Tuesday, February 9, 2010

ဒီသွား...

ပြန်ခါနီးမှ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပြန်ပြီ ရှင်ချင်တယ် တကယ်ပါပဲနော် ။ သစ်သစ်အရင်က ညာဘက်မှာအံဆုံးပေါက်တုန်းက ဒီလောက်မနာဘူး ခုဘယ်ဘက်မှာပေါက်တာ တော်တော်ကိုနာပါတယ် ။ စကားပြောရင်တောင် နာတယ် ။ ညာဘက်နားစည်ပါ နာလာသလိုလိုခံစား နေရတယ် ။ မလောက်လေးမလောက်စား ဒီသွားနှိပ်စက်ချက်ကတော့ ထမင်းဝါးရင်တောင် နာနေတယ်လေ ...ကတောက် ။

မနေ့ကမနက်က စနာတာ ဆေးလေးသောက်ထားတော့ ရုံးမှာအဆင်ပြေသေးတယ် ။ နေ့လည်စာစားတဲ့အထိလည်း အိုကေနေပါသေးတယ် ။ အိုကေမှာပေါ့ ဆန်ပြုတ်စားတာကိုး...ဟိ ။ ညနေ၆နာရီ ၁၅လောက် အိမ်ပြန်ရောက်ပြီး ပြေးဖို့အိမ်ကထွက်တော့ စနာလာပါတယ် ကိုယ်ကလည်းအဲ့အချိန်မှ စသတိထားမိသလိုတော့ ဖြစ်တာပေါ့နော် ။ ၇နာရီ ၂၀လောက် အိမ်ပြန်ရောက်တော့ အိမ်ကအခန်းဖော်က ကြာဇံချက်ကို စပါယ်ရှယ်ဆီသတ်ပြီး ချက်နေတာကို ဘေးမှာရန်ကုန်ပြန်မယ့်အကြောင်း လေထိုင်ပေးနေသေးတော့ အညှော်တွေပဲ ရှူမိသလို ဖြစ်သွားတယ်ထင်ပါတယ် ။

ခဏနားပြီး ရေချိုးတော့မှ ဒီသွားကတော်တော်ကိုက်လာတယ် ဒါပေမယ့်လည်းတစ်ခုခုစားပြီးရင် ဆေးသောက်မယ်ဆိုပြီး မသိသလိုနေလိုက်တာ ပန်းသီးစားတဲ့အချိန်မှာ လှပတဲ့သစ်သစ်ပါးစပ်လေးဖွင့်လိုက်တော့ ...အား လား လား နာချက်တော် ငပျင်းသစ်သစ် ပန်းသီးကိုဓါးနဲ့သေးသေးလေးတွေ ပြန်စိတ်ပြီးစိတ်ရှည်လက်ရှည် တစ်မြှောင်းချင်းစားနေရတဲ့ ကိုယ့်ကိုယ်ကို မှန်ထောင်ကြည့်ပြီး အလိုလိုသနားလာမိတယ် ။ မောရိယမန်းဆေးတွေလူးပြီး ကြာဇံချက်သောက်ဖို့အပြင်ထွက်လာတော့ သူကသက်သာသလိုလို ဟန်ဆောင်နေတာလေ စားပြီးဆေးသောက် ခဏအပြင်ထွက်လေပေါပြီး စာဖတ်မယ်ဆိုမှ မယ်မင်းကြီးမက စကိုက်တာ အောင်မလေး...လေး..... ည၁နာရီကျတော့ ကိုယ်လက်ပဲကိုက်သလိုလို ခေါင်းတွေပါကိုက်လာသလိုလို မျက်စိတွေပဲဝါးလာသလိုလို နောက်တစ်နာရီမှာပဲ အသက်ထွက်တော့မလိုလိုနဲ့ ကိုက်လိုက်တာဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး ။

