Friday, July 31, 2009

ဖျက်လို့မရ သမိုင်းများ ၉

ဒီလိုနဲ့ပဲ ဂျီတီအိုင်ကျောင်းတွေပိတ်တော့ ကျောင်းဝင်ခွင့်တွေ ကျလာပါတော့တယ် ။ သစ်သစ်တစ်ယောက် အီကိုတက်ခွင့်ကျလို့ ရွာသာကြီးကို ချီတက်ရပြန်ပြီလေ ။ အီကိုမှာလည်း အပေါင်းအသင်းထက်ရှာစရာ မလိုတော့ပါဘူး ။ ဂျီတီအိုင်ကသူငယ်ချင်းတွေ အီကိုရောက်လာကြတာ များတယ်လေ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အီးစီကဆိုးဖော်ဆိုးဖက် သူငယ်ချင်းတွေ ပါမလာတော့ဘူးလေ ။ ပြီးတော့ သစ်သူငယ်ချင်းတော်တော်များများက အဝေးသင်ပြောင်းသွားကြတယ်လေ ။ ဒီလိုနဲ့သစ်သစ်တစ်ယောက် ပျင်းသွားတယ်လို့ ထင်သွားပါသလား နိုး ဝေးးးးးး ။ သစ်သူငယ်ချင်းအသစ်က ၉၈အီကိုကွင်း ထက်ထက်ကျော် လေ.... ။ သူလည်းအင်းစိန်ကပဲဆိုတော့ ကျောင်းကားသွားတူနေပြန်ရောလေ ...။ ကဲပြန်ပြီပေါ့ တစ်ခါ အီကိုမှာကွယ် ....။ ဒဂုံကျောင်းကို ချောင်းပေါက်မတတ်သွားတယ် ။ အီကိုကျောင်းရှေ့က အကြော်ဆိုင်မှာ ကျောင်းမတက်ပဲထိုင်တယ် ကျောင်းနားက ဘတ်စ်ကားကိုဂိတ်ဆုံးလိုက်စီးပြီး ဘာရှိလဲသွားကြည့်တယ် ။ မရိုးရပါဘူး သစ်သူငယ်ချင်းအသစ်တွေလည်း ရပါတယ် ။ ထက်ထက်ကျော်က အဲဒီတုန်းက သစ်နဲ့အခန်းမတူပါဘူး ။ သစ်အတန်းထဲမှာ အတူတူထိုင်တာက အဲဒီတုန်းက စီးရီးထွက်တဲ့ ကွတ်အဖွဲ့က အသင်ဆိုတဲ့ ကောင်မလေးပါ သူကအရမ်းလည်းဟော့တယ် ခင်စရာလည်းကောင်းတယ်လေ ။ စီးရီးကလည်းထွက်ခါစဆိုတော့ လူသိများတာပေါ့နော် ဒါနဲ့ပဲ ဒေါ်သစ်သစ်သူတို့တွေကြားမှာ ယောင်လည်လည်နဲ့ ဟိုသွားမယ်ဆိုလည်းပါ ဒီသွားမယ်ဆိုလည်းပါ ဖြစ်ခဲ့ပြန်ရောလေ ...။ သစ်တို့အတန်းမှာ ယောက်ျားလေးတစ်ယောက်ပဲ ရှိတယ် ကျန်တာမိန်းကလေးတွေကြီးပဲလေ ။ အတန်းမှာလည်း လူတွေကသိပ်မနေကြဘူး လျှောက်သွားနေတာများတယ်လေ ....။ ကျူရှင်တွေကတော့ ဘာသာစုံကိုယူတာလေ ...။ စနေ ၊ တနင်္ဂနွေလည်း တတွဲတွဲပဲ လေ ကျူရှင်က ဒဂုံ ၁ ကျောင်းနားမှာဆိုတော့ သွားလာရတာကောင်းတယ်လေ လမ်း၃၀ဘက်တို့ ဗိုလ်ချုပ်ဈေးတို့ကတော့ မရောက်သောနေ့မရှိပါ...။ ၈ယောက်တွဲကြီးက ရထားတွဲလိုပဲလေ ...။ ပထမစမစ်စတာပဲ ပြီးသေးတယ် Btech တက်ခွင့်ရလာခဲ့တယ် ။ ရွေးချယ်စရာ၂ခုဖြစ်လာတယ် ဘာကိုဆက်တက်မလဲပေါ့နော် ။ ကျောင်း၂ခုပြိုင်တက်လို့မရဘူးပေါ့နော် ...။ ဟိုလိုလို ဒီလိုလိုတွေဖြစ်ပြန်ပြီပေါ့.....ဒါနဲ့ပဲ မှော်ဘီရင်ငွေ့ကို ၃ရက် ခိုလှုံ ရွာသာကြီးကို ၂ရက်တက်နဲ့ ဒုတိယစမစ်စတာ ပြီးသွားပြန်တာပေါ့နော် ။ အီကို ကျူရှင် ၊ ဘီတက်ခ်ျ ကျူရှင် နဲ့ဒေါ်သစ်သစ် လုံးဝမနားရပါဘူး ။ အစ်ကိုတွေကလည်း ကားတစ်စီးနဲ့စောင့်ပေးတာ မဖြစ်နိုင်တော့လို့ ဒရိုင်ဘာတစ်ယောက်ငှားပြီး မိုးလင်းမိုးချုပ် ကျူရှင်တက်ရပါတယ် ။ ကားမောင်းတဲ့ဦးလေးကြီးလည်း ထမင်းချိုင့်နဲ့ပါပဲလေ ။ သစ်ကျူရှင်တက်နေရင် သူကအပြင်မှာစောင့် နောက်တစ်ခုက နာ၇ီဝက်စီပဲကြာတော့ ကားပေါ်မှာသစ်ထမင်းစား စာကြည့်လုပ်ရတယ်လေ ။ တကယ်တော့သစ် အီကိုတက်ရတာ တကယ်ပျော်ပါတယ် ဘာသာရပ်တွေကိုလည်း စိတ်ဝင်စားတယ် ဒါပေမယ့် ဟိုဘက်ကလုပ်ထားတာကလည်း တ၀က်လောက်ရောက်နေပြီ ဆိုတော့ လက်မလွှတ်ချင်တော့ဘူးလေ ။ ဒုတိယနှစ်စာတွေများလာပြီလေ ၂ဘက်လုံးက အရမ်းကြိုးစားရမယ့် အပိုင်းရောက်လာပြီလေ ။ တစ်နေ့ အဖေက သစ်သစ်ကိုခေါ်ပြီးပြောပါတယ် သမီးလုပ်နိုင်တာကို အဖေချီးကျူးပါတယ် ဒါပေမယ့် ၂ခုလုံးကကောင်းနေတော့ သမီးတစ်ခုခုကို ရွေးချယ်လိုက်ရင် ပိုပြီးအောင်မြင်မယ်လို့ အဖေယုံတယ် ဒါကြောင့်တစ်ခုခုကိုရွေးပါဆိုပြီး သေချာစွာပြောပါတယ် ။ သစ်တစ်ဖက်ကိုတော့ ရွေးလိုက်နိုင်ပါတယ် ဒါပေမယ့် အဖေမျှော်လင့်သလို ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်မလာခဲ့ပါဘူး ။ ကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့ course တွေ ကြိုတင်ပြင်ဆင်ထားခြင်း မ၇ှိတဲ့ ပလန်တွေအောက်မှာ စမ်းတ၀ါးဝါးနဲ့ နောက်နှစ်ဘီတက်ခ်ျကို တက်ဖို့ဖြစ်လာခဲ့ပါတယ် ။ ၉ဘာသာ ၁၀ဘာသာ ရှိတဲ့ ဘာသာတွေတိုင်းကို ဂုဏ်ထူးထွက်အောင် သေချာပြင်ဆင်ခဲ့တယ်။ ကိုယ်တိုင်လည်း ဆရာဝန်ဆို လူတစ်ယောက်ပဲသေမယ် အင်ဂျင်နီယာက လူပေါင်းများစွာသေစေနိုင်တယ် ဆိုပြီး ဘာသာရပ်တိုင်းကို နားလည်နိုင်အောင် ကြိုးစားခဲ့တယ် ( ထင်သလောက်နားမလည်ခဲ့ပါဘူး...ဟီးးးးးးးးး ) ။ ဘီတက်ခ်ျ ၂နှစ်မှာ ပျော်ရွှင်စရာသိပ်မရှိပဲ ခိုင်ဇာ နဲ့ ၂ယောက်တည်း ပျင်းရိစွာဖြတ်သန်းခဲ့ကြပါတယ် ။ သူငယ်ချင်းတွေ အားလုံးက ဂျီတီအိုင်မှာ ကျန်ခဲ့ကြပြီလေ..။ ဆက်ရန်....။

ဆက်ဖတ်ချင်သေးရင်...

Thursday, July 30, 2009

၂၄နာရီမပြည့်ခင် ခံစားချက်

ခလုပ်နားကို ရောက်နေတဲ့
ကိုယ့်ရဲ့လက်ကို ပြန်ရုတ်သိမ်းရင်း
ဖုန်းပါဝါကို ပိတ်ချမိတယ်...
ဘလော့ထားတဲ့ နစ်ကလေးကို
သွားကလစ်ရင်း
ပြန်လှည့်ခဲ့ရတာ အခါခါပါ...
မင်းရဲ့ခံစားချက်တို့ သိမ်းထားရာနေရာကိုလည်း
ဒီမနက်ပဲ ကိုယ်ရောက်ခဲ့တာ မရေနိုင်ပါ...
ဗွီဒီယိုဖိုင်ကို ကြည့်လွန်းလို့
ဖုန်းလေးကတောင် အော်နေပြီကွယ်...
ဒီညနေလည်း ကွန်နားမနေမိအောင်
ကိုယ်လျှောက်သွားဖြစ်ဦးမယ်....
အသက်ရှူတွေ ကြပ်တယ်ချစ်သူ
နီရဲနေတဲ့ မျက်ဝန်းတစ်စုံကို
အားတင်းကာဆွဲဖွင့်လို့
နေ့ရက်တွေကို ကျော်ဖြတ်နေတယ်
ကုန်ပါတော့ ၂၄နာရီရယ်
ကိုယ်မခံစားနိုင်တော့လို့ပါကွယ်..

ဆက်ဖတ်ချင်သေးရင်...

Tuesday, July 28, 2009

မှတ်မိဆဲပါ ထိုအခါ

သစ်သစ်မှာ အရမ်းကိုချစ်စရာကောင်းတဲ့ အဖေ နှင့် အမေ ရှိပါတယ်။ ဒီ ကျေးဇူးရှင် မိဘနှစ်ပါးကြောင့် သစ်ရယ်လို့ ဒီလိုဘလော့တွေ ရေးနိုင်တာပါ ။ သစ် အဖေ နဲ့ အမေ က သစ်အပေါ်မှာ အုပ်ချုပ်ပုံမတူပါဘူး ။ အဖေက သစ်ကိုဖရီးစတိုင် အုပ်ချုပ်ပါတယ် ။ အမေကတော့ အရာရာကို စိတ်ပူပြီး သစ်ကို တုတ်နဲ့အုပ်ချုပ်ပါတယ် ။ သစ်ငယ်ငယ်ကဆို ကျော်ဟိန်းဘုရားလာပင့်တာ သွားကြည့်လို့ တိုင်ကိုဖက်ပြီး အရိုက်ခံရဖူးပါတယ် ။ အဲဒီကတည်းက ကျော်ဟိန်းကို မုန်းလိုက်တာ အခုထိပါပဲ သူ့ကြောင့်ရိုက်ခံရတာလေ ။ အဖေ နှင့် အမေက ဘာသာမတူပါဘူး ဒါပေမယ့် အေးဆေးပါပဲ အဖေကလည်း ခရစ်စမတ်ဆိုရင် အမေကတောင် ဘာမှမစဉ်းစားသေးဘူး သူကဘာလုပ်မယ်ဆိုတာ စဉ်းစားပြီးပြီလေ ဒီလိုပဲ အမေကလည်း ဆွမ်းကျွေးတွေအိမ်မှာလုပ်ရင် ကိုယ်တိုင်ချက်ပါတယ် ။ ဘုန်းကြီးတော့ မရှိခိုးပါဘူး ။ ဘာသာရေးကိုလည်း သားသမီးတွေကို ဘယ်သူ့ဘက်ကို ကိုးကွယ်ပါလို့ တစ်ခါမှမဆွဲဆောင်ပါဘူး ယုံကြည်ရာကို ကိုးကွယ်စေပါတယ် ။ အမေက ကျန်တဲ့သားသမီးတွေကို ထားတဲ့စည်းကမ်းနဲ့ သစ်ကိုထားတဲ့စည်းကမ်း မတူပါဘူး ။ သစ် နဲ့ကျမှ အမေ့စည်းကမ်းတွေက ပျက်တာများပါတယ် ။ သစ်အမဆို ကျောင်းပြီးတာတောင် ယောက်ျားလေးသူငယ်ချင်း အိမ်မခေါ်လာရဲပါဘူး သစ်သစ်ကတော့ အဖေ့အားကိုးနဲ့ ယောက်ျားလေးသူငယ်ချင်း များမှများ အိမ်ကိုလည်း ခေါ် သူတို့ဆီလည်းသွား ရှုပ်နေတာပါပဲ ။ သစ် အဖေက သစ်ဘာလုပ်လုပ် ဟုတ်တယ်ပဲ မှားမယ်ဆိုတာ သိရင်လည်း လုပ်ခိုင်းတာပဲ မှားပြီးမှ ဘယ်လိုဆိုတာ ပြောပြတယ် ။ အမေကကျတော့ မလုပ်ခင်တားတာကအရင်ပါ ။ သစ်၅တန်းအရွယ်ကတည်းက အဖေ့ဝင်ငွေမှန်သမျှကို ကိုင်တွယ်ရပါတယ် ။ အမေကပြောတာပေါ့ အဖေ့ကိုလေ သစ်ပျက်ဆီးရင် နင်နဲ့ငါအကွဲပဲတဲ့ သစ်ကလည်း ဘယ်မှာသုံးရမှန်းကို မသိတာပါ ။ မသုံးတတ်တာလဲ ပါတယ်လေ ။ သစ်မှာအများဆုံးသုံးတာ ကျူရှင်လခပါပဲ ။ ဈေးထွက်တယ်ဆိုတာလည်း မရှိသလောက်ပဲလေ ။ ကျောင်းတစ်နှစ်တက်ရင် အကျီ င်္ ၅ စုံချုပ်တယ် ဒါထန်ကုန်ပဲ....။ ထပ်မသုံးတော့ဘူးလေ ။ အမေကိုတောင် သစ်ကငွေတိုးပြန်ချေးစားသေးတယ် ဟိဟိ ဆိုးတယ်နော် ။ သစ်နောက်ဆုံးအရိုက်ခံရတာ ၈တန်းနှစ်ပါ မှတ်မိပါသေးတယ် အဲဒီနေ့ကို ကျူရှင်တွေကများတော့ တစ်နေ့ကို ၅ချိန်တက်ရပါတယ် ။ ပထမ၃ချိန်က စာမေးပွဲစစ်ပါမယ် ။ သစ်တို့ဟိုဘက်လမ်းက သူငယ်ချင်းအိမ်မှာပါ ကျူရှင်ကလေ ။ သစ်က တတိယချိန်ရဲ့စာမရသေးတော့ ပထမအချိန်မတက်ပဲ စာကျက်နေပါတယ် ။ အမေက ဈေးသွားတော့ ကျူရှင်လုပ်တဲ့အိမ်က သစ်သူငယ်ချင်းအမေနဲ့ တွေ့ပါတယ် ။ သစ်သစ်ဘာလို့ ကျူရှင်မလာလည်းလို့ မေးတော့ အမေက သစ်ကျူရှင်ပြေးတာသိသွားပါတယ် ။ သစ်ကအခန်းထဲမှာ ကျောပေးပြီးစာကြည့်ခုံမှာ စာကျက်နေတုန်း အမေက ဈေးခြင်းတောင်းကြီးချပြီး အပေါ်ထပ်ကိုတက်လာပါတယ် ။ လက်မှာလည်း တံမြက်စည်းကိုကိုင်လို့ပေါ့ အခုထိကျောစိမ့်တုန်းပါပဲလေ...။ သစ်ကိုရှင်းပြချိန်မပေးပဲ ရိုက်ပါတယ် ။ သစ်ကလည်းပတ်ပြေး သစ်အခန်းကပြေးထွက် အပြင်ကဆန်ထည့်တဲ့ တိုင်ကီကိုပတ်ပြေး အမေကလိုက် အိမ်အောက်ထက်ဆင်းပြေး အဖေကလှေခါးမှာ ပိတ်ထား အဖေ့လက်အောက်ကနေပြေး ခြံထဲရောက် ခြံထဲမှာလည်း ကားစပယ်ယာ ဒရိုင်ဘာတွေကြား ပတ်ပြေး အမေကလိုက် အဲဒီချိန်မှာ အပြင်ကပြန်လာတဲ့ အစ်ကိုက ကားကိုအိမ်ထဲမောင်းမ၀င်ပဲ သစ်ကို ညီမလေး တက်တက် ဆိုပြီးကားတံခါးဖွင့်ပေးတယ် ပြေးတက်ပြီး အစ်ကိုက အင်းစိန်တစ်ပတ် ကားမောင်းပို့တယ်လေ ပြီးတော့မှ တက်ရမယ့်ကျူရှင်အိမ်ကို ပို့ပေးသွားတယ်လေ ။ ကားပေါ်မှာလည်း ဒေါ်သစ်က ငိုကြီးချက်မနဲ့ပေါ့ ။ ကျူရှင်အိမ်မှာလည်း စာအုပ်တစ်အုပ်မှမပါပဲ ကျန်တဲ့လေးချိန်ကို တက်တယ်လေ ။ မှတ်မိပါတယ် သင်္ချာဆရာချိန်လေ စာမေးပွဲကို ငိုလိုက်ဖြေလိုက်နဲ့ ဆရာဆိုခုထိပြောတုန်း..။ ၂ချိန်ပြီးရင် အိမ်ပြန်ထမင်းစားရမှာ မပြန်ပဲသူငယ်ချင်းအမေဆီမှာ ငါးကြော်နဲ့စားတယ်လေ ။ သစ်အမက ပြန်မလာလို့ ထမင်းချိုင့်နဲ့ လိုက်လာပါတယ် ။ သစ်ကစားပြီးပြီဆိုတော့ အိမ်ကသူတွေကို အဖက်တောင်မလုပ်ဘူးလေ....ဟိဟိ ။ ညနေကျူရှင်ချိန်တွေပြီးတော့ အစ်ကိုငယ်က လာကြိုပါတယ် ။ လမ်းထိပ်မှာမုန့်တွေစားပြီးမှ အတူတူပြန်ကြတယ်လေ ။ အိမ်ရောက်တော့ သစ်သစ်က ခြေသံကို တမင်လေ ဒုံး ဒုံး ဖနောင့်နဲ့လုပ်ပြီး လမ်းလျှောက်တက်ပါတယ် စိတ်ဆိုးတယ်ပေါ့လေ ...။ ဟိုနေ့ကဖုန်းဆက်တော့ အမေက ပြောပါတယ် သူ့နောက်ဆုံးမြေးမက နင့်အတိုင်းပဲ ငါ့ကိုစိတ်ကောက်တာ ခြေသံကိုသစ်လိုလုပ်တယ်တဲ့...ဟဟ ။ ငယ်ဘ၀ကိုသတိရလို့ ချရေးလိုက်တာပါ ။ နောက်လည်းရေးစရာတွေ ၇ှိပါသေးတယ် ။

ဆက်ဖတ်ချင်သေးရင်...

