မင်းမမြင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် ကာရံတွေနဲ့
မင်းမထင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် သံစဉ်တွေဖွဲ့
ချစ်ခြင်းမုန်းခြင်း ကင်းမဲ့တဲ့ မင်းဆီမှာတော့ အပိုတစ်ယောက်ပါပဲ
မပေးနိုင်ဘူး ဆိုကာမှ လိုချင်မိတဲ့စိတ်
မလုပ်ချင်ဘူး ဆိုကာမှ ငါ့ကျမှဆိုတဲ့စိတ်
မချစ်ချင်ဘူး ဆိုကာမှ ၀မ်းနည်းမိတဲ့နိမိတ်
မကျော်လွှားနိုင်ဘူး သိပေမယ့် ပြိုင်ချင်မိတဲ့အတိတ်
တူးဆွလို့ဖော်ကာ ယှဉ်ပြိုင်ကာနိုင်လိုက်ချင်တာက အိပ်မက်ရဲ့အစွန်းထွက်တောင် မရှိခဲ့ပါဘူး
အတ္တတွေခ၀ါချလို့ ပြာကျတဲ့အရိပ်တစ်ခုမှာပဲ ခိုလှုံခွင့်ပြုပါတော့သခင်
ယောင်အစွာချရေးလို့ စာတစ်ပိုဒ်ဖြစ်ခဲ့ရင်တောင် မင်းကျော်ဖတ်တဲ့စာပိုဒ်သာလျှင် ဖြစ်ရပါစေသား
Wednesday, December 5, 2012
ယောင်အအ
Tuesday, November 20, 2012
ကိုယ်နဲ့၂၀၁၂
မွမ်းကြပ်မှူတွေနဲ့နိုင်ငံလို့ အမည်တပ်လိုက်ရင် မှားသွားမလားပဲ ကိုယ်ကပဲပျော်ရွှင်မှူကိုမရှာနိုင်တာလား ရှာလို့ရတာတွေကပဲပျော်စရာမကောင်းတာလား သေချာတာတော့ တစ်နေ့ထက်တစ်နေ့ တလူးလူးတလှိမ့်လှိမ့်နဲ့ လမ်းပျောက်နေသလို ခံစားချက်တွေဖြစ်နေတာက ပိုဆိုးနေမိတယ်။ ဆန့်ကျင်ဖက်အတွေးအခေါ်တွေနဲ့ လူ့ပတ်ဝန်းကျင်ရဲ့အပြင်ဘက်ကို ကိုယ်ရောက်နေပြီလား တွေးမိတာလဲ အခါခါပါ။ ဘာလိုလိုနဲ့ ဒီဇင်ဘာကိုရောက်လာခဲ့ပါပြီ ၂၀၁၂ရဲ့သုံးသပ်ချက်တချို့ကို ပြန်စဉ်းစားရင်တော့ ထွေထွေထူးထူးမရှိပဲ ကမ္ဘာပျက်မယ်ဆိုတဲ့အတွေးတချို့နဲ့ နှစ်ဦးပိုင်းမှာတော့ စိတ်နဲနဲလှုပ်ရှားခဲ့ပါသေးတယ် ။ အဓိကကတော့ ကိုယ့်မိဘနဲ့နေထိုင်ချိန်မရှိတော့မှာ သိပ်စိုးရိမ်ခဲ့တယ်လို့ ပြောရမှာပဲ ၅နှစ်ကျော်အတွင်းမှာ ကိုယ်ကလည်းအဖြစ်မရှိသလို သူတို့ကျေနပ်လောက်စေတဲ့ စွမ်းဆောင်ချက်တွေလည်း မရှိခဲ့ဘူးလို့ထင်တာပဲလေ ။ လူ့သဘောလူ့မနောကို သိလာတာကတော့ စာတောင်ဖွဲ့လို့မပြချင်တော့ပါဘူး ။ တန်ဖိုးမရှိတဲ့စကားတွေကို ပြောချင်စိတ်ကင်းလို့ ဟန်ဆောင်လို့တောင်ပြုံးမပြချင်ဘူးဆိုတာ သစ်သစ်ခုမှလက်တွေ့ခံစားသိရှိနေရပါတယ် ။ ကိုယ့်ရဲ့စေတနာတွေ သဲထဲရေသွန်ဖြစ်တာကြုံခဲ့တာလည်း ၂၀၁၂ပါပဲ ပျော်မယ်ထင်တာတွေ မပျော်ရွှင်တာလည်း ၂၀၁၂ပါပဲ မထင်မှတ်တဲ့ခြေလှမ်းတွေ ရှေ့တိုးခဲ့တာလည်း ၂၀၁၂ပါပဲ သေချာတာကတော့ ကိုယ်ပြန်ချိန်တန်နေပြီ ထင်တာပါပဲလေ။ ကျောဘက်ကိုလှည့်ကြည့်နေမယ့် မှီခိုငဲ့ညှာစရာမရှိသလို ရှေ့ဘက်ကိုလှမ်းကြည့်လို့ တိုးတက်ရိပ်လည်းမရှိတာကတော့ သေချာပါတယ်။ ဘုရားတရားမလုပ်ဘူးလားလို့တော့ လာမမေးပါနဲ့ မိုးလင်းတိုင်းဖွင့်ဖြစ်နေတာ တရားတော်တွေပဲဖြစ်သလို ညအိပ်ရာဝင်ခါနီးတိုင်း အခန်းမီးလေးမှိတ်ပြီး ခပ်တိုးတိုးနာနေခဲ့တာလည်း ဆရာတော်ဘုရားကြီးတွေရဲ့အဆုံးအမ တရားတော်တွေပါပဲ ။ များများနာကြားလေ လူတွေကိုများများစိတ်ကုန်လေလို့ ပြောရင်လွန်မယ်မထင်ပါဘူး ။ အကျိုးထူးကတော့ ထွက်လွယ်လွန်းတဲ့ဒေါသကို အရင်ကထက်အနည်းငယ် ထိန်းချုပ်နိုင်လာခဲ့ပါတယ် ။ မသိသေးတဲ့ဇာတ်နိပတ်တွေ သိလာခဲ့သလို အေးချမ်းစွာနေလိုတဲ့စိတ်တွေ ပိုမိုဖြစ်တည်လာခဲ့ပါတယ် ။ အေးချမ်းစွာဆိုတဲ့စကားမှာလည်း စိတ်အေးချမ်းစွာနေတတ်ဖို့က ပိုအရေးကြီးနေပြန်ပါတယ် ။ ဒီလိုပဲနေထိုင်နိုင်ဖို့ ကြိုးစားရင်း ၂၀၁၂ကိုဖြတ်သန်းခဲ့တယ်ဆိုပါစို့ (ကမ္ဘာပျက်မယ်ဆိုရင် အ၀ီစိကိုတန်းနေတော့ ဘာသာရေးဘက်ကို ကြောက်ကြောက်လန့်လန့်နဲ့ အချိန်ပေးလေ့လာဆည်းပူးရာကနေ ပျော်မွေ့လာတဲ့သဘောပါ) ။ ၂၀၁၂ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီတွေမှာ ထူးထူးခြားခြား ဘာမှမလုပ်ကိုင်နိုင်ခဲ့ပေမယ့် မတ်လထဲမှာတော့ တခါမှမလုပ်ဘူးတဲ့အလုပ်တစ်ခု လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့ ။ ဒီလိုနဲ့ဧပြီရောက်လို့ အလည်ပြန်ချိန်မှာ မဏ္ဍပ်မှာငုတ်တုတ်ကြီးထိုင်ပြီး မပျော်နိုင်တဲ့သူကို လက်ညှိုးထိုးပြပါဆို သေချာတယ်သစ်သစ်ပဲဖြစ်နေမှာပါပဲ ။ ပျော်ရွှင်မှူကအသက်အရွယ်နဲ့တော့မဆိုင်ဘူးထင်တာပဲ ကိုယ့်အရွယ်တွေ ကိုယ့်ထက်ကြီးတာတွေလည်း ရေစီးကြောင်းထဲပျော်ရွှင်နေကြပေမယ့် ကိုယ်မပျော်နိုင်တာတော့ သေချာပါတယ် တနေ့တာရေပက်ချိန်မြန်မြန်ကုန်ပါစေတော့ ဆုတောင်းနေခဲ့မိတာ အမှတ်တရပါပဲ ။ နောက်နေ့တွေ အမေ့နားမှာပဲစကားတွေပြောရင်း အချိန်တွေကုန်အောင်ဖြတ်သန်းခဲ့မိတာပါပဲ ။ သိသာတာတခုကတော့ မိဘတွေအတွက်အလှူတွေလုပ်ပေးနိုင်တဲ့ခါဆို စိတ်ထဲတော်တော်လေးကြည်နူးပျော်ရွှင်မိခဲ့တယ် ။ ဒီလိုလှူဒါန်းနိုင်ဖို့ ငွေကြေးရှာဖွေရမယ်ဆိုတဲ့ အသိစိတ်ကလည်း ခဏခဏပြန်ဝင်လာတတ်ပါတယ် ။ မေလမှာပြန်လာတော့လည်း ငြီးငွေ့လာတဲ့ဘ၀ရဲ့အချိန်တွေကို ဖြတ်သန်းရင်းပြန်မယ်ဆုံးဖြတ်ထားတဲ့ရက်ကို လက်ချိုးလို့ရေတွက်နေမိခဲ့တယ် ။ ဇွန် ၊ ဇူလိုင် ဆိုတာ ဘယ်လိုကုန်ဆုံးခဲ့မှန်းတောင် မသိလိုက်ခင်မှာ ရုတ်တရက်ကြီးရန်ကုန်ပြန်ဖို့ ဖြစ်လာခဲ့ပြန်တယ် ။ ဒီလိုနဲ့ပဲ ပလန်တွေလည်းပျက် စိတ်လှုပ်ရှားစရာလည်းသိပ်မကောင်းတော့တဲ့ ၂၀၁၂ကြီးက အဆုံးသတ်ဖို့အချိန်ကျလာခဲ့ပါပြီ ။ ကျမအတွက်ကတော့ ထူးထူးခြားခြားကြီး မဖြစ်ပေမယ့် ကိုယ့်ရေမြေပြန်ရတော့မယ့်ရက်နီးလာပြီဆိုတဲ့ စိတ်ကလေးတခုနဲ့တင် နေ့ရက်တွေဖြတ်သန်းရင်း ၂၀၁၃ကိုကြိုဆိုဖို့ စဉ်းစားထားပါတယ် ။ ရယူလိုစိတ်ကင်းနေသလို ကြိုးစားလိုစိတ်လည်း အလျဉ်းမရှိတော့ပါဘူး ။ ကျဆုံးခန်းစပြီလို့ သတ်မှတ်ရင်လည်း ခံရုံကလွဲလို့ ပြန်လည်ပြောပြစရာ ရှိလိမ့်မယ်မထင်တော့ပါဘူး ။ အားလုံးပဲပျော်ရွှင်စွာနဲ့ ၂၀၁၃ကို ကြိုဆိုကြပါစို့နော် ။ (နှစ်တိုင်းသုံးသပ်ချက်ပို့စ်လေးတွေ ရေးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြားဘာမှရေးစရာမရှိတာကိုက နိဂုံးဖြစ်နေပြီထင်ပါတယ် ) ။
Monday, October 15, 2012
ဟက်ပီးဘတ်ဒေးဆရာ
အောက်တိုဘာလ (၁၇)ရက်နေ့ ခင်မင်ရင်းစွဲကျေးဇူးရှိသူတွေမှာ ထိပ်ဆုံးကပါဝင်တဲ့ ချစ်ခင်ရသောဆရာရဲ့မွေးနေ့လေးပါ ။ သင်ဆရာ မြင်ဆရာ ဆရာပေါင်းများစွာရှိတဲ့အထဲမှာမှ ဒီဆရာမွေးနေ့ကိုမှ ထူးထူးခြားခြားနုတ်စ်လေးရေးရတာက ဒီဆရာက ကျမဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲအောင် မွမ်းမံသင်ကြားပေးလိုက်သူဆိုလည်း မမှားပါဘူးလို့ပြောလို့ရတဲ့ ချစ်ခင်ရသောဆရာဖြစ်ပါတယ်။ မြန်မာပြည်ကိုပြန်ရောက်တိုင်း ဘယ်သူနဲ့မှမတွေ့ခဲ့ချင်နေမယ် ကျမချစ်သောဆရာရဲ့အိမ်လေးကိုတော့ အမြဲလိုလိုရောက်အောင်သွားလေ့ရှိပါတယ်။ ကျမနဲ့ဆရာတို့မိသားစုကြားမှာ ဘာနှောင်ဖွဲ့ခြင်းမှမရှိပေမယ့် ကျမအပေါ်ဆရာစားမချန်သင်ပေးတဲ့ ကျေးဇူးတရားတွေကတော့ တသက်တာပြန်ဆပ်ရင်တောင် မကုန်နိုင်ပါဘူး။ ဝေေ၀၀ါးဝါးလျှောက်နေတဲ့လမ်းပေါ်ကနေ ကောက်ယူမြှင့်တင်ပေးခဲ့တာလည်း ဒီဆရာပါပဲ ။ မိသားစုလို သူငယ်ချင်းလို မိဘလို အရာရာကိုတိုင်ပင်နှီးနှောရင်း ရန်ဖြစ်ရတာလည်း ဒီဆရာနဲ့ပါပဲ (ခုနေချိန်မှာ ဆရာနဲ့စိတ်ကောက်ရန်ဖြစ် စကားမပြောပဲနေခဲ့တာတွေကို နောင်တရလို့မဆုံးပါဘူး)။ မိဘကိုမပြောရဲတဲ့အကြောင်းအရာတွေတောင် ဆရာနဲ့တိုင်ပင်ရင် လိုလိုလားလားနားထောင်အကြံပေးတတ်တာလည်း ဒီဆရာပါပဲ ။ ဆရာဟာ လက်တွေ့ကျတဲ့ဘ၀ထဲကို စမ်းတ၀ါးဝါးလျှောက်လှမ်းလာစဉ်မှာ လိုလားစွာခေါ်ယူသင်ကြားပေးခဲ့သူဆိုရင်လည်း မမှားပါဘူး ။ ဆရာ့မှာမာနမရှိဘူး ပကာသနမမက်ဘူး ငွေကြေးဆိုတာလုံးဝမမက်ပဲ ပုံမှန်ပညာစစ်ကိုသာအသုံးပြုပြီး