ဒါနဲ့ပဲ ကတုန်ကယင်နဲ့ ဖုန်းကတ်လေးကိုခြစ်ပြီး ရွှေပြည်တော်က ချစ်စွာသော မိဘများဆီဖုန်းဆက်တာ စကားပြောတာတောင် မျက်ရည်ကထွက်တယ် နာလွန်းလို့ အမေက ဆားရည်ငုံဖို့ရယ် သွားအနေအထားမှန်ရဲ့လား မေးပါတယ် ။ သွားအနေအထားကတော့ ပြန်ရောက်ကတည်းက မှန်တစ်ချပ်နဲ့ကြည့်လွန်းလို့ အလွတ်တောင်ရနေပါတယ် ။ သွားဖုံးကနည်းနည်းချင်းဆီ ကွဲထွက်လာလိုက်တာ နီရဲပြီးပတ်ဝန်းကျင်နံရံလေးတွေပါ ယောင်နေသလိုပါပဲ ..... ထွက်လာတဲ့သွားကလည်းဗျာ ကြီးလိုက်တာဆိုတာ ကိုယ်ဝနေလို့များ သွားကြီးထွက်သလားတောင် သံသယဖြစ်မိပါတယ် ။ ခုမနက်လည်းဆေးသောက်လာတယ် နေ့လည်မှမသက်သာရင်တော့ ဆေးခန်းကိုပြေးဖို့ စဉ်းစားထားပါတယ် ။ သွားဒုက္ခပေးတာ ရီပြရင်တောင် မဲ့ပြုံးဖြစ်နေသလိုပါပဲ မှန်တစ်ချပ်နဲ့တစ်ညလုံး ကြည့်နေလိုက်တာ မင်းသမီးတောင်ကိုယ့်လောက်ကြည့်ရဲ့လား မသိပါဘူး ။

ဒီသွားကတော့ မြန်မြန်ထွက် မြန်မြန်ကောင်းမှ ဖြစ်မယ် တော်ကြာရွှေပြည်တော်ရောက်လို့ ၁နှစ်စာငတ်ထားသမျှ အတိုးချမယ်ဆိုမှ ပါးစပ်ဟမရဖြစ်နေရင်တော့ သေပြီဆရာပဲ.... ။ ပြန်မယ့်ရက်ကနည်းတော့ တစ်ရက်ချင်းဆီ ပလန်ဆွဲထားတာ အမှားအယွင်းခံလို့ လုံးဝမဖြစ်ဘူးဆိုမှ ဒီသွားက ၀င်ပြီးနှိပ်စက်နေပုံကတော့ ပို့စ်တစ်ပုဒ်တောင် ဖြစ်သွားတယ် ဂယ်ပဲ....။ ဟင့်..........

3 comments:

  1. ရေးထားတာ ရီလိုက်ရတာဟာ တကယ် ပြီးမှ တခေါက် ပြန်လာမန့် မယ်
    အဟိ
    ညက ဘယ်အိပ်ပျော်မလဲ သွားကိုက်တာထက် ကိုယ့်မျက်နှာကိုယ်မှန်ကြည့် လန့် ပြီး အိပ်မရတာနေမှာ အဟိ

    ReplyDelete
  2. ဟိဟိ ..ထွက်တဲ့သွားကလူဝလို့ ကြီးတယ်ဆိုတာဖစ်နိုင်တယ်
    ဆင်များလိုပေါ့ ..ဆင်သွားဆိုကြီးကြီးလေ ဟိဟိ...
    သစ် ဆရာဝန်က နှတ်ပြစ်နေအုံးမယ်နော ..

    ReplyDelete
  3. မမသစ်... အဲ့ဒီသွား ဒုက္ခကတော့ ခံစားဖူးလို့ ကိုယ်ချင်းစာတယ်...။ ဆေးခန်းသာပြေး မမရေ....အဲ့ဒါ အမြန်ဆုံး သက်သာတယ်။

    ReplyDelete