Monday, July 27, 2009

Typing ချစ်သူ

ပေလွှာမှာ ပြေးဆော့တဲ့
လေလွှာပေါ်က လက်ချောင်းလေး
အသင်ပြေးတဲ့ ခလုပ်လေးဝယ်
A to Z ပဲပါတယ်ကွယ်
စီကာစဉ်ကာ သူလှုပ်ရှားလို့
ရင်ခွင်တစ်စုံကို သူဖမ်းစား
ရှေ့တိုးနောက်ငင် ပုတ်ကာသွားလို့
နေ့ပြောညပင် လှုပ်ခါသွား
ချစ်သူ့တိုက်ပင် ကိုယ့်တွင်ထင်
ကြည့်ရှု့မ၀ ဖတ်လို့ပင်
လုံးရေ ၃၀၀ ကျော်သည်တွင်
သူစလာတဲ့ ဘိုင်ဘိုင်စင်
ကိုယ်ကပြန်လို့ နှုတ်ဆက်တအား
ကိုကို အိပ်မှာလား ???

ဆက်ဖတ်ချင်သေးရင်...

ကိုယ့်ချစ်သူ

လိုအပ်ချိန်မှာ
အနားရောက်လာတာ
ချစ်သူလား
ဒါဆို မင်းက ကိုယ့်ချစ်သူပဲ.....
စကားတွေ နားထောင်ပြီး
စိတ်ကြိုက်လိုက်နေမိတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ......
တစ်ညလောက် ပစ်ထားရင်တောင်
ဝမ်းနည်းနေမိတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ......
အသံကြားရင် ဘ၀င်တွေတုန်
ပုံကိုတွေ့ရင် ရင်တွေခုန်
ခံစားစေတာ
ချစ်သူလား
ဒါဆိုမင်းက ကိုယ့်ချစ်သူပဲ....
အစဉ်အမြဲတမ်း
ရင်ထဲလွမ်းနေရတာတော့
မင်း ဆိုတဲ့ ကိုယ့်ချစ်သူလေးကိုပါပဲ...

ဆက်ဖတ်ချင်သေးရင်...

Sunday, July 26, 2009

ဆိုးတယ်လို့ ဆိုချင်ဆို.....

စာတွေရေးတယ်ဆိုတော့ ဒီတစ်ခါသစ်သစ်ရဲ့ ငယ်စဉ်ဘ၀အကြောင်းကို နည်းနည်းရေးပြချင်ပါတယ် ။ ကိုယ်ငယ်ငယ်တုန်းက ဆိုးသလား မဆိုးသလား အခုနေပြန်စဉ်းစားရင် မဆိုးဘူးလို့ပဲ မြင်ချင်ပါတယ် ။ သစ်သစ်ကိုမကွေးမှာမွေးပြီး ၆လသမီးလောက်မှာပဲ အဖေ နှင့် အမေက သားသမီးတွေ ပညာရေးအတွက် ရန်ကုန်မှာအခြေချဖို့ ပြောင်းလာခဲ့ပါတယ် ။ ၀န်ထမ်းဘ၀ကနေထွက်လာခဲ့တော့ အပြင်စီးပွားရေးစတင် လုပ်ခါစမှာ တော်တော်ပင်ပန်းခဲ့တယ်လို့လည်း ပြောပါတယ် ။ အဲဒီအချိန်တုန်းက သစ်သစ်က ၁နှစ်ပေါ့ ကိုကြီးက ၁၅နှစ် ၊ ကိုငယ် က ၁၃နှစ် နဲ့ မမက ၁၁နှစ်ပေါ့...။ ၀န်ထမ်းဘ၀မှာ နှစ်၄၀လောက် ကျင်လည်ပြီးတဲ့ ဖေဖေ က တကယ်အပြင်ရောက်တော့ ဘာကိုစလုပ်ရမှန်း မသိပဲ ဂျပန်ကုမ္ပဏီတစ်ခုမှာပဲ စကားပြန်ဝင်လုပ်ခဲ့ပါတယ် ။ သားသမီးတွေကို ကျောင်းကောင်းတွေမှာထားပြီး ဒီလိုပဲ အေးဆေးစွာ လောဘမရှိနေခဲ့ပါတယ် ။ ဒီအချိန်မှာ သစ်ဘ၀ရဲ့ အမြဲတမ်းစံပြုအားထားရတဲ့ မေမေဟာ ဒီလိုနေရင် ငါ့သားသမီးတွေ လူတန်းစေ့အောင် ထားနိုင်မှာမဟုတ်ဘူး သာမန်ဝန်ထမ်းသားသမီး ဘ၀နဲ့ပဲ ဖြတ်သန်းရလိမ့်မယ်ဆိုပြီး သစ်ကို၁၁နှစ်သမီး မမကိုထိန်းကျောင်းစေပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့ပါတယ် ။ သစ်မေမေက တကယ်ကို သတ္တိရှိပါတယ် ဖေဖေရဲ့ကူညီထောက်မပေးမှု တစ်စုံတစ်ရာမှ မပါပဲ သား၂ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက် လက်ဆွဲပြီး လုပ်ငန်းများကို စတင်ပြီး လုပ်လာခဲ့တာ အခုအချိန်ထိ မနားသေးပါဘူး ။ သစ်မတိုင်ခင် အစ်ကို အစ်မတွေ အထိ မေမေဟာ ရင်အုပ်မကွာ အုပ်ချုပ်ပြီး ကျန်းမာရေး ပညာရေး မလစ်ဟင်းအောင် ပြုစုပျိုးထောင်ခဲ့ပါတယ် ။ သစ်အလှည့်ရောက်တော့ မမတို့လောက် ဂရုမစိုက်တော့ ငယ်စဉ်က သစ်တကယ်ကို မေမေ့အပေါ် အထင်လွဲခဲ့ဖူးပါတယ် ။ ငါ့အမေအရင်းရော ဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ ၀င်ခဲ့ဘူးပါတယ် ။ မေမေထက်စာရင် ဖေဖေကမှ သစ်နဲ့ပိုပြီးရင်းနှီးပါတယ် ။ သစ်ကိုအရမ်းအလိုလိုက်သလို အရမ်းလည်းချစ်ပါတယ် ။ ဖေဖေ ရှာသမျှဟာ သစ်အတွက်ကြီးပဲ ဖြစ်ခဲ့ပါတယ် ။ ငယ်ရွယ်တဲ့သစ်ဟာ အစ်ကို၊ အစ်မတွေကြားမှာ မောက်မာစွာနေခဲ့ဘူးပါတယ် ။ သူတို့တွေကတော့ သစ်ကိုအရမ်းကိုချစ်ကြပါတယ် ။ ဘယ်တော့မှလည်း သစ်ခိုင်းတာကို မငြီးငြူသလို သစ်စကားကလည်း သူတို့တွေဆီမှာ အတည်ပါပဲ ။ တခုခုလုပ်မယ်ဆို သစ်ကိုမေးရတာ သစ်ကလေးဘ၀ထဲကပါ ။ သူတို့ယုံကြည်တာက သစ်ကကောင်းတယ်ဆို ဒီလုပ်ငန်းအောင်မြင်မယ် ဆိုတဲ့ အချက်ပါပဲ သစ်ကလေးဘ၀ကတော့ ဒီလိုပဲ စိတ်ထဲရှိတာပြောတတ်ပါတယ် ။ ညီမလေးရေ ကိုကြီးတို့ ဒါကိုဝယ်မယ် ညီမလေးကြိုက်လား ဆိုရင် သစ်က လိုချင်ရင် ကြိုက်တယ် တစ်ခါတစ်လေလည်း ကြိုက်ပေမယ့်လည်း မကြိုက်ဘူးပြောတတ်ပါတယ် ။ ဒါဆိုသူတို့ဘယ်တော့မှ ရှေ့ဆက်တိုးပြီး မလုပ်ပါဘူး အားလုံးနောက်ဆုတ်တတ်ကြတာ ထုံးစံပါ ။ သစ်အရွယ်လေး ရလာတော့မှ သေချာစွာစဉ်းစားပေးတတ်လာတာပါ ။ သစ် အစ်ကို ၊ အစ်မတွေ ထဲမှာ သစ်အနွံတာ အခံဆုံးကတော့ အစ်ကိုကြီးပါပဲ ။ သူတို့တွေ တက္ကသိုလ် တက်တုန်းကဆို သစ်ကကလေးပဲ ရှိပါသေးတယ် ။ မနက်မိုးလင်းလို့ အစ်ကို အမတွေ ကျောင်းသွားဖို့လုပ်ပြီဆို သစ်ကအကျီ င်္အသစ်ဝတ် သနပ်ခါးလူးပြီး ခြံစည်းရိုးရှေ့က မထတမ်းစောင့်နေတတ်တယ်လေ ။ ဘယ်သူနဲ့သစ်လိုက်ရမလဲ စောင့်နေတာပေါ့ ။ ကံအဆိုးဆုံးက အစ်ကိုကြီးပါပဲ သစ်အစ်ကိုငယ်က ဆိုင်ကယ်နဲ့ကျောင်းတက်တော့ အမေက ဘယ်တော့မှထည့်မပေးတတ်ပါဘူး ။ သစ် အမကလည်း ကားမောင်းတဲ့ ဒရိုင်ဘာချင်းအဖိုးကြီးနဲ့ ကျောင်းတက်ပါတယ် သစ်ကိုမခေါ်ပါဘူး သူ့သူငယ်ချင်းတွေက နင့်သမီးလားလို့ စတတ်ကြလို့တဲ့ သူရှက်တယ်ဆိုပြီး မခေါ်ပါဘူး ။ သစ်ကတော့ အစ်ကိုကြီးရဲ့ ကားနားမှာဟိုဘက်ကပတ်လိုက် ဒီဘက်ကပတ်လိုက်နဲ့ မလွတ်တမ်းနေတာပါ ။ အစ်ကို အစ်မတွေ ကျောင်းတက်ရင် သစ်က၄ရက်လောက်လိုက်လေ့ရှိပါတယ် ။ အစ်ကိုကြီး ကျူတိုရီရယ်ဖြေရင်လည်း သစ်ကစာသင်ခန်းမှာလိုက်ထိုင်တတ်ပါတယ် ။ တစ်ခါတစ်လေ ကျတော့လည်း ကားကိုမှန်တွေဖွင့်ပြီး ထားခဲ့တတ်ပါတယ် ။ ချင်းအဖိုးကြီးကတော့ လာလာကြည့်ရပါတယ် ။ မမက RC2 မှာတက်ပြီး အစ်ကိုတွေက မိန်းမှာတက်ပါတယ် ။ ကိုကြီးနဲ့လိုက်တော့ သစ်က မိန်းမှာနေရတာ များပါတယ် ။ ဒရိုင်ဘာ အဖိုးက အာစီတူးမှာ ကားကိုရပ်ထားပြီး မိန်းမှာသစ်ကိုလာစောင့်ရတတ်ပါတယ် ။ သစ်ကတစ်ယောက်တည်း ဆော့နေတာကိုး မေမေထည့်ပေးတဲ့ ထမင်းဘူး ရေဗူး မုန့်ဗူးတွေနဲ့လေ ။ ကိုကြီး သူငယ်ချင်းတွေကလည်း သစ်ကိုအရမ်းခင်ကြပါတယ် ။ ကိုကြီးတို့ကင်တင်းသွားရင် သစ်ကလိုက်နေကျပေါ့ ။ လိုက်ရရင်ပြီးရောလေ ငိုလည်းမငို ပြန်ချင်တယ်လည်း ဂျီမကျတတ်တော့ ကိုကြီးက အမြဲခေါ်နေတော့တာပေါ့ ။ နောက်ပိုင်း သစ်ကျောင်းတက်တော့မှ မြကျွန်းညိုညိုနဲ့ ဝေးခဲ့ရတယ်လေ ။ သစ်တက်တဲ့မူလတန်းကျောင်းလေးက အိမ်နဲ့အလွန်နီးပါတယ် ဒါပေမယ့် သစ်သစ်က အိမ်ကကားနဲ့လာမကြိုရင် ကျောင်းကမပြန်ပါဘူး ။ ဟိဟိ ငကြွားလေ သိတယ်ဟုတ် ။ အစ်ကိုတွေဘယ်လောက်ပဲ အလုပ်ပင်ပန်းပါစေ သစ်ကိုဆိုဘယ်တော့မှ မငြီးငြူဘူး လာကြိုတာပဲလေ ။ တညလုံးကားမောင်းပြီး ခရီးဝေးကပြန်လာလည်း မနက်သစ်ကျောင်းတက်မယ်ဆို လိုက်ပို့ပြီးမှ ပြန်အိပ်ကျတယ်လေ ။ အထက်တန်းရောက်လို့ ကျောင်းကားစီးလည်း အစ်ကိုတွေရှိရင် ကျောင်းကားထွက်မစောင့်ပါဘူး အစ်ကိုတွေကုတင်နားမှာ ရစ်သီရစ်သီနဲ့လေ ...။ မပို့မချင်းမသွားဘူး ....ဟိဟိ ။ ဒါတွေကဆိုးတာဆိုရင်တော့ သစ်ငယ်ငယ်ကဆိုးခဲ့တယ်ပေါ့လေ ...။ ရေးစရာတွေကတော့ များတယ်ငယ်ဘ၀ကလေ ဒါပေမယ့်ဒီနေ့တော့ဒီလောက်နဲ့ပဲ နားချင်သေးတယ် ။ နောက်တစ်ခေါက်ပေါ့နော်....။

ဆက်ဖတ်ချင်သေးရင်...

Friday, July 24, 2009

နေ့သစ်တိုင်းရဲ့ မနက်ဖြန်

နာရီသံကြားလို့ မျက်စိကိုဖွင့်ကာ
နေ့သစ်ကိုပုံဖော်ချိန်မှာ မင်းကစလို့ရောက်လာပြီကွာ...
အိပ်ယာပေါ်က ခြေတစ်ဖက်ကိုချ လက်တစ်ဖက်ကိုဆန့်ထုတ်ချိန်မှာလည်း
သတိရနေတာ မင်းကိုပါပဲ.....
ရေချိုးခန်းထဲရောက် ဟိုဒီကောက်ကိုင်တော့လည်း
အတွေးထဲကို မင်းလိုက်လာတာပဲလေ...
မနက်စာပြီးလို့ ရုံးကိုလာချိန်
ဟော့..မင်းကကိုယ့်နောက် တကောက်ကောက်ပါပဲလား.....
ရုံးကိုရောက်လို့ ကွန်ကိုဖွင့်ချိန်
စကြည့်မိတာလဲ မင်းဆီပါပဲကွယ်.....
စွဲလန်းတတ်သူနဲ့ အမြဲပုန်းတတ်သူတို့
တွေ့ဆုံပုံကလည်း ကြင်မလိုလိုနဲ့
ရင်ဖိုရပါလားနော်........

ဆက်ဖတ်ချင်သေးရင်...

Thursday, July 23, 2009

မဆုံးတဲ့သံစဉ်

ရင်မှတရှိုက် အသက်ရှုလိုက်တိုင်း
ခံစားမိတာ မင်းကိုချစ်တဲ့ သံစဉ်တွေပါ...
မုန်းပြီမေ့ပြီ ဆိုလေဦးတော့
သတိရနေမှာ အမြဲပါ.....
မာယာမဆုံး လျှို့ဝှက်အပြုံး
မခံနိုင်တော့တာ ခွင့်လွှတ်ပါ...
တစ်နေ့သော်ကား သိလာလိမ့်မှာ
ထားမိခဲ့တဲ့ ငါ့အချစ်ပါ.....

ဆက်ဖတ်ချင်သေးရင်...

Wednesday, July 22, 2009

ကြေကွဲခြင်း

ဘ၀ပုံဝယ်
တစ်ခါသော်မျှ
အထင်သေးခြင်း
မခံဘူးပါ.....
တစ်ကြိမ်တစ်ခါ
တွေ့ကြုံသောခါ
အံ့သြမင်သက်
ဖြစ်မိတအား.....
ထိုသူသည်ကား
ငါ၏ဘုရင်
အစဉ်စိတ်တွင်
ချစ်နေသူလား....
ကြေကွဲရှိုက်ငို
ရင်ထဲ၌ကို
ဆုတ်ခြေသလို
ဖြစ်နေပါလား....

ဆက်ဖတ်ချင်သေးရင်...

စလုံးရောက်စ သစ်ဘ၀ ( ၂ )

တည်းခိုမယ့်အိမ်ကိုရောက်တော့ သူငယ်ချင်း၂ယောက်ကရှိပြီသားလေ သူတို့ကတော့အလုပ်ဝင်နေပြီ ပေါ့နော်။ ရောက်တာနဲ့အိမ်ကိုဖုန်းဆက်တယ် ပြီးတော့သူတို့ချက်တာစားတယ် ။ ဘယ်လိုလျှောက် ဘယ်လိုဝင်ဆိုတာလည်း ဘာမှကိုမမေးလိုက်ပဲ ပင်ပန်းလို့အိပ်တယ်လေ ..... ဟိဟိ ။ နောက်နေ့ ကိုယ်နိုးလာတော့ တစ်ယောက်မှမရှိတော့ဘူးလေ ။ အင်တာနက်ကလိုင်းမရှိလို့ ဖမ်းပြီးသုံးတာဆိုတော့ ဘယ်လိုဖမ်းရမှန်းတောင် မသိတော့ အဲဒီနေ့လည်း အိပ်ပြီးစား စားပြီးအိပ်ပဲလေ ။ ညနေသူတို့လာမှ မေးစရာရှိတာလေးတွေ မေးရတော့တာပေါ့နော် ။ သတင်းစာစဖတ်ပါတယ် မနက်ကတည်းက ဖတ်လိုက်တာ ၁၀နာရီကျော်တဲ့အထိ အလုပ်ရှာရမယ့်နေရာ မတွေ့ဘူးလေ ။ အစကနေ တစ်အုပ်ပြီးတစ်အုပ် ဖတ်နေတာလေ ....အရမ်းလည်တာနော် ။ ၃ရက်လောက်မှ အဆင်ပြေသွားတယ် ။ ညဘက် သူတို့ပြန်လာရင် အရမ်းပျော်တာပဲ ကိုယ်ကတော့ အင်တာနက်မှာပဲ ခေါင်းစိုက်နေတာပေါ့နော် ။ ပိတ်ရက်ဆိုသူတို့က လိုက်ပို့ပါတယ် ဟိုနေရာဒီနေရာ ကိုယ်ကအလုပ်မရသေးတော့ မသွားချင်လေ ။ ဒီလိုနဲ့အင်တာဗျူးတစ်ခုရတယ် ၁၅၀၀ပေးတော့ လုပ်ဖူးဆိုပြီး ပြန်လာတယ် လူမိုက်လေ သိတယ်ဟုတ် ...း) ။ နောက်အင်တာဗျူးတွေ ထပ်ရတယ် အဆင်မပြေဘူး တစ်ချို့အင်တာဗျူးတွေဆို တကယ်ရီရတယ် ။ တစ်ခုပြောပြမယ် ဆမ်ဘာဝမ်းကနေ သွားရတာ အ၀င်မှာကတ်တစ်ခုပေးရတယ် ဒါမှမဟုတ် ပတ်စ်ပို့စ်ပေါ့နော် သစ်ကဘာပေးတယ် ထင်လဲ ကျောင်းသားကတ်မြန်မာလိုဟာကို ပေးခဲ့တယ် ။ သူတို့ကလည်း ယူတယ်နော် ။ ဟိုရောက်တော့ ထမင်းစားချိန်လေ လူတွေကလည်း ထွက်လာတာအများကြီးပဲ အခန်းတစ်ခုထဲမှာ ထားတယ် သစ်တစ်ယောက်တည်း နောက်တော့ ၀င်လို့ရပြီဆိုပြီး မီတင်ရွမ်းလို ဟာမျိုးမှာဗျူးတယ် သူတို့က ပုံလဲဆွဲခိုင်းတယ် ။ အိုကေတယ်ပေါ့နော် ။ မနက်ဖြန်ဖုန်းဆက်မယ်တဲ့ ကိုယ်ကလည်း အိုကေပေါ့နော် အပြင်ရောက်တော့ အခန်းကအကျယ်ကြီးလေ ပတ်ချာလည်မှာ လျှောက်လမ်းပေါ့နော် ။ ကိုယ်နှုတ်ဆက်ပြီးထွက်လာလိုက်တာ တံခါးပေါက်ကိုမရောက်ပဲ တပတ်ပြည့်ပြီး သူ့ဆီပြန်ရောက်သွားတယ် ။ မေးစရာကလည်းတစ်ယောက်မှ မရှိဘူးလေ ။ အဲဒီမန်နေဂျာကိုယ်တိုင်ပဲ အောက်အထိလိုက်ပို့တယ် ထမင်းစားဖို့သူကခေါ်နေပါသေးတယ် ကိုယ်ကရှက်လို့ပြေးချင်နေပြီလေ .....ဟိဟိ ။ ရရင်တောင်ရှက်လို့မလုပ်ဘူးလို့ စဉ်းစားထားတာ သူတို့ကလည်း ခေါ်ပါဘူးလေ ။.......ဆက်မယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, July 21, 2009

