Monday, May 28, 2012

တတိယအကြိမ်မြောက် ဆွမ်းကပ်ပွဲလေး

သစ်သစ်တို့အဖွဲ့လေး ၂၇.၅.၂၀၁၂ နေ့မှာ တတိယအကြိမ်မြောက် ဆွမ်းကပ်လှူဒါန်းနိုင်ခဲ့ပါပြီ ။ ၃ကြိမ်မြောက်တိုင်အောင် စိတ်အားထက်သန်စွာ စိတ်တူကိုယ်တူလက်တွဲမဖြုတ်တမ်းပါဝင်ခဲ့ကြသော ချစ်သူငယ်ချင်းများကို သစ်သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးကနေပြောလိုက်ပါရစေနော် ။ ပထမဆုံးအကြိမ်မြောက်ကနေ ဘယ်နှစ်များထိတိုင်အောင် အတူတကွလှူဒါန်းခွင့်ရမယ်ဆိုတာမသိပေမယ့် ခုနေချိန်ထိ တက်တက်ကြွကြွနဲ့ပျော်ရွှင်စွာ ကုသိုလ်ရေးအလုပ်များကိုလုပ်ကိုင်ခွင့်ရတယ်ဆိုကတည်းက နည်းတဲ့အထုံရေစက်မှမဟုတ်ပေပဲလေ ။ နောင်တချိန်တစ်ယောက်တစ်နေရာစီကွဲကွာသွားချိန်မှာ ငါတို့တွေဟိုစဉ်က ဒီလိုအတူတကွ အလှူအတန်းတွေလုပ်ခဲ့ဖူးကြတယ် ဒီလိုတွေရယ်မောပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြဘူးတယ်ဆိုတဲ့ အသိလေးက သစ်တို့နှလုံးသားမှာအမြဲထာဝရ နွေးထွေးနေတော့မှာ သေချာပါတယ် ။ ဒီလိုကျွန်းနိုင်ငံလေးမှာ တခဏတာနားခိုရင်း ဘူတာရထားဆိုက်ကပ်ချိန်မှာ တွေ့ဆုံလက်တွဲခွင့်ရခဲ့တဲ့ ဒီသူငယ်ချင်းကောင်းလေးတွေနဲ့ မြဲသောမေတ္တာ စစ်မှန်သောစေတနာတွေနဲ့ လက်တွဲမဖြုတ်တမ်း ဒါထက်မက အတူတကွလှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းရင်း......။

ထုံးစံအတိုင်းပေါ့ ဒီအဖွဲ့က အလှူတခုလုပ်ပြီဆိုရင် အနည်းဆုံးအီးမေးလ်အစောင်၁၀၀ကျော်မှ တိုင်ပင်ဆွေးနွေးပွဲပြီးတယ်လို့ ဆိုရမယ်။ သူကတော့ ဘာချက်ချင်တယ် သူကတော့ဘာဝင်လုပ်ချင်တယ် ငါ့ကိုတော့တာဝန်မပေးဘူး ရေးထားတာတွေဘာတခုမှနားမလည်ဘူး ငါဘာဟင်းချက်ရမလဲဟင် ငါတို့အဲ့နေ့ထမီတွေပဲဝတ်ကြရအောင် အိုးးးချရေးလို့မကုန်တဲ့ မေးခွန်းတွေအဖြေတွေနဲ့ အလှူလုပ်ဖို့စတင်ခဲ့တာကတော့ လွန်ခဲ့သောမေလပထမအပတ်ကတည်းပါပဲ။ ဒီနှစ်တော့ဧည့်သည်လေးနည်းနည်းဖိတ်ချင်ပါတယ် အဆိုတင်သွင်းသူကတော့ အပြုံးမလို့ခေါ်တဲ့အဖွဲ့ထဲက အသေးဆုံးမင်းသမီးပါပဲ။ ဧည့်သည်ကလည်း အသက်တော်တော်ကြီးနေပါပြီ ၁နှစ်ကျော်သာရှိသေးတဲ့ ဖေ့ဘွတ်မင်းသမီးချောလေး မှုံနံသာကိုဖိတ်ချင်ပါသတဲ့လေ ။ လုပ်ကြပါဦး ဆက်ကြပါဦး သူ့ကိုဖိတ်ဖို့ရာအတွက် သူ့အမေကိုအရင်ဆုံးမျက်နှာချိုသွေးရပါတယ် ။ ဖုန်းဆက်ပြီးတမျိုး ဖေ့ဘွတ်မှာရေးလို့တဖုံ မက်ဆေ့ပို့ပြီးတသွယ် အားနာမှူအပေါင်းသရဖူဆောင်းရလောက်အောင် တဂျီဂျီသွားလုပ်တာကတော့ တဖွဲ့လုံးနီးပါးပါပဲ။(ကျေးဇူးတင်ပါတယ်စင်စင် ကလေးတဖက်နဲ့အပြင်ကိုသွားဖို့ရာမလွယ်ကူပေမယ့် သစ်သစ်တို့အလှူလေးကို မိသားစုအတူတကွအချိန်ပေးလာရောက်ခဲ့တဲ့အတွက် တဖွဲ့လုံးကိုယ်စားသစ်သစ်က ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောလိုက်ပါတယ်နော်)။ နောက်ထပ်အထူးဧည့်သည်တော်ကတော့ဖြင့် တော်ရုံရက်ချိန်းရလေ့မရှိတဲ့ ရီတာလို့ခေါ်တဲ့ဘလော်ဂါမင်းသမီးချောပါပဲ (တကယ်လည်း သစ်တို့အလှူနေ့သူမအားခဲ့ပါဘူးလေ) ။ ဒီလိုနဲ့ဖိတ်ကြားတဲ့အစီအစဉ်ပြီးတော့.....။

