Thursday, September 13, 2012

နှုတ်ဆက်လိုက်ပါတယ်ရန်ကုန်

မနက်၎နာရီလောက် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို ကားဝင်လာပြီး တက်ဆီသမားများ၏ အမဲဖျက်သလိုအက်ရှင်တွေနဲ့ စိတ်ညစ်ညူးစွာ ဖြတ်သန်းပြီးချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ သစ်အမေက ရောဂါရယ်လို့အထွေအထူးမရှိပေမယ့် ခုနေသီချင်းလေးဆိုပြီး စိတ်အေးချမ်းစွာ ကျမ်းစာဖတ်နေသော်လည်း ခုနေခေါင်းမူးတယ်ဆိုပြီး လဲတတ်တဲ့သူမျိုးပါ ။ အသက်၇၉ရှိပြီဖြစ်တဲ့အဖေကတော့ ခုချိန်ထိ တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်လို့ သစ်သစ်မှာသူ့ကိုအစဉ်အမြဲ စိတ်ပူနေရပါသေးတယ်။ သစ်သစ်ပြန်ရောက်ပြီး အိပ်ယာမှာ ခဏအိပ်မလို့ပဲရှိသေးတယ် အမေကရုတ်တရက်ကြီး သူ့လက်တဖက် ကိုက်ခဲလာပါတယ်ဆိုပြီး လှမ်းခေါ်လို့ ခရီးရောက်မဆိုက် သစ်သစ်မှာပျာယာခတ်သွားရပါသေးတယ်။ စိတ်မချရတာလည်းမပြောပါနဲ့ မိဘတွေကအသက်ကြီးတော့ ကိုယ်တွေသူတို့နားရှိတာ လိုအပ်နေတဲ့အချိန်တွေပေါ့ ။ ခုနေချိန်ထိပြုစုခွင့်ရတာကိုကပဲ နည်းတဲ့အခွင့်အရေးမဟုတ်ပဲလေ ဒါကြောင့်စင်္ကာပူပြန်လာတိုင်းအမြဲတစ်ခွန်းပဲမှာလေ့ရှိတယ် အမေနဲ့အဖေအမြဲဒီလိုပြုံးရွှင်ပြီးနေတာ မြင်ချင်ပါတယ်လို့ (ရပ်ကွက်ထဲက သူတို့နဲ့ရွယ်တူတန်းတူ တော်တော်များများကွယ်လွန်ကုန်ကြပြီဆိုတော့ တယောက်ယောက်သေပြီဆို သူတို့မှာငါတို့လည်းဆိုတဲ့စိတ်တွေဖြစ်နေတတ်လို့ အမြဲအားပေးရပါသေးတယ်)။ ခုတခေါက်တော့ အမေရောအဖေရော ကျန်းမာအောင်လုပ်ထားနော်လို့ နောက်ဆိုမြေးထိန်းရမယ်ဆိုပြီး စနောက်နေလို့သူတို့မှာ ငါတို့ကိုခုချိန်ထိခိုင်းစားချင်သေးတယ်ဆိုပြီး ဟန်ဆောင်ဒေါသတွေကိုမြင်ပြီး ပျော်ရွှင်ရပါသေးတယ်။ ကျေးဇူးပါ ဖေနဲ့မေ ဒီအရွယ်ထိပြင်းထန်တဲ့စိတ်လှုပ်ရှားမှူ သားသမီးတွေကိုမပေးတဲ့အတွက် ရင်ထဲကအစဉ်ထာဝရဦးခိုက်ကန်တော့ နေမှာပါ။ ညနေကျတော့ထုံးစံအတိုင်း လာရင်းကိစ္စဖြစ်တဲ့ ပတ်စ်ပို့စာအုပ်ထွက်ပြီလား လာယူရတော့မလား စိတ်ပင်ပမ်းစွာနဲ့ဖုန်းဆက်မေးပြီး လုပ်ပေးတဲ့သူကိုလောရပါတယ် ။ နေ့တိုင်းဈေးနှုန်းပြောင်းလဲနေလို့ ဖုန်းဆက်ရတိုင်း စိတ်လှုပ်ရှားရပါတယ် (အော် ထာဝရမပြောင်းလဲတဲ့ ရန်ကုန်ပါလားနော်)။ ညနေလာယူလို့ရပြီဆိုတော့ တော်တော်လေးပျော်သွားပါတယ် သူနေတဲ့နေရာနဲ့ သစ်နေတဲ့နေရာက တောင်နဲ့မြောက်ဖြစ်နေတော့ ၂နာရီလောက်ကြိုထွက်ရပါသေးတယ် ။ ကားမောင်းတဲ့သူကျွမ်းကျင်မှူကြောင့်သာ လိုရင်းနေရာကို လွယ်ကူစွာရောက်ခဲ့တာပါ ။ ဟိုလမ်းကြားကဖြတ် ဒီလမ်းကြားက၀င်နဲ့ ၅နှစ်လောက်ဝေးကွာခဲ့တဲ့ သစ်သစ်တစ်ကယ်ဆိုမျက်စိလည်ရပါတယ်။ ခုတခေါက်ပြန်တော့ အိမ်ကကားကိုသိပ်မသုံးဖြစ်ပါဘူး (လမ်းထိပ်မှာကွန်ကရစ်လမ်းတွေခင်းနေတော့ လမ်းထိပ်ကနေကားထွက်ဖို့တောင် လမ်းပိတ်နေလို့၁၅မိနစ်အနည်းဆုံး စောင့်ရပါတယ်)ဒါကြောင့်မသုံးဖြစ်ပဲ လမ်းထိပ်ကနေဖြတ်သွားနေတဲ့ မျက်ပြူးလို့အများခေါ်ကြတဲ့တက်ဆီလေးတွေပဲ စီးဖြစ်ပါတယ်။ မျက်ပြူးလေးတွေကသိပ်ချစ်စရာကောင်းပါတယ် ဟိုနေရာမှာလမ်းအလယ်ပန်းအလှစိုက်တဲ့နေရာပေါ်တက်လည်း ယက်ကန်ယက်ကန်နဲ့ဆွဲချမရပါဘူး ဒီနားမှာမှောက်နေလဲ ဘီး၎ဘီးကောင်းကင်မှာ ပက်လက်လေးနဲ့ ချစ်ဖို့သိပ်ကောင်းပါတယ် (ကလေးကစားစရာ ကားလေးတွေနဲ့တူပါတယ်) နောက်ဆုံးအုန်းသီးခြောက်ပေါ်ဖြတ်ရင်တောင် အောက်ပိုင်းမလွတ်လို့ တစ်နေတတ်တဲ့အာဂမျက်ပြူးပါ။ ဘာပဲဖြစ်ဖြစ် သစ်ကတော့ မျက်ပြူးတက်ဆီလေးတွေချစ်ပါတယ် ။ တက်ဆီမောင်းတဲ့သူတိုင်းမှာ ဟန်းဖုန်းတွေနဲ့ဆိုတော့ ဖုန်းတဂွမ်ဂွမ်နဲ့ လူနေမှူအဆင့်အတန်းမြင့်တာလား ခေတ်စနစ်ပြောင်းလဲသွားသလား မှန်းလို့တောင်မပြောတတ်တော့ပါဘူး ။ ဒီတခေါက်ပြန်တာ ရွှေတိဂုံဘုရားတောင်မရောက်ခဲ့သလို ဘယ်သူငယ်ချင်းဘယ်နေရာမှကို မသွားဖြစ်ခဲ့ပါဘူး ။ လာရင်းကိစ္စပြီးတော့ မိသားစုကိစ္စတွေနဲ့ လူလည်းချာလပတ်ကိုရမ်းနေပါတော့တယ် ။ လမ်းပိတ်တယ်ဆိုတဲ့နာမည်ကျော် လှည်းတန်းလမ်းဆုံတောင်မဖြတ်ခဲ့ရပါဘူး ။ သွားလိုက်တိုင်း၈မိုင်ကနေပဲ ကမ္ဘာအေးဘက်ကိုကွေ့ပြီးသွားတော့ မြို့ထဲဘက်ဆိုတာယောင်လို့တောင် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သွားလေ့သွားထမရှိတဲ့ ရေဝေးသုသာန်ကိုတော့ သစ်သစ်ရောက်ခဲ့ပါတယ်။ အဖေနဲ့အပတ်စဉ်တူသူငယ်ချင်းတယောက်ရဲ့ဇနီးဆုံးလို့ အဖေကလိုက်ပို့ချင်ပါတယ်ဆိုလို့ အဖေကိုစိတ်မချတဲ့သစ်သစ်လိုက်သွားခဲ့တာပါ။ မစည်ကားသင့်တဲ့အရပ်စည်ကားတယ်ပြောရလောက်အောင်ပါပဲ ဗိုလ်ချုပ်ကတော်တယောက်ရဲ့နောက်ဆုံးခရီးဟာလည်း ရဲကားတွေ စစ်တပ်ကကားတွေ မော်တော်ပီကယ်တွေနဲ့ တိုးလို့မပေါက်အောင်စည်ကားလှပါတယ်။ ငိုတဲ့သူသိပ်မရှိသလို အသုဘရှူလာတဲ့သူတွေဟာ ကျန်ရစ်သူဗိုလ်ချုပ်ဟောင်းကိုပဲ နှုတ်ဆက်ဖို့ကြိတ်ကြိတ်တိုးနေပါတယ် (နည်းနည်းတော့သစ်သစ်လည်း ကြောင်နေပါတယ်)။ သစ်သစ်တစ်ယောက်အခေါင်းနားကိုသွားပြီး အန်တီကြီးကိုသေချာကြည့်ရင်း နှုတ်ဆက်နေတဲ့အဖေကိုလည်း မျက်ခြေမပြတ်ကြည့်နေရပါသေးတယ် တော်ကြာလူတိုးပြီးလဲပြုနေမှာစိုးလို့ပါ ။ ဂူသွင်းမယ့်နေရာကိုသွားနေတဲ့ တကယ့်ကောင်းပေ့ညွှတ်ပေ့ဆိုတဲ့ကားတွေနဲ့ ကားတန်းကြီးကိုကြည့်ပြီး ငါတစ်နေ့သေတဲ့ခါ ဘယ်လိုပြင်ဆင်ထားရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ချို့ရခဲ့ပါတယ် ။ ခွင့်ရက်နည်းနည်းလေးဆိုတော့ ဌာနေကိုပြန်ရပါတော့မယ် ။ မပြန်ရင်လည်း ကျမချစ်တဲ့သူလဲပါတော့မယ် အိပ်ရေးမ၀လို့ ..ဟိ ။ ညဘက်တွေ၁၁နာရီကစလို့ တစ်မိနစ်၂၅ကျပ်အချိန်မှာဖုန်းစပြောတာ မနက်တိုင်း၂နာရီ ၃နာရီလောက်မှပြီးတော့ ကျမတွက်ပြသနာမရှိပေမယ့် မိုးလင်းတာနဲ့တာဝန်တွေနဲ့သူအတွက်တော့ တကယ့်ကိုထိခိုက်လှပါတယ်။ တော်ပါသေးရဲ့မြန်မြန်ပြန်ပါတော့လို့ မပြောလို့ ဟီးးးး။ ဒီတစ်ခေါက်မှာသစ်ဘ၀ရဲ့ကျေးဇူးရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ သစ်ရဲ့ဆရာအိမ်ကို ၂ခေါက်တိတိရောက်ခဲ့ရတာ အမြတ်ပါပဲ ။ ဆရာနဲ့ဆရာ့မိသားစုနဲ့ စကားတွေအေးအေးဆေးဆေးပြောရင်း ရှေ့ရေးတွေတော်တော်များများ တိုင်ပင်ဖြစ်ခဲ့ပါတယ် (စင်္ကာပူထွက်လာပြီးကတည်းက ဆရာနဲ့အေးဆေးစွာ မတွေ့ခဲ့ရတာ ကြာခဲ့ပြီလေ)။ နောက်ရီစရာတစ်ခုပြောပြပါဦးမယ် အမေက သစ်ဟင်းချက်ရင်လိုက်ကြည့်လေ့ရှိပါတယ် ။ သစ်သစ်ကနဂိုကတည်းက မိဘကြိုက်တာချက်ကျွေးမယ် မီးဖိုချောင်ဝင်မယ် မိဘအ၀တ်တွေလျှော်ပြီးကုသိုလ်ယူမယ်တွေးထားခဲ့တော့ နေ့တိုင်းဘာစားမလဲ ဘာချက်ရမလဲ မေးလေ့ရှိပါတယ် ။ မိဘနဲ့အဆင်ပြေမယ့် အစားအစာရွေးချယ်ချက်ပြုတ်ရင်း ထမင်းစားချိန်တွေလည်း အတတ်နိုင်ဆုံးအတူဖြစ်အောင် စောင့်စားလေ့ရှိပါတယ် ။ မုန့်ဟင်းခါးချက်မယ်ဆိုပြီး ဈေးကလိုအပ်တာတွေဝယ်လာပြီး ချက်မယ်ဆိုတော့ အမေ့စိတ်တွေမထိန်းနိုင်တော့ပါဘူး သစ်သစ်ကိုဟုတ်ရဲ့လား နင်လုပ်တတ်ရဲ့လား တစ်အိုးလုံးပျက်ဆီးမယ်နော် ဆိုပြီး စိတ်မချခြင်းများစွာနဲ့ လိုအပ်တာထုထောင်းနေတဲ့သစ်သစ်နားမှာ အိုးပွက်ပွက်ဆူတဲ့အထိ လာကြည့်နေပါတယ် ။ ရီလည်းရီချင်မိပါတယ် သူတို့မယုံတာလည်း မပြောနဲ့လေ စင်္ကာပူမထွက်ခင်အချိန်ထိ သစ်သစ်ကအိမ်မှာ ပန်းကန်တောင်ဆေးခဲ့တဲ့သူမှမဟုတ်တာ..ဟိ။ မိုးတွေရွာတော့သူတို့နဲ့အဖော်လုပ် စကားတွေပြောနဲ့ဆိုတော့ သူတို့သစ်သစ်ပြန်လာတာပျော်ရွှင်နေကြပါတယ် ။ ဒီလိုလေးမြင်ရတော့ သစ်သစ်လည်းအရမ်းစိတ်ချမ်းသာမိပါတယ် ။ ပြန်ရမယ့်နေ့ရောက်လို့ ကန်တော့တဲ့ခါ နောက်တစ်ခေါက်ဆိုအပြီးပြန်လာတော့မှာ စိတ်မကောင်းဖြစ်မနေနဲ့ ဟင်းတွေဒါထက်တတ်အောင် ချက်ပြုတ်လေ့ကျင့်ခဲ့မယ်ဆိုပြီး အမေ့ကိုနမ်း အဖေ့ကိုနမ်း လေဆိပ်ကိုပြန်ခဲ့တော့ ကားပေါ်မတက်ခင်အမေက နေထိုင်ခွင့်သက်တမ်းတိုးလို့မရရင် ထပ်ကြိုးစားမနေနဲ့ချက်ချင်းပြန်လာခဲ့နော်ဆိုတဲ့ စကားလေးက သစ်သစ်ကိုမျက်ရည်ဝဲစေမိပါတယ် ။ အမေငါ့ကိုအနားမှာ ပြန်လာနေစေချင်တာ စကားလေးနဲ့သက်သေပြလိုက်တာပဲဆိုပြီး စိတ်ချပါ နောက်နှစ်ဆိုနေ့တိုင်းအိမ်မှာဆူညံနေလို့ အမေစိတ်ညစ်တယ်မပြောနဲ့နော်ဆိုပြီး လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ လေဆိပ်က၀ိုင်ဖိုင်နဲ့ချစ်သူကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ စင်္ကာပူကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူး ။ ကြားရက်ဖြစ်နေတော့ ကြိုသူမဲ့လေဆိပ်ကြီးမှာ တက်ဆီငှားစီးပြီး မူရင်းဘ၀ကို ပြန်လည်ဝင်ရောက်ခိုတွယ်ရင်း ရှေ့ဆက်ရမယ့်နေ့ရက်တွေကို ရေတွက်မိနေပါတော့တယ် ။  (ဆက်ရန်ရှိတော့ဘူးနော်း))

No comments:

Post a Comment