စလုံးရောက်စ သစ်ဘ၀ ( ၁ )

မသွားခင်ညနေကတည်းက လူကြုံပေးကြမယ့် သူငယ်ချင်းများရဲ့ မိသားစုတွေနဲ့ တွေ့ဆုံနေရပါတယ် ။ လူကြုံတွေက အများကြီးပါ ။ သူငယ်ချင်းများတာလည်း ပါတာပေါ့လေ ။ နယ်မှာရှိတဲ့အစ်ကို အစ်မတွေ မိသားစုလိုက်ကို ဆင်းလာကြတာပါ ။ အိမ်မှာလူတွေက အများကြီး ပျော်စရာတကယ် ကောင်းပါတယ် ။ အကြီးဆုံးအစ်ကိုက သစ်ထက် ၁၅နှစ်တိတိ ကြီးပါတယ် ။ အစ်ကိုကြီးက ညကတည်းက မျက်စိမျက်နှာပျက်နေပြီလေ ။ စားလို့မရ နေလို့မရနဲ့ပေါ့ သူက သစ်အဝေးကြီးသွားမှာကို စိတ်မချတဲ့သူပါ ။ သစ်လေယာဉ်ပေါ်တက်သွားတဲ့ အထိလေဆိပ်မှာပဲ နေတာပါ ။ အပြန်ကားတောင်ချက်ချင်း မမောင်းနိုင်ပါဘူး။ ပြီးတော့ သစ်သွားလို့ သူအမေ့ဆီမှာငိုတယ်လို့ ပြန်ပြောကြတယ်။သစ်စလုံးကနေ ဖုန်းဆက်မှာကို တစ်အိမ်လုံးစောင့်နေကြတာလေ ။ သစ်ကလည်း လေယာဉ်က ပထမဆုံး စီးဘူးတာလေ ။ ဘေးမှာက ဟောင်ကောင်က စုံတွဲပါ ။ တလမ်းလုံး အနမ်းတံဆိပ် ခတ်နှိပ်နေကြတာ သစ်သစ်မှာ နေစရာမရှိပါဘူး ။ အစားအစာတွေလာမေးတော့လဲ ဟန်ပါပါပဲ ဘာစားမယ်ပေါ့နော် တကယ်တော့ သူငယ်ချင်းကပြောပြီးသားပါ ဘာကိုစား ဘာကပိုကောင်းတယ်ပေါ့နော် ။ အစားတွေလာချပေးတော့ သစ်က ဗူးကိုအလျားလိုက်ထားပြီး စားတယ်ပေါ့နော် ။ ဘေးက ကိုဟောင်ကောင်က ဒေါင်လိုက်စားတယ်လေ ။ သစ်ကလည်း ဘယ်ရမလဲ ဒေါင်လိုက်ပြန်လှည့်ပြီး စားလိုက်တယ်ပေါ့နော် ။ ဒီအချိန်မှာသူက အလျားလိုက်ပြန်လှည့်ပါတယ် ။ သစ်လည်း မဆိုင်းမတွပဲ ပြန်လှည့်လိုက်ပါတယ် ။ သူက သစ်ကိုကြည့်ပါတယ် သစ်ကလည်း ပြန်ကြည့်ပြီးပြုံးပြလိုက်ပါတယ် ။ သူကလည်း ပြန်ပြုံးရင်း စကားစပြောပါတယ် ကောင်မလေးကလည်း သဘောကောင်းပါတယ် ။ သူတို့က မြန်မာကိုလာလည်တာပါတဲ့ ဘယ်တွေရောက်ခဲ့တယ် ဘာညာပေါ့နော် ။ သစ်ကလည်း ငါတို့နိုင်ငံမှာ နေရတာအဆင်ပြေလားပေါ့ လျှောက်ပြောတာပေါ့နော် ။ ပထမဆုံး နိုင်ငံခြားသားတစ်ယောက်နဲ့ စကားပြောဖူးတာပါ သူနဲ့သစ် စကားပြောရတာ တော်တော်အဆင်ပြေပါတယ် ။ သူပြောတာရော ကိုယ်ပြောတာရော နားလည်ကြပါတယ် ။ သစ်က စလုံးအ၀င်လ၀က မှာ ပြောတာအဆင်မပြေမှာ စိုးရိမ်နေတာလေ ။ အခုတော့မဆိုးဘူးပေါ့ ။ နောက်တော့ တော်တော်အေးလာတာနဲ့ လူကအိပ်ချင်လာပါတယ် ပြီးတော့ဖတ်စရာလည်း ကုန်ပြီလေ ဒါနဲ့ပဲစောင်တောင်းပြီး နှပ်နေလိုက်တော့တယ် ။ စလုံးရောက်ခါနီးတော့ နားတွေကအူလာပါတယ် နေရတာအဆင်မပြေတော့ဘူးလေ ။ ရောက်တော့ သူငယ်ချင်းမှာထားတဲ့ အတိုင်း မြန်မြန်လမ်းလျှောက်လိုက်ပါတယ် တန်းစီရတာကြာမှာစိုးလို့ပါ ။ နောက်တော့ လ၀ကမှာထင်သလောက်တောင် သိပ်မပြောလိုက်ရပါဘူး တစ်လရလိုက်တယ်ပေါ့နော် ။ နောက်အိတ်ရွေးပြီး ထွက်လာတော့ လာကြိုတဲ့သူငယ်ချင်းတွေ အများကြီးပဲလေ သူတို့တွေ့တာနဲ့ကို ကိုယ်ကပျော်နေပြီလေ ။ နောက်ပေါက်ပေါက်ဖောက်အောင် မေးလိုက်တာ သူတို့တောင် အာညောင်းယူရပါတယ် ။ .....ဆက်မယ်နော်။  

ဆက်ဖတ်ချင်သေးရင်...

Monday, July 20, 2009

ပြင်ဆင်စရာများနဲ့ကိုယ်

၂၀၀၉ အာဇာနည်နေ့ နေ့လည် ၂နာရီ မမေ့နိုင်တဲ့တစ်ရက် ဖြစ်ခဲ့ပါတယ် ။ ကိုယ့်ရဲ့အားနည်းချက်တွေ ထောက်ပြခဲ့ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ် ။ အချိန်တစ်ခုပေးပြီး ညီမရင်းတစ်ယောက်လို ဆုံးမခဲ့လို့ ပိုပြီးခင်မင်မိပါတယ် ။ လူဆိုတာက အပေါ်ယံခင်တဲ့သူများတယ်လေ ကိုယ်ကဘယ်လိုဆိုတာ ပြောကြည့်မှသိမှာ ဆိုတဲ့ သစ် ရဲ့ထင်မြင်ချက်လေးက တစ်ကယ်မှန်ပါတယ် ။ စကားပြောနေရင်း ထိုသူရဲ့စေတနာကို မြင်နေရပါတယ်။ လူ့သဘော လူ့မနောကို သိတယ်ဆိုပေမယ့် ထိုသူလောက်မသိဘူး ဆိုတာတော့ ၀န်ခံပါတယ် ။ လူတစ်ယောက်နားလည်အောင် အကျိုးအကြောင်း ပြောသွားပုံလေးက ညင်သာလွန်းပါတယ် ။ ကိုယ့်အမှားတွေကို ရှင်းလင်းပြသွားပုံက တကယ်ကို ထိမိပါတယ် ။ ကိုယ်အထင်ကြီးတဲ့ သူရဲ့စကားမို့လို့လဲ သေချာစွာဂရုတစိုက် နားထောင်ပြီး ဆင်ခြင်မိပါတယ် ။ ကိုယ့်ထက်များစွာ ရင့်ကျက်တဲ့သူမို့လို့လည်း ပိုပြီးလေးစားမိပါတယ် ။ ဂတိပေးလိုက်ရင် လွယ်ကူပေမယ့် ကိုယ်ကလည်း အလုပ်နဲ့ပဲ သက်သေပြချင်သူဆိုတော့ ဂတိမပေးဖြစ်ခဲ့ပါဘူး ။ အချိန်လေးတစ်ခုနဲ့ အားနည်းချက်တွေပြင်ဆင် သွားပါ့မယ်လို့ပြောရင်းနဲ့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

ဖျက်လို့မရ သမိုင်းများ ၈

တတိယနှစ်ကျတော့ သစ် နဲ့ ခိုင်ဇာ မျက်စိလည်လမ်းမှားပြီး အေခန်းရောက်သွားပါတော့တယ် ။ ဒေါင်းအလယ်က ကျီးလိုပါပဲ လူကသာအေခန်း စိတ်ကကျန်ခဲ့တဲ့ စီခန်းမှာကြီးပဲရောက်နေတာလေ ။ နောက်နှစ် Btech ဆိုတာခေါ်မယ်ပေါ့နော် သေတော့မသေချာဘူး ကြိုးစားထားရမှာ ကိုယ့်တာဝန်ပေါ့လေ ။ ထင်ပါသလား ကြိုးစားတယ်လို့ .....မပြောင်းလဲပါဘူးကွယ် ။ ကြိုးစားမယ် ဆိုပြီးအဖေကို အဆောင်နေဖို့ပူဆာပါတယ် နေခွင့်လည်းရခဲ့ပါတယ် ပိတောက်ရိပ်ဘော်ဒါဆောင် ပါ ။ တစ်လပဲနေပြီး မနေနိုင်ပါဘူး ကိုယ့်အိမ်နဲ့မှမတူတာလေ ပြီးတော့အစားအသောက် တော်တော်ကိုဆင်းရဲပါတယ် ။ ဆိုင်ထမင်းပဲစားရတာလေ နောက်နေမကောင်းဘူးဆိုပြီး အိမ်ပြန်တော့တာပါပဲကွယ် ။ အဆောင်နေတုန်းလဲ ကျောင်းကားစီးတယ်နော် သူတို့နဲ့မခွဲနိုင်လို့လေ အဆောင်ရှေ့ကနေ ကျောင်းကားစောင့် ပြီးတော့ကျောင်းထိစီးသေးတယ် ။ တတိယနှစ်ဆိုတော့ ကျောင်းပြီးရင် ဘယ်မှာလုပ်မယ် ဘယ်လိုလုပ်မယ်ပေါ့နော် ပြောနေကြတာပေါ့ ။ သစ်တို့ကတော့ သူများကိုနောက်လို့ မ၀သေးပါဘူး ။ ငါ့မှာအဆက်အသွယ်ရှိတယ် ။ ဒေါ်လာနဲ့ရမယ် လုပ်မလားပေါ့နော် ။ အစ်ကိုကြီးတွေကိုစတာများပါတယ် သူတို့ကလည်း ပြောပါဦးဟပေါ့နော် ။ သစ်က ယောက်ျားလေးလည်းရတယ် မိန်းကလေးလဲရတယ်ပေါ့နော် အရမ်းသက်သာတယ်လို့ တစ်နေ့တစ်ကြိမ်ပဲဆိုတော့ သူတို့စိတ်ဝင်စားကြပါတယ် ။ ဘာအလုပ်လဲဆိုတော့ မိချောင်းကို တစ်နေ့တစ်ကြိမ်ပုံမှန် သွားတိုက်ပေးရမယ်ပေါ့နော် ။ နောက်တစ်ခုက မြွေပွေးကို နံနက်တိုင်း နို့တိုက်ရမယ်ပေါ့နော် သူတို့ကလည်း မဆိုင်းမတွပါပဲ ထမင်းငတ်ချင်ငတ်ပါစေ ဒါတော့မလုပ်ပါရစေနဲ့တဲ့လေ .....ဟားဟား ရေးနေရင်းပြန်သတိရပြီး ရီချင်နေတယ် ။ ဒီလိုနဲ့ပြောင်လိုက်နောက်လိုက်နေလာလိုက်တာ စာမေးပွဲနဲ့နီးလာခဲ့ပါတယ် စာတွေကလည်း ကြည့်လေမရလေပေါ့နော် ။ ဖြေလိုက်တာအသီးသီးပြီးလို့ drawing ဘာသာလည်းရောက်ရော သစ်ပြသနာတတ်ပါတယ် ။ ၄နာရီမေးခွန်းဖြေပြီးလို့ ဆရာမကိုစာရွက် အပ်ဖို့တိပ်ကိုခွာလိုက်ချိန်မှာ လျှပ်စီးမ သစ်သစ်စာရွက် ထက်ခြမ်းပြဲသွားပါတော့တယ်ကွယ် ။ ဘာမှမလုပ်တတ်တော့လို့ ထိုင်ငိုချလိုက်တော့ ဆရာမက တိတ်နဲ့ကပ်ပေးပြီး အဖြေလွှာသိမ်းသွားပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သစ်အဲဒီ တတိယနှစ်မှာ ဘာသာစုံဂုဏ်ထူးထွက်ပါတယ် ။ အထင်မကြီးပါနဲ့ဦး လူ၁၈၀မှာ ၃၀ ဘာသာစုံဂုဏ်ထူးပါတယ်လေ ....ဟိဟိ ။ .........ဆက်ရန် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, July 19, 2009

ဖျက်လို့မရ သမိုင်းများ ၇

ဒုတိယနှစ်မှာတော့ အားလုံးသိတဲ့အတိုင်း စီခန်းမှာပါ ။ ပထမနှစ် စီခန်းကတော်သေးတယ် ဒုတိယနှစ်စီခန်းက တကယ့်ကိုအပေအတေများ စုစည်းရာပါ ။ ပျော်စရာတကယ်ကောင်းပါတယ် ။ အဲဒီနှစ်မှာ အဖွဲ့ထဲမှာတစ်ယောက်တိုးလာပါတယ် ။ သူက ကွင်းဖြစ်တဲ့ ဇလပ်ဖြူပါ ။ သူက ပထမနှစ်တုန်းက အေခန်းမှာပါ စီခန်းရောက်တော့တွဲစရာသူငယ်ချင်း မရှိလို့ သစ်တို့နဲ့လာထိုင်ရင်း ညီမအရင်းတွေလို ခင်လာလိုက်တာ မနှစ်ကမြန်မာပြန်တဲ့အထိ သူသစ်ကိုလာတွေ့ပါသေးတယ် ။ နောက်နှစ်ပြန်ရင်တော့ လာနိုင်မယ်မထင်ကိုယ်ပဲသွားရတော့မယ် ထင်ပါတယ် ။ အခုဆိုဇလပ်မှာ သားလား သမီးလား မသိဘူး ရှိနေပြီလို့ ဟိုလကမေးလ်ပို့ပါတယ် ။ ရွှေဝါ ၊ ကျော့ရည်ဝင်း ၊ ဇလပ်ဖြူ ၊ ချောစုလှိုင် ၊ ခိုင်ဇာ ၊ သီရိ ရှေ့တန်း နောက်တန်းထိုင်တာ တကယ်ပျော်စရာကောင်းပါတယ် ။ အားလုံးကလည်း အင်းစိန် ၁ ကတွေကြီးပဲလေ ။ အပေအတေတွေလာပေါင်းနေတာပေါ့နော် ။ အဲဒီမှာ နှင်းဆီဝိုင်ဇာတ်လမ်းစပါတယ် ။ သစ်တို့အခန်းမှာ ကားကိုယ်တိုင်မောင်းပြီးကျောင်းတက်တဲ့ ကောင်လေးရှိပါတယ် ။ သူတို့ကမှော်ဘီသားတွေပါ ညီအစ်ကို၂ယောက်အတူလာတာပါ ။ ညီက civil ကပါ ။ ပုံစံက သရုပ်ဆောင် သူထူးစံလို ထောင့်အကျိုးပါဘူး ။ သစ်ရယ် ခိုင်ဇာရယ် သီရိရယ် ၃ယောက်ပေါင်းပြီး ခင်ဖြူဖြူမွန် လို့ နာမည်ပေးလိုက်ကြပါတယ် ။ သူ့ကားကို သူက workshop ဆောင်နားမှာရပ်ပါတယ် ။ သစ်တို့နေ့တိုင်း ကားမှာစာသွားကပ်ပါတယ် ။ ကိုယ်တိုင်မလုပ်ပါဘူး စာကိုရေးတယ် ။ ကျောင်းကစိတ်သိပ်မနှံ့တဲ့ သန့်ရှင်းရေးကောင်မလေးကို မုန့်ကျွေးပြီးလုပ်ခိုင်းတာပါ ။ စာထဲမှာကတော့ ချစ်ကြောင်းကြိုက်ကြောင်း မထင်ပါနဲ့ ဘယ်လိုအမြင် ကတ်တယ် ဘယ်လိုကြည့်မရဘူး ဘာဝတ်လာရင် ထောင်ထွက်နဲ့တူတယ် ဆံပင်ကလည်း ဘဲမြီးလိုပဲ စသဖြင့်ပေါ့ တစ်နေ့တစ်မျိုး မရိုးရပါဘူး ။ တော်တော်ကြာကြာကပ်လိုက်ပါတယ် ။ သူလည်းရှာပါတယ် မမိပါဘူး ။ နောက်ပျင်းလာတော့နောက်တစ်ယောက် ပြောင်းစပါတယ် ။ ခေါင်းကဗွေမှာ ဆံပင်နဲပြီးပြောင်တဲ့သူ ကော်ရစ်တာထွက်ရင် ကိုယ်ကအခန်းထဲကနေ နောက်ပြောင်ခြင်း သီးခံပါလို့ လှမ်းပြောတာတွေ အတန်းထဲကတစ်ယောက်ကို လှမ်းခေါ်ပြီး တိုးတိုးလေးပြောလိုက်တယ် ငါတို့ကူငွေကောက်နေတယ်ပေါ့နော် အေးဘယ်သူဆုံးလို့လဲထည့်မယ်လေဆိုမှ နင်ဘယ်သူမှသွားမပြောနဲ့နော် ဆိုပြီး မျက်နှာသေလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆုံးသွားတယ်ဟာ လို့ပြောလိုပြောနဲ့ တကယ်မရိုးရပါဘူး ။ သစ်တို့က အမြဲတမ်းပြတင်းပေါက်ရှိတဲ့ တတိယတန်းမှာထိုင်ကြတယ်လေ ။ ဖြတ်သမျှကိုစတာ ထမင်းစားချိန်ဆိုလဲ နောက်တန်းကိုလှည့်ပြီး မျက်နှာချင်းဆိုင် စားကြတာ တကယ်ပျော်ဖို့ကောင်းတယ် ကိုယ်ဟင်းကောင်းစရာ မလိုဘူးလေ အားလုံးနှိုက်စားကြတာလေ ။ ကျောင်းတက်ဖို့လဲမပျင်းသလို သူများကိုလည်း သိပ်စိတ်မ၀င်စားပါဘူး စာလည်းမလုပ်ပါဘူး ။ အတန်းတွင်းစာမေးပွဲတွေမှာဆို ကူးချနေတာ ဆရာကအပြင်ကလာတော့ ပြတင်းပေါက်ကိုပိတ်လိုက်တာလေ လာရပ်ပြီးကြည့်နေမှာစိုးလို့ ... ဟဟ ။ သစ်ဘ၀မှာတစ်ခါပဲခိုးချဘူးပါတယ် စာမေးပွဲခန်းထဲမှာပါ ။ သစ် အက်ဆေးတစ်ပုဒ် ယူသွားတာပါ ။ ထိုင်ခုံရောက်တော့ အဲဒီစာရွက်ကို ထိုင်တဲ့နေရာမှာထားပြီးကိုယ်က အပေါ်ကတက်ထိုင်ထားလိုက်တယ် ။ မေးခွန်းဝေတော့ ကိုယ်ယူလာတဲ့အက်ဆေးဆိုတော့ နောက်ဆုံးမှကူးချမယ် ဆိုပြီး အေးဆေးဖြေနေလိုက်တယ်လေ ။ ကူးမယ်ဆိုပြီး စာရွက်ကိုရှာတော့ မတွေ့တော့ပါဘူး ခဲဖျက်တွေပစ်ချလိုက် ကောက်သလိုလုပ်ပြီး ကိုယ်ထိုင်တဲ့နေရာကို ပြန်ရှာလိုက်နဲ့ သစ်အလုပ်များနေပါတယ် ။ ဆရာကမနေနိုင်လို့ သစ်ကိုလာပြောပါတယ် စာဖြေချိန်နာရီဝက်လောက်ကတည်းက အောက်မှာကျနေလို့ သူသိမ်းလိုက်ပြီတဲ့ မရှာနဲ့တော့တဲ့ သစ်မျက်နှာကိုမြင်ယောင် ကြည့်ပါလေ ....။ ဆရာ့နာမည်တောင် မှတ်မိသေးတယ် ဦးစောဗစ်တာဖေတင်မောင် တဲ့ ။ ....ဆက်ရန် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, July 18, 2009

