Wednesday, December 5, 2012

ယောင်အအ

မင်းမမြင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် ကာရံတွေနဲ့
မင်းမထင်တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ မင်းအတွက် သံစဉ်တွေဖွဲ့
ချစ်ခြင်းမုန်းခြင်း ကင်းမဲ့တဲ့ မင်းဆီမှာတော့ အပိုတစ်ယောက်ပါပဲ
မပေးနိုင်ဘူး ဆိုကာမှ လိုချင်မိတဲ့စိတ်
မလုပ်ချင်ဘူး ဆိုကာမှ ငါ့ကျမှဆိုတဲ့စိတ်
မချစ်ချင်ဘူး ဆိုကာမှ ၀မ်းနည်းမိတဲ့နိမိတ်
မကျော်လွှားနိုင်ဘူး သိပေမယ့် ပြိုင်ချင်မိတဲ့အတိတ်
တူးဆွလို့ဖော်ကာ ယှဉ်ပြိုင်ကာနိုင်လိုက်ချင်တာက အိပ်မက်ရဲ့အစွန်းထွက်တောင် မရှိခဲ့ပါဘူး အတ္တတွေခ၀ါချလို့ ပြာကျတဲ့အရိပ်တစ်ခုမှာပဲ ခိုလှုံခွင့်ပြုပါတော့သခင် ယောင်အစွာချရေးလို့ စာတစ်ပိုဒ်ဖြစ်ခဲ့ရင်တောင် မင်းကျော်ဖတ်တဲ့စာပိုဒ်သာလျှင် ဖြစ်ရပါစေသား

Tuesday, November 20, 2012

ကိုယ်နဲ့၂၀၁၂

မွမ်းကြပ်မှူတွေနဲ့နိုင်ငံလို့ အမည်တပ်လိုက်ရင် မှားသွားမလားပဲ ကိုယ်ကပဲပျော်ရွှင်မှူကိုမရှာနိုင်တာလား ရှာလို့ရတာတွေကပဲပျော်စရာမကောင်းတာလား သေချာတာတော့ တစ်နေ့ထက်တစ်နေ့ တလူးလူးတလှိမ့်လှိမ့်နဲ့ လမ်းပျောက်နေသလို ခံစားချက်တွေဖြစ်နေတာက ပိုဆိုးနေမိတယ်။ ဆန့်ကျင်ဖက်အတွေးအခေါ်တွေနဲ့ လူ့ပတ်ဝန်းကျင်ရဲ့အပြင်ဘက်ကို ကိုယ်ရောက်နေပြီလား တွေးမိတာလဲ အခါခါပါ။ ဘာလိုလိုနဲ့ ဒီဇင်ဘာကိုရောက်လာခဲ့ပါပြီ ၂၀၁၂ရဲ့သုံးသပ်ချက်တချို့ကို ပြန်စဉ်းစားရင်တော့ ထွေထွေထူးထူးမရှိပဲ ကမ္ဘာပျက်မယ်ဆိုတဲ့အတွေးတချို့နဲ့ နှစ်ဦးပိုင်းမှာတော့ စိတ်နဲနဲလှုပ်ရှားခဲ့ပါသေးတယ် ။ အဓိကကတော့ ကိုယ့်မိဘနဲ့နေထိုင်ချိန်မရှိတော့မှာ သိပ်စိုးရိမ်ခဲ့တယ်လို့ ပြောရမှာပဲ ၅နှစ်ကျော်အတွင်းမှာ ကိုယ်ကလည်းအဖြစ်မရှိသလို သူတို့ကျေနပ်လောက်စေတဲ့ စွမ်းဆောင်ချက်တွေလည်း မရှိခဲ့ဘူးလို့ထင်တာပဲလေ ။

ဆက်ဖတ်ချင်သေးရင်...

