Thursday, September 13, 2012

နှုတ်ဆက်လိုက်ပါတယ်ရန်ကုန်

မနက်၎နာရီလောက် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို ကားဝင်လာပြီး တက်ဆီသမားများ၏ အမဲဖျက်သလိုအက်ရှင်တွေနဲ့ စိတ်ညစ်ညူးစွာ ဖြတ်သန်းပြီးချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ သစ်အမေက ရောဂါရယ်လို့အထွေအထူးမရှိပေမယ့် ခုနေသီချင်းလေးဆိုပြီး စိတ်အေးချမ်းစွာ ကျမ်းစာဖတ်နေသော်လည်း ခုနေခေါင်းမူးတယ်ဆိုပြီး လဲတတ်တဲ့သူမျိုးပါ ။ အသက်၇၉ရှိပြီဖြစ်တဲ့အဖေကတော့ ခုချိန်ထိ တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်လို့ သစ်သစ်မှာသူ့ကိုအစဉ်အမြဲ စိတ်ပူနေရပါသေးတယ်။ သစ်သစ်ပြန်ရောက်ပြီး အိပ်ယာမှာ ခဏအိပ်မလို့ပဲရှိသေးတယ် အမေကရုတ်တရက်ကြီး သူ့လက်တဖက် ကိုက်ခဲလာပါတယ်ဆိုပြီး လှမ်းခေါ်လို့ ခရီးရောက်မဆိုက် သစ်သစ်မှာပျာယာခတ်သွားရပါသေးတယ်။ စိတ်မချရတာလည်းမပြောပါနဲ့ မိဘတွေကအသက်ကြီးတော့ ကိုယ်တွေသူတို့နားရှိတာ လိုအပ်နေတဲ့အချိန်တွေပေါ့ ။ ခုနေချိန်ထိပြုစုခွင့်ရတာကိုကပဲ နည်းတဲ့အခွင့်အရေးမဟုတ်ပဲလေ ဒါကြောင့်စင်္ကာပူပြန်လာတိုင်းအမြဲတစ်ခွန်းပဲမှာလေ့ရှိတယ် အမေနဲ့အဖေအမြဲဒီလိုပြုံးရွှင်ပြီးနေတာ မြင်ချင်ပါတယ်လို့ (ရပ်ကွက်ထဲက သူတို့နဲ့ရွယ်တူတန်းတူ တော်တော်များများကွယ်လွန်ကုန်ကြပြီဆိုတော့ တယောက်ယောက်သေပြီဆို သူတို့မှာငါတို့လည်းဆိုတဲ့စိတ်တွေဖြစ်နေတတ်လို့ အမြဲအားပေးရပါသေးတယ်)။ ခုတခေါက်တော့ အမေရောအဖေရော ကျန်းမာအောင်လုပ်ထားနော်လို့ နောက်ဆိုမြေးထိန်းရမယ်ဆိုပြီး စနောက်နေလို့သူတို့မှာ ငါတို့ကိုခုချိန်ထိခိုင်းစားချင်သေးတယ်ဆိုပြီး ဟန်ဆောင်ဒေါသတွေကိုမြင်ပြီး ပျော်ရွှင်ရပါသေးတယ်။ ကျေးဇူးပါ ဖေနဲ့မေ ဒီအရွယ်ထိပြင်းထန်တဲ့စိတ်လှုပ်ရှားမှူ သားသမီးတွေကိုမပေးတဲ့အတွက် ရင်ထဲကအစဉ်ထာဝရဦးခိုက်ကန်တော့ နေမှာပါ။ ညနေကျတော့ထုံးစံအတိုင်း လာရင်းကိစ္စဖြစ်တဲ့ ပတ်စ်ပို့စာအုပ်ထွက်ပြီလား လာယူရတော့မလား စိတ်ပင်ပမ်းစွာနဲ့ဖုန်းဆက်မေးပြီး လုပ်ပေးတဲ့သူကိုလောရပါတယ် ။ နေ့တိုင်းဈေးနှုန်းပြောင်းလဲနေလို့ ဖုန်းဆက်ရတိုင်း စိတ်လှုပ်ရှားရပါတယ် (အော် ထာဝရမပြောင်းလဲတဲ့ ရန်ကုန်ပါလားနော်)။ ညနေလာယူလို့ရပြီဆိုတော့ တော်တော်လေးပျော်သွားပါတယ် သူနေတဲ့နေရာနဲ့ သစ်နေတဲ့နေရာက တောင်နဲ့မြောက်ဖြစ်နေတော့ ၂နာရီလောက်ကြိုထွက်ရပါသေးတယ် ။ ကားမောင်းတဲ့သူကျွမ်းကျင်မှူကြောင့်သာ လိုရင်းနေရာကို လွယ်ကူစွာရောက်ခဲ့တာပါ ။ ဟိုလမ်းကြားကဖြတ် ဒီလမ်းကြားက၀င်နဲ့ ၅နှစ်လောက်ဝေးကွာခဲ့တဲ့ သစ်သစ်တစ်ကယ်ဆိုမျက်စိလည်ရပါတယ်။ ခုတခေါက်ပြန်တော့ အိမ်ကကားကိုသိပ်မသုံးဖြစ်ပါဘူး (လမ်းထိပ်မှာကွန်ကရစ်လမ်းတွေခင်းနေတော့ လမ်းထိပ်ကနေကားထွက်ဖို့တောင် လမ်းပိတ်နေလို့၁၅မိနစ်အနည်းဆုံး စောင့်ရပါတယ်)ဒါကြောင့်မသုံးဖြစ်ပဲ လမ်းထိပ်ကနေဖြတ်သွားနေတဲ့ မျက်ပြူးလို့အများခေါ်ကြတဲ့တက်ဆီလေးတွေပဲ စီးဖြစ်ပါတယ်။ မျက်ပြူးလေးတွေကသိပ်ချစ်စရာကောင်းပါတယ် ဟိုနေရာမှာလမ်းအလယ်ပန်းအလှစိုက်တဲ့နေရာပေါ်တက်လည်း ယက်ကန်ယက်ကန်နဲ့ဆွဲချမရပါဘူး ဒီနားမှာမှောက်နေလဲ ဘီး၎ဘီးကောင်းကင်မှာ ပက်လက်လေးနဲ့ ချစ်ဖို့သိပ်ကောင်းပါတယ် (ကလေးကစားစရာ ကားလေးတွေနဲ့တူပါတယ်) နောက်ဆုံးအုန်းသီးခြောက်ပေါ်ဖြတ်ရင်တောင် အောက်ပိုင်းမလွတ်လို့ တစ်နေတတ်တဲ့အာဂမျက်ပြူးပါ။ ဘာပဲဖြစ်ဖြစ် သစ်ကတော့ မျက်ပြူးတက်ဆီလေးတွေချစ်ပါတယ် ။ တက်ဆီမောင်းတဲ့သူတိုင်းမှာ ဟန်းဖုန်းတွေနဲ့ဆိုတော့ ဖုန်းတဂွမ်ဂွမ်နဲ့ လူနေမှူအဆင့်အတန်းမြင့်တာလား ခေတ်စနစ်ပြောင်းလဲသွားသလား မှန်းလို့တောင်မပြောတတ်တော့ပါဘူး ။ ဒီတခေါက်ပြန်တာ ရွှေတိဂုံဘုရားတောင်မရောက်ခဲ့သလို ဘယ်သူငယ်ချင်းဘယ်နေရာမှကို မသွားဖြစ်ခဲ့ပါဘူး ။ လာရင်းကိစ္စပြီးတော့ မိသားစုကိစ္စတွေနဲ့ လူလည်းချာလပတ်ကိုရမ်းနေပါတော့တယ် ။ လမ်းပိတ်တယ်ဆိုတဲ့နာမည်ကျော် လှည်းတန်းလမ်းဆုံတောင်မဖြတ်ခဲ့ရပါဘူး ။ သွားလိုက်တိုင်း၈မိုင်ကနေပဲ ကမ္ဘာအေးဘက်ကိုကွေ့ပြီးသွားတော့ မြို့ထဲဘက်ဆိုတာယောင်လို့တောင် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သွားလေ့သွားထမရှိတဲ့ ရေဝေးသုသာန်ကိုတော့ သစ်သစ်ရောက်ခဲ့ပါတယ်။ အဖေနဲ့အပတ်စဉ်တူသူငယ်ချင်းတယောက်ရဲ့ဇနီးဆုံးလို့ အဖေကလိုက်ပို့ချင်ပါတယ်ဆိုလို့ အဖေကိုစိတ်မချတဲ့သစ်သစ်လိုက်သွားခဲ့တာပါ။ မစည်ကားသင့်တဲ့အရပ်စည်ကားတယ်ပြောရလောက်အောင်ပါပဲ ဗိုလ်ချုပ်ကတော်တယောက်ရဲ့နောက်ဆုံးခရီးဟာလည်း ရဲကားတွေ စစ်တပ်ကကားတွေ မော်တော်ပီကယ်တွေနဲ့ တိုးလို့မပေါက်အောင်စည်ကားလှပါတယ်။ ငိုတဲ့သူသိပ်မရှိသလို အသုဘရှူလာတဲ့သူတွေဟာ ကျန်ရစ်သူဗိုလ်ချုပ်ဟောင်းကိုပဲ နှုတ်ဆက်ဖို့ကြိတ်ကြိတ်တိုးနေပါတယ် (နည်းနည်းတော့သစ်သစ်လည်း ကြောင်နေပါတယ်)။ သစ်သစ်တစ်ယောက်အခေါင်းနားကိုသွားပြီး အန်တီကြီးကိုသေချာကြည့်ရင်း နှုတ်ဆက်နေတဲ့အဖေကိုလည်း မျက်ခြေမပြတ်ကြည့်နေရပါသေးတယ် တော်ကြာလူတိုးပြီးလဲပြုနေမှာစိုးလို့ပါ ။ ဂူသွင်းမယ့်နေရာကိုသွားနေတဲ့ တကယ့်ကောင်းပေ့ညွှတ်ပေ့ဆိုတဲ့ကားတွေနဲ့ ကားတန်းကြီးကိုကြည့်ပြီး ငါတစ်နေ့သေတဲ့ခါ ဘယ်လိုပြင်ဆင်ထားရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ချို့ရခဲ့ပါတယ် ။ ခွင့်ရက်နည်းနည်းလေးဆိုတော့ ဌာနေကိုပြန်ရပါတော့မယ် ။ မပြန်ရင်လည်း ကျမချစ်တဲ့သူလဲပါတော့မယ် အိပ်ရေးမ၀လို့ ..ဟိ ။ ညဘက်တွေ၁၁နာရီကစလို့ တစ်မိနစ်၂၅ကျပ်အချိန်မှာဖုန်းစပြောတာ မနက်တိုင်း၂နာရီ ၃နာရီလောက်မှပြီးတော့ ကျမတွက်ပြသနာမရှိပေမယ့် မိုးလင်းတာနဲ့တာဝန်တွေနဲ့သူအတွက်တော့ တကယ့်ကိုထိခိုက်လှပါတယ်။ တော်ပါသေးရဲ့မြန်မြန်ပြန်ပါတော့လို့ မပြောလို့ ဟီးးးး။ ဒီတစ်ခေါက်မှာသစ်ဘ၀ရဲ့ကျေးဇူးရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ သစ်ရဲ့ဆရာအိမ်ကို ၂ခေါက်တိတိရောက်ခဲ့ရတာ အမြတ်ပါပဲ ။ ဆရာနဲ့ဆရာ့မိသားစုနဲ့ စကားတွေအေးအေးဆေးဆေးပြောရင်း ရှေ့ရေးတွေတော်တော်များများ တိုင်ပင်ဖြစ်ခဲ့ပါတယ် (စင်္ကာပူထွက်လာပြီးကတည်းက ဆရာနဲ့အေးဆေးစွာ မတွေ့ခဲ့ရတာ ကြာခဲ့ပြီလေ)။ နောက်ရီစရာတစ်ခုပြောပြပါဦးမယ် အမေက သစ်ဟင်းချက်ရင်လိုက်ကြည့်လေ့ရှိပါတယ် ။ သစ်သစ်ကနဂိုကတည်းက မိဘကြိုက်တာချက်ကျွေးမယ် မီးဖိုချောင်ဝင်မယ် မိဘအ၀တ်တွေလျှော်ပြီးကုသိုလ်ယူမယ်တွေးထားခဲ့တော့ နေ့တိုင်းဘာစားမလဲ ဘာချက်ရမလဲ မေးလေ့ရှိပါတယ် ။ မိဘနဲ့အဆင်ပြေမယ့် အစားအစာရွေးချယ်ချက်ပြုတ်ရင်း ထမင်းစားချိန်တွေလည်း အတတ်နိုင်ဆုံးအတူဖြစ်အောင် စောင့်စားလေ့ရှိပါတယ် ။ မုန့်ဟင်းခါးချက်မယ်ဆိုပြီး ဈေးကလိုအပ်တာတွေဝယ်လာပြီး ချက်မယ်ဆိုတော့ အမေ့စိတ်တွေမထိန်းနိုင်တော့ပါဘူး သစ်သစ်ကိုဟုတ်ရဲ့လား နင်လုပ်တတ်ရဲ့လား တစ်အိုးလုံးပျက်ဆီးမယ်နော် ဆိုပြီး စိတ်မချခြင်းများစွာနဲ့ လိုအပ်တာထုထောင်းနေတဲ့သစ်သစ်နားမှာ အိုးပွက်ပွက်ဆူတဲ့အထိ လာကြည့်နေပါတယ် ။ ရီလည်းရီချင်မိပါတယ် သူတို့မယုံတာလည်း မပြောနဲ့လေ စင်္ကာပူမထွက်ခင်အချိန်ထိ သစ်သစ်ကအိမ်မှာ ပန်းကန်တောင်ဆေးခဲ့တဲ့သူမှမဟုတ်တာ..ဟိ။ မိုးတွေရွာတော့သူတို့နဲ့အဖော်လုပ် စကားတွေပြောနဲ့ဆိုတော့ သူတို့သစ်သစ်ပြန်လာတာပျော်ရွှင်နေကြပါတယ် ။ ဒီလိုလေးမြင်ရတော့ သစ်သစ်လည်းအရမ်းစိတ်ချမ်းသာမိပါတယ် ။ ပြန်ရမယ့်နေ့ရောက်လို့ ကန်တော့တဲ့ခါ နောက်တစ်ခေါက်ဆိုအပြီးပြန်လာတော့မှာ စိတ်မကောင်းဖြစ်မနေနဲ့ ဟင်းတွေဒါထက်တတ်အောင် ချက်ပြုတ်လေ့ကျင့်ခဲ့မယ်ဆိုပြီး အမေ့ကိုနမ်း အဖေ့ကိုနမ်း လေဆိပ်ကိုပြန်ခဲ့တော့ ကားပေါ်မတက်ခင်အမေက နေထိုင်ခွင့်သက်တမ်းတိုးလို့မရရင် ထပ်ကြိုးစားမနေနဲ့ချက်ချင်းပြန်လာခဲ့နော်ဆိုတဲ့ စကားလေးက သစ်သစ်ကိုမျက်ရည်ဝဲစေမိပါတယ် ။ အမေငါ့ကိုအနားမှာ ပြန်လာနေစေချင်တာ စကားလေးနဲ့သက်သေပြလိုက်တာပဲဆိုပြီး စိတ်ချပါ နောက်နှစ်ဆိုနေ့တိုင်းအိမ်မှာဆူညံနေလို့ အမေစိတ်ညစ်တယ်မပြောနဲ့နော်ဆိုပြီး လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ လေဆိပ်က၀ိုင်ဖိုင်နဲ့ချစ်သူကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ စင်္ကာပူကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူး ။ ကြားရက်ဖြစ်နေတော့ ကြိုသူမဲ့လေဆိပ်ကြီးမှာ တက်ဆီငှားစီးပြီး မူရင်းဘ၀ကို ပြန်လည်ဝင်ရောက်ခိုတွယ်ရင်း ရှေ့ဆက်ရမယ့်နေ့ရက်တွေကို ရေတွက်မိနေပါတော့တယ် ။  (ဆက်ရန်ရှိတော့ဘူးနော်း))

ဆက်ဖတ်ချင်သေးရင်...