ဖျက်လို့မရ သမိုင်းများ ၆

အကြွေစေ့ဗေဒင်အကြောင်းရေးမယ်နော်..... ဟိ ။ သူကကျတော့တစ်မျိုးပါ ။ စာရွက်တစ်ရွက်မှာ အေ ကနေ ဇက် အထိရေးရပါတယ် ။ အိမ်လေးတွေလည်းဆွဲရပါတယ် ။ ပြီးရင်ရွတ်ရပါတယ် ။ သူရဲခေါ်ရတယ်ပြောတာပါပဲ ။ သစ်တော့မလုပ်တတ်ပါဘူး ။ တစ်ယောက်က လုပ်ပေးရတာပါ ။ ကိုယ်ကမေးသူပေါ့လေ ။ ကျပ်စေ့တစ်စေ့လိုပါတယ် ။ သူကတော့မိန်းပေါ့လေ ။ ကိုယ့်ဘ၀ရဲ့အိမ်ထောင်ဖက်နာမည်ကို မေးရတာပါ ။ ကျပ်စေ့လေးပေါ်မှာလက်ညှိုးလေးတင်ရုံတင်ထားရပါတယ် ။ ကိုယ်ကသူရွတ်ခိုင်းတာရွတ်ပြီးရင် ကျပ်စေ့လေးက အဲဒီအင်္ဂလိပ်စာလုံးတွေပေါ်သွားတယ်ပေါ့နော် ။ တစ်လုံးရောက်ရင် တစ်ခါရပ်သွားတယ်လေ ။ ကျပ်စေ့ရပ်တဲ့စာလုံးကို မှတ်ရပါတယ် ။ ပြီးရင်သူကဆက်သွားပါတယ် ။ ရပ်လိုက်သွားလိုက်နဲ့ နာမည်တစ်လုံးပြည့်ပြီဆို သူလုံးဝဆက်မသွားတော့ပါဘူး။ အဲဒီနာမည်က ကိုယ့်ဖူးစာရှင်ပေါ့နော် ။ ပြီးရင်သူရဲကိုပြန်ပို့ရတယ်တဲ့ မဟုတ်ရင် အိမ်အထိလိုက်လာတတ်တယ် ဆိုလားပဲ အခုတွေးကြည့်မှ တော်တော်ရူးတာသိတယ် ။ အဲဒီတုန်းကတော့ တကယ်ယုံမိပါတယ် ။ သေချာတာကတော့ ကျပ်စေ့ပြောတဲ့နာမည် လောကကြီးမှာလုံးဝမတွေ့သေးပါဘူး ။ သူငယ်ချင်းကြားမှာတောင် အဲလိုနာမည်မရှိပါဘူး ။ ဟားဟား ....။ နောက်တစ်ခုက မိန်းကလေးဆောင်မှာ ဖျာလိပ်နတ်သွားမေးတာပါ ။ ဖျာလိပ်ကလည်း သစ်သစ်ခေါင်းကိုရိုက်တာဆိုတာ ကြက်သီးတောင်ထမိပါတယ် ။ တကယ်တော့ ပထမနှစ်တစ်ခုလုံး ကျောင်းကောင်းကောင်းတောင် မတက်လိုက်ရပါဘူး ။ ကျောင်းသင်္ကြန်ကတော့ ၂လလောက်အလိုကတည်းက ရေစလောင်းပါတယ် ။ သင်္ကြန်မကျခင် စာမေးပွဲတွေဖြေရပါတယ် ။ CIVIL က EC ထက် ဘာသာနည်းတော့ စာမေးပွဲစောစောပြီးလေ့ရှိပါတယ် ။ ဒါပေမယ့် ကျောင်းကိုသွားပါသေးတယ် ကျောင်းကားကကျန်တဲ့မေဂျာတွေကို ပို့နေရသေးတယ်လေ ။ တစ်နှစ်ကတော့ မှတ်မှတ်ရရပါ ။ နောက်ဆုံးနေ့စာမေးပွဲခန်းထဲမှာ မရတဲ့ပုစ္ဆာကို စဉ်းစားနေဆဲ စောထွက်တဲ့သူတွေက ရေပက်နေကြပါပြီ မနေနိုင်တဲ့ ဒေါ်သစ်သစ်ဆက်မစဉ်းစားပဲ အဖြေလွှာအပ်ဖူးပါတယ် ။ အောင်ရင်ပြီးရောလေ အဲလိုရည်မှန်းချက်ကြီးတာပါ ။ ကြိုထွက်တဲ့သူငယ်ချင်းတွေက ရေခဲတွေဝယ်ကားပေါ်မှာ ရေပုံးတင်ပြီး ဒီကျောင်းကိုကားနဲ့ပတ်ပါတယ် လမ်းမှာတွေ့တဲ့သူကို ကားပေါ်ကနေရေလောင်းပါတယ် ။ အဆောင်တွေရှေ့ရောက်ရင်တော့သေပြီလေ တုံးနဲ့ပိတ်ပြီး ကားပေါ်ကသူတွေကို ရေလောင်း အိုးမဲသုတ်ပါတယ် ။ ရန်ကုန်ရောက်လို့ အိမ်ကိုလမ်းလျှောက်ဝင်ပြီဆို လမ်းထဲမှာကိုယ်ကရေတွေနဲ့လေ ရှက်ပါဘူး ...။ ဒီလိုနဲ့ပဲ ဒုတိယနှစ်ရောက်လာတယ်ပေါ့နော် ...။ .....ဆက်ရန် ။

ဆက်ဖတ်ချင်သေးရင်...

Friday, July 17, 2009

မကြည်ရှုပ်ထွေး ဒီနေ့လေး

စိတ်မကြည်တာ ၃ရက်လောက်ရှိပြီ တစ်စုံတစ်ယောက်က ကိုယ့်ကိုသတ်မှတ်ထားတဲ့ နေရာကိုသိလိုက်ရတာက တစ်ကြောင်း ၊ သူစိတ်မကောင်းအောင် ကိုယ်လုပ်မိတာက တစ်ကြောင်း ၊ ကိုယ့်ဘာသာလည်း ၀မ်းနည်းတာက တစ်ကြောင်း ဆိုတော့ သူ့ကိုတောင် မတောင်းပန်မိဘူး ဖြစ်သွားတယ် ။ ရိုင်းတယ်ဆိုတာ သိပေမယ့် ကိုယ်ကစပြီးမလုပ်ဖြစ်ခဲ့ဘူး ။ ဒီနေ့သူကစပြီးလာခေါ်တော့ ကိုယ်ဘယ်လောက် သူ့ကိုလွမ်းနေတယ်ဆိုတာ သိလိုက်ရတယ် ။ သူဟာကိုယ့်အတွက် ဘာကိုမှမပွင့်လင်းခဲ့ပါဘူး ။ ကိုယ်ကသာ အတတ်နိုင်ဆုံးနားလည်ပေး ထားတာပါ ။ သူ နဲ့ ပက်သက်ပြီး ကိုယ့်မှာရေးစရာခံစားချက်တွေ ပြည့်နေပေမယ့် ကိုယ်နဲ့ပက်သက်ရင် ကိုယ့်ဘလော့ကိုတောင် တစ်ခါမှမလာပါဘူး ။ ၀မ်းနည်းပေမယ့် မတောင်းဆိုမိဘူး ။ လာပါလို့လဲ မဖိတ်ခေါ်ခဲ့ဘူး။ ကိုယ်ဒါလုပ်နေတယ်ဆိုတာလေးပဲ ပြောဖြစ်ခဲ့တယ် ။ လာပါလို့တောင်းဆိုရမှာ ကိုယ်ရှက်နေမိတယ် ။ မထင်မှတ်ပဲစိတ်ညစ်ညစ်နဲ့ ဂူဂယ်လ်ထဲမှာလျှောက်မွှေနေတုန်း သူ့ကိုတွေ့လိုက်ရတယ် ။ ကြည့်စအချိန်မှာ ကိုယ်ရင်တွေအရမ်းခုန်နေတယ် အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ဖွင့်နေမိတယ် ။ သတိပြန်လည်လာတဲ့အချိန်မှာ ရုံးသွားဖို့အိပ်ယာထရမယ့် အချိန်ဖြစ်နေပြီလေ။ ဘုရားရေ ငါအိပ်ဖို့သတိမရနိုင်လောက်အောင် မင်းကိုယ့်ကိုလွှမ်းမိုးလွန်းတယ်ကွာ .... နဲနဲလောက်တော့အတွေးထဲက ထွက်ပေးစေချင်တယ် ။ မျက်ကွင်းတွေညိုနေလို့တဲ့ ရုံးကကိုယ့်ကို ပန်ဒါလေးလို့စကြတယ်လေ ။ ကိုယ်ကျေနပ်တယ် ညဘက်တွေကိုယ်အလုပ်ရှုပ်နေမိတယ် ။ တစ်ခုချင်းစီကို သေချာစွာဖတ်ပြီး ထပ်တူလိုက်ခံစားပေးနေတာလေ .....။ တချို့သောစာသားတွေက ကိုယ့်မျက်ရည်တွေကို ယူသွားတတ်သေးတယ် ။ ရင်ထဲကနင့်နေအောင် ခံစားရလို့ အားလုံးကိုနှစ်ခြိုက်နေမိတယ် ။ ဘာလို့သိချင်ရတာလဲတဲ့ မေးရက်လိုက်တာ ကိုယ်ချစ်တဲ့သူရဲ့ အကြောင်းကို သိချင်တာ အပြစ်ရှိလားဟင်...။ အော်ပြီးမေးလိုက်ချင်ပေမယ့် လက်တွေ့မှာကိုယ်မလုပ်ခဲ့ပါဘူး ။ အားလုံးကိုအဆင်ပြေအောင်ပဲ ပြောခဲ့တယ်။ နေတတ်ပါတယ်လို့လည်း ပြောခဲ့လိုက်တယ် ။ ပိုဆိုးလာတဲ့ ဝေဒနာကိုတကယ်တော့ ကိုယ်ပဲသိတယ် ချစ်သူ ။ မင်းပစ်ထားလဲဂရုမစိုက်တဲ့ပုံနေပြခဲ့တယ် တကယ်တော့ဆန့်ကျင်ဘက်ခံစားနေရတာ ကိုယ်အသိဆုံးပါ ။ အချိန်တိုင်းသတိရနေမိတော့ ကိုယ့်ဘာသာလည်း အမျိုးမျိုးလုပ်နေကြည့်တာပဲ တနည်းနည်းနဲ့တော့ အဆင်ပြေသွားမယ် ထင်ပါတယ် ။ စိတ်မပူနဲ့ချစ်သူ မင်းကိုကိုယ်နားလည်တယ် ။ မတည်မြဲတဲ့လောကကြီးမှာ ကိုယ်သေသွားလဲ မထူးပါဘူးကွာ...။ လူကလမ်းလျှောက်နေတယ် ဒါပေမယ့် မြောနေသလိုပဲ စိတ်မှာခံစားရတယ် ။ အာရုံတွေကို စုစည်းတယ် တစုံတခုကို နှစ်နှစ်ခြိုက်ခြိုက်လုပ်တတ်အောင် ကြိုးစားတယ် ။ ငါလေ ဘာလိုလိုနဲ့ မင်းနေသလို ဘောင်လေးထဲကို ရောက်နေပြီသိလား ဒါပေမယ့် ကျေနပ်မိပြန်တယ် ။ တကယ်တော့ငါဟာ ဘယ်တော့မှကံမကောင်းခဲ့တဲ့သူပဲ ဒီတခါလည်းသိပ်ပြီးတော့ ထူးပြီးခံစားမနေရဘူး ။ ဒါပေမယ့် လွမ်းဆွေးတဲ့ဒဏ်ကို ကိုယ်မခံနိုင်ဘူးချစ်သူ ။ ဘာပဲဖြစ်ဖြစ် ကိုယ်အိပ်ချင်ပြီကွာလို့ ပြောရင်တောင် နားထောင်ချင်မိတယ် ။ စာတွေဖတ်ရင် တစ်ခါတစ်လေ နှလုံးသားကို ဆုတ်ခြေနေသလို ခံစားရတယ် ။ ကိုယ်ဘာမှမတတ်နိုင်ခဲ့ပါဘူး သစ်သစ် နင်ဟာဒီလိုခံစားနေရမယ်လို့ပဲ ကိုယ့်ဘာသာခေါင်းထဲမှာ ထည့်ထားတယ် ။ ၀မ်းနည်းတယ် ကိုယ်ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရဘူး ကိုယ့်ကြောင့်မင်းသိက္ခာကျမှာ ကိုယ်သိပ်စိုးတယ် ။ မင်းအတွက်ကိုယ်ဟာ ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်တော့မင်းဟာ ကမ္ဘာဆိုရင်လည်း မမှားဘူး ။ ရင်မှာတင်းကြပ်လွန်းလို့ ရေးမိတာပါ ။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ...။

ဆက်ဖတ်ချင်သေးရင်...

ဖျက်လို့မရ သမိုင်းများ ၅

ဒီလိုနဲ့ ပထမနှစ်တက်ဆဲနေ့တစ်နေ့မှာ စောစောစီးစီးကျောင်းကင်တင်းမှာ အုပ်စုလိုက်ကြီးစားသောက်နေကြတုန်း အခုတော့ စစ်ဗိုလ်ဖြစ်သွားတဲ့သူငယ်ချင်းက စပြီးပြောပါတယ် ဆရာကြီးမင်းသိင်္ခဆီမှာ ဗေဒင်သွားမေးမယ်ပေါ့နော် ။ သူငယ်ချင်းကားနဲ့ပဲ သွားကြပါတယ် ။ ၁၀ယောက်ကျော်လောက်ရှိပါတယ် civil ကတော့ထုံးစံအတိုင်း ခိုင်ဇာ ၊ သစ် ၊ သီရိ ရယ်ပေါ့ ။ သီရိကနောက်တော့ ကားပိုင်ရှင်အီးစီက ကောင်လေးနဲ့ကြိုက်သွားတယ်ပေါ့နော် အခုတော့သားလေးတောင် တစ်ယောက်မွေးပြီးပြီပေါ့လေ ။ ကျန်တာအားလုံးကတော့ အီးစီကယောက်ျားလေးတွေကြီးပါပဲ ။ ကားကိုမှော်ဘီက ဆင်ကြီးနှစ်ကောင်နားမှာရပ်ပြီး လမ်းလျှောက်သွားကြပါတယ် ။ လယ်ကွင်းနားကပဲဖြတ်ပြီးတော့ပေါ့ ခြံရှေ့ရောက်တော့ ဆရာကြီးလို့ အကြိမ်ပေါင်းများစွာခေါ်ပါတယ် ။ ဘယ်သူမှထွက်မလာပါဘူး ။ ပါလာတဲ့သူငယ်ချင်းတွေကလည်း အသားကုန်ခေါ်ပါတယ် ဘယ်သူမှထွက်မလာပဲ ခွေးမဲမဲကြီးတစ်ကောင်ထွက်လာပါတယ် ။ ဘာမှထွက်မလာတော့စိတ်ဆိုးပြီးတစ်ယောက်က ခွေးကိုသွားစပါတယ် အာလားလား ခွေးလိုက်လို့ အုပ်စုလိုက်ပြေးကြတာ ၀ရုန်းသုန်းကားပါပဲ အဲဒီအချိန်မှာ ဆရာကြီးက ကားမောင်းပြီးသူ့လမ်းအတိုင်းဝင်လာပါတယ် ။ ဆရာကြီးမှော်ဘီဈေးကပြန်လာတယ်ထင်ပါတယ် ။ ခွေးကြီးကိုခေါ်သွားတော့မှ သက်ပြင်းချနိုင်တာ ဖိနပ်ပြတ်တဲ့သူက ပြတ် ၊ ချော်လဲတဲ့သူကလဲနဲ့ အခုပြန်တွေးရင် အခုရီချင်ပါတယ် ။ ပထမ၄ချိန်လုံး မတက်တော့တာဆိုတော့ ဘယ်သွားရမှန်းမသိလို့ မှော်ဘီကွေ့နားက ဘုရားမှာတစ်မနက်လုံးထိုင်နေခဲ့ကြတာ အမှတ်တရပါ ။ နောက်တစ်ခါကျတော့ ကျောင်းရှေ့က ထမင်းရောင်းတဲ့ဆိုင်မှာ အနောက်ဘက်မှာ ခြင်ထောင်ချပြီးဖဲရိုက်ကြတာပါ ။ ဒီသူငယ်ချင်းတွေပါပဲ ချွေးတွေကကျ ဖဲကရှုံး အဲဒီချိန်မှာ ဆရာမကြီးလာဖမ်းလို့ ခြင်ထောင်ထဲမှာအသံတောင် မထွက်ရဲကြပါဘူး ။ နောက်တစ်ခေါက်ကျတော့ သီဟိုဌ်တောမှာ ဖဲသွားရိုက်တာပါ ။ သစ်တို့မိန်းကလေးတွေက ဘောပင်၆ချောင်းနဲ့ ဗေဒင်တွက်ကြတာပါ ။ တစ်ယောက်ကို၃ချောင်းကိုင်ရပါတယ် ။ ပြီးရင်နှစ်ဖက်ကိုတေ့ပြီး မေးချင်တာမေးကြပါတယ် ။ ၃ကြိမ်စီမေးပေါ့နော် မေးခွန်းတစ်ခုကိုလေ သူလုပ်ပြတာတူတယ်ဆိုရင် မှန်တယ်ပေါ့နော် ။ ဥပမာကွာ ဘောပင်ကို ကန့်လန့်တစ်ခုထား ကျန်၂ချောင်းကို ကန့်လန့်ဘောပင်ရဲ့ ထိပ် နဲ့ ဖင်ဘက်မှာ ထောင့်မှန်ဆက်ပြီး ကိုင်ရပါတယ် ။ နောက်တစ်ယောက်လည်း ဒီလိုပဲကိုင်ရပါတယ် ။ ပြီးရင် သူ့ဘက်ကထောင့်မှန် နဲ့ ကိုယ့်ဘက်ကထောင့်မှန် ဘောပင်ကိုတေ့ပြီးဆက်ရပါတယ် ။ လက်ကို၂ယောက်လုံး ငြိမ်ငြိမ်ထားပေါ့နော် ။ ရွတ်စရာရှိတာရွတ် ခေါ်စရာရှိတာခေါ်ပြီးရင် စမေးလို့ရပါတယ် ။ စာမေးပွဲအောင်မယ်ဆိုရင် မြှားပုံလုပ်ပြပါဆိုရင် ဘောပင်၎ချောင်းက လားရာတစ်ခုဘက်ကို ချွန်ထွက်ပြပါတယ် ။ ခုံးပြပါဆို အပေါ်ကိုတက်လာပါတယ် ။ မေးခွန်းတစ်ခုကို ၃ကြိမ်မေးလို့ပြတာတူရင် မှန်တယ်ပေါ့နော် ။ ဖဲရိုက်တဲ့သူကရိုက် ဗေဒင်မေးတဲ့သူကမေးနဲ့ ၀ါသနာပါရာလှုပ်၇ှားနေကြတာလဲ အမှတ်တရပါပဲ။ နောက်ပို့စ်ကျရင် ကျပ်စိဗေဒင် နဲ့ ဖျာလိပ်နတ် အကြောင်းပြောပြမယ်နော် ။ .....ဆက်ရန်။

ဆက်ဖတ်ချင်သေးရင်...