ပြိုလဲခဲ့တဲ့သူ့ဘ၀ကို ထူမတ်ခဲ့သလို တပည့်တွေနဲ့ပဲ ပျော်နေတတ်သူလည်းဖြစ်ပါတယ် ။ ဆရာကိုမိဘလို လိုချင်တာပူဆာတိုင်း အမြဲဖြည့်စွမ်းပေးလေ့ရှိသလို ခုချိန်ထိ ကျမကကြုံတိုင်းမုန့်ဖိုးလည်းတောင်းတတ်သူပါ ။ ကျမဘ၀ရဲ့မမေ့နိုင်သောနေ့တစ်နေ့ကို ပြောရမယ်ဆိုရင် နိုင်ငံခြားထွက်ခါနီးဆရာအိမ်မှာသွားကန်တော့ချိန် ပျက်ယွင်းနေတဲ့ဆရာ့မျက်နှာကို ယနေ့ချိန်ထိမမေ့နိုင်ခဲ့ပါဘူး။ ပြန်တိုင်းလည်း ဆရာပြန်လာမယ် ဆရာ့နားပဲနေတော့မယ် ဆရာအသက်ကြီးပြီ သမီးတို့ရှိမှဖြစ်လိမ့်မယ်(တကယ်လည်း နေရာတကာဝင်ပါတတ်တဲ့ ကျမပါ) ဒီနှစ်ပြန်လာမယ် နောက်နှစ်ပြန်လာမယ်နဲ့ ကတိတွေပေးပြီး ချန်ထားရစ်သူကလည်း ကျမပါပဲလေ။ သီတင်းကျွတ်လနဲ့ဆရာ့မွေးနေ့က တစ်လတည်းဖြစ်လို့ ဆရာ့မွေးနေ့တိုင်း ကန်တော့ပြီးရင် အပြင်မှာအဖွဲ့လိုက် သွားရောက်စားသောက်တတ်တာလည်း ဆရာမှတ်မိနေဦးမယ်ထင်ပါတယ်။ မွေးနေ့တိုင်းဖုန်းအလုအယက်ဆက်လေ့ရှိတဲ့ တပည့်တွေကိုလည်း မွေးနေ့တိုင်းမျှော်နေမယ်လို့ ကျမယုံကြည်မိပါတယ်။ နောက်နှစ်ရဲ့မွေးနေ့တိုင်းမှာ အရင်ကလို ဆရာ့နားမှာနေနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း ဟက်ပီးဘတ်ဒေးပါဆရာ လို့ ဒီနုတ်စ်လေးနဲ့ ဂါရ၀ပြုလိုက်ပါတယ်။ ကျန်းမာချမ်းသာစွာဖြင့် ဆရာမြတ်နိုးတန်ဖိုးထားတဲ့ အင်ဂျင်နီယာလုပ်ငန်းကို ဆထက်တပိုးလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မနှစ်ကတုန်းက အသက်(၅၀)ပြည့်တော့မယ်ဆိုပြီး ပြုံးပြုံးလေးပြောရင်း ဒီနှစ်လည်းဇရာကိုတွက်ဆနေမယ့် ဆရာ့ကိုမှန်းဆကန်တော့ရင်း အသက်(၁၂၀)တိုင်ရှည်ပါစေလို့လည်းရင်ထဲကနေတောင်းဆုပြုမိပါတယ်။ (ကျမရဲ့ဆရာရင်းဖြစ်တဲ့ဆရာဦးစိုးနိုင်ကိုဒီနုတ်စ်လေးနဲ့ဂါဝရ ပြုလိုက်ပါတယ်)
Thursday, October 4, 2012
နင့်ကိုငါ
ငါနေမကောင်းဖြစ်တိုင်း ~ နင့်ကိုလွမ်းတယ်
ငါ့စိတ်တွေအစာမကြေတိုင်း ~ နင့်ကိုလွမ်းတယ်
ငါအခက်အခဲတွေတွေ့တိုင်း ~ နင့်ကိုလွမ်းတယ်
ငါစိတ်အားငယ်ချိန်တွေတိုင်း ~ နင့်ကိုလွမ်းတယ်
ငါတို့ပလန်တွေနဲ့ တိုက်ဆိုင်တာကြုံတိုင်း ~ နင့်ကိုလွမ်းတယ်
နွေးထွေးတဲ့နင့်ရဲ့ကျောပြင်လေးကို သတိရတိုင်း ~ နင့်ကိုလွမ်းတယ်
နင်ဆိုပြတဲ့သီချင်းသံကိုကြားတိုင်း ~ နင့်ကိုလွမ်းတယ်
ဝက်သားဟင်းချက်တာမြင်တိုင်း ~ နင့်ကိုလွမ်းတယ်
ဆိုင်ကယ်သံတွေကြားတိုင်း ~ နင့်ကိုလွမ်းတယ်
ဟန်ဆောင်လိမ်ခြင်းအတတ်တွေကင်းတဲ့ နင့်မျက်ဝန်းတွေကျတော့ ငါသိပ်ချစ်တယ်။
နင်နေတဲ့မြို့လေးမှာ နင်နဲ့အတူတူ နွားနို့ပူပူတစ်ခွက်ကို မက်မောစွာသောက်ချင်ပါသေးတယ် ချစ်သူ။
(4.10.12) နင့်ကိုသိပ်လွမ်းမိတဲ့တစ်နေ့ပေါ့ အမှတ်တရပါ။
Thursday, September 13, 2012
နှုတ်ဆက်လိုက်ပါတယ်ရန်ကုန်
မနက်၎နာရီလောက် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို ကားဝင်လာပြီး တက်ဆီသမားများ၏ အမဲဖျက်သလိုအက်ရှင်တွေနဲ့ စိတ်ညစ်ညူးစွာ ဖြတ်သန်းပြီးချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ သစ်အမေက ရောဂါရယ်လို့အထွေအထူးမရှိပေမယ့် ခုနေသီချင်းလေးဆိုပြီး စိတ်အေးချမ်းစွာ ကျမ်းစာဖတ်နေသော်လည်း ခုနေခေါင်းမူးတယ်ဆိုပြီး လဲတတ်တဲ့သူမျိုးပါ ။ အသက်၇၉ရှိပြီဖြစ်တဲ့အဖေကတော့ ခုချိန်ထိ တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်လို့ သစ်သစ်မှာသူ့ကိုအစဉ်အမြဲ စိတ်ပူနေရပါသေးတယ်။ သစ်သစ်ပြန်ရောက်ပြီး အိပ်ယာမှာ ခဏအိပ်မလို့ပဲရှိသေးတယ် အမေကရုတ်တရက်ကြီး သူ့လက်တဖက် ကိုက်ခဲလာပါတယ်ဆိုပြီး လှမ်းခေါ်လို့ ခရီးရောက်မဆိုက် သစ်သစ်မှာပျာယာခတ်သွားရပါသေးတယ်။ စိတ်မချရတာလည်းမပြောပါနဲ့ မိဘတွေကအသက်ကြီးတော့ ကိုယ်တွေသူတို့နားရှိတာ လိုအပ်နေတဲ့အချိန်တွေပေါ့ ။ ခုနေချိန်ထိပြုစုခွင့်ရတာကိုကပဲ နည်းတဲ့အခွင့်အရေးမဟုတ်ပဲလေ ဒါကြောင့်စင်္ကာပူပြန်လာတိုင်းအမြဲတစ်ခွန်းပဲမှာလေ့ရှိတယ် အမေနဲ့အဖေအမြဲဒီလိုပြုံးရွှင်ပြီးနေတာ မြင်ချင်ပါတယ်လို့ (ရပ်ကွက်ထဲက သူတို့နဲ့ရွယ်တူတန်းတူ တော်တော်များများကွယ်လွန်ကုန်ကြပြီဆိုတော့ တယောက်ယောက်သေပြီဆို သူတို့မှာငါတို့လည်းဆိုတဲ့စိတ်တွေဖြစ်နေတတ်လို့ အမြဲအားပေးရပါသေးတယ်)။ ခုတခေါက်တော့ အမေရောအဖေရော ကျန်းမာအောင်လုပ်ထားနော်လို့ နောက်ဆိုမြေးထိန်းရမယ်ဆိုပြီး စနောက်နေလို့သူတို့မှာ ငါတို့ကိုခုချိန်ထိခိုင်းစားချင်သေးတယ်ဆိုပြီး ဟန်ဆောင်ဒေါသတွေကိုမြင်ပြီး ပျော်ရွှင်ရပါသေးတယ်။ ကျေးဇူးပါ ဖေနဲ့မေ ဒီအရွယ်ထိပြင်းထန်တဲ့စိတ်လှုပ်ရှားမှူ သားသမီးတွေကိုမပေးတဲ့အတွက် ရင်ထဲကအစဉ်ထာဝရဦးခိုက်ကန်တော့ နေမှာပါ။ ညနေကျတော့ထုံးစံအတိုင်း လာရင်းကိစ္စဖြစ်တဲ့ ပတ်စ်ပို့စာအုပ်ထွက်ပြီလား လာယူရတော့မလား စိတ်ပင်ပမ်းစွာနဲ့ဖုန်းဆက်မေးပြီး လုပ်ပေးတဲ့သူကိုလောရပါတယ် ။ နေ့တိုင်းဈေးနှုန်းပြောင်းလဲနေလို့ ဖုန်းဆက်ရတိုင်း စိတ်လှုပ်ရှားရပါတယ် (အော် ထာဝရမပြောင်းလဲတဲ့ ရန်ကုန်ပါလားနော်)။ ညနေလာယူလို့ရပြီဆိုတော့ တော်တော်လေးပျော်သွားပါတယ် သူနေတဲ့နေရာနဲ့ သစ်နေတဲ့နေရာက တောင်နဲ့မြောက်ဖြစ်နေတော့ ၂နာရီလောက်ကြိုထွက်ရပါသေးတယ် ။ ကားမောင်းတဲ့သူကျွမ်းကျင်မှူကြောင့်သာ လိုရင်းနေရာကို လွယ်ကူစွာရောက်ခဲ့တာပါ ။ ဟိုလမ်းကြားကဖြတ် ဒီလမ်းကြားက၀င်နဲ့ ၅နှစ်လောက်ဝေးကွာခဲ့တဲ့ သစ်သစ်တစ်ကယ်ဆိုမျက်စိလည်ရပါတယ်။ ခုတခေါက်ပြန်တော့ အိမ်ကကားကိုသိပ်မသုံးဖြစ်ပါဘူး (လမ်းထိပ်မှာကွန်ကရစ်လမ်းတွေခင်းနေတော့ လမ်းထိပ်ကနေကားထွက်ဖို့တောင် လမ်းပိတ်နေလို့၁၅မိနစ်အနည်းဆုံး စောင့်ရပါတယ်)ဒါကြောင့်မသုံးဖြစ်ပဲ လမ်းထိပ်ကနေဖြတ်သွားနေတဲ့ မျက်ပြူးလို့အများခေါ်ကြတဲ့တက်ဆီလေးတွေပဲ စီးဖြစ်ပါတယ်။ မျက်ပြူးလေးတွေကသိပ်ချစ်စရာကောင်းပါတယ် ဟိုနေရာမှာလမ်းအလယ်ပန်းအလှစိုက်တဲ့နေရာပေါ်တက်လည်း ယက်ကန်ယက်ကန်နဲ့ဆွဲချမရပါဘူး ဒီနားမှာမှောက်နေလဲ ဘီး၎ဘီးကောင်းကင်မှာ ပက်လက်လေးနဲ့ ချစ်ဖို့သိပ်ကောင်းပါတယ် (ကလေးကစားစရာ ကားလေးတွေနဲ့တူပါတယ်) နောက်ဆုံးအုန်းသီးခြောက်ပေါ်ဖြတ်ရင်တောင် အောက်ပိုင်းမလွတ်လို့ တစ်နေတတ်တဲ့အာဂမျက်ပြူးပါ။ ဘာပဲဖြစ်ဖြစ် သစ်ကတော့ မျက်ပြူးတက်ဆီလေးတွေချစ်ပါတယ် ။ တက်ဆီမောင်းတဲ့သူတိုင်းမှာ ဟန်းဖုန်းတွေနဲ့ဆိုတော့ ဖုန်းတဂွမ်ဂွမ်နဲ့ လူနေမှူအဆင့်အတန်းမြင့်တာလား ခေတ်စနစ်ပြောင်းလဲသွားသလား မှန်းလို့တောင်မပြောတတ်တော့ပါဘူး ။ ဒီတခေါက်ပြန်တာ ရွှေတိဂုံဘုရားတောင်မရောက်ခဲ့သလို ဘယ်သူငယ်ချင်းဘယ်နေရာမှကို မသွားဖြစ်ခဲ့ပါဘူး ။ လာရင်းကိစ္စပြီးတော့ မိသားစုကိစ္စတွေနဲ့ လူလည်းချာလပတ်ကိုရမ်းနေပါတော့တယ် ။ လမ်းပိတ်တယ်ဆိုတဲ့နာမည်ကျော် လှည်းတန်းလမ်းဆုံတောင်မဖြတ်ခဲ့ရပါဘူး ။ သွားလိုက်တိုင်း၈မိုင်ကနေပဲ ကမ္ဘာအေးဘက်ကိုကွေ့ပြီးသွားတော့ မြို့ထဲဘက်ဆိုတာယောင်လို့တောင် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သွားလေ့သွားထမရှိတဲ့ ရေဝေးသုသာန်ကိုတော့ သစ်သစ်ရောက်ခဲ့ပါတယ်။ အဖေနဲ့အပတ်စဉ်တူသူငယ်ချင်းတယောက်ရဲ့ဇနီးဆုံးလို့ အဖေကလိုက်ပို့ချင်ပါတယ်ဆိုလို့ အဖေကိုစိတ်မချတဲ့သစ်သစ်လိုက်သွားခဲ့တာပါ။ မစည်ကားသင့်တဲ့အရပ်စည်ကားတယ်ပြောရလောက်အောင်ပါပဲ ဗိုလ်ချုပ်ကတော်တယောက်ရဲ့နောက်ဆုံးခရီးဟာလည်း ရဲကားတွေ စစ်တပ်ကကားတွေ မော်တော်ပီကယ်တွေနဲ့ တိုးလို့မပေါက်အောင်စည်ကားလှပါတယ်။ ငိုတဲ့သူသိပ်မရှိသလို အသုဘရှူလာတဲ့သူတွေဟာ ကျန်ရစ်သူဗိုလ်ချုပ်ဟောင်းကိုပဲ နှုတ်ဆက်ဖို့ကြိတ်ကြိတ်တိုးနေပါတယ် (နည်းနည်းတော့သစ်သစ်လည်း ကြောင်နေပါတယ်)။ သစ်သစ်တစ်ယောက်အခေါင်းနားကိုသွားပြီး အန်တီကြီးကိုသေချာကြည့်ရင်း နှုတ်ဆက်နေတဲ့အဖေကိုလည်း မျက်ခြေမပြတ်ကြည့်နေရပါသေးတယ် တော်ကြာလူတိုးပြီးလဲပြုနေမှာစိုးလို့ပါ ။ ဂူသွင်းမယ့်နေရာကိုသွားနေတဲ့ တကယ့်ကောင်းပေ့ညွှတ်ပေ့ဆိုတဲ့ကားတွေနဲ့ ကားတန်းကြီးကိုကြည့်ပြီး ငါတစ်နေ့သေတဲ့ခါ ဘယ်လိုပြင်ဆင်ထားရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ချို့ရခဲ့ပါတယ် ။ ခွင့်ရက်နည်းနည်းလေးဆိုတော့ ဌာနေကိုပြန်ရပါတော့မယ် ။ မပြန်ရင်လည်း ကျမချစ်တဲ့သူလဲပါတော့မယ် အိပ်ရေးမ၀လို့ ..ဟိ ။ ညဘက်တွေ၁၁နာရီကစလို့ တစ်မိနစ်၂၅ကျပ်အချိန်မှာဖုန်းစပြောတာ မနက်တိုင်း၂နာရီ ၃နာရီလောက်မှပြီးတော့ ကျမတွက်ပြသနာမရှိပေမယ့် မိုးလင်းတာနဲ့တာဝန်တွေနဲ့သူအတွက်တော့ တကယ့်ကိုထိခိုက်လှပါတယ်။ တော်ပါသေးရဲ့မြန်မြန်ပြန်ပါတော့လို့ မပြောလို့ ဟီးးးး။ ဒီတစ်ခေါက်မှာသစ်ဘ၀ရဲ့ကျေးဇူးရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ သစ်ရဲ့ဆရာအိမ်ကို ၂ခေါက်တိတိရောက်ခဲ့ရတာ အမြတ်ပါပဲ ။ ဆရာနဲ့ဆရာ့မိသားစုနဲ့ စကားတွေအေးအေးဆေးဆေးပြောရင်း ရှေ့ရေးတွေတော်တော်များများ တိုင်ပင်ဖြစ်ခဲ့ပါတယ် (စင်္ကာပူထွက်လာပြီးကတည်းက ဆရာနဲ့အေးဆေးစွာ မတွေ့ခဲ့ရတာ ကြာခဲ့ပြီလေ)။ နောက်ရီစရာတစ်ခုပြောပြပါဦးမယ် အမေက သစ်ဟင်းချက်ရင်လိုက်ကြည့်လေ့ရှိပါတယ် ။ သစ်သစ်ကနဂိုကတည်းက မိဘကြိုက်တာချက်ကျွေးမယ် မီးဖိုချောင်ဝင်မယ် မိဘအ၀တ်တွေလျှော်ပြီးကုသိုလ်ယူမယ်တွေးထားခဲ့တော့ နေ့တိုင်းဘာစားမလဲ ဘာချက်ရမလဲ မေးလေ့ရှိပါတယ် ။ မိဘနဲ့အဆင်ပြေမယ့် အစားအစာရွေးချယ်ချက်ပြုတ်ရင်း ထမင်းစားချိန်တွေလည်း အတတ်နိုင်ဆုံးအတူဖြစ်အောင် စောင့်စားလေ့ရှိပါတယ် ။ မုန့်ဟင်းခါးချက်မယ်ဆိုပြီး ဈေးကလိုအပ်တာတွေဝယ်လာပြီး ချက်မယ်ဆိုတော့ အမေ့စိတ်တွေမထိန်းနိုင်တော့ပါဘူး သစ်သစ်ကိုဟုတ်ရဲ့လား နင်လုပ်တတ်ရဲ့လား တစ်အိုးလုံးပျက်ဆီးမယ်နော် ဆိုပြီး စိတ်မချခြင်းများစွာနဲ့ လိုအပ်တာထုထောင်းနေတဲ့သစ်သစ်နားမှာ အိုးပွက်ပွက်ဆူတဲ့အထိ လာကြည့်နေပါတယ် ။ ရီလည်းရီချင်မိပါတယ် သူတို့မယုံတာလည်း မပြောနဲ့လေ စင်္ကာပူမထွက်ခင်အချိန်ထိ သစ်သစ်ကအိမ်မှာ ပန်းကန်တောင်ဆေးခဲ့တဲ့သူမှမဟုတ်တာ..ဟိ။ မိုးတွေရွာတော့သူတို့နဲ့အဖော်လုပ် စကားတွေပြောနဲ့ဆိုတော့ သူတို့သစ်သစ်ပြန်လာတာပျော်ရွှင်နေကြပါတယ် ။ ဒီလိုလေးမြင်ရတော့ သစ်သစ်လည်းအရမ်းစိတ်ချမ်းသာမိပါတယ် ။ ပြန်ရမယ့်နေ့ရောက်လို့ ကန်တော့တဲ့ခါ နောက်တစ်ခေါက်ဆိုအပြီးပြန်လာတော့မှာ စိတ်မကောင်းဖြစ်မနေနဲ့ ဟင်းတွေဒါထက်တတ်အောင် ချက်ပြုတ်လေ့ကျင့်ခဲ့မယ်ဆိုပြီး အမေ့ကိုနမ်း အဖေ့ကိုနမ်း လေဆိပ်ကိုပြန်ခဲ့တော့ ကားပေါ်မတက်ခင်အမေက နေထိုင်ခွင့်သက်တမ်းတိုးလို့မရရင် ထပ်ကြိုးစားမနေနဲ့ချက်ချင်းပြန်လာခဲ့နော်ဆိုတဲ့ စကားလေးက သစ်သစ်ကိုမျက်ရည်ဝဲစေမိပါတယ် ။ အမေငါ့ကိုအနားမှာ ပြန်လာနေစေချင်တာ စကားလေးနဲ့သက်သေပြလိုက်တာပဲဆိုပြီး စိတ်ချပါ နောက်နှစ်ဆိုနေ့တိုင်းအိမ်မှာဆူညံနေလို့ အမေစိတ်ညစ်တယ်မပြောနဲ့နော်ဆိုပြီး လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ လေဆိပ်က၀ိုင်ဖိုင်နဲ့ချစ်သူကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ စင်္ကာပူကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူး ။ ကြားရက်ဖြစ်နေတော့ ကြိုသူမဲ့လေဆိပ်ကြီးမှာ တက်ဆီငှားစီးပြီး မူရင်းဘ၀ကို ပြန်လည်ဝင်ရောက်ခိုတွယ်ရင်း ရှေ့ဆက်ရမယ့်နေ့ရက်တွေကို ရေတွက်မိနေပါတော့တယ် ။ (ဆက်ရန်ရှိတော့ဘူးနော်း))
Wednesday, September 12, 2012
ကျမ နဲ့ သူ
တစ်နေ့လုံးမိုးရေထဲ လျှောက်သွားနေရတာကတစ်ကြောင်း ကားစီးလာခဲ့ရတာကတစ်ကြောင်းနဲ့ လူကတစ်ကယ်ဆိုတော်တော်လေးပြိုင်းနေပါပြီ ။ ည၇နာရီ သူနဲ့ညစာသွားစားချိန်မှာတောင် မလှုပ်ချင်တော့ဘူး သူလည်းကိုယ့်ကိုကြည့်ပြီး သိပုံပေါ်တယ် စားပြီးဟိုတယ်ပြန်ပို့တယ် စောစောအိပ်လိုက်တဲ့ ။ ဟိုတယ်ရောက်တော့ ညီအစ်မ၂ယောက် စကားတွေပြောလိုက် အခန်းထဲကတီဗီကိုလည်း ဖွင့်ထားတာပေါ့ ။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ည၁၀နာရီကျော်လောက်ထိ အခန်းမီးမပိတ်ပဲ စကားပြောနေမိခဲ့တယ်။ ဖွင့်ထားတဲ့တီဗီကလည်း ဒီလိုင်းကြီးကကြည့်မကောင်းလိုက်တာဆို တစ်လိုင်းပြောင်းသွားတယ် သူ့အလိုလိုပေါ့ ဒါပေမယ့် ၂ယောက်လုံးကသတိမထားမိဘူး တီဗီကိုပဲစွဲမြဲစွာထိုင်ကြည့်နေတာလဲမဟုတ်တော့ နှုတ်ကနေပြောလိုက်တိုင်း လိုင်းကတလိုင်းပြီးတလိုင်း ပြောင်းနေခဲ့တာ လုံးဝကိုမစဉ်းစားမိပဲ ဟိုတယ်ကတခြားနေရာမှာကြည့်နေတဲ့သူတွေ သူတို့မကြည့်ချင်လို့လိုင်းပြောင်းနေတယ်ပဲ ထင်ခဲ့ကြတာလေ ။ ည၁၀နာရီကျော်အိပ်ပြီပေါ့ မီးအကြီးတွေပိတ်အခန်းမီး၂လုံးပဲ ထွန်းထားပြီး အမကတော့အိပ်ပျော်သွားတယ် ။ လူးလူးလှိမ့်လှိမ့်နဲ့အိပ်မပျော်သူက ကျမပဲပေါ့ သူ့ဖုန်းဆီမက်ဆေ့ပို့လိုက် တောင်စဉ်းစားလိုက်မြောက်စဉ်းစားလိုက်နဲ့ ၁၁နာရီကျော်လောက်အိပ်ပျော်သွားတယ်ထင်တာပဲ ။ ထူးဆန်းစွာမနက်၃နာရီလောက်ကြီး ညီအမ၂ယောက်ပြန်နိုးနေကြတယ် ။ အမအိပ်ယာဘက်က ညအိပ်မီးက ကျမမျက်လုံးကိုစူးတော့ ကျမက အမကိုနင်ပိတ်လိုက်နင့်မီးကိုဆိုတော့ အမကငါအိပ်နေပြီ နင်ထပိတ်တဲ့ ငါလည်းမထချင်ဘူး နင်ပိတ်လို့ပြောနေချိန်မှာ ထောက်ခနဲအဲ့ဘက်မီးပိတ်သွားခဲ့တယ် ။ စောင်အောက်ကနေငြင်းခုန်နေတဲ့ ညီအမ၂ယောက် အသံတိတ်သွားတယ် ဒါပေမယ့်မီးပိတ်အေးရောဆိုပြီး ဆက်အိပ်ကြတယ် ။ မနက်၇နာရီပတ်ဝန်းကျင်မှာ သူဖုန်းဆက်တော့၂ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်နေကြတုန်းပဲ ဒါပေမယ့်မီးတွေတစ်လုံးမှမပွင့်တော့ မီးပျက်နေတာဆိုပြီး ညကကိစ္စကိုမေ့သွားခဲ့တယ် ။ နောက်ရေမိုးချိုးပြီး သူလာခေါ်တာစောင့်နေချိန်မှာ ညကကိစ္စကိုပြန်ပြောဖြစ်ကြတယ် ရီမုကလည်း နင်လည်းမကိုင် ငါလည်းမကိုင်ပဲ လိုင်းတွေပြောင်းနေတယ်နော်တို့ မီးပိတ်တဲ့ကိစ္စတို့ပေါ့ ဘာသိဘာသာပါပဲ အဲ့အချိန်ထိ သူလာတော့သူ့ပြောပြတော့လည်း သူကဟုတ်လားဆိုရုံကလွဲလို့ ဘာမှထွေထူးမပြောခဲ့ဘူး ။ ညနေပိုင်း မောင်ငယ်လေးတစ်ယောက်နဲ့ ဆိုင်တစ်ခုမှာတွေ့ဆုံစားသောက်တော့မှ ပြင်ဦးလွင်ရဲ့ဘယ်ဟိုတယ်ကဖြင့် ဘယ်လိုသူရဲခြောက်ကြောင်း ပြင်ဦးလွင်ရဲ့သရဲအကြောင်းတချို့တွေ ပြောပြမှ ညီအမ၂ယောက်မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ညကအကြောင်းပြန်တွေးမိကြတယ်။ သူ့ကိုမေးတော့ ဟုတ်တယ်တဲ့ သူရဲခြောက်တယ်လို့တော့ ပြောကြတာပဲတဲ့....တိန်(သူကသူရဲတွေဘာတွေယုံကြည်ပုံမပေါ်)။ ညနေဘက်ရောက်တော့ပြန်ရတော့မယ်လေ သစ်သစ်တို့မျက်နှာပျက်နေပြီပေါ့ ဘာပြောကောင်းမလဲ ။ ဘာမှလည်းမပြောတော့ဘူး သူကလည်းရီအောင်အမျိုးမျိုးပြောပေမယ့် နှစ်ခြိုက်စွာမရီနိုင်တော့ဘူး ။ နေ့လည်ပိုင်းကသူဝယ်ပေးတဲ့အရုပ်ကြီးပိုက်ပြီး ငူငူကြီးမတ်တပ်ရပ်နေတဲ့ကျမကို သူမသိသလိုပဲကြည့်နေတယ် (အမကငုတ်တုတ်ကြီးဆိုတော့ အနားတောင်မကပ်နိုင်)စကားလည်းမပြော ခုရေးနေရင်းနဲ့တောင် ပြန်သတိရလာပြီ ဟင့် ။ ကားလာတဲ့အချိန်မှာ ကျမကကားပေါ်တက်တော့ သူကိုယ်တိုင်ကားပေါ်လိုက်ပို့ပေးပြီး ပြန်ဆင်းသွားချိန်မှာ ဘယ်သူနဲ့မှ ကျမစကားမပြောချင်တော့ပါဘူး ။ သူကချက်ချင်းဖုန်းခေါ်ပါတယ် (ကျမရဲ့ခံစားချက်တွေကို သူသိသလိုပါပဲ) ဟိုပြောဒီပြောလုပ်ပြီး ကျမတို့ကား မိတ္ထီလာရောက်တဲ့ထိ သူမအိပ်ခဲ့ပါဘူး ။ ကျမတို့၂ယောက်ရဲ့တွေ့ဆုံချိန်တိုင်းဟာ အေးဆေးစွာကဗျာဆန်မနေပဲ အမြဲအချိန်ကိုလုနေခဲ့ရပါတယ် ။ ကျမပြန်မယ့်နေ့မှာ သူတာဝန်တွေနဲ့ဆိုတော့ ဖုန်းခေါ်တာနဲ့ ချက်ချင်းပြန်ရမယ့်သူမို့ သူ့ကိုချစ်ရတာ ကျမအတွက်တော့ ဘယ်သောအခါမှ အေးဆေးနိုင်မယ်မထင်ပါဘူး ။ ဒီလိုနဲ့~~~~ ဆက်ရန်