Monday, October 15, 2012

ဟက်ပီးဘတ်ဒေးဆရာ

အောက်တိုဘာလ (၁၇)ရက်နေ့ ခင်မင်ရင်းစွဲကျေးဇူးရှိသူတွေမှာ ထိပ်ဆုံးကပါဝင်တဲ့ ချစ်ခင်ရသောဆရာရဲ့မွေးနေ့လေးပါ ။ သင်ဆရာ မြင်ဆရာ ဆရာပေါင်းများစွာရှိတဲ့အထဲမှာမှ ဒီဆရာမွေးနေ့ကိုမှ ထူးထူးခြားခြားနုတ်စ်လေးရေးရတာက ဒီဆရာက ကျမဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲအောင် မွမ်းမံသင်ကြားပေးလိုက်သူဆိုလည်း မမှားပါဘူးလို့ပြောလို့ရတဲ့ ချစ်ခင်ရသောဆရာဖြစ်ပါတယ်။ မြန်မာပြည်ကိုပြန်ရောက်တိုင်း ဘယ်သူနဲ့မှမတွေ့ခဲ့ချင်နေမယ် ကျမချစ်သောဆရာရဲ့အိမ်လေးကိုတော့ အမြဲလိုလိုရောက်အောင်သွားလေ့ရှိပါတယ်။ ကျမနဲ့ဆရာတို့မိသားစုကြားမှာ ဘာနှောင်ဖွဲ့ခြင်းမှမရှိပေမယ့် ကျမအပေါ်ဆရာစားမချန်သင်ပေးတဲ့ ကျေးဇူးတရားတွေကတော့ တသက်တာပြန်ဆပ်ရင်တောင် မကုန်နိုင်ပါဘူး။ ဝေေ၀၀ါးဝါးလျှောက်နေတဲ့လမ်းပေါ်ကနေ ကောက်ယူမြှင့်တင်ပေးခဲ့တာလည်း ဒီဆရာပါပဲ ။ မိသားစုလို သူငယ်ချင်းလို မိဘလို အရာရာကိုတိုင်ပင်နှီးနှောရင်း ရန်ဖြစ်ရတာလည်း ဒီဆရာနဲ့ပါပဲ (ခုနေချိန်မှာ ဆရာနဲ့စိတ်ကောက်ရန်ဖြစ် စကားမပြောပဲနေခဲ့တာတွေကို နောင်တရလို့မဆုံးပါဘူး)။ မိဘကိုမပြောရဲတဲ့အကြောင်းအရာတွေတောင် ဆရာနဲ့တိုင်ပင်ရင် လိုလိုလားလားနားထောင်အကြံပေးတတ်တာလည်း ဒီဆရာပါပဲ ။ ဆရာဟာ လက်တွေ့ကျတဲ့ဘ၀ထဲကို စမ်းတ၀ါးဝါးလျှောက်လှမ်းလာစဉ်မှာ လိုလားစွာခေါ်ယူသင်ကြားပေးခဲ့သူဆိုရင်လည်း မမှားပါဘူး ။ ဆရာ့မှာမာနမရှိဘူး ပကာသနမမက်ဘူး ငွေကြေးဆိုတာလုံးဝမမက်ပဲ ပုံမှန်ပညာစစ်ကိုသာအသုံးပြုပြီး ပြိုလဲခဲ့တဲ့သူ့ဘ၀ကို ထူမတ်ခဲ့သလို တပည့်တွေနဲ့ပဲ ပျော်နေတတ်သူလည်းဖြစ်ပါတယ် ။ ဆရာကိုမိဘလို လိုချင်တာပူဆာတိုင်း အမြဲဖြည့်စွမ်းပေးလေ့ရှိသလို ခုချိန်ထိ ကျမကကြုံတိုင်းမုန့်ဖိုးလည်းတောင်းတတ်သူပါ ။ ကျမဘ၀ရဲ့မမေ့နိုင်သောနေ့တစ်နေ့ကို ပြောရမယ်ဆိုရင် နိုင်ငံခြားထွက်ခါနီးဆရာအိမ်မှာသွားကန်တော့ချိန် ပျက်ယွင်းနေတဲ့ဆရာ့မျက်နှာကို ယနေ့ချိန်ထိမမေ့နိုင်ခဲ့ပါဘူး။ ပြန်တိုင်းလည်း ဆရာပြန်လာမယ် ဆရာ့နားပဲနေတော့မယ် ဆရာအသက်ကြီးပြီ သမီးတို့ရှိမှဖြစ်လိမ့်မယ်(တကယ်လည်း နေရာတကာဝင်ပါတတ်တဲ့ ကျမပါ) ဒီနှစ်ပြန်လာမယ် နောက်နှစ်ပြန်လာမယ်နဲ့ ကတိတွေပေးပြီး ချန်ထားရစ်သူကလည်း ကျမပါပဲလေ။ သီတင်းကျွတ်လနဲ့ဆရာ့မွေးနေ့က တစ်လတည်းဖြစ်လို့ ဆရာ့မွေးနေ့တိုင်း ကန်တော့ပြီးရင် အပြင်မှာအဖွဲ့လိုက် သွားရောက်စားသောက်တတ်တာလည်း ဆရာမှတ်မိနေဦးမယ်ထင်ပါတယ်။ မွေးနေ့တိုင်းဖုန်းအလုအယက်ဆက်လေ့ရှိတဲ့ တပည့်တွေကိုလည်း မွေးနေ့တိုင်းမျှော်နေမယ်လို့ ကျမယုံကြည်မိပါတယ်။ နောက်နှစ်ရဲ့မွေးနေ့တိုင်းမှာ အရင်ကလို ဆရာ့နားမှာနေနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း ဟက်ပီးဘတ်ဒေးပါဆရာ လို့ ဒီနုတ်စ်လေးနဲ့ ဂါရ၀ပြုလိုက်ပါတယ်။ ကျန်းမာချမ်းသာစွာဖြင့် ဆရာမြတ်နိုးတန်ဖိုးထားတဲ့ အင်ဂျင်နီယာလုပ်ငန်းကို ဆထက်တပိုးလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မနှစ်ကတုန်းက အသက်(၅၀)ပြည့်တော့မယ်ဆိုပြီး ပြုံးပြုံးလေးပြောရင်း ဒီနှစ်လည်းဇရာကိုတွက်ဆနေမယ့် ဆရာ့ကိုမှန်းဆကန်တော့ရင်း အသက်(၁၂၀)တိုင်ရှည်ပါစေလို့လည်းရင်ထဲကနေတောင်းဆုပြုမိပါတယ်။ (ကျမရဲ့ဆရာရင်းဖြစ်တဲ့ဆရာဦးစိုးနိုင်ကိုဒီနုတ်စ်လေးနဲ့ဂါဝရ ပြုလိုက်ပါတယ်)