Thursday, July 16, 2009

ဖျက်လို့မရ သမိုင်းများ ၎

နောက်နေ့က ကျောင်းကားလိုက်စောင့်ပေးတဲ့ အိမ်ကအကူကောင်မလေးကို အရင်လမ်းထိပ်ကို သွားခိုင်းလိုက်တယ် ။ ကိုယ်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီး နောက်ကလိုက်သွားတယ်လေ ။ အမေမေးရင် သူလွယ်အိတ် နဲ့ ထမင်းချိုင့် ယူသွားပြီလို့ပြောမယ်ပေါ့နော် ။ သစ် လည်တယ်ဟုတ် .....။ ကျောင်းကားပေါ်ရောက်တော့ မလိုက်တဲ့သူတွေက ပျော်နိုင်သလောက် သွားထားတဲ့သူတွေက အသံတောင်မထွက်ပါဘူး ။ ဒီလိုနဲ့ထောက်ကြံ့ကျော်တော့ တိုးဂိတ်တစ်ခုရှိပါတယ် ။ ကျောင်းကဆရာ ဦးသက်ဦးရယ် ၊ နောက်ဆရာတစ်ယောက်ရယ်က ငါတို့လိုက်မယ်ဆိုပြီး ကားပေါ်တက်လာပါတယ် ။ အားလုံးကတော့ ဆရာတွေကားကြုံလိုက်တယ်ပေါ့နော် ။ ကျောင်းထိပ်ကိုရောက်ရင် ကျောင်းသားတော်တော်များများက ကင်တင်းကိုသွားပါတယ် ။ အဆောင်တွေနားထိမလိုက်ဘူးပေါ့နော် ။ သူငယ်ချင်းကလည်း ကားကိုရပ်ရော ဆရာဦးသက်ဦးက ပြောပါတယ် ဘယ်သူမှကားပေါ်က မဆင်းရပါဘူးတဲ့ ကျောင်းရုံးခန်းကိုဆက်မောင်းပါတဲ့ ....။ သစ် နဲ့ ခိုင်ဇာ မျက်နှာမှာသွေးမရှိတော့ပါဘူး သစ်တို့ရဲ့ လွယ်အိတ်ကရောက်နေတော့ ငြင်းလို့လုံးဝမရဘူးပေါ့နော်။ နှစ်ယောက်သား တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားကြပါသေးတယ် ။ ရုံးခန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အားလုံးကိုတန်းစီခိုင်းပါတယ် ။ မနေ့ကသွားတာဘယ်သူတွေပါလဲလို့ဆိုတော့ ယောက်ျားလေးများက ကျွန်တော်တို့ပါပဲလို့ ပြောလိုက်ပေမယ့်လည်း သစ် နှင့် ခိုင်ဇာ က ရုံးခန်းထဲမှာ မျက်စိနဲ့ကိုယ့်လွယ်အိတ်ကို လိုက်ရှာနေပါတယ် ။ မပါတဲ့သူတွေကိုယ့်အတန်းကိုယ်သွားဆိုတော့ နှစ်ယောက်သားက ဘာမှမပါဘူးလေ ။ အူလည်လည်နဲ့ စာသင်ခန်းကိုဝင်လာပါတယ် ။ လွယ်အိတ် နဲ့ ထမင်းချိုင့်က အခန့်သားလေ မနေ့ကျန်ခဲ့တာတော့ လုံးဝမဖြစ်နိုင်ဘူးလေ ညနေဘက်မှာလည်း အီးဗီနီးတန်းရှိသေးတယ်ဆိုတော့ ကြောင်တောင်တောင်ပေါ့နော် ။ ဘယ်သူ့ကိုမေးရမလဲမသိဘူးလေ ပြီးတော့ဒီအချိန်သင်တဲ့ ဆရာမကလည်း အပေါက်ဆိုးစာမေးတဲ့ ဆရာမဆိုတော့ ၂ယောက်သားငြိမ်နေကြတာပေါ့နော် ။ ပြီးတော့မှ အေးမြကိုမေးတော့ သူမနေ့က လွယ်အိတ်အားလုံးကျောင်းလွှတ်တော့ ကျောင်းရှေ့အဆောင်က သူငယ်ချင်းဆီမှာ အပ်ပေးသွားကြောင်း ထမင်းဗူးကိုတော့ယူပြီး ဒီမနက်နင်တို့အတွက် ထည့်လာပေးကြောင်းပြောပါတယ် ။ အဲဒီတော့မှ နှစ်ယောက်သားရီမောနိုင်တော့တာပါ ။ နောက်အပိုင်းကျရင် မင်းသိင်္ခခြံမှာ ဟိုကောင်တွေနဲ့ ဗေဒင်သွားမေးတာ လယ်ကွင်းထဲဖြတ်ပြေးတဲ့ အကြောင်းရေးမယ်နော်....။ ဆက်ရန်။  

ဆက်ဖတ်ချင်သေးရင်...

ဖျက်လို့မရ သမိုင်းများ ၃

ပထမနှစ်က သစ်တို့ရဲ့ကျောင်းပြေးပုံလေးတွေကို ပြောပြချင်တယ် ။ သစ် ရယ် ၊ ခိုင်ဇာ ရယ် ကတော့ အဆိုးဆုံးပါပဲ ။ အင်ဖော်မယ်လ် စာမေးပွဲရှိတာတောင် ရုပ်ရှင်သွားကြည့်ပါတယ် ။ သမ္မတရုံမှာ ကြည့်နေရင်း နှစ်ယောက်သားပြောဖြစ်ပါတယ် ဒီအချိန်ဆို ဟိုကောင်တွေစာမေးပွဲ ဖြေနေတယ်ပေါ့လေ ဆိုပြီး ရီကြသေးတယ်လေ ။ မိုက်တာကကိုယ် ရီတော့သူများကိုလေ ။ လှော်ကားဥယျာဉ်ထဲမှာဆို ရောက်လွန်းလို့ ကြည့်စရာမရှိတော့ စာထိုင်လုပ်တတ်ပါသေးတယ် ။ ကျောင်းဆင်းချိန်မှန်းပြီး ပြန်လာကြတာလေ ။ ပဲခူးဘုရားစုံကတော့ ခဏခဏကိုဖူးပါတယ် ။ ဘုရားကြီးအကျော်က နတ်ကိုးကွယ်တဲ့သူတွေသွားတဲ့ တောင်ကိုလည်း ရောက်ဖူးပါတယ် ။ နာမည်လုံးဝမမှတ်မိတော့ပါဘူး ။ သစ်တို့ကျောင်းကကျောင်းအုပ်ဆရာကြီးက အထက်တန်းကျောင်းပုံစံ အုပ်ချုပ်ပါတယ် ။ သစ်တို့ကျောင်းလေးက လယ်ကွက်တွေကြားမှာ ဆိုတော့ ဟင်းလင်းပြင်ကြီးပေါ့ အနောက်မှာတော့ သီဟိုဌ်တောဆိုတာ ရှိပါတယ် ။ ဖဲရိုက်လို့ကောင်းတဲ့နေရာပေါ့နော် ။ သစ်တို့ဘာသာဆိုသိပ်မသိပေမယ့် ယောက်ျားလေးသူငယ်ချင်းများတော့ အားလုံးလိုလိုရောက်ဖူးပါတယ် ။တစ်နေ့နေ့လည် ထမင်းစားပြီးတော့ အခန်းထဲမှာစာသင်မလို့ ဆရာမစောင့်နေတုန်း အီးစီက သူငယ်ချင်းကလာခေါ်ပါတယ် ။ တိုက်ကြီးက သူ့အဒေါ်ရွာကိုသွားမယ်တဲ့ ထမင်းစားချိန်ကမခေါ်ပဲ ကျောင်းတက်တော့မှ ခေါ်တော့ လွယ်အိတ် နှင့် ထမင်းချိုင့်က ထုတ်ရခက်သွားပြီလေ ။ သူတို့က ကျောင်းဆင်းချိန်အမှီပြန်လာမယ် အဲဒါတွေထားခဲ့ဆိုတော့ ခိုင်ဇာနဲ့ နှစ်ယောက်သား အိမ်သာဆိုပြီးထွက်လာပါတယ် ။ ကျောင်းတံခါးကလည်း ပိတ်ပြီဆိုတော့ ကျောင်းနောက်ပေါက်တံခါးအောက်က ခိုးထွက်မယ်ဆိုပြီး လာခေါ်တဲ့သူငယ်ချင်းနောက်ကို လိုက်လာပါတယ် ။ ထမင်းစားတက်ချိန်ဆိုတော့ ကျောင်းကလူအရမ်းရှင်းနေပါတယ် ။ တံခါးဆီရောက်ဖို့က ကွင်းပြင်ကိုဖြတ်ရမှာပါ ။ နှစ်ထပ်ကျောင်းဆောင်ကကြည့်ရင် လယ်ကွင်းကိုလည်း အရှင်းကြီးမြင်ရပါတယ် ။ နေကလည်းကြဲကြဲတောက်တောက်ကြီးကိုပူနေပါတယ်။ဘယ်လိုသွားတယ်လို့ထင်ပါသလဲ .....။ နွားကျောင်းသားတစ်ယောက်ရဲ့နွားအုပ်ကိုကွယ်ပြီး မကြောက်မရွံ့ သွားတာလေ ...ဟိဟိ ။ နွားလည်ပင်းမနင်းတာကံကောင်း...ဟဟ ။ နောက်တော့တိုက်ကြီးရောက်သွားတယ်ပေါ့နော် ။ ဒါပေမယ့် ရွာက ဥတိုအပန်းဖြေစခန်းသွားတဲ့ လမ်းကနေနောက်၁နာရီလောက် ထပ်ဝင်ရပါတယ် ။ ဒီလိုနဲ့ရွာကိုရောက်တော့ နောက်ကျနေပြီပေါ့လေ ။ ချောင်းဘေးနားကရွာလေးကတော်တော်ကို ပျော်စရာကောင်းပါတယ် ။ ယောက်ျားလေးများအားလုံးက ချောင်းမှာရေကူးကြပါတယ် ။ မိန်းကလေးတွေက အဲဒီအဒေါ်နဲ့အတူ ထမင်း၊ ဟင်းတွေချက်ကြပါတယ် ။ မှတ်မိပါသေးတယ် ခြံထဲမှာ ၃လုံးတစ်တောင် သရက်သီးပင်တွေအများကြီးပဲလေ ။ ကြိုက်သလောက်ခူးစားလို့ရပါတယ် ။ အိမ်ရှင်အဒေါ်က သစ်တို့စားဖို့ ကြက်တစ်ကောင်သတ်လိုက်ပါတယ် ။ မြင်သားကြားသားမစားတဲ့ ချောစုဆိုတဲ့ သူငယ်ချင်း ဒုက္ခရောက်ပါတော့တယ် ။ စားလို့ရဘူးလေ ။ နောက်ပြန်လာကြတယ်ဆိုပါတော့လေ အဲဒီမှာစတာပဲပေါ့ လမ်းမှာတပ်မတော်သားတွေက တံတားပြင်နေလို့ ကားပေးမဖြတ်ပါဘူး ။ လူပဲဖြတ်လို့ရပါတယ် ။ ဟိုးတိုက်ကြီးလမ်းမပေါ်ရောက်ဖို့ကလည်း တော်တော်ဝေးပါတယ် ။ ဒါနဲ့ကျောင်းသားတွေပါ ကျောင်းချိန်အမှီပြန်ရမှာပါ ဘာညာဆိုတော့ ဗိုလ်မှူးက ကျောင်းကိုဖုန်းဆက်ပါတယ် ။ ဒီကျောင်းသားတွေက အဲဒီကဟုတ်လားပေါ့နော် ။ ဟိုကဟုတ်တယ်ဆိုမှ ဖြတ်ခွင့်ပေးပါတယ် ။ ကျောင်းရောက်တော့မ၀င်ရဲတော့ပဲ ၇န်ကုန်ကိုဒါရိုက်မောင်းပြီးပြန်လာခဲ့တာ သစ် နှင့် ခိုင်ဇာမှာ လွယ်အိတ် ၊ ထမင်းဘူး မပါပဲအိမ်ပြန်ခဲ့ရပါတယ် ။ အိမ်ရောက်တော့လည်း လိမ်ကြတာပေါ့လေ ။ နှစ်ယောက်သားတစ်ညလုံးအိပ်မပျော်ပါဘူး ။ လွယ်အိတ်တွေ ရုံးခန်းရောက်ပြီဆိုပြီးတော့လေ ။ ........ဆက်ရန် ။

ဆက်ဖတ်ချင်သေးရင်...

သံစဉ်တစ်ချို့

မင်းမမြင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ
မင်းအတွက် သံစဉ်တွေနဲ့
မင်းမထင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ
မင်းအတွက် ကာရံတွေနဲ့
အခုတော့လည်း မင်းမသိအောင်ပဲ
ငိုကြွေးနေတာလဲ ဒီကောင်မလေးပါပဲ
ချစ်သူ တနေ့ဆိုတဲ့ ၀ဲဂယက်မှာ
လည်ပတ်နေတာလဲ သူလေးပါပဲ

ဆက်ဖတ်ချင်သေးရင်...

ဖျက်လို့မရ သမိုင်းများ ၂

ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ တွေ့ပြီးစကားလက်ဆုံပြောမကုန်ပါဘူး ။ အားလုံးကရွယ်တူတွေ ဆိုတော့လဲ ပျော်စရာတကယ်ကောင်းပါတယ် ။ နောက်နေ့ကျတော့ ခိုင်ဇာကျောင်းစတက်ပါတယ် ။ ရှေ့ဆုံးတန်းမှာ ခိုင်ဇာ ၊ သစ် ၊ အေးမြ နဲ့ ပန်းအိဖြူဆိုတဲ့ ကောင်မလေး ၄ယောက်ထိုင်ပါတယ် ။ ဒုတိယတန်းမှာတော့ သီရိ ၊ ဇင်မာ နောက်လူတွေမသိတော့ပါဘူး ။ သေချာတာကတော့ အင်းစိန် ၁ က သူတွေချည်းပါပဲ ။ ကျောင်းတက်ဖို့ ကျောင်းကားစီးဖို့ တိုင်ပင်ကြတော့ သစ်တို့တစ်အိမ်ကျော်က ခင်ခင်ဦးက ပြောပါတယ် သူအီးစီကကောင်မလေး အဖေ လုပ်တဲ့ကျောင်းကားစီးတယ်တဲ့ နင်စီးမလားတဲ့ သစ်ကလည်း စီးမယ်ပေါ့နော် ။ သစ်တို့ကျောင်းကားက သိပ်ပျော်စရာကောင်းပါတယ် ။ မိန်းကလေး ၈ယောက်စီးတာပါ ။ အားလုံးက civil ကပါပဲ ကျောင်းကားပိုင်ရှင်ကောင်မလေးကသာ အီးစီကပါ ။ အဲဒီကားလေးက သစ်တို့ကို အရင်ကြိုပါတယ် ။ နောက်မှအခြားသူတွေကိုဆက်ကြိုတာပါ ။ မိန်းကလေးတွေဆိုတော့လည်း ပေါက်ပေါက်ဖောက်သလိုပါပဲလေ ။ တနေ့တနေ့ ပြောစရာမကုန်နိုင်ပါဘူး ။ အင်းစိန်ကဆွဲတဲ့ ကိုကောက်ဆိုတဲ့ ဟိုင်းလတ်တစ်စီးလည်း ရှိပါသေးတယ် ။ သူတို့ကားကတော့ မေဂျာစုံကပါ ။ ယောက်ျားလေးလည်းများပါတယ် ။ ဟိုင်းလတ်ဆိုတော့ မြန်မြန်လည်းမောင်းပါတယ် ။ အဲဒီကားကတော့ သစ်တို့လမ်းထိပ်ကဖြတ်တယ်ပေါ့နော် ။ သစ်မစီးပါဘူး ။ လူငယ်တွေမောင်းတာဆိုတော့ အဖေကစိတ်မချလို့ပါ ။ သစ်စီးတဲ့ကားက သစ်သူငယ်ချင်းအဖေကိုယ်တိုင် မောင်းတာပါ ။ ပထမနှစ်တစ်နှစ်ထဲ အဲဒီကျောင်းကားစီးတာပါ ။ နောက်နှစ်ကျတော့ သစ်သစ်တစ်ယောက်လူရည်လည်သွားပါပြီ ။ သူငယ်ချင်းမောင်းတဲ့ ကျောင်းကားကိုပြောင်းစီးပါတယ် ။ ပျက်စီးခြင်းရဲ့လမ်းစလို့ပြောရင်လည်း မှားမယ်မထင်ပါဘူးကွယ် ။ ကျောင်းစတက်စက ဒီလောက်မဟုတ်ပေမယ့် အပေါင်းအသင်းများလာတော့ လမ်းတွေများလာပါတယ် ။ အီးစီက သစ်သူငယ်ချင်းကောင်လေးက ကျောင်းကိုကားယူလာတော့ သစ်တို့အုပ်စု မျောက်အုန်းသီး ရသလိုပါပဲလေ ။ နေ့လည်း ကျောင်းထမင်းစားချိန်ကို လှော်ကားမှာသွားစားပါတယ် လမ်းကြောင်းရှာတာလေ ။ လှော်ကား ၊ ပဲခူးကတော့ အခေါက်ပေါင်း မရေနိုင်ပါဘူး ။ အမြဲတမ်းဘယ်သွားရမလဲပဲ စဉ်းစားနေတာပါ ။ သူငယ်ချင်းယောက်ျားလေးတွေကတော့ အီးစီကများပါတယ် ။ တကယ်ကိုသတိရပါတယ် ။ အားလုံးက ကျောင်းပေါင်းစုံကလာပြီး အဆိုးတွေစုနေတာလေ ။ အိမ်ရောက်ရင် ပင်ပန်းလွန်းလို့ စားပြီးတာနဲ့အိပ်ပဲလေ ။ စာဆိုစာမေးပွဲနီးမှ ကျက်တာလေ ဟိုဟာလေးဆွဲ ဒီဟာလေးကူးနဲ့ပေါ့ ။ သင်တဲ့ဆရာတွေကတော့ တကယ့်ကိုဝါရင့်ဆရာတွေပါ။ တကယ်တော်ပါတယ် ။ ပထမနှစ်မှာ လေခြင်းရဲ့ရလာဒ်ကတော့ လူပေါင်း၂၀၀ကျော်မှာ သစ် ၁၉၃ နဲ့အောင်ခဲ့ပါတယ် ။ နောက်နှစ်လည်း စီခန်းပါပဲကွယ် ..... ဟဟ ။......ဆက်ရန် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, July 15, 2009