နှစ်ကြိမ်တိုင်တိုင်ဆွမ်းကပ်ခဲ့တဲ့ဘုန်းကြီးကျောင်းက သစ်သစ်တို့ဆွမ်းကပ်ချိန်တဲ့ရက်မှာ ရက်မရခဲ့ပါဘူး ။ ဒီနှစ်တော့နောက်ထပ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကပ်ဖို့စီစဉ်ခဲ့ရာ စမ်ဘာဝမ်းကျောင်းမှာကပ်လှူဖို့ရက် ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၇ရက်နေ့ရောက်ဖို့ရာနီးကပ်လို့လာခဲ့ချိန်မှာ ချက်ပြုတ်ဖို့တာဝန်ခွဲဝေကြပြီဆိုပါတော့ ။ ထုံးစံအတိုင်း မျိုးက ကြက်သားအရည်သောက်ဆမ်းမွန်ဟင်း ချက်ပါတယ် ။ ဗစ်စတာကတော့ ငါးကြင်းကြော်နှပ်ရယ် ခရမ်းချဉ်သီးငါးပိချက်ရယ် တာဝန်ကျပါတယ်။ သစ်သစ်ကတော့အမြဲချက်နေကျ ၀က်သားအချိုချက်ရယ် ခရမ်းသီးရခိုင်ချက်စပ်စပ်လေး ချက်ပေးဖို့အလှည့်ကျပါတယ်။ ငါးဖယ်သုတ်အတွက်လည်း မျိုးကသူလုပ်မယ်ဆိုလို့ အသက်၃၀နားနီးမှ ဆိုင်ကငါးဖယ်တွေဟာ ညက်ပြီးသားကို ထောင်းစရာမလိုဘူးသိထားခဲ့သူ အပြုံးမဟာ ငါးဖယ်သုတ်အတွက် ငါးဖယ်များကိုခုလိုထုထောင်းရကြောင်း ကံအားလျော်စွာဒီအလှူမှာပါဝင်ခဲ့လို့ သိသွားခဲ့ရရှာပါတယ် (အဆိုးထဲကအကောင်းပေါ့လေ...ဟိ) ။ ဘူးသီးဟင်းခါး နှင့် အစိမ်းကြော်အတွက် တာဝန်ပေးထားခဲ့တဲ့ နိုမို နဲ့ ညည ကတော့ ၂၆ရက်နေ့ထိ စကားပြန်မလာသေးပါဘူး ။ အလုပ်မှာstressများတာထက်ကို အလှူနေ့မှာအဲဒီဟင်း၂မျိုးအတွက် ပိုပြီးstressfulဖြစ်နေပါတယ် ။ ဆီပုလင်းပဲပြေးဝယ်မလိုလို ဘူးသီးအတွက်မလေးရှားကစိုက်ခင်းကိုပဲ ပြေးမလိုလို အစိမ်းကြော်ထဲ အသားထည့်မလား အသဲထည့်မလား ခေါင်းပန်းလှန်မလိုလိုနဲ့ တော်တော်အလုပ်ရှုတ်သွားတာကတော့ဖြင့် စီဘောက်မှာအောင်ကြူကြူမှိုပဲ ဖြစ်ပါတော့တယ် ။ တာဝန်ကျသူနောက်တယောက်ညညကတော့ဖြင့် အလှူနေ့မနက်မှ ဆံပင်ဖားလားနဲ့ဘုန်းကြီးကျောင်းထဲနောက်ဆုံးမှဝင်လာလို့ အမျှဝေလိုက်ရပါသေးတယ်....ညညရေ အမျှ အမျှ အမျှ။ အချိုပွဲနဲ့ဆန်ဝယ်ရန်တာဝန်ကျသူ မင်းသမီးချော ဘူးဘူးကတော့ဖြင့် ဈေးများဝယ်ကာပင်ပမ်းပြီးဖျားယူရပါတယ် ။ ဒါကြောင့် သူနဲ့ဘ၀တလျှောက်ကုသိုလ်အတူလုပ်မယ့် ချစ်ချစ်ဒီမကိုသာ တွန်းလှည်းတစ်စီးနဲ့စောစောစီးစီးလွှတ်လိုက်ပါတယ် (ပြန်လာရင် ကုသိုလ်တွေသေချာယူခဲ့နော်တဲ့)ဘူးဘူးတို့များကံကောင်းလိုက်တာ အလှူတောင်စက်ကတ်ကြေးကိုလွှတ်လိုက်တယ် ဟိုကဖြင့်ကြေးစည်သံတောင်ညီအောင်မထုတတ်တဲ့သူ ဖြစ်နေပါရောလားအေ ။ ဒါတောင်အလှူမတိုင်ခင်က ဆရာတော်ကိုအန်ဂရီးဘတ်ကိတ်မုန့်ကပ်ရင်ကောင်းမလား လာတိုင်ပင်နေလို့ မနည်းချော့မော့လွှတ်လိုက်ရပါသေးတယ် (သိုင်းကျူးပါ ဘူးဘူး လိုအပ်တာတွေအားလုံးအသေးစိတ်ဝယ်ပေးလို့ပါ)။ နောက်ဆုံးမှာတော့ ဆရာတော်ကိုမင်းကွတ်သီးနဲ့ဒူးရင်းသီးကပ်မယ့် ပျိုနှမအီးယို(တရုတ်နာမည်)ဖြစ်ပါတယ် ။ ၀ယ်ခါနီးဖုန်းဆက်မေးလို့ မျိုးက တော်တော်လေးနားချပေးလိုက်တော့မှ နဂါးမောက်သီး စပျစ်သီးနဲ့ သစ်တော်သီးကို အားမတန်မာန်လျော့ပြီးဝယ်လာခဲ့သူလို့ပဲ ဆိုလိုက်ပါတော့မယ်။ တယောက်တမျိုးမရိုးရအောင် စာဖွဲ့လို့မဆုံးနိုင်ပါဘူးလေ...။