Thursday, October 4, 2012

နင့်ကိုငါ

ငါနေမကောင်းဖြစ်တိုင်း ~ နင့်ကိုလွမ်းတယ်
ငါ့စိတ်တွေအစာမကြေတိုင်း ~ နင့်ကိုလွမ်းတယ်
ငါအခက်အခဲတွေတွေ့တိုင်း ~ နင့်ကိုလွမ်းတယ်
ငါစိတ်အားငယ်ချိန်တွေတိုင်း ~ နင့်ကိုလွမ်းတယ်
ငါတို့ပလန်တွေနဲ့ တိုက်ဆိုင်တာကြုံတိုင်း ~ နင့်ကိုလွမ်းတယ်
 နွေးထွေးတဲ့နင့်ရဲ့ကျောပြင်လေးကို သတိရတိုင်း ~ နင့်ကိုလွမ်းတယ်
နင်ဆိုပြတဲ့သီချင်းသံကိုကြားတိုင်း ~ နင့်ကိုလွမ်းတယ်
ဝက်သားဟင်းချက်တာမြင်တိုင်း ~ နင့်ကိုလွမ်းတယ်
 ဆိုင်ကယ်သံတွေကြားတိုင်း ~ နင့်ကိုလွမ်းတယ်

ဟန်ဆောင်လိမ်ခြင်းအတတ်တွေကင်းတဲ့ နင့်မျက်ဝန်းတွေကျတော့ ငါသိပ်ချစ်တယ်။
နင်နေတဲ့မြို့လေးမှာ နင်နဲ့အတူတူ နွားနို့ပူပူတစ်ခွက်ကို မက်မောစွာသောက်ချင်ပါသေးတယ် ချစ်သူ။
 (4.10.12) နင့်ကိုသိပ်လွမ်းမိတဲ့တစ်နေ့ပေါ့ အမှတ်တရပါ။