မထိန်းသိမ်းနိုင်ခဲ့တဲ့စကားလုံးများ

မင်းထားခဲ့တဲ့ ကိုယ့်နေရာ
သိတဲ့ခိုက်မှာ မှောင်မိုက်သွား
ရှောင်စရာမလို လှောင်စရာမလို
ထွက်သွားပေးမှာ အသံတိတ်ပါ
မဆုံချင်တော့ဘူး မသိချင်တော့ဘူး
ရင်ထဲမှာ ကြေကွဲငိုကြွေးရင်း
ထားခဲ့ပါရစေ ပြတ်သားခဲ့ပါရစေ
ထွက်သွားခြင်းကို ခွင့်ပြုပါလေ
မရှာပါနဲ့ မခေါ်ပါနဲ့
မင်းတွေ့ဖူးသူတွေနဲ့ မတူလို့ပါ
ငါသေပြီလို့ မင်းရင်တွင်းမှာ
မှတ်ထားလိုက်ပါ ထိုသူရာ
ပတ်သက်ဆက်နွယ်ခဲ့တဲ့ချိန်တိုင်း
နောင်တတွေလို မမှတ်ယူလို
မင်းဟာငါ့ရဲ့သူရဲကောင်းပါ
ပျော်နေတာပဲ မြင်ချင်သလို
မော်နေသူမြဲ ဖြစ်နိုင်ပါစေ
တောင်းဆုခြွေရင်း နှုတ်ဆက်ထွက်ခွာ
သင်နဲ့ဝေးရာ နောက်ဆုံးပြောချင်
တစ်ခွန်းထဲပါ မင်းကိုသိပ်.....တယ်

ဆက်ဖတ်ချင်သေးရင်...

ဖျက်လို့မရ သမိုင်းများ

သစ် ဒီနေ့ ဂျီတော့မှာ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပြန်လည်ဆက်သွယ်မိပါတယ် ။ သူလည်းကျောင်းကိုလွမ်းသလို သစ်လဲအရမ်းလွမ်းပါတယ် ။ ကျောင်းတက်စ ပထမနှစ်ကိုပိုလွမ်းပါတယ် ။ ဘယ်သူတွေလျှောက်လို့ ဘယ်သူတွေတက်ခွင့်ရလည်း မသိပေမယ့် ပထမဆုံးကျောင်းသွားအပ်တဲ့နေ့ကို မှတ်မိပါတယ် ။ ကျောင်းကထုတ်ပေးလိုက်တဲ့ တီစကွဲယားကို မကိုင်ချင်လို့ သစ်အမကို ကိုင်ခိုင်းခဲ့တာပါ ။ တက္ကသိုလ်ဝင်ခွင့်တွေ ဘယ်တော့ခေါ်မလဲမသိသေးတဲ့ သစ်ကို သစ်အဖေက အိမ်မှာထားရတာ မျက်စိနောက်ပုံပေါ်ပါတယ် ။ အဖေကိုယ်တိုင်ပဲ ဖောင်သွားဝယ်ပြီး မေဂျာတွေဖြည့်ကာ လျှောက်ခဲ့ပါတယ် ။ ကိုယ်ကတော့အေးဆေးပေါ့ ဟိုသင်တန်းတက်မလိုလို ဒီသင်တန်းတက်မလိုလိုပေါ့လေ....ရှက်လိုက်ထှာ ။ အစ်ကိုတွေကတစ်မျိုး အမေကတမျိုးနဲ့ တကယ်တော့ ဘာသင်တန်းမှကို မတက်ဖြစ်ခဲ့ပါဘူး ။ လိုင်းကားစီးတာစိတ်မချဘူးတဲ့လေ သူတို့က ..။ စိတ်မချချင်စရာပါပဲလေ တစ်ခါအဖေက ဆူးလေကနေ အဲယားကွန်းဘတ်စ်ပေါ်တင်ပေးလိုက်တာ ဂိတ်ဆုံးလို့စပယ်ယာနှိုးမှ နိုးပါတယ် ....ဟဟ ။ ကျောင်းတက်ရမယ်တဲ့ မှော်ဘီမှာတဲ့ ၀င်ခွင့်စာလေးရောက်လာတယ် ။ စိတ်ညစ်လိုက်တာ ဘယ်လိုများသွားရမလဲပေါ့လေ ။ အဆောင်ကလည်း မနေချင်ဘူးလေ ။ ရပ်ကွက်ထဲကဘယ်သူတွေ တက်ခွင့်ရလဲဆိုတာလည်း မသိပေါ့နော် ။ ကျောင်းသွားအပ်တော့မှ အားပါးပါး အင်းစိန် ၁ က သူတွေအများကြီးပဲတွေ့လိုက်ရတယ် ။ အထက်တန်းတုန်းက တွဲတဲ့သူငယ်ချင်း ခိုင်ဇာကိုပါတွေ့လိုက်ရတယ်။ ဘယ်အခန်းလဲမေးတော့ သူလည်း စီခန်းတဲ့ အတူတူပဲပေါ့နော် ။ တက်မယ်လို့သာပြောရတာ တကယ်တန်းတော့ အဲဒီအချိန်ထိ ကျောင်းမတက်ချင်သေးဘူး ။ အိမ်မှာရောဘာလုပ်တယ်ထင်လဲ သစ်တို့အိမ်နားမှာ ပန်းမြိုင်လယ် ဆိုတဲ့စာအုပ်ဆိုင်ကြီးရှိပါတယ် ။ သစ်၂တန်းလောက်ကတည်းက စဖွင့်တဲ့ဆိုင်ဆိုတော့ စာအုပ်တွေကအရမ်းစုံပါတယ် ။ သစ်သိပ်သဘောကျတဲ့ဆိုင်ပေါ့ ။ သစ်ဒီဇင်ဘာပြန်တုန်းကတောင် သွားငှားဖတ်သေးတာနော် ။ ဟိုးတုန်းကစာအုပ်တွေ တော်တော်ကိုများပါတယ် ။ ကျောင်းတက်တဲ့တလျှောက်လည်း ကျောင်းကားပေါ်မှာဖတ်ဖို့ နေ့စဉ်စာအုပ်ငှားပါတယ် ။ စတက်တဲ့နေ့ပေါ့ ကျောင်းရောက်တာနောက်ကျပါတယ် ။ အခန်းထဲမှာ ဘယ်သူမှမရှိပါဘူး ။ သစ်သစ်တို့က ရှေ့ဆုံးတန်းမှာ နေရာဦးတာနော် ဟဟ တတိယနှစ်လောက်ရောက်တော့ နောက်ဆုံးတန်းကိုကြိုက်လာပါတယ်.....း) ။ သစ်ရောက်ပြီး ကြာပါဘူး အေးမြဆိုတဲ့ ကောင်မလေးရောက်လာ ပါတယ် ။ ၂ယောက်သားကဘာလို့လဲပေါ့နော် တစ်ယောက်မှလည်းမရှိဘူး ဆိုတော့ အေးမြမေမေက ဘီခန်းက ဆရာမကိုသွားမေးတော့ သစ်တို့အတန်းက ပထမလေးချိန် workshop လို့ပြောတော့ သစ်တို့တက်ရမယ့် အဆောင်ကိုရှာပါတယ် ။ ဟိုရောက်တော့လူတွေက အများကြီးလေ နှစ်ယောက်သားမ၀င်ရဲပါဘူး ။ အ၀လေးမှာရပ်လို့ပေါ့နော် ။ ဆရာကလှမ်းခေါ်တော့မှ ၀င်တာပါ ။ အခန်းထဲလဲရောက်ရော တစ်ဝက်ကျော်လောက်က အင်းစိန် ၁ ရဲ့ ပရိတ်သတ်တွေပါ ။ တော်တော်ကိုပျော်သွားပါတယ် ။ .......ဆက်မယ်နော်။

ဆက်ဖတ်ချင်သေးရင်...

Tuesday, July 14, 2009

သူ့ရဲ့ဟီးရိုး

သစ်မှာချစ်ရတဲ့ တူတွေ တူမလေးတွေ ရှိပါတယ် ။ အကြီးဆုံး တူမလေးအကြောင်းကို ပြောချင်ပါတယ် ။ သစ်က သူ့ဘ၀ရဲ့ဟီးရိုးပါ ။ အရာအားလုံးကို သစ်ငယ်စဉ်က လုပ်ခဲ့သလိုပဲ လိုက်လုပ်လေ့ရှိပါတယ် ။ သူကတစ်ခါတစ်လေ သစ်ကိုစကားထူးထူးဆန်းဆန်းတွေလည်း မေးလေ့ရှိပါတယ် ။ တီတီလေး ငယ်စဉ်က စာကျက်လို့အိပ်ငိုက်ရင် ဘယ်လိုလုပ်လဲ ။ တောမှာမွေး တောမှာကြီးတော့ ရန်ကုန်က သူတို့အတွက်လည်း စိမ်းပါတယ် ။ ရှောပင်းမောလ်ကိုခေါ်သွားလို့ကတော့ သစ်အကျီ င်္ကိုမလွှတ်ပါဘူး ။ ကိုယ်ကလည်း သူတို့ကိုတိုးတက်ချင်စိတ်များတော့ နွေရာသီ ၂လ လာရင်ကို ပို့လိုက်ရတဲ့သင်တန်းက မနည်းပါဘူး ။ တကယ်တော့သူတက်ချင်တာ ဒီသင်တန်းတွေမဟုတ်ပါဘူး ။ သစ်အိပ်ခန်းထဲက သစ်စာအုပ်တွေ ကို သူမွှေချင်တာပါ ။ နောက်ဆုံး သစ် စလုံးကို ထွက်လာတော့ သူသစ်ဆီကိုစာရေးပါတယ် ။ သစ်အခန်းထဲက ပိုင်ဆိုင်သမျှတွေ သူ မ သွားပါရစေတဲ့ ။ သစ်ကဆိုးပါတယ် ကိုယ် စလုံး ကိုထွက်လာတော့ သစ်အခန်းကို သော့ခတ်ခဲ့တာနော် ။ သော့ကိုလည်း ဒီကိုယူလာသေးတာ ...ဟဟ ။ အဖေဆီမှာတော့ သော့ပိုထားပါတယ် ။ သူတို့နွေရာသီလာတော့ သစ်အခန်းကိုဝင်လို့မရပါဘူး ။ သူအရမ်းစိတ်ညစ်သွားတယ်လေ သူစဉ်းစားထားတာက ဒီနှစ်သွားရင် တီတီလေးမရှိဘူး ငါတော့အပိုင်ပဲ စာအုပ်တွေစိတ်ကြိုက်ဖတ်လို့ရပြီ ဆိုပြီးတော့ ကြုံးဝါးထားတာလေ ။ ရောက်လာတော့ သော့ကဆီးကြိုနေတော့ သစ်ဆီကို ဖုန်းဆက်ပါတယ် ။ သူဒီအခန်းကို ၀င်ပါရစေပေါ့နော်။ သစ်ကလည်း ဘာလို့ဝင်ချင်တာလဲလို့ဆိုတော့ သစ်စာအုပ်တွေသူဖတ်ချင်တာပါတဲ့..။ သစ်လည်းခွင့်ပြုလိုက်ပါတယ် ။ မနှစ်က ရန်ကုန်ခနပြန်တော့ သစ်စာကြည့်စားပွဲမှာ သူစာတစ်စောင်ရေးသွားပါတယ် ။ သူလိုချင်တဲ့စာအုပ်များစာရင်းပါ ။ သူရိုရိုသေသေကိုင်ပါ့မယ်လို့လဲ ရေးထားပါသေးတယ် ။ သစ်ဆီမှာ ဒစ်ရှင်နရီစာအုပ် ၅အုပ်ရှိပါတယ် ။ အဲဒီထဲက သူလိုချင်တာလေးကိုလဲ ရေးသွားပါသေးတယ် ။ သူက မောင်နှမတွေမှာ အကြီးဆုံး ဒါပေမယ့်အရမ်းကို သိတတ်ပါတယ် ။ လိုချင်တာကိုလည်း ပွင့်ပွင့်လင်းလင်း လုံးဝမပြောပါဘူး ။ တကယ်တော့သူက အခုမှ ၉တန်းကျောင်းသူပါ ။ သစ်က သတိရလို့ သူတို့မြို့ကို ဖုန်းခေါ်ရင် သူက တီတီလေးနေကောင်းလားလို့ မေးပြီးတာနဲ့ ရင်ထဲမှာရှိတာတွေ မေးတော့တာပါပဲ ။ သမိုင်းကို မမေ့အောင်ဘယ်လိုကျက်ရမလဲတို့ ၊ သိပ္ပံတွဲယူပြီးလို့ တီတီလေးလို မဖြစ်လာရင် ဆူမှာလားတို့ အစုံပါပဲ ။ ရန်ကုန်ပြန်တုန်းက သူတို့မြို့ကို သစ်သွားလည်ပါသေးတယ် ။ သူအခန်းကိုရောက်တဲ့အခါ သစ်တော်တော်ကို အံ့သြသွားပါတယ် ။ တီတီလေးလို ဖြစ်ရမယ်လို့ တခန်းလုံးကပ်ထားတာကို သစ်တွေ့လိုက်တော့ သစ်တာဝန်တွေတော်တော်ကြီးသွားပါတယ် ။ သစ်သူ့နဲ့အတူ ၃ရက်နေခဲ့ပါတယ် ။ မေးခွန်းပေါင်းမြောက်မြားစွာကို ဖြေခဲ့ရသလို သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ် ။ သစ်ကိုပေးဖို့ဆိုပြီး သူ့မုန့်ဖိုးလေးတွေကို စုပြီးဝယ်ထားတဲ့ ဓါတ်ပုံမှန်ဘောင်လေး တစ်ခုပေးခဲ့ပါတယ် ။ မပြန်ခင်ညနေ သံလွင်မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်တော့ သူ့ကိုသစ်အကောင်းဆုံးသော လက်ဆောင်ပေးခဲ့ပါတယ် ။ သစ်အခန်းရဲ့သော့လေးပါ ။ သူအရမ်းဝမ်းသာသွားပါတယ် ။ သမီးဘာလို့အင်ဂျင်နီယာဖြစ်ချင်တာလဲလို့ သစ်သူ့ကိုမေးလိုက်ပါတယ် ။ သူဖြေသွားတာ ရိုးရိုးလေးပါ သစ်အခန်းထဲက စာအုပ်အားလုံးကို နားလည်သဘောပေါက်စွာ ဖတ်ချင်တယ်တဲ့လေ..။ ပြန်လာတော့ သစ်စဉ်းစားမိပါတယ် တူမလေးအားကျရလောက်အောင် ငါကရော သူထင်သလိုဟုတ်ရဲ့လားပေါ့နော် ။ နောက်နှစ်ကျရင်တော့ သူရန်ကုန်မှာလာနေတော့မှာပါ ။ သူသစ်ကို တောင်းပန်ထားတာတစ်ခုလည်း ရှိပါတယ် ။ သူက သူငယ်တန်းကနေ ၇တန်းအထိ ပထမပဲရလာတော့ ၈တန်းကျတော့ သူအဆင့်၃ဖြစ်သွားပါတယ် ။ သစ်လိုချင်တဲ့ ၉နှစ်ဆက်တိုက်စလွယ်ဆုကို သူမယူပေးနိုင်ခဲ့ပါဘူးတဲ့ ဒါကြောင့်၁၀တန်းရောက်ရင် သစ်ကျေနပ်အောင်ဒီအကြွေးကို ဆပ်ပါမယ်လို့ တောင်းပန်ထားပါတယ် ။ ဘာပဲဖြစ်ဖြစ် တီတီလေးကျေနပ်ပါတယ်လို့ ပြောပြီး ကိုယ်ဟာဟီးရိုး ဖြစ်ထိုက်ရဲ့လားဆိုတဲ့ အတွေးတွေနဲ့ စလုံးကိုပြန်ရောက်လာပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