Wednesday, September 12, 2012

ကျမ နဲ့ သူ

တစ်နေ့လုံးမိုးရေထဲ လျှောက်သွားနေရတာကတစ်ကြောင်း ကားစီးလာခဲ့ရတာကတစ်ကြောင်းနဲ့ လူကတစ်ကယ်ဆိုတော်တော်လေးပြိုင်းနေပါပြီ ။ ည၇နာရီ သူနဲ့ညစာသွားစားချိန်မှာတောင် မလှုပ်ချင်တော့ဘူး သူလည်းကိုယ့်ကိုကြည့်ပြီး သိပုံပေါ်တယ် စားပြီးဟိုတယ်ပြန်ပို့တယ် စောစောအိပ်လိုက်တဲ့ ။ ဟိုတယ်ရောက်တော့ ညီအစ်မ၂ယောက် စကားတွေပြောလိုက် အခန်းထဲကတီဗီကိုလည်း ဖွင့်ထားတာပေါ့ ။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ည၁၀နာရီကျော်လောက်ထိ အခန်းမီးမပိတ်ပဲ စကားပြောနေမိခဲ့တယ်။ ဖွင့်ထားတဲ့တီဗီကလည်း ဒီလိုင်းကြီးကကြည့်မကောင်းလိုက်တာဆို တစ်လိုင်းပြောင်းသွားတယ် သူ့အလိုလိုပေါ့ ဒါပေမယ့် ၂ယောက်လုံးကသတိမထားမိဘူး တီဗီကိုပဲစွဲမြဲစွာထိုင်ကြည့်နေတာလဲမဟုတ်တော့ နှုတ်ကနေပြောလိုက်တိုင်း လိုင်းကတလိုင်းပြီးတလိုင်း ပြောင်းနေခဲ့တာ လုံးဝကိုမစဉ်းစားမိပဲ ဟိုတယ်ကတခြားနေရာမှာကြည့်နေတဲ့သူတွေ သူတို့မကြည့်ချင်လို့လိုင်းပြောင်းနေတယ်ပဲ ထင်ခဲ့ကြတာလေ ။ ည၁၀နာရီကျော်အိပ်ပြီပေါ့ မီးအကြီးတွေပိတ်အခန်းမီး၂လုံးပဲ ထွန်းထားပြီး အမကတော့အိပ်ပျော်သွားတယ် ။ လူးလူးလှိမ့်လှိမ့်နဲ့အိပ်မပျော်သူက ကျမပဲပေါ့ သူ့ဖုန်းဆီမက်ဆေ့ပို့လိုက် တောင်စဉ်းစားလိုက်မြောက်စဉ်းစားလိုက်နဲ့ ၁၁နာရီကျော်လောက်အိပ်ပျော်သွားတယ်ထင်တာပဲ ။ ထူးဆန်းစွာမနက်၃နာရီလောက်ကြီး ညီအမ၂ယောက်ပြန်နိုးနေကြတယ် ။ အမအိပ်ယာဘက်က ညအိပ်မီးက ကျမမျက်လုံးကိုစူးတော့ ကျမက အမကိုနင်ပိတ်လိုက်နင့်မီးကိုဆိုတော့ အမကငါအိပ်နေပြီ နင်ထပိတ်တဲ့ ငါလည်းမထချင်ဘူး နင်ပိတ်လို့ပြောနေချိန်မှာ ထောက်ခနဲအဲ့ဘက်မီးပိတ်သွားခဲ့တယ် ။ စောင်အောက်ကနေငြင်းခုန်နေတဲ့ ညီအမ၂ယောက် အသံတိတ်သွားတယ် ဒါပေမယ့်မီးပိတ်အေးရောဆိုပြီး ဆက်အိပ်ကြတယ် ။ မနက်၇နာရီပတ်ဝန်းကျင်မှာ သူဖုန်းဆက်တော့၂ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်နေကြတုန်းပဲ ဒါပေမယ့်မီးတွေတစ်လုံးမှမပွင့်တော့ မီးပျက်နေတာဆိုပြီး ညကကိစ္စကိုမေ့သွားခဲ့တယ် ။ နောက်ရေမိုးချိုးပြီး သူလာခေါ်တာစောင့်နေချိန်မှာ ညကကိစ္စကိုပြန်ပြောဖြစ်ကြတယ် ရီမုကလည်း နင်လည်းမကိုင် ငါလည်းမကိုင်ပဲ လိုင်းတွေပြောင်းနေတယ်နော်တို့ မီးပိတ်တဲ့ကိစ္စတို့ပေါ့ ဘာသိဘာသာပါပဲ အဲ့အချိန်ထိ သူလာတော့သူ့ပြောပြတော့လည်း သူကဟုတ်လားဆိုရုံကလွဲလို့ ဘာမှထွေထူးမပြောခဲ့ဘူး ။ ညနေပိုင်း မောင်ငယ်လေးတစ်ယောက်နဲ့ ဆိုင်တစ်ခုမှာတွေ့ဆုံစားသောက်တော့မှ ပြင်ဦးလွင်ရဲ့ဘယ်ဟိုတယ်ကဖြင့် ဘယ်လိုသူရဲခြောက်ကြောင်း ပြင်ဦးလွင်ရဲ့သရဲအကြောင်းတချို့တွေ ပြောပြမှ ညီအမ၂ယောက်မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ညကအကြောင်းပြန်တွေးမိကြတယ်။ သူ့ကိုမေးတော့ ဟုတ်တယ်တဲ့ သူရဲခြောက်တယ်လို့တော့ ပြောကြတာပဲတဲ့....တိန်(သူကသူရဲတွေဘာတွေယုံကြည်ပုံမပေါ်)။ ညနေဘက်ရောက်တော့ပြန်ရတော့မယ်လေ သစ်သစ်တို့မျက်နှာပျက်နေပြီပေါ့ ဘာပြောကောင်းမလဲ ။ ဘာမှလည်းမပြောတော့ဘူး သူကလည်းရီအောင်အမျိုးမျိုးပြောပေမယ့် နှစ်ခြိုက်စွာမရီနိုင်တော့ဘူး ။ နေ့လည်ပိုင်းကသူဝယ်ပေးတဲ့အရုပ်ကြီးပိုက်ပြီး ငူငူကြီးမတ်တပ်ရပ်နေတဲ့ကျမကို သူမသိသလိုပဲကြည့်နေတယ် (အမကငုတ်တုတ်ကြီးဆိုတော့ အနားတောင်မကပ်နိုင်)စကားလည်းမပြော ခုရေးနေရင်းနဲ့တောင် ပြန်သတိရလာပြီ ဟင့် ။ ကားလာတဲ့အချိန်မှာ ကျမကကားပေါ်တက်တော့ သူကိုယ်တိုင်ကားပေါ်လိုက်ပို့ပေးပြီး ပြန်ဆင်းသွားချိန်မှာ ဘယ်သူနဲ့မှ ကျမစကားမပြောချင်တော့ပါဘူး ။ သူကချက်ချင်းဖုန်းခေါ်ပါတယ် (ကျမရဲ့ခံစားချက်တွေကို သူသိသလိုပါပဲ) ဟိုပြောဒီပြောလုပ်ပြီး ကျမတို့ကား မိတ္ထီလာရောက်တဲ့ထိ သူမအိပ်ခဲ့ပါဘူး ။ ကျမတို့၂ယောက်ရဲ့တွေ့ဆုံချိန်တိုင်းဟာ အေးဆေးစွာကဗျာဆန်မနေပဲ အမြဲအချိန်ကိုလုနေခဲ့ရပါတယ် ။ ကျမပြန်မယ့်နေ့မှာ သူတာဝန်တွေနဲ့ဆိုတော့ ဖုန်းခေါ်တာနဲ့ ချက်ချင်းပြန်ရမယ့်သူမို့ သူ့ကိုချစ်ရတာ ကျမအတွက်တော့ ဘယ်သောအခါမှ အေးဆေးနိုင်မယ်မထင်ပါဘူး ။ ဒီလိုနဲ့~~~~ ဆက်ရန်

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 11, 2012

လွမ်းမောရတဲ့ပြင်ဦးလွင်

ကြိုတင်လုပ်စရာရှိတာတွေ လုပ်ထားပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ရန်ကင်းကပြည်ထဲရေးရုံးကို ