Monday, December 21, 2009

ယုံကြည်တယ်

ဟိုနေ့က မမမောင်က မေးလ်ပို့ထားတော့ အပြေးအလွှားသွားကြည့်တာပေါ့နော် ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ကြည့်နူးစွာဖတ်ပြီးသကာလမှာတော့ ချစ်မမမောင်က လက်ဆောင်ပေးတော့တာပဲလေ ။ ချစ်မကပေးတော့လည်း ယူရတာပေါ့နော် ။ ကိုယ့်ကိုချစ်လို့တဂ်တာ မရှိရှိတာထုတ်ရေးရတော့တာပေါ့နော် ။ သမီးကသီလရှင်ဝတ်မှာလို့ ပြောရင်လည်း လက်ခံမယ့်သူမဟုတ်တော့ ရေးရပြီပေါ့ကွယ် ။ မမမောင်ရေဖတ်ပြီးတော့ မရီရဘူးနော် ။

ပထမဆုံးနောက် ၅နှစ်ဆိုတဲ့အပိုင်းကို စရေးချင်ပါတယ် ။ ဒါကတော့စိတ်ကူးယဉ်တာမဟုတ်ပါဘူး နဂိုကတည်းကလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတစ်ခုပါပဲ ။ သစ်သစ်ဒီကိုမလာခင် သစ်သစ်ဆရာက ပညာတော်တော်များများသင်ပေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း ဒီဇိုင်းတွက်တာကို တကယ်စိတ်ဝင်စားပါတယ် ။ ကိုယ့်အိမ်လေးကနေ ကိုယ့်စိတ်ကူးလေးနဲ့တွက်ချက်ပေးလိုက်တာကို လူမပင်ပန်း စိတ်မပင်ပန်းနဲ့ သင်ခဲ့တဲ့ပညာတွေကို လက်တွေ့အသုံးချတဲ့ ဒီအသက်မွေးဝမ်းကျောင်းလေးကို တကယ်မြတ်နိုးပါတယ် ။ ကျေးဇူးရှင်ဆရာကိုယ်တိုင် သင်ကြားပေးခဲ့လို့ တန်ဖိုးအရမ်းထားပါတယ် ။

၁၉၉၉ ကနေ ၂၀၀၄ ထိ သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာအားလုံးကိုလည်း အမြဲတမ်းစိတ်မှာအောက်မေ့သတိရလျှက်ပါ ။ ဒီဆရာတွေသင်ကြားပေးခဲ့တာကို ပြန်လည်အသုံးချဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ အစဉ်အမြဲခံစားရပါတယ် ။ ခုလိုပြင်ပထွက်ပြီးအလုပ်လုပ်တဲ့အခါ ဆရာတွေရဲ့ကျေးဇူးကိုပြတ်ပြတ်သားသား မြင်လာပါတယ် ။ သစ်ဘ၀ရဲ့အချိန်အစိတ်အပိုင်းလေးတစ်ခုကို မြှုပ်နှံပြီးမိဘတွေကို ငွေကြေးအားဖြင့်အားရအောင် ကျေးဇူးဆပ်ပြီးရင်တော့ သစ်သစ်အမိမြေကိုပြန်မယ် စိတ်ကူးထားပါတယ် ။ ကျန်ရှိတဲ့သစ်ရဲ့လက်ကျန်အချိန်တွေကို သစ်ဆရာနဲ့ပြန်လက်တွဲပြီး ဒီဇိုင်းလောကကို ပြန်ဝင်ဖို့စိတ်ကူးထားပါတယ် ။ အကောင်အထည်ဖော်ဖြစ်မယ်လို့လည်း ထင်ပါတယ် ။ တကိုယ်တည်းဖြစ်နေတဲ့ဆရာရဲ့ သက်ကြီးပိုင်းအချိန်တွေကို ပြန်လည်စောင့်ရှောက်ပေးရင်း သင်မကုန်တဲ့ဒီဇိုင်းပညာရပ်တွေကို ဆရာထံကပြန်လည်ဆည်းပူးရင်း ဇောက်ချလုပ်မယ်စိတ်ကူးထားပါတယ် ။