အမှောင်ထဲကနေ့ရက်များ

အတင်းတွေလည်း များနေပြီ သိကုန်ရင် သစ်ကိုလာသတ်ကြတော့မယ် ။ ဒီနေ့တော့ သစ်အကြောင်းကို ပြောပြချင်ပါတယ်။ အမှောင်ကျခဲ့တဲ့နေ့ရက်များလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ သစ်ရောဂါတစ်ခုအတွက် မြောက်ဥက္ကလာပ က မြန်မာဆရာတစ်ယောက်နဲ့ ပြဘူးတဲ့အကြောင်းလေးပါ ။ သူကိုယ်တိုင်တော့ မကုပါဘူး ။ သမီးတွေက ကုတာပါ ။ သူတို့က တိုင်းရင်းဆေးလက်မှတ်လဲ ရှိပါတယ် ။ တရားဝင်လို့ သစ်ကဆိုလိုချင်တာပါ ။ သူ့ဆီမှာပြချင်ရင် ၃ရက်လောက်ကြိုတင် တုံကင်ယူရပါတယ် ။ သစ်ရောဂါတစ်ခုဖြစ်တယ်ပေါ့နော် ။ အမေက အဲဒါကိုစုံစမ်းလာတယ်ပေါ့နော် ။ မိဘမေတ္တာပေါ့နော် မြန်မြန်ပျောက်စေချင်တော့ သွားပြကြမယ်ပေါ့လေ ။ အဖေသိရင်ဆူမှာစိုးလို့ အမရယ် အမေရယ် သစ်ရယ် သွားကြတာပေါ့လေ ။ ဟိုရောက်တော့ သူတို့က သောက်ဆေးရယ် ထိုးဆေးရယ် ပေးပါတယ် ။ ထိုးဆေးကလည်း ကိုယ့်ဘာသာထိုးရမယ်ပေါ့နော် ။ ၁စီစီပါပဲ တစ်ကြိမ်ထိုးရင်လေ ။ ၃လစာ တစ်ခါတည်း ၀ယ်လာတာ ၂သိန်းကျော်ကျပါတယ် ။ မြန်မာဆေးများ ဈေးကြီးချက်ကိုနော် ။ ရပ်ကွက်ထဲက သားဖွားဆရာမကို ဆေးနေ့တိုင်းထိုးဖို့ အကူအညီတောင်းရပါတယ် ။ သစ်ပြောချင်တာကိုရောက်ပါပြီ သောက်ဆေးကဘာမှမဖြစ်ပေမယ့် ထိုးဆေးလေး ၁စီစီက တင်ပါးထဲစ၀င်တာနဲ့ သေလောက်အောင်နာပါတယ် ။ နေ့စဉ်ထိုးတဲ့အခါမှာ သစ်ဘယ်လိုမှမခံနိုင်ပါဘူး ။ ထိုးပြီးရင် မှောက်အိပ်ရေနွေးအိပ်ကပ်လုပ်ရပါတယ် ။ တနေ့လုံးကတော့ မထနိုင်တော့ပါဘူး ။ သစ်ကို အရိပ်လိုကြည့်နေတဲ့အဖေလည်း သိသွားပါတော့တယ်။ အမေ နဲ့ စကားတွေများပြီး အဲဒီကိုသွားပါတယ် ။ ထိုးဆေးကိုဘာနဲ့လုပ်လဲမေးတော့ ကြံ့ရဲ့သွေးနဲ့လုပ်တာလို့ပြောပါတယ် ။ အဖေက ချက်ချင်းရွှေဘုံသာလမ်းက ဓါတ်ခွဲခန်းတစ်ခုမှာ အဲဒီဆေးကို အသိဒေါက်တာနဲ့စစ်ခိုင်းပါတယ် ။ သစ်ဘာမှမဖြစ်ခဲ့ပေမယ့် အလွန်ပြင်းတဲ့ဆေးလို့ သိရပါတယ် ။ သစ်မေမေဟာ မြန်မာဆေး မြန်မာဆရာ လွန်စွာအားကိုးပါတယ် ။ သစ်ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း မေမေက အာရှတော်ဝင်မှာ ဆေးစစ်ဖို့ခေါ်လည်း မငြင်းတော့ပါဘူး ။ အရင်ကဆို checkup လုပ်တာတောင် သစ်ပါဆေးရုံလိုက်တက်ရပါတယ် ။ အင်္ဂလိပ်ဆရာဝန်တွေကို ကုတာကြာလို့သူသိပ် သဘောမတွေ့ပါဘူး ။ ခုတော့ အေးဆေးဖြစ်သွားပါပြီ ။အရှုံးထဲက အမြတ်ပေါ့နော်။ ဒီပို့စ်လေးက အမှောင်ကျခဲ့တဲ့ သစ်ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းလေးပါ နောက်များမှာလည်း အခြားအစိတ်အပိုင်းတွေကို ကြုံသလိုတင်ပေးသွားပါမယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, July 12, 2009

သစ်အမအကြောင်း

သစ်သစ် ဒီနေ့အတင်းအုပ်ဖို့ စဉ်းစားထားတယ်... ဟိဟိ ။ သစ် အခုနေတဲ့အိမ်မှာ အခန်း၃ခန်းရှိပါတယ် ။ သစ်တို့တစ်ယောက်တစ်ခန်း နေကြတော့ နောက်၂ခန်းမှာ သစ်ရဲ့ဒီရောက်မှတော်ရတဲ့ မွေးစားအမ၂ယောက်နေပါတယ် ။ အမတွေက အသက်၄၀တွေကြီးပါပဲ အပျိုကြီးတွေပါပဲ သူတို့၂ယောက်က ဒီအခန်းကိုငှားပြီးနေလာတာ ၈နှစ်ရှိပါပြီ ။ သစ်ပြောချင်တာက သစ်အမတွေဟာ အပျိုကြီးဖြစ်ရလောက်အောင် ရုပ်ရည်တွေကလည်း ခေသူတွေမဟုတ်ပါဘူး ။ ၄၀လောက်တောင် မထင်ရလောက်အောင် စတိုင်ကျလွန်းလှပါတယ်။ သူတို့မိတ်ဆွေတွေကတော့ မြန်မာသိပ်မရှိပါဘူး စလုံးတရုတ်တွေများတော့လည်း သူတို့အိမ်ထောင်ဘက်မတွေ့တာတော့ မဆန်းဘူးလို့ထင်ပါတယ် ။ သူတို့၂ယောက်လုံးကလည်း နိုင်ငံသားခံဖို့ စိတ်ကူးမရှိကြပါဘူး ။ NUS ကနေ မာစတာရပြီး ဒီမှာပဲဆက်လုပ်နေကြတဲ့သဘောပါပဲ ။ ဒီအမ ၂ယောက်မှာ တစ်ယောက်အကြောင်းကို ပြောချင်လို့ပါ ။ အဲဒီအမက သစ်သစ်ကို အမြဲတမ်းဆုံးမလမ်းညွှန်နေတဲ့ အမဆိုလည်း မမှားပါဘူး ။ သစ်အ၀တ်အစားဝတ်တာက အစ လိုက်ကြည့်ပေးနေကျ ချစ်မကြီးပါ ။ သစ်တို့အိမ်လေးက အပျိုကြီးတွေနဲ့ နေရလို့ ဇီဇာကြောင်မယ်လို့ ထင်ခဲ့တဲ့ သစ်အတွေးတွေ လုံးဝကိုမှားပါတယ် ။ စည်းကမ်းကိုလည်း တစ်ခုပဲထုတ်ထားပါတယ် ။ မိန်းမ ၊ ယောက်ျား ဘယ်ဧည့်သည်ကိုမှ အိမ်မခေါ်လာရဘူး ဆိုတာပါပဲ ။ သစ် ကတော့အိုကေပါတယ် ။ ကိုယ်လည်းနေရတာ အနေမကျုံ့တော့ဘူးလေ ။ စားမယ်သောက်မယ်ဆိုတဲ့ အချိန်လောက်ပဲ အပြင်ထွက်လာကြပြီး ကျန်တဲ့အချိန်တွေမှာ ကိုယ့်အခန်းကိုယ်ပိတ်ပြီးနေကြတာများပါတယ် ။ သူတို့တွေက မြန်မာပြည်က အကြောင်းတွေလည်း သိပ်မသိပါဘူး သိလည်းမသိချင်ကြဘူးလေ ။ သစ်ကဘာဖြစ်တယ်လို့ပြောမှ သူတို့က သိလေ့ရှိကြတော့ သစ်ကို သူတို့က ဥက္ကဌ လို့ခေါ်ကြပါတယ် ...ဟိ ။ လွန်ခဲ့တဲ့ ၆လလောက်က သစ်ရန်ကုန်ကပြန်လာပြီးတဲ့နောက် သစ်အမ မှာ ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငယ်သူငယ်ချင်း သင်္ဘောသားဆိုတဲ့ အစ်ကိုကြီး ပေါ်လာပါတယ် ။ သစ်အစက အဲဒီအစ်ကိုကို မုန်းပါတယ် ။ သစ် အမကို သူကဖုန်းပြောရင် အရမ်းကြာပါတယ် ။ အဲဒီအစ်ကိုသင်္ဘောက ရန်ကုန် နဲ့ စင်္ကာပူ သွားတော့ ၅ရက်တစ်ခေါက်လောက်စလုံးကိုရောက်ပါတယ် ။ ရောက်ရင်လည်း ၄နာရီလောက်အပြင်ကို ထွက်ခွင့်ရပါတယ် ။ အဲဒီမှာစတွေ့တာပါပဲ ။ ပြီးခဲ့တဲ့လက သစ်အမကို ရည်းစားစကားပြောသွားပါတယ် ။ သစ်အမက သစ်ကိုတိုင်ပင်ပါတယ် သစ်တစ်ခုပဲပြောခဲ့ပါတယ် မမမှာ အိမ်ထောင်ပြုချင်တဲ့စိတ်ရှိသေးလားလို့ ရှိတယ်ဆိုရင် အိုကေပေါ့နော် ။ ငယ်သူငယ်ချင်းဆိုတော့ သိပ်လည်းစုံစမ်းစရာမလိုဘူးလေ ။ သားသမီးယူဖို့ကိစ္စကအစမကျန် သစ်ဆွေးနွေးပေးခဲ့ပါတယ် ။ မနေ့က မမက အဖြေပေးလိုက်ပါတယ် ။ အစ်ကိုကြီးကလည်းတော်တော် ပျော်သွားပါတယ် ။ သူတို့ရဲ့အချစ်က ငယ်ရွယ်သူတွေလို အသံလေးတွေအပျောက်မခံနိုင်တာကို သစ်ကြည့်ပြီး လေးဆယ်ကျော်ပေမယ့်လည်း အချစ်တွေကငယ်ရွယ်သူတွေလိုပဲ နုပျိုလက်ဆတ်ဆဲပါလားပေါ့....အလဲ့။ အစ်ကိုကြီးကလည်း သင်္ဘောကြီးထွက်သွားတဲ့ မနက်လေးနာရီအထိ သင်္ဘောအပေါ်ကနေ လေတိုက်ခံပြီး ကွန်နက်ရှင်ပြတ်တဲ့အထိ စကားတွေပြောသွားတယ်တဲ့ ...။ တကယ်ဆို သစ်အမကို တကယ်နှမြောမိတယ် ။ သူလက်ထပ်ပြီးရင် မြန်မာနိုင်ငံအပြီးပြန်တော့မှာကို စဉ်းစားမိပြီး သစ်တကယ်ဝမ်းနည်းမိပါတယ်။

ဆက်ဖတ်ချင်သေးရင်...

Saturday, July 11, 2009

ဖတ်မိတဲ့စာအုပ်

သစ်ဘလော့ကို လာလည်တဲ့သူတွေကို စာအုပ်လေးတစ်အုပ်ညွှန်းပေးချင်ပါတယ် ။ ဖတ်ပြီးတဲ့သူတွေရှိမယ်လို့လဲ ထင်ပါတယ် ။ သစ် က သူများတွေ သစ်တို့နိုင်ငံအကြောင်းကို ကောင်းတာရော ဆိုးတာရော ထင်မြင်တာတွေကို သိပ်ကိုစိတ်ဝင်စားပါတယ် ။ မြေပုံအရရော ရေ၊မြေ တော၊တောင်အရပါ လှတဲ့ သစ်တို့နိုင်ငံကို အရမ်းချစ်ပါတယ် ။ ဒီစာအုပ်လေးမှာ နိုင်ငံခြားသားတစ်ယောက်က သူနေထိုင်ခဲ့စဉ်မှာ တွေ့ကြုံရတာတွေကို အသေးစိတ်လေးရေးထားတာတွေ့ ရပါတယ် ။ သစ်ဒီစာအုပ်ကို အရမ်းကြိုက်ပါတယ် ။ စာဖတ်သူတို့တွေလည်း ကြိုက်လိမ့်မယ်လို့ ထင်ပါတယ် ။ ကြုံရင်ဖတ်ကြည့်လိုက်ပါဦးနော်...။

ဆက်ဖတ်ချင်သေးရင်...

သစ် ရဲ့ တိုင်ပင်ဖော်...

သစ်မှာဘာမဆို တိုင်ပင်လို့ရတဲ့ သားသမီး ၃ယောက်ရှိပါတယ် ။ အကြီးကောင်ကတော့ ဘူဘူပါ သူကသစ်စိတ်ဓါတ်တွေကျလာရင် ပြောသမျှ စိတ်ရှည်စွာနားထောင်ပေးတတ်ပြီး အားကိုးဖွယ်ရာမျက်ဝန်းလေးနဲ့ နှစ်သိမ့်တတ်သူပေါ့ သူကလူကောင်အကြီးဆုံးပဲလေ..။ နောက်တစ်ယောက်ကတော့ သစ်ရုံးကပြန်လာရင် အရင်ဆုံးရင်ခွင်ထဲရောက်နေကျ ညိုညိုပါ ။ သူကတော့ အသားလေးကအိနေပြီး သစ်ရင်ခွင်မှာချွဲတတ်သူပေါ့ ။ သစ်ဘာတွေဖြစ်လာလဲ ငြိမ်ပြီးနားထောင်တတ်လေ..။ ၀ါဝါကတော့ အငယ်တွေကိုထိန်းနေကျလေ အားလုံးကသူ့ကိုကြောက်ရတာပေါ့ ။ သစ်ပြောစရာမလိုအောင်ကို သူကပါဝါကြီးတယ်လေ ။ အငယ်တွေဆူညံနေရင် သူကပဲငြိမ်အောင်ပြောနိုင်တာလေး) ။ သမီးလေးဖြူဖြူရောက်လာတော့ သမီးအတွက်ခေါင်းအုံးတွေကို ကြုံတိုင်းဝယ်လာမိတယ်လေ ။ ဒါကြောင့်လဲ စိမ်းစိမ်း နဲ့ ပန်းပန်းရောက်လာပေါ့ ။ သားငယ်ကတော့ မြင်တဲ့အတိုင်းပဲ အမြဲတမ်းသစ်ကို စိတ်ကောက်နေတတ်တယ် ။ တခါတလေလည်း ချော့ဖြစ်ပါတယ် ။ ယောက်ျားလေးဆိုတော့လည်း ငယ်ငယ်ကတည်းက စည်းကမ်းလေးလုပ်ထားရတယ် ။ ကြီးရင်ဆိုးမှာ စိုးလို့လေ ။ သြော် သူတို့လေးတွေ ဘယ်တော့များမှ အရွယ်ရောက်မလဲကွယ် ။ ကြီးလာလေ မာမားသစ် တာဝန်တွေပိုလာလေပါပဲ ။ တနေ့အိမ်ထောင်ရက်သားကျသွားမှပဲ စိတ်အေးရတော့မယ်ကွယ် ...။ ဟူးးးးးးးးးးးးးးးးးးးး ။

ဆက်ဖတ်ချင်သေးရင်...

ဒီသီချင်း....

သူ......အခုဆိုရင် အိမ်ကိုရောက်တိုင်း ဖွင့်နေမိတယ် ။ နားထောင်တိုင်းလဲ ထပ်တူခံစားမိတယ်ဆိုရင် ယုံမလား ...။ ဘာမှမသိတာပဲကောင်းမယ်ထင်တယ် ။ တနေ့ပေါ့...........

ဆက်ဖတ်ချင်သေးရင်...

သူဌေး သစ်သစ်

ခေါင်းစဉ်ကို ကြည့်ပြီးတော့ ငကြွားလို့မထင်ပါနဲ့နော်.... ။ ကြွားလို့ကောင်းတာတွေ ချမ်းသာတာဟုတ်ဘူးလေ ။ သစ်သစ်က ကိုယ့်စိတ်ကိုတော်တော်တင်းထားပြီးနေလာတာ ကြာပါပြီ ။ စိတ်မချမ်းသာစရာတွေကို မေ့ထားပြီး နေထိုင်လာတာလည်း ၁၀စုနှစ်ကျော်ခဲ့ပါပြီ ။ တကယ်တော့ သစ်သစ်ကရောဂါတွေ အရမ်းချမ်းသာတဲ့ သူပါ ။ သစ်သစ်မှာငယ်ငယ်ကတည်းက နှလုံးရောဂါရှိပါတယ် ။ မွေးရာပါတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် မောနေတတ်ပါတယ် ။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး ။ မျက်စိကလည်း ငယ်ငယ်ကတည်းက ခွဲထားတာပါ ။ ပြီးပြီလားဆိုတော့လည်း ဟုတ်ပြန်ဘူး အဖေ့အမွေ ဆီးချိုလေးကလည်း ရထားပြန်ရောလေ ။ ချမ်းအေးလာရင် ကိုက်တတ်တဲ့ လေးဘက်နာလေးကလည်း မချန်ပါဘူး နင့်အနားမှာနေပါရစေတဲ့ ....ကဲ နေကွာ ။စလုံးက သစ်နေရတာအဆင်ပြေပါတယ် ဆောင်းရာသီမရှိလို့ပါရှင်။ ပြီးပြီလို့မထင်နဲ့နော် အသည်းရောဂါလည်း ရှိပါသေးတယ် ဆေးကိုအခုထိအမြဲတမ်း သောက်နေရတာပါ ။ နောက်ဆုံးကတော့ စလုံးရောက်မှဖြစ်တဲ့ အစာအိမ်ရောဂါ ပါ ။ သူက သစ်ရဲ့နောက်ဆုံး စည်းစိမ်ပါ ။ ကဲ....ဘယ်သူက သစ်လောက်ချမ်းသာလဲပြောပါ ။ နေမကောင်းလို့ စိတ်ညစ်တဲ့ ဘဏ်လေးအတွက်ပါ ....။ သစ်သာအားလုံးကို လိုက်တွေးနေရင် စိတ်ဓါတ်ကျတာနဲ့ သေသွားလိုက်မယ် ။ သစ် စိတ်ဓါတ်ကျဘူးပါတယ် လူတွေကိုရင်မဆိုင်ချင်လောက်အောင် ဖြစ်ဘူးပါတယ် ။ သစ် အမေ နှင့် အဖေ ရဲ့ အားပေးမှုတွေကြောင့် ဒီလိုဘလော့ရေးနိုင်တဲ့ သစ်သစ်ဖြစ်လာတာပါ ။ ချမ်းသာတယ်နော် အားလုံးကိုကန်ထရိုက်ဆွဲထားတာလေ...ဟဟ ။ Be Strong သူငယ်ချင်း ။ ဘယ်တော့မှအားမငယ်ပါနဲ့နော် ။

ဆက်ဖတ်ချင်သေးရင်...

Friday, July 10, 2009

အရမ်းကြိုက်တဲ့ကဗျာတစ်ပုဒ်

သခင်
အတွေးရယ် မကြုံ
အသိတွေမစုံသေးတဲ့
ဟောဒီ ချစ်ရူးမိုက်ကိုဖေးကူကာ
ဆုံးမလေရစ်တော့ ချစ်သူရယ်....
ကြုံရာမပြော
ပုံကာမနှောတဲ့
ညီမငယ်ရဲ့ ရင်တွင်းဆန္ဒဖြူလွလွ ကို
မြင်စေချင်ပ ချစ်သူရယ်...
ဖွင့်ဟကာ လှစ်ပြတဲ့
ချစ်နှမရဲ့ လှပတဲ့
နှလုံးသားတစ်စုံကိုလည်း
လိုသလို အသုံးချတော့ချစ်သူရယ် ......
ရေးဖွဲ့သီကုံး
ထိုထိုစာသည်မြစ်ဖျားခံရာ
သင့်တွင်ထံသာဧကန်မုချဖြစ်ပါတော့သည်။

ဆက်ဖတ်ချင်သေးရင်...