ဒီနှစ်အလှူမှာ မြန်မာဝတ်စုံဖြင့်ပွဲတက်ပြီး ပြာယာခတ်နေသူကတော့ ပြာတာအပြုံးမပါပဲ ။ သူထမင်းချက်မယ် သူကော်ဖီဖျော်မယ်နဲ့ မြောင်းထဲပလုံဆိုပြီးပြုတ်ကျသူကလည်း အဲဒီအပြုံးမပါပဲ ။ နောက်ဖေးပြေးလိုက် ထမင်းမာသွားပြီဆိုတာလာပြောလိုက်နဲ့ အလှူမှာပထမဆုံးလူရာဝင်စွာအခိုင်းခံနေရတော့ သူအင်မတန်ပျော်ရွှင်နေပါတယ် ။ အိမ်နောက်ဖေးမှာထည့်ဖို့ပန်းကန်သွားတောင်းခိုင်းတော့ မျက်နှာငယ်စွာနဲ့သူ့ကိုပန်းကန်သူ့အမေက မပေးလိုက်ကြောင်း အော်လိုက်ကြောင်း လာပြောတာလည်းသူပါပဲ ။ ဘုန်းကြီးတွေကိုဆွမ်းကပ်မယ်မပြောပဲ ထမင်းကျွေးမယ်ဆိုတာကြီးပဲပြောတာလည်းသူပါပဲ ။ သူဗိုက်ဆာနေပြီဆိုကြောင်းကို ၃မိနစ်တကြိမ်မမေ့မလျော့ပြောတာလဲ သူပါပဲလေ ။ ဆရာတော်တွေကိုဆွမ်းကပ်ပြီး မောပန်းစွာနဲ့ဆရာတော်တရားပေးတဲ့နေရာမှာ ထိုင်နေလို့ဆွဲခေါ်ရသေးတာကလည်း သူပါပဲလေ (ဟူးးးးးးးး မောထှာနော်)။

ဒီလိုနဲ့ပျော်ရွှင်စွာ ပြီးမြောက်ခဲ့တဲ့အလှူလေးကို ဖြစ်ပျက်စုံလင်လွန်းလို့ ပို့စ်လေးတစ်ပုဒ်ချရေးဖြစ်ခဲ့ပါတယ် ။ ပါဝင်ခဲ့သူ သူငယ်ချင်းများ အချိန်ပေးလာရောက်ခဲ့သူကို ဧည့်သည်များကို ကျေးဇူးတင်ကြောင်း ပြောရင်း တတိယအကြိမ်မြောက်အလှူလေးမှာ အတူပါဝင်သာဓုခေါ်ကြပါဦးနော် ။ အားလုံးပဲပျော်ရွှင်ကြပါစေလို့ သစ်သစ်ကဆုတောင်းပေးလိုက်ပါတယ် ။













အထူးဧည့်သည်တော် မှုံနံသာ








အချိုပွဲတွက် ပြင်ဆင်ထားပုံ








ဆွမ်းမကပ်မီ ပြင်ဆင်ထားပုံ

12 comments:

  1. အပြုံးမက လေပေါ.. ကော်ဖီလည်း နာပဲဖျော်ရတာ .. ဖျော်ခါနီးရင် ငါ့လာခေါ်ပြီ လာလိုက်ခဲ့တဲ့ LOL

    ReplyDelete
  2. မှုံလေး ချစ်စရာကောင်းချက်အေ

    ReplyDelete
  3. သစ်သစ်May 28, 2012 at 11:22 AM

    အသဲကလာမှမလာတာ တနှစ်တခါဖိတ်တာကို...ဟင့်

    ReplyDelete
  4. သာဓု ..သာဓု..သာဓု....
    စားခဲ့ရတဲ့ ဟင်းတွေ၊ အချိုပွဲတွေကလည်း ကောင်းလေစွ..ကောင်းလေစွ...ကောင်းလေစွ....
    ဒီနေ့ နေ့လည်စာ လက်ဖက်သုပ်နဲ့ စားရတော့မယ်...
    ဘဝ ပြောင်းလဲသွားချက်..... .အဟင့်.....


    ဧည့်သည်မကြီးအမေ ဧည့်မြှောင်....

    ReplyDelete
  5. မယ်မှုံကို ဘယ်နေရာမှာ ရိုက်လိုက်မှန်းတောင် မသိဘူး..အဲဒီဂါဝန်နဲ့မှာ ပြုံးတဲ့ပုံတောင် မရတော့ဘူး ထင်ထားတာ....

    pif

    ReplyDelete
  6. ကလေးမနေမှာစိုးလို့ အကြောင်းပြချက်ကောင်းကောင်းလမ်းကြောင်းပေးပြီး အရင်ဆုံးစားခွင့်ရတဲ့ အတွက်ရော... သူ့အမေ အသကုန် အုပ်နေတုံး ကလေးထိန်းပေးထားတဲ့အတွက်ရော..... ကျေးဇူးတင်ပါတယ်...

    ReplyDelete
  7. ပြုံးမက ဆရာကတော့ သိပ်လုပ် င့ါကြက်သားဟင်းချက်တာကို ကြည့်ပြီး ဟင်းကလည်း ဆီမပါ ပြားမပါလို့ ပြောသေးတာ

    ReplyDelete
  8. သစ်သစ်May 28, 2012 at 11:42 AM

    စင်စင် နောက်နှစ်တွေလည်းလာခဲ့နော်း)

    ReplyDelete
  9. ဧည့်သည်မကြီးအမေ ဧည့်မြှောင်.... ( အူတောင် တက်တယ် .. )

    ReplyDelete
  10. မှုံမှုံလေးဟာ သိပ်ချစ်စရာကောင်းတာပဲ..

    ReplyDelete
  11. မှုံနံသာ....so cute... :)

    ReplyDelete