Tuesday, September 11, 2012
လွမ်းမောရတဲ့ပြင်ဦးလွင်
ကြိုတင်လုပ်စရာရှိတာတွေ လုပ်ထားပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ရန်ကင်းကပြည်ထဲရေးရုံးကို ချီတက်ခဲ့ပါတော့တယ် ။ ချိန်းထားတဲ့ ၉နာရီဟာ ၁၂နာရီထိုးခါနီးမှ ရောက်လာတဲ့အေးဂျင့်ကို စိတ်ပျက်လို့ အောင့်အီးကာကိုယ့်ကိစ္စပြီးအောင် လုပ်ကိုင်ရင်း ပြည်ထဲရေးရုံးကထွက်ခွာလာချိန်ဟာ ညနေ၄နာရီကျော်လာခဲ့ပါပြီ ။ လာကြိုတဲ့အစ်မနဲ့တစ်ခုခုစားမယ်ဆိုပြီး ကမ္ဘာအေးဂမုန်းပွင့်ဆိုတာ ပထမဆုံးဝင်ရောက်ခဲ့ပါတယ် ။ စိတ်ထဲမှာလည်း ပြန်လာခြင်းကိစ္စတစ်ခုမှာ တစ်ဝက်လောက်ပြီးသွားပြီဆိုတော့ အနည်းငယ်စိတ်အေးတာလည်း ပါတာပေါ့လေ ။ တဆက်တည်းပြန်မလာခင်ကတည်းက ဒီကိစ္စအတွက် ငွေကြေးကအစ အစစအရာရာကူညီလုပ်ကိုင်ပေးတဲ့ ရန်ကုန်မှညီမငယ်သီရိကိုလည်း ကျေးဇူးတင်ကြောင်းထည့်ပြောမှဖြစ်ပါလိမ့်မယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း လူတိုင်းမှာကောင်းတိုင်ပင်ဆိုးတိုင်ပင်ကတော့ ရှိသင့်တယ်ဆိုတဲ့အထဲမှာမှ ကျမထက်၆နှစ်လောက်ငယ်တဲ့ သီရိကကျမဘ၀ရဲ့ တိုင်ပင်ဖော်တယောက်လည်းဖြစ်ပါတယ် ။ လိုအပ်တာမှန်သမျှကို အမရင်းနဲ့မခြား ဆူပူဆဲဆိုရင်းလုပ်ကိုင်ပေးတာပဲ သူပါပဲလေ ကျေးဇူးတင်ပါတယ် ညီမလေးရေ ...း) ။ စင်္ကာပူမှာကတည်းက အချိန်ရရင်ဖြင့် ခရီးတစ်ခုထွက်ဖို့ဆန္ဒရှိပေမယ့် ဘယ်မြို့ကိုသွားဖြစ်မယ်ဆိုတာ ရေရေရာရာဝေခွဲမရခဲ့ပါဘူး ။ မြန်မာပြည်ပြန်တိုင်းခရီးထွက်လေ့ရှိပေမယ့် မိုးရာသီဆိုတော့ နေရာဒေသရွေးဖို့ရာအခက်အခဲ နည်းနည်းရှိခဲ့ပါတယ် ။ ဘယ်နေရာသွားသွား မိုးရွာမည့်အတူတူတော့..........အစဉ်အမြဲအေးချမ်းတဲ့ တောင်ပေါ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ စိတ်မြန်တဲ့သူပီပီ ဂမုန်းပွင့်ကိုထွက်လာလာချင်းမှာပဲ အစ်မကိုငါခရီးထွက်မယ် ထုံးစံအတိုင်း နင်လိုက်ဦးမလားမေးရင်း လက်မှတ်ဝယ်ဖို့ အောင်မင်္ဂလာအဝေးပြေးကို ဆက်မောင်းခဲ့ပါတယ် ။ မြောက်ဥက္ကလာဘက်ကိုဖြတ်ချိန်မှာတော့ အရင်ကကားတွေကြပ်ပိတ်ပြီး ရပ်တန့်စောင့်ရတဲ့နေရာတွေမှာ ကွန်ကရစ်လမ်းကျယ်တွေဖြစ်ပြီး သွားရလာရဖြောင့်ဖြူးတာတွေ့ရတော့ စိတ်ချမ်းသာမိခဲ့ပါသေးတယ် ။ အောင်မင်္ဂလာထဲရောက်ချိန်မှာတော့ လူပြောသူပြောများတဲ့ Elite ကားလိုင်းကိုပဲတိုက်ရိုက်သွားရင်း ပြင်ဦးလွင်လက်မှတ်ကို စုံစမ်းလိုက်ပါတယ် ။ အထူးကားနဲ့ရိုးရိုးကားမှာ အထူးကားတွေက ၁၉၀၀၀ ကျပ်ဖြစ်ပြီး (ပေးရတာတန်ပါတယ် ဆားဗစ်ကောင်းတယ်)ရိုးရိုးကားက ၁၃၉၀၀ကျပ်ထင်ပါတယ် ။ အထူးကားလက်မှတ်၂စောင်ဝယ်ပြီး ပြန်လာချိန်မှာတော့ မင်္ဂလာဒုံဥယျာဉ်မြို့တော်ထိပ်ကနေ ခရေပင်လမ်းခွဲထိကားစီးချိန်ဟာ ငါကားစီးနေသလား လှည်းစီးနေသလားလို့တောင်ထင်ရပါမယ့် မပြင်ရသေးတဲ့လမ်းရဲ့ရှောင်မလွတ်ချိုင့်ခွက်တွေက နည်းနည်းနောနောမှ မဟုတ်ပေပဲလေ ။ ၁ရက် ၂ရက်လောက် ရန်ကုန်မှာ ခင်မင်သူတစ်ချို့နဲ့တွေ့ပြီးချိန်မှာ ခရီးထွက်ဖို့မိဘကိုခွင့်တောင်းရင်း စိတ်လွတ်ကိုယ်လွတ်အပန်းဖြေခရီးကို စတင်ခဲ့ပါတယ် ။ ရန်ကုန်အဝေးပြေးဝင်းကနေ ည၇နာရီကစတင်ထွက်ခွာလာတဲ့ ကျမတို့ကားလေးမှာ လူပေါင်း၁၀ယောက်လောက်နဲ့ ကိုယ်ပိုင်ကားစီးရသလို ဆားဗစ်ပေးတဲ့ညီမငယ်ရဲ့ ကြည်လင်ရွှင်ပျတဲ့မျက်နှာလေးနဲ့ ကော်ဖီသောက်လိုက် မုန့်လေးစားလိုက်နဲ့ ဘယ်လိုဘယ်လမ်းကမောင်းနေမှန်းတောင် မသိခဲ့ပါဘူး နားနေတဲ့နေရာကိုရောက်ခဲ့ပါတယ် ။ ကားပေါ်ကဆားဗစ်တစ်ချို့ကို ကြုံလို့ပြောပြခဲ့ချင်ပါသေးတယ် ။ ကားမှာ အရင်ကအခေါ်တော့ စပယ်ယာပေါ့နော် အဲလိုနေရာမှာဆားဗစ်ပေးဖို့ ကောင်မလေးတွေဖြစ်နေပါတယ် ။ သူတို့ကတစ်ညလုံးခရီးသည်ရဲ့လိုအင်မှန်သမျှကို ကူညီလုပ်ကိုင်ပေးလို့ ဆားဗစ်ကောင်းတယ်လို့အမှတ်ပေးလိုက်ပါတယ် ။ ကားမောင်းနှင်တဲ့သူအိပ်မငိုက်အောင်စကားတွေဆိုရင်း ဖြတ်သန်းလာလိုက်တာ တောင်ပေါ်တက်နေတဲ့ဖီလင်မျိုးခံစားရမှ မန်းဒလေးကျော်လို့ပြင်ဦးလွင်တက်နေပြီဆိုတာ သိခဲ့ရပါတယ် ။ လာကြိုမယ့်သူ့ကိုမက်ဆေ့ပို့ရင်း ပြန်အိပ်မရတော့ပဲ စိတ်လှူပ်ရှားပျော်ရွှင်နေသလို အမှောင်ထဲကနေပဲမြင်ကွင်းတွေကို လိုက်လံငေးမောနေခဲ့ပါတယ် ။ သူလာကြိုတော့ ဝေလီဝေလင်းမှာ ပြင်ဦးလွင်မြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုမြင်မှ ငါရောက်နေတဲ့မြေဟာ သယံဇာတပေါများပြီး အေးချမ်းတဲ့ငါတို့နိုင်ငံပါလားလို့ ပီတိဖြစ်မိပါသေးတယ် ။ ဘွတ်ကင်တင်ထားတဲ့ဟိုတယ်မှာ အစောကြီးဝင်နားရင်း တာဝန်တွေနဲ့သူ့ကိုပြန်စေပြီး ကိုယ်တို့ညီအစ်မကတော့ တစ်ညလုံးကားစီးလာလို့ ပင်ပမ်းပြီးဝင်အိပ်နေလိုက်တာ သူဖုန်းဆက်မှပဲ နိုးပါတော့တယ် ။ ဘယ်သွားမလဲဘာလုပ်ချင်လဲဆိုတာထက် စိတ်အေးအေးချမ်းချမ်းနဲ့ နေရာတစ်ခုမှာ တိတ်ဆိတ်စွာထိုင်ပြီးစကားပြောခြင်းကို နှစ်သက်တဲ့ကျမ ချမ်းချမ်းစီးစီးမှာပဲ ကိုယ်ဘယ်သွားမယ်မဆုံးဖြတ်နိုင်သေးပဲ ရေချိုးလိုက်တာ တော်တော်လေးအီစလံဝေသွားပါတယ် (ရေခဲရေတစ်မျှရေက အေးစက်နေလို့ပါပဲ) ။ သူလာခေါ်ချိန်မှာ နှင်းမိုးရွာသလိုမိုးလေးတွေရွာနေတော့ တစ်နေ့လုံးအဲလိုရာသီဥတုပဲမို့ စောင့်နေလဲမထူးဘူးဆိုပြီး မနက်စာစားဖို့ သူခေါ်ဆောင်ရာဆိုင်ကိုရောက်သွားခဲ့ချိန်မှာ ဘာစားမယ်ညာစားမယ်ကြိမ်းဝါးထားတဲ့ကျမ ထင်သလောက်မစားနိုင်ခဲ့ပါဘူး ။ စကားလည်းသိပ်မဆိုနိုင်သလို ပတ်ဝန်းကျင်လေ့လာမှူပဲများနေခဲ့ပါတယ် ။ သူတို့အရပ်ဒေသက ဆိုင်လေးတွေဖွင့်တဲ့ပုံစံရယ် သွားလာလှုပ်ရှားနေတဲ့သူတွေရယ် မြို့လေးရဲ့တိုးတက်ပုံတွေကို လိုက်ကြည့်ရတဲ့မြင်ကွင်းက တိုက်တာတွေကြားမွမ်းကြပ်မှူတွေနဲ့ ကျမအတွက် စိတ်လှုပ်ရှားမှူအသစ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။ သူနဲ့အစ်မကတော့ လေပေးဖြောင့်လို့ အဲ့ဒီအချိန်မှာ စကားတွေများများပြောနိုင်စွမ်းရှိတဲ့ ကျမအစ်မကို ရင်ထဲကတိတ်တဆိတ် ကျေးဇူးတင်သွားမိခဲ့ပါတယ် ။ မပြန်ခင်ကတည်းက စားချင်တာမှန်သမျှ ပူဆာထားတဲ့ကျမကို သူက ဟိုဟာစားဖို့ကျန်တယ် ဒီဟာစားဖို့ကျန်တယ် သတိပေးသလို ဆိုင်တော်တော်များများမှာလည်း အတူလိုက်ကျွေးရင်း အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ် ။ အေးချမ်းတိတ်ဆိတ်စွာနဲ့သွားလာစားသောက်ပြီး ကျမတို့မှာလည်ပတ်စရာနေရာမရှိလောက်အောင် ဖြစ်နေခဲ့ပါတယ် ။ တူညီတာတစ်ခုကတော့ ၂ယောက်လုံးက ဟိုသွားမယ်ဒီသွားမယ်လို့ နေရာတွေကိုအပြေးအလွှားမသွားချင်ပဲ အေးချမ်းစွာစားသောက်ရင်း စကားပြောရတာကို ပိုနှစ်သက်တဲ့အကျင့်တစ်ခုပါပဲ ။ ဘုရားတွေဖူးရင်း ညနေပိုင်းကျတော့ ကျမလည်းဟိုတယ်ပြန်အိပ် သူလည်းသူ့အဆောင်ပြန်သွားပြီး တစ်နေ့တာကုန်ဆုံးစေခဲ့ပါတယ် (လွမ်းမောရပါတယ် ပြင်ဦးလွင်ရယ်)။ ပြင်ဦးလွင်ဟိုတယ်တွေဟာ သူရဲခြောက်လေ့ရှိတယ်ဆိုတာ သူကျမကိုကြိုတင်မပြောခဲ့ပေမယ့် ကျမ အမနဲ့ကျမ ကြုံခဲ့ရတဲ့ ဟိုတယ်ခန်းကတိုက်ဆိုင်မှူကိုတော့ နောက်ပို့စ်လေးမှာထပ်ရေးပါမယ် ။ ......ဆက်ရန်
Subscribe to:
Posts (Atom)