ရှားရှားပါးပါး အစ်ကိုတစ်ယောက်

ဒီပို့စ်လေးကိုမရေးခင် အရင်ဆုံးဝန်ခံချင်တာကတော့ ကျွန်မသည် အရမ်းစကားများပါတယ် ။ ပြီးတော့ တဖက်လူနားထောင်ချင်တယ် နားမထောင်ချင်ဘူး ဆိုတာတွေသိပ်ပြီး မခန့်မှန်းတတ်ပါဘူး ။ ဒီလိုအလိုက်မသိတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကျွန်မမှာ ရိုးရှင်းတဲ့ အဖေမတူ အမေကွဲ အစ်ကိုတစ်ယောက်ရှိပါတယ် ။ ဒီတစ်ခါတော့ အဲဒီအစ်ကိုအကြောင်းပြောပြချင်ပါတယ် ။ သူကတော်တော်ကို အနေအထိုင် လျှို့ဝှက်ပါတယ် ။ သူ့ရဲ့ကြိုးစားမှု နဲ့ ပြန်ရတဲ့ အောင်မြင်မှု အပေါ်မှာလည်း မောက်မာခြင်းမရှိပါဘူး ။ ဒါပေမယ့် သူ့မှာအားနည်းချက်ရှိပါတယ် ။ သူ့ဘ၀ကို သူဘောင်ကန့်ထားပါတယ် ။ လောင်းရိပ်တစ်ခုရဲ့အောက်မှာ ကျေနပ်စွာဖြတ်သန်းနေပါတယ် ။ တကယ်တော့သူဟာ စိတ်လက်ပေါ့ပါးခဲ့ရင် အတွေးအခေါ်ကောင်းတွေ များစွာတွေးနိုင်သူပါ ။ သစ်လည်း ဒီအစ်ကိုရပြီးမှ တော်တော်ကိုသူ့လောင်းရိပ်တွေ မိလာခဲ့ပါတယ် ။ ဥပမာကွာ ကိုယ်အရင်ကနေထိုင်ပုံကို အကုန်လုံးမဟုတ်ရင်တောင် တစိတ်တပိုင်းပြောင်းလဲမိလာပါတယ် ။ စာဖတ်ပျင်းတဲ့သစ်သစ် အင်္ဂလိပ်စာအုပ်တွေကိုတောင် မပျင်းမရိ ဖတ်တတ်လာခဲ့ပါတယ် ။ ကြိုးစားပါ ညီမ ၊ ပိုက်ဆံစုနော် ဆိုတာကတော့ သူပြောနေကျလက်သုံးစကားပါ ။ သစ်အတွက်ကတော့ တကယ်ကို တန်ဖိုးရှိပါတယ် ။ လက်ဖွာတတ်တဲ့ သစ်သစ် တခုခု ၀ယ်မယ်ဆိုစဉ်းစားလာတတ်ပါတယ် ။ အင်္ဂလိပ်စာညံ့တဲ့ သစ်သစ် လိုလိုလားလားကို စာပြန်လုပ်တတ်ခဲ့ပါတယ် ။ ပြောင်းလဲခြင်းတွေဖြစ်နေတယ် ဆိုတာ သစ်ကိုယ်တိုင်သတိထားမိပေမယ့် ဒီပြောင်းလဲခြင်းက ကောင်းသောပြောင်းလဲခြင်း ဖြစ်လို့ ကိုယ်တိုင်လက်ခံမိပါတယ် ။ သစ်က နဂိုကတည်းက ပိတ်ရက်တွေ အပြင်မထွက်တဲ့သူဆိုတော့ ကိုယ့်ဘ၀ကို ဘောင်ခတ်တယ်လို့လဲ မမြင်ပါဘူး ။ သစ်ရဲ့အစ်ကိုဟာ သူချစ်တဲ့ချစ်သူလေးအပေါ်မှာ မပြောင်းလဲတဲ့ သံယောဇဉ်တွေနဲ့ တမ်းတနေပြီး သူ့ဘ၀ကိုတန်ဖိုးရှိစွာ ဖြတ်သန်းနေပါတယ် ။ သူအလုပ်တွေလုပ်နေလည်း သူ့အလုပ်ကိုမကျေနပ်ပါဘူး ။ သူလုပ်ချင်တာနဲ့ လုပ်နေရတာ တထပ်တည်းမကျတော့ တခါတလေ အလွန်စိတ်ရှုပ်နေတတ်ပါတယ် ။ သစ်ကတော့ ဒီအစ်ကိုပေါ့ပေါ့ပါးပါးရီတာ တစ်ခါလားပဲ တွေ့ဘူးပါတယ် နှစ်နှစ်ခြိုက်ခြိုက်ကို ရီလိုက်တာပါ မကြာပါဘူး ခဏလေးရယ်ပါ ။ ပျံတော့မယ့်စာကလေးကို ဓါတ်ပုံရိုက်တာ စာကလေးကပျံသွားတာကို သူရီလိုက်တာပါ ။ အပေါ်မှာပြောခဲ့သလိုပါပဲ သစ်သစ်က စကားများတော့ ပြောပြီဆို အစ်ကိုကနားထောင်သူလေ တစ်ခါတစ်လေဘာမှတောင် မပြောဘူး ငြိမ်နေတတ်တယ် ။ သစ်ကတော့ မနားတမ်းကိုပြောတာပါ ။ တနင်္ဂနွေလိုရက်မျိုးတွေလည်း အခန်းအောင်းပြီး စာဖတ်တတ်ပါသေးတယ် ။ ဖတ်တာကတော့ စာစုံပါပဲ ဘယ်အရာမှမသိတာ မရှိသလိုပဲ ။ တိတ်တဆိတ်နေတတ်တဲ့အစ်ကိုက ပေါက်ပေါက်ဖောက်တတ်တဲ့ ညီမကိုရတော့ တော်တော်စိတ်ညစ်မယ်ထင်ပါတယ် ။ အစ်ကို့ဘ၀က သူများနဲ့သိပ်မတူပါဘူး အချိုးအကွေ့များပါတယ် ဒီလိုအခက်အခဲတွေကြားကနေ အောင်မြင်လာတော့လဲ ကျေကျေနပ်နပ်ကြီး ပီတိဖြစ်စေချင်တာ သစ်ဆန္ဒပါ ။ ဆန္ဒ နဲ့ ဘ၀ အမြန်ဆုံး ထပ်တူကျပါစေလို့ ညီမဆုတောင်းပေးလိုက်ပါတယ် ။ ဒီပို့စ်လေးများ ယောင်မှားပြီးလာဖတ်ခဲ့ရင် အစ်ကိုရေ စိတ်မဆိုးကြေးနော် ......:P ။

ဆက်ဖတ်ချင်သေးရင်...

သစ်သစ်သိတဲ့ အချစ်အကြောင်း

အိုကေ........... ဒီတစ်ခါတော့ သစ်သစ်နဲနဲလေး နွဲ့ကြည့်လိုက်မယ် ။ အချစ်အကြောင်းရေးမယ်ကွာ....ဟာဟ လန်းတယ်နော် စရေးတာမှ ၃ပုဒ်ပဲရှိသေးတယ် ၄ပုဒ်မြောက်မှာ အချစ်အကြောင်းတဲ့ ရေးပါရစေ ဒီနေ့သူကခွင့်ယူထားတော့ ရုံးမှာထင်တိုင်းကြဲနေခြင်း ဖြစ်ပါတယ် ။ သူ သိပ်မစဉ်းစားပါနဲ့ စီနီယာပါကွယ် ။ လူတိုင်းခံစားတတ်တဲ့အချစ် သစ်ကမသိဘူးဆိုရင် သစ်ငလိမ်ဖြစ်သွားမှာပေါ့ ဟိုလိုလေ သာမီးကအချစ်ဆိုတာ ဘာမှန်းမသိသေးပါဘူးရှင့် ဟင့်ဟင့်ပေါ့....။ ရေးရင်းနဲ့တောင် ကြက်သီးထမိတယ် ။ ကဲ ချစ်သူထားတယ်ဆိုတာကို ဘယ်သူတွေကဘယ်လိုလက်ခံထားလဲ မသိပေမယ့် သစ်ကတော့ ချစ်သူဆိုတာ ဘ၀လက်တွဲဖော်လောင်းလို့ သတ်မှတ်ပါတယ် ။ ချစ်သူဘ၀မှာ အတတ်နိုင်ဆုံး တစ်ယောက်သဘော တစ်ယောက်သိမှ တချိန်လက်ထပ်တဲ့အခါ ၆၀%လောက် အဆင်ပြေမယ်ထင်လို့ပါ ။ ဒါကလည်း သစ်ထင်ထားတာပါ ။ ဒီလိုသိဖို့က အချိန်လိုပါတယ် ။ လူတစ်ယောက်က စိတ်ထားဘယ်လိုဆိုတာ ဒီလူကိုစကားပြောကြည့်ရင် သိသာပါတယ် ။ သူ့လေသံတွေမှာ ဘာတွေပါဝင်နေလဲ ခန့်မှန်းလို့ရပါတယ် ။ ဒါပေမယ့်စကားပြောရုံနဲ့ပြီးသလားဆိုတော့လည်း မပြီးပြန်ပါဘူး ဒါကအင်ထရိုပါ ဟာဟ..... ။ ရင်းနှီးမှုလိုအပ်ပါတယ် လူတွေဟာ ရင်းနှီးသွားကြရင် ရင်ဖွင့်တတ်ပါတယ် ။ ဒီလိုရင်ဖွင့်တဲ့အခါ စကားလုံးတွေထဲမှာ အတွေးအခေါ် အယူအဆတွေ အများကြီးပါတယ်ဆိုတာ ယုံလား ။ သစ်ကတော့ယုံတယ် လူတစ်ယောက်ကို ဟန်ပန်ကြည့်ယုံနဲ့တော့ လုံးဝဆုံးဖြတ်လို့မရပါဘူး ။ ကြင်နာမှု ၊ နွေးထွေးမှုတို့ ဆိုတာ နောက်ကလိုက်လာတဲ့ ဘော်ဒါတွေပါပဲ ။ ကိုယ်ကသူ့ကိုကောင်းပြနေရင် ဘယ်လောက်ဆိုးတဲ့သူဖြစ်ပါစေ အားနာသမှုနဲ့ တစ်ခေါက်လောက်တော့ ပြန်ကောင်းသွားမှာ သေချာပါတယ် ။ သစ်သစ်ကတော့ လွဲခဲ့ရင်လည်း ကိုယ်ဟာသူအပေါ်ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာ အမှတ်ရနေစေရပါမယ် ။ နောက်တစ်ခုက ဆွဲဆောင်မှု ရုပ်လှမှဆွဲဆောင်နိုင်တာမဟုတ်ပါဘူး (သစ်ကရုပ်ဆိုးလို့ပါ ) စေတနာထားခြင်းသည်လည်း အကောင်းဆုံးသော ဆွဲဆောင်မှုပါပဲ။ ကိုကိုရေ မောင်မောင်ရေ မီးကလေ ဆိုပြီးပြတ်သွားတာ လောကကြီးမှာတစ်ပုံကြီးပါ ။ တခါတလေရထားပေါ်မှာ မြင်ဘူးပါတယ် သူလည်းဗမာကိုယ်လည်းဗမာဆိုတာ ရိပ်မိသိရှိသွားပြီးသကာလမှာတော့ သူတို့ရဲ့ချစ်သူကိုပိုတိုးကာ ကြင်နာပြတတ်ကြပါတယ် ။ သိပ်သိပ်ချစ်တယ်ပေါ့လေ ဒီလိုမျိုးတွေ့ရင် သစ်တကယ်ရီချင်ပါတယ် ။ လူပုံအလယ် ကြင်နာပြမှ ချစ်တယ်ဆိုရင် သေပြီ သေချာတယ် သစ်သစ်တစ်ယောက်ဒီဘ၀မှာ အပျိုကြီးဖြစ်ပြီ...။ အသက်အရွယ်ကလည်း အချစ်ကိုပြောင်းလဲခံစားတတ်စေပါသေးတယ် ။ အသက်ကြီးလာလေလေ အချစ်သည်သိမ်မွေ့လာတယ်လို့ မြင်မိပါတယ် ။ တပ်မက်မှုထက်ကို နားလည်မှု နှင့် အပေးအယူ မျှဖို့ကို ပိုပြီးစဉ်းစားလာတတ်ပါသေးတယ် ။ ကိုယ်ဟာ သူ့ကိုဘယ်လောက်အကျိုးပြုစေမလဲ ဆိုတာကိုပါစဉ်းစားလာတတ်ပါတယ် ။ ဒီအပေါ်ကခံစားမှုတွေ အားလုံးက သစ် ထင်မြင်တဲ့အရာတွေပါ ။ ဒီအသက်ရွယ်ထိ သစ်သိထားတဲ့ အချစ်အကြောင်းလေးပါ ။ သဘောထားတွေ ကွဲလွဲနိုင်ပါတယ် ။ ကဲ.....အလုပ်နည်းနည်းလုပ်လိုက်ပါဦးမယ်ကွယ် ။ ဒီသောကြာညမှာတော့ တစ်ခုတော့ထပ်ရေးဖြစ်မယ်ထင်ပါတယ်။ ဆီးယူ နိပ်စ်ပို့စ်....း) ။

ဆက်ဖတ်ချင်သေးရင်...

နာမည်ကြီး

စာရေးချင်တယ် ဆိုတော့ သူငယ်ချင်းတွေက ဘာလို့ရေးချင်တာလဲတဲ့.....။ အမှန်အတိုင်း ပြောရရင် သူငယ်ချင်းတော်တော် များများက ဘလော့ရေးကြတယ်လေ သူတို့ဘလော့တွေကို သွားဖတ်ပြီး ကိုယ်ရေးချင်တာလား ဆိုတော့လည်း မဟုတ်ပါဘူး သူတို့ရေးတာလေးတွေက တကယ်ကိုဗဟုသုတ ရစရာလေးတွေပါပဲ ကဲ ဟုတ်ပြီ ငသစ် နင်ကျတော့ဘာရေးမလဲ ဆိုတော့ မယ်မယ်ရရ မရှိပြန်ဘူး ။ အချိန်တွေပိုနေလို့ နင်ရေးတာလား ဆိုတော့လည်း အချိန်ကကိုယ့်အတွက် ထင်သလောက် မပိုပြန်ဘူး ။ အလုပ်များလားဆိုတော့လည်း အလုပ်ကအသစ်ဆိုတော့ ကိုယ့်ကိုသိပ်မခိုင်းကြသေးပါဘူး ။ ဒါတွေကြောင့်ပဲရေးတာလားဆိုတော့လဲ မဟုတ်ပြန်ဘူး ...။ တကယ်တော့ ရှင်းပါတယ် ကိုယ့်အွန်လိုင်းမိတ်ဆွေဘလော့မှာ ပြောခဲ့သလိုပေါ့ နာမည်ကြီးချင်လို့ပါ ။ နာမည်ကြီးချင်တယ် ဆိုတော့ လူသိများအောင်လားဆိုတော့လည်း မဟုတ်ပါဘူး ။ နာမည်ကြီးတွေဖမ်းတဲ့ စတိုင်မျိုး ကိုယ်လုပ်ချင်လို့ပါ ။ အံ့သြသွားလား..... ။ နာမည်ကြီးတွေက ဘာစတိုင်တွေလုပ်လဲ သိချင်ပြီမဟုတ်လား ဟားဟား ...မပြောဘူး သတ်ချင်သတ် ။ သစ်ကိုယ်တိုင်စတိုင်ထုတ်မှပဲ ဒါနာမည်ကြီးပါလားလို့ မှတ်လိုက်တော့ ဟုတ်ပြီလား ။ လာလည်ကြတဲ့သူတွေကို တကယ်အားနာပါတယ် ။ ဘလော့ကိုအမှန်ပြောရရင် မလုပ်တတ်ပါဘူး အရင်ကတစ်ခါလုပ်ဖူးပါတယ် အားလုံးသူများအဆင်သင့် လုပ်ပေးတာပါ ။ ကိုယ်ကရေးရုံလေးတင်ပါပဲ အခုတော့ ကိုယ်တိုင်လုပ်ဖို့ စာဖတ်ရပါလိမ့်မယ် ။ အချိန်နည်းနည်းသူ့ကိုပေးဖို့ ဆုံးဖြတ်ထားပါတယ် ။ ကိုယ့်ဘာသာတော့ စည်းလေးချထားပါတယ် ကိုယ်ဟာဘယ်တော့မှ ဘလော့ရဲ့ကျေးကျွှန် မဖြစ်စေရဘူးလို့ပေါ့ ( အစမို့လို့လေကြီးနေတာပါ ခွင့်မလွှတ်ပါနဲ့ ) ။ ဘလော့ကိုထပ်မံပြီးတော့လည်း မွမ်းမံပြင်ဆင်ဖို့ စိတ်ကူးမရှိပါဘူး ။ ဒီလိုပဲဆက်ရေးသွားမှာပါ ။ ရေးချင်လွန်းသဖြင့် ရေးနေခြင်း ဖြစ်ပါတယ် ။ ကိုယ့်ဘလော့မှ တစုံတရာဗဟုသုတ ရသမျိုးစုံ မပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး ။ အားလုံးကိုလေးစားပါတယ် ။ (ဒါလည်းနာမည်ကြီးတစ်ယောက်ရဲ့စကားငှားထားတာပါ )။ ဒီပို့စ်ကိုအဆုံးထိရောက်အောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, July 9, 2009

မေ့မရသော သူများ...

သူတို့တွေပေါ့ တကယ်တော့ သစ်ဘ၀မှာ ခြေရာလေးတွေ ချန်ခဲ့ကြတယ်လေ ။ ခင်စမင်စ ဒီလောကမှာ အရောင်တွေနဲ့လို့ ထင်ခဲ့တာ မောင်နှစ်မအရင်းတွေလို ပြောမနာဆိုမနာတွေ ဖြစ်ခဲ့ကြတယ် ဆိုရင် ပိုတယ်ထင်နေမလား။ တကယ်ကိုကောင်းခဲ့ကြတဲ့သူတွေပါ ၂နှစ်ကျော်ခင်မင်ပြီးချိန်မှာ သူတို့တွေ အချိန်တန်လို့ အိမ်ပြန်ကြတော့မယ်လေ ။ ဘယ်တော့များမှ ပြန်ဆုံမယ်မှန်း မသိတဲ့ ကိစ္စများမြောင်ဒီလောကကြီးမှာ နောင်ဘယ်အချိန်တွေ့မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး ။ ကွေးသောလက်ကို မဆန့်မီ ဆန့်သောလက်ကို မကွေးမီ သေဆုံးနေကြတဲ့ ဒီလောကမှာ ဒို့တွေပြန်ဆုံနိုင်ခွင့် ရနိုင်ပါ့မလား ။ သံယောဇဉ်ဆိုတာ အချိန်ကြာလာတာနဲ့ ရစ်ပတ်လွန်းအားကြီးတော့ ဖြတ်တောက်ပစ်ဖို့က တကယ်ခက်ပါတယ် ။ လူတွေသိနေတဲ့ သူတို့ရဲ့စိတ်ဓါတ်လေးတွေ အတွေးအခေါ်လေးတွေ အယူအဆလေးတွေ ဟာ သူတို့ဆီမှာ တကယ်ကိုမရှိခဲ့ပါဘူး ။ ဖြူစင်တယ်ပြောရင်ရော ပိုတယ်ထင်နေမလား ။ ဘာပဲဖြစ်ဖြစ် အားလုံးကိုအလုပ်နဲ့ သက်သေပြလိုက်ကြပါကွာ ...။ စိတ်ထဲမှာမကောင်းလို့ မေးလ်ပို့ပြီးနှုတ်ဆက်တာကို နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ကံမကုန်သေးရင် တို့တွေတစ်နေ့ ချစ်စရာကောင်းတဲ့ အမိမြေမှာ ပြန်လည်ဆုံတွေ့ ကြပါစို့ကွာ...။
ရှိနေရင်သာ မသိသာ
ပျောက်သွားရင်တော့ ဟာနေမှာ
ရှာနေမိမှာ သေချာတာ

ဆက်ဖတ်ချင်သေးရင်...

ရေးပြီနော်

ရေးချင်လွန်းအားကြီးလို့ ဇွတ်အတင်း ဘလော့တွေလုပ်တာလဲ ကိုယ် ပဲ ... ရပြီဟ ဆိုတော့လည်း ဘာမှာရေးမှန်း စဉ်းစားလို့မရတာလဲ ကိုယ်ပဲ.... အော် လူ့စိတ်များခက်သားလား ....။ ကဲကွာ ဘာပဲဖြစ်ဖြစ် ဒီနေ့စရေးလိုက်ပြီ ၉.၇.၀၉ မှာ ပို့စ်တစ်ခုတင်ပြီးလျှင် အတန်ငယ်တော့ ပေါ့ပါးသွားမယ် ထင်ပါတယ်း) ။

ဆက်ဖတ်ချင်သေးရင်...