Thursday, September 13, 2012

နှုတ်ဆက်လိုက်ပါတယ်ရန်ကုန်

မနက်၎နာရီလောက် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို ကားဝင်လာပြီး တက်ဆီသမားများ၏ အမဲဖျက်သလိုအက်ရှင်တွေနဲ့ စိတ်ညစ်ညူးစွာ ဖြတ်သန်းပြီးချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ သစ်အမေက ရောဂါရယ်လို့အထွေအထူးမရှိပေမယ့် ခုနေသီချင်းလေးဆိုပြီး စိတ်အေးချမ်းစွာ ကျမ်းစာဖတ်နေသော်လည်း ခုနေခေါင်းမူးတယ်ဆိုပြီး လဲတတ်တဲ့သူမျိုးပါ ။ အသက်၇၉ရှိပြီဖြစ်တဲ့အဖေကတော့ ခုချိန်ထိ တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်လို့ သစ်သစ်မှာသူ့ကိုအစဉ်အမြဲ စိတ်ပူနေရပါသေးတယ်။ သစ်သစ်ပြန်ရောက်ပြီး အိပ်ယာမှာ ခဏအိပ်မလို့ပဲရှိသေးတယ် အမေကရုတ်တရက်ကြီး သူ့လက်တဖက် ကိုက်ခဲလာပါတယ်ဆိုပြီး လှမ်းခေါ်လို့ ခရီးရောက်မဆိုက် သစ်သစ်မှာပျာယာခတ်သွားရပါသေးတယ်။ စိတ်မချရတာလည်းမပြောပါနဲ့ မိဘတွေကအသက်ကြီးတော့ ကိုယ်တွေသူတို့နားရှိတာ လိုအပ်နေတဲ့အချိန်တွေပေါ့ ။ ခုနေချိန်ထိပြုစုခွင့်ရတာကိုကပဲ နည်းတဲ့အခွင့်အရေးမဟုတ်ပဲလေ ဒါကြောင့်စင်္ကာပူပြန်လာတိုင်းအမြဲတစ်ခွန်းပဲမှာလေ့ရှိတယ် အမေနဲ့အဖေအမြဲဒီလိုပြုံးရွှင်ပြီးနေတာ မြင်ချင်ပါတယ်လို့ (ရပ်ကွက်ထဲက သူတို့နဲ့ရွယ်တူတန်းတူ တော်တော်များများကွယ်လွန်ကုန်ကြပြီဆိုတော့ တယောက်ယောက်သေပြီဆို သူတို့မှာငါတို့လည်းဆိုတဲ့စိတ်တွေဖြစ်နေတတ်လို့ အမြဲအားပေးရပါသေးတယ်)။ ခုတခေါက်တော့ အမေရောအဖေရော ကျန်းမာအောင်လုပ်ထားနော်လို့ နောက်ဆိုမြေးထိန်းရမယ်ဆိုပြီး စနောက်နေလို့သူတို့မှာ ငါတို့ကိုခုချိန်ထိခိုင်းစားချင်သေးတယ်ဆိုပြီး ဟန်ဆောင်ဒေါသတွေကိုမြင်ပြီး ပျော်ရွှင်ရပါသေးတယ်။ ကျေးဇူးပါ ဖေနဲ့မေ ဒီအရွယ်ထိပြင်းထန်တဲ့စိတ်လှုပ်ရှားမှူ သားသမီးတွေကိုမပေးတဲ့အတွက် ရင်ထဲကအစဉ်ထာဝရဦးခိုက်ကန်တော့ နေမှာပါ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, September 12, 2012