အကျဉ်းချုပ်ရရင်တော့ သင်ကြားဖူးတဲ့ပညာလေးနဲ့ ပြန်လည်လုပ်ကိုင်စားသောက်မယ်လို့ စဉ်းစားထားတယ်ပဲ ဆိုပါတော့ မမမောင်ရယ် ။ မရှိမရှားဘ၀လေးနဲ့ ကျန်ရှိတဲ့အချိန်တွေကို ကုန်လွန်ပြီး ဘာသာရေးကို ထိထိမိမိလုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ် ။ ဖြစ်လာမယ် မဖြစ်လာဘူးကတော့ သစ်သစ်အပေါ်မှာပဲ မူတည်လို့ ဒီလိုရည်ရွယ်ထားတယ်ဆိုတာလောက်ပဲ ပြောပြရင်းအချိန်နဲ့အတူ ပုံဖော်မယ်ပေါ့နော် ။ ဒါကတော့ နောက်၅နှစ်လောက်မှစပြီးလုပ်မယ့် အလုပ်အကိုင်လေးပါပဲ ။

ဒုတိယပုံဖော်ထားတဲ့ စိတ်ကူးထဲက အိမ်ထောင်ဖက်ဆိုတဲ့ အချက်လေးကို နည်းနည်းလေးပြောပြချင်ပါတယ် ။ မိန်းကလေးတိုင်းကတော့ ကိုယ့်အိမ်ထောင်ဖက်ကို အမျိုးမျိုးစိတ်ကူးယဉ်ဖူးကြမှာပဲလေ ။ သစ်ထင်တာကတော့ ဒီစိတ်ကူးလေးတွေဟာ အသက်အရွယ်အလိုက်တော့ ပြောင်းလဲသွားမှာပဲ ဘာလို့လည်းဆိုတော့ ကျောင်းသားဘ၀က ထားရှိခဲ့တဲ့ ကိုယ့်ရဲ့စိတ်လေးတောင် ခုလိုအလုပ်လုပ်တဲ့အရွယ်ကျတော့ ပြောင်းလဲသွားတတ်သေးတာပဲလေ ။

သစ်အများကြီး စိတ်ကူးမယဉ်ထားပါဘူး သစ်ရဲ့လက်တွဲဖော်ဟာ သစ်လိုပဲအလုပ်လုပ်နိုင်ရမယ် သစ်ကလည်းသူ့အလုပ်အပေါ် ကူညီနိုင်တဲ့သူဖြစ်ရမယ် ။ သစ်ဖြစ်ချင်တဲ့အရာတွေကိုလည်း ကောင်းသည်ဆိုးသည် ဝေဖန်ပိုင်းခြားထောက်ပြ လမ်းညွှန်တတ်တဲ့သူ ဖြစ်ရပါမယ် ။ တစ်ဦးပေါ်တစ်ဦး သံသယတွေကင်းရှင်းပြီး နားလည်မှုတွေရှိပေးနိုင်မယ့်သူမျိုး ဖြစ်စေချင်ပါတယ် ။ ဘာသာတရားကိုယုံကြည်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေအပေါ် လိမ်မာရေးခြားရှိအောင် ဆုံးမနိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်လို့တော့ စိတ်ကူးထားဖူးပါတယ် ။ ရုပ်ရည်လှဖို့ထက် စိတ်သဘောကောင်းတဲ့သူကို ရွေးချယ်ဖြစ်မယ်ထင်ပါတယ် ။ အရေးကြီးဆုံးသစ်စဉ်းစားတဲ့အချက်ကတော့ သစ် သူ့အပေါ်ဘယ်လောက်ပါရမီဖြည့်ပေးနိုင်မလဲ အချက်လေးပါပဲ ။ ဒီလောက်ပါပဲ ဘာကြီးညာကြီးဖြစ်ဖို့ သစ်အတွက်တော့မလိုအပ်ဘူး ထင်ပါတယ် ။

ကဲ ဒီလောက်ဆို မမမောင်လည်း ကျေနပ်လောက်မယ်ထင်ပါတယ် ။ စိတ်ကူးယဉ်တယ်ပဲဆိုဆို တဂ်ပို့စ်လေးရေးပေးတယ်လို့ပဲ မြင်မြင် သစ်သစ်ရေးတာက မမမောင်ကိုခင်မင်မှုတစ်ခုပဲ အရင်းပြုပါတယ် ။ သစ်သစ် နောင်ဖြစ်မယ့်အရာလေးတွေကို ရေးလေ့ရေးထမရှိတော့ အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။

5 comments:

  1. ဘဝနဲ့ ဆန္ဒ ထပ်တူဖြစ်ပါစေ............

