုံးဖြတ်ထားပေမယ့် စနေရုံးမတတ်ရတဲ့ သစ်သစ်က အိမ်မှာပဲဝက်သားအချိုချက် ၊ ခရမ်းချဉ်သီးငါးပိချက် တို့ကိုချက်ပြီး ညနေကျမှ ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့ပါတယ် ။ မျိုး ၊ ချယ်ရီ ၊ ထော ၊ ရမ်းရမ်း ၊ နိုမို တို့ကတော့ စနေရုံးဆင်းပြီးတာနဲ့ လိုအပ်တာတွေဝယ်ခြမ်းပြီး ဘုန်းကြီးကျောင်းမှာချက်ပြုတ်ခဲ့ပါတယ် ။ အလှူနီးမှနေမကောင်းတွေဖြစ်တဲ့ မေလေးကိုတော့ အလှူနေ့မနက်မှပဲ ၀က်နံရိုး ကြာဥ ဟင်းချိုချက်ပေးဖို့ အစီအစဉ်ပြောင်းခဲ့ပါတယ် ။ ဗစ်ကလည်း ငါးဖယ်သုတ်အတွက် ငါးဖယ်တွေကြော် အစိမ်းကြော်တွက် ကြက်အမြစ် နှလုံးတို့ကို အိမ်မှာပဲလုပ်ကိုင်လို့ အလှူနေ့မနက်မှ ကျောင်းမှာလာကြော်ပါတယ် ။ တနင်္ဂနွေမနက်၈နာရီကတည်းက ကန်စွန်းဥရွှေကြည်ယူမယ့် ညညတစ်ယောက်ကတော့ ရွှေကြည်ဗန်းကြီးပိုက်လို့ ၁၀နာရီကျော်လောက်မှာ ပန်းဝင်လာပါတယ် ။ လိုအပ်တာမှန်သမျှ ရစေရမယ်ဆိုပြီး ဘေးနားကနေ ကူညီလုပ်ကိုင်ပေးတဲ့ ထော ၊ နိုမို ၊ ချယ်ရီ ၊ ရမ်းရမ်း တို့အစွမ်းကလည်း မသေးလှပါဘူးလေ ။ မနက်မှစောစောလေးထပြီး လက်ဖက်ချဉ်စပ်တစ်ဗူးနှပ်လို့ လိုအပ်တဲ့တိုမီမိုစတွေသယ်ကာ ၁၀နာရီကျော်လောက်မှာ သစ်သစ်လည်းကျောင်းရောက်လာခဲ့ပါတယ် ။ မျိုးတစ်ယောက်ကတော့ သစ်သစ်ရောက်တဲ့အချိန်မှာ ပုစွန်တန်ပူရာကြော်ဖို့ ကြိုးစားနေဆဲကာလတွေပေါ့း ) ။

မကြာပါဘူး တရားအရင်နာဖို့ ကျောင်းသားလေးတစ်ယောက်က လာခေါ်ပါတယ် ။ အားလုံးစုပေါင်း တရားနာနေပြီး မဆုံးခင်မှာ ဘုန်းကြီးဆွမ်းပွဲပြင်ဆင်ဖို့ မျိုး နဲ့ မေလေးက ကြိုတင်ဆင်းသွားခဲ့ပါတယ် ။ နောက်သံဃာတွေကို ဆွမ်းကပ်လို့ အချိုပွဲတွေအတူကပ်လို့ ကုသိုလ်တွေယူခဲ့ကြပါတယ် ။ အားလုံးပြီးတော့ ကိုယ်တွေအဖွဲ့စားသောက်ကြတာကတော့ နောက်လိုက်ပြောင်လိုက် တော်တော့်ကိုပျော်စရာကောင်းပါတယ် ။ ပင်ပန်းပေမယ့် အဆင်ပြေပြေပြီးစေချင်တဲ့ဇောကလည်းများနေတော့ အားလုံးစားသောက်ပြီးတဲ့အချိန်ကြမှ စိတ်ချလက်ချပျော်နိုင်ကြပါတော့တယ် ။ ဘုန်းကြီးကျောင်းကိုအလှူငွေလှုဖို့ အဖွဲ့နာမည်စဉ်းစားတာကလည်း တော်တော်ရယ်စရာကောင်းပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သစ်ကတော့ ဒီလိုအလှူလေးပြီးမြောက်သွားလို့ အားလုံးကိုကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ပြောရင်း လာရောက်စာဖတ်သူတွေလည်း သစ်သစ်တို့နဲ့အတူ သာဓုအတူခေါ်ရင်း ကုသိုလ်အတူပြုကြတာပေါ့နော်.... ။

ဘုန်းဘုန်းတရားပေးနေစဉ် ကျောင်းကကောင်လေးရိုက်ထားတဲ့ပုံ

ဆွမ်းကပ်ဖို့ပြင်ဆင်နေပုံ

ပို့လိုက်ရတဲ့ အီးမေးလ်များး)

တို့တွေစားကြမယ်ဟေ့

သရက်သီးစိမ်း (သွားကြိမ်းလိုက်ထှာ)

ဂိုးဒမ်းမိုင်းလ်က ငှက်ပျော်ခြောက်ကြော်

စုံလင်လှတဲ့ တို့စရာ


ကြက်ကချင်ချက် မျိုးအစွမ်း

ဒီလိုမှိုခြောက်လည်း ထည့်ရတာတဲ့လေ

မှိုခြောက်မထည့်ခင် ကြက်သားအိုး

ငါးဖယ်သုတ် ၊ ၀က်သားဟင်း ၊ တို့စရာ ၊ ငါးပိချက် ၊ ပုစွန်ကြော်

အချိုပွဲတစ်ချို့

ငါးပိချက်အိုး

ဝက်နံရိုး ကြာဥဟင်းချို ရှလွတ်

ဝက်သားအချိုနှပ်

ကန်စွန်းဥရွှေကြည်

ချစ်ဗစ်လက်ရာ အစိမ်းကြော်

မပါမဖြစ် မြန်မာလက်ဖက်

ရွှေပုစွန်က နက်ကထိုင်

ပုစွန်တန်ပူရာကြော်



သစ်သစ်တို့အဖွဲ့ အလုပ်များနေတော့ ဓါတ်ပုံကိုသေချာစွာမရိုက်နိုင်လို့ အားတဲ့သူကအဆင်ပြေသလို ရိုက်ထားတဲ့ပုံလေးတွေမို့ သီးခံပြီးကြည့်ပေးကြပါနော် ။ ဓါတ်ပုံဆရာမလေးထောပတ်သီးရဲ့ အနီးကပ်ရိုက်ချက်များကတော့ အံ့မခန်းလွန်းလို့အချို့ကို ၀မ်းနည်းစွာပဲ ချန်လှပ်ခဲ့ရပါတယ် ... ဟိ ။

ဆက်ဖတ်ချင်သေးရင်...