ကျမ နဲ့ သူ

တစ်နေ့လုံးမိုးရေထဲ လျှောက်သွားနေရတာကတစ်ကြောင်း ကားစီးလာခဲ့ရတာကတစ်ကြောင်းနဲ့ လူကတစ်ကယ်ဆိုတော်တော်လေးပြိုင်းနေပါပြီ ။ ည၇နာရီ သူနဲ့ညစာသွားစားချိန်မှာတောင် မလှုပ်ချင်တော့ဘူး သူလည်းကိုယ့်ကိုကြည့်ပြီး သိပုံပေါ်တယ် စားပြီးဟိုတယ်ပြန်ပို့တယ် စောစောအိပ်လိုက်တဲ့ ။ ဟိုတယ်ရောက်တော့ ညီအစ်မ၂ယောက် စကားတွေပြောလိုက် အခန်းထဲကတီဗီကိုလည်း ဖွင့်ထားတာပေါ့ ။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ည၁၀နာရီကျော်လောက်ထိ အခန်းမီးမပိတ်ပဲ စကားပြောနေမိခဲ့တယ်။ ဖွင့်ထားတဲ့တီဗီကလည်း ဒီလိုင်းကြီးကကြည့်မကောင်းလိုက်တာဆို တစ်လိုင်းပြောင်းသွားတယ် သူ့အလိုလိုပေါ့ ဒါပေမယ့် ၂ယောက်လုံးကသတိမထားမိဘူး တီဗီကိုပဲစွဲမြဲစွာထိုင်ကြည့်နေတာလဲမဟုတ်တော့ နှုတ်ကနေပြောလိုက်တိုင်း လိုင်းကတလိုင်းပြီးတလိုင်း ပြောင်းနေခဲ့တာ လုံးဝကိုမစဉ်းစားမိပဲ ဟိုတယ်ကတခြားနေရာမှာကြည့်နေတဲ့သူတွေ သူတို့မကြည့်ချင်လို့လိုင်းပြောင်းနေတယ်ပဲ ထင်ခဲ့ကြတာလေ ။ ည၁၀နာရီကျော်အိပ်ပြီပေါ့ မီးအကြီးတွေပိတ်အခန်းမီး၂လုံးပဲ ထွန်းထားပြီး အမကတော့အိပ်ပျော်သွားတယ် ။ လူးလူးလှိမ့်လှိမ့်နဲ့အိပ်မပျော်သူက ကျမပဲပေါ့ သူ့ဖုန်းဆီမက်ဆေ့ပို့လိုက် တောင်စဉ်းစားလိုက်မြောက်စဉ်းစားလိုက်နဲ့ ၁၁နာရီကျော်လောက်အိပ်ပျော်သွားတယ်ထင်တာပဲ ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 11, 2012

လွမ်းမောရတဲ့ပြင်ဦးလွင်

ကြိုတင်လုပ်စရာရှိတာတွေ လုပ်ထားပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ရန်ကင်းကပြည်ထဲရေးရုံးကို ချီတက်ခဲ့ပါတော့တယ် ။ ချိန်းထားတဲ့ ၉နာရီဟာ ၁၂နာရီထိုးခါနီးမှ ရောက်လာတဲ့အေးဂျင့်ကို စိတ်ပျက်လို့ အောင့်အီးကာကိုယ့်ကိစ္စပြီးအောင် လုပ်ကိုင်ရင်း ပြည်ထဲရေးရုံးကထွက်ခွာလာချိန်ဟာ ညနေ၄နာရီကျော်လာခဲ့ပါပြီ ။ လာကြိုတဲ့အစ်မနဲ့တစ်ခုခုစားမယ်ဆိုပြီး ကမ္ဘာအေးဂမုန်းပွင့်ဆိုတာ ပထမဆုံးဝင်ရောက်ခဲ့ပါတယ် ။ စိတ်ထဲမှာလည်း ပြန်လာခြင်းကိစ္စတစ်ခုမှာ တစ်ဝက်လောက်ပြီးသွားပြီဆိုတော့ အနည်းငယ်စိတ်အေးတာလည်း ပါတာပေါ့လေ ။ တဆက်တည်းပြန်မလာခင်ကတည်းက ဒီကိစ္စအတွက် ငွေကြေးကအစ အစစအရာရာကူညီလုပ်ကိုင်ပေးတဲ့ ရန်ကုန်မှညီမငယ်သီရိကိုလည်း ကျေးဇူးတင်ကြောင်းထည့်ပြောမှဖြစ်ပါလိမ့်မယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း လူတိုင်းမှာကောင်းတိုင်ပင်ဆိုးတိုင်ပင်ကတော့ ရှိသင့်တယ်ဆိုတဲ့အထဲမှာမှ ကျမထက်၆နှစ်လောက်ငယ်တဲ့ သီရိကကျမဘ၀ရဲ့ တိုင်ပင်ဖော်တယောက်လည်းဖြစ်ပါတယ် ။ လိုအပ်တာမှန်သမျှကို အမရင်းနဲ့မခြား ဆူပူဆဲဆိုရင်းလုပ်ကိုင်ပေးတာပဲ သူပါပဲလေ ကျေးဇူးတင်ပါတယ် ညီမလေးရေ ...း) ။

ဆက်ဖတ်ချင်သေးရင်...