    ReplyDelete
  2. ရေးစရာမရှိတဲ့ ကမ်းပျောက်နေတဲ့ ကိုယ့်ဘ၀ကို ကိုယ်သနားသွားတယ်

    ReplyDelete
  3. ခေးရေ..
    ဒီမှာအရမ်းအေးပြီလေ..အဲဒါကွန်ပြူတာ တနေကုန်ထိုင်သုံးနေတော့ ညာဘက်လက်ကောက်ဝတ်က အေးစက်ပြီး အခန့်မသင့်ပဲ အရမ်းကိုက်နေတယ်..မနေ့ကဆို တော်တော်ခံစားလိုက်ရတယ်..ညက သူပြန်လာမှ ဆေးလိမ်းပြီး သေခြာနှိပ်ပေးလို့ နဲနဲသက်သာလာပြီ..အဲဒါ
    ကျေးဇူးရှင်ကြီးပြန်လာပြီးကတည်းက လိမ္မာချင်ယောင်ဆောင်ပြီး တညနေလုံးကွန်ပြူတာ မကိုင်ပဲနေခဲ့တာ(တစ်နေ့လုံးသူမပြန်လာခင်အထိ တောက်လျှောက်ကွန်ပြူတာသုံးပြီးပြီလေ..လက်နာနာနဲ့.အဟီး) ၊ နောက်ပြီး မနက်ကျတော့လည်း အခုမှ အလုပ်ကိုသွားတယ်လေ သူက..ဟိဟိ..အဲဒါနဲ့ ခုမှကွန်ပြူတာ ချက်ချင်းဖွင့်ပြီး ညီမလေးဆီ အပြေးရောက်လာတာပဲ..(စကားချပ်)း)))

    ရေးပေးတာ ကျေးဇူးစ်..
    ဒီဇိုင်နာကြီးလုပ်မယ်ပေါ့..နေဦး မမထီပေါက်ရင်လေ.. လုံးချင်းတိုက်လှလှလေးတစ်လုံးဆောက်ချင်တာပဲ.(စိတ်ကူး)အဲအခါကျရင် ညီမလေးကို ဒီဇိုင်းဆွဲခိုင်းမယ်နော်.၅၀% အော့ဖ်..(အဲလို အကွက်ချောင်းပြီး ဘာအလုပ်တွေလုပ်ကြမလဲလို့ တက်ဂ်ပို့စ်တွေ ရေးခိုင်းတယ်လို့ မထင်ပါနဲ့။း))
    ကိုယ့်မောင်နှမတွေကိုချစ်လို့ သူတို့စိတ်ကူးလေးတွေကို သိချင်တာ တစ်ခုပါ။
    နောက် ၅နှစ်ကျရင် 3 friends အိမ်အလှဆင်Companyလိုမျိုး လုပ်ငန်းကြီး တစ်ခုပိုင်ဆိုင်နိုင်ပါစေ.(မမလည်း ပိုင်ချင်တာ.)း). သူဌေးမကြီးသစ်သစ်ပေါ့.. မမကိုမှတ်ထားဦးနော်..း)

    ညီမလေးစိတ်ကူးထဲကအတိုင်း အိမ်ထောင်ဖက်ကိုတွေ့ဆုံနိုင်ပါစေလို့..
    မင်ဂါဆောင်ကျရင် မ ကိုလည်း ဖိတ်ဦးနော်.. ဆက်ဆက်လာမှာ.း)

    ဒါနဲ့ အပေါ်မှာ မော်ဒယ်ပိုးပိုးက ပြောသွားသေးတယ်..ကမ်းပျောက်တဲ့ဘ၀ ဆိုပါလား.. ဟဟ..မော်ဒယ်တွေ ခေတ်ကောင်းတယ်.. ဈေးကြီးပေးပြီး တင်
    တောင်းမယ်လို့ ပြောလိုက်ဦး။ :D

    With love,

    Ma Ma Mg

    ReplyDelete
  4. မသစ်ရေ
    လာဖတ်သွားတယ်။စိတ်ကူးလေးတွေ ပြည့်ဝပါစေ။အိမ်ဒီဇိုင်းလာဆွဲခိုင်းမယ်နော်။ကူညီမယ်ဟုတ်.....။
    ခင်တဲ့ ပန်းရင့်ရောင်

    ReplyDelete
  5. မမသစ် ရေ ဆန္ဒတွေပြည့်ပါစေ ထောအိမ်ဆောက်ရင်လဲ မမသစ်ဆီအပ်မယ် ဒီဇိုင်းလှလှ အိမ်လှလှ ပိုက်ပိုက်သိပ်မကုန်စေပဲ ဆောက်လုပ်ရမယ့်အိမ်မျိုး အလကားဆွဲပေးနော် နော် :)

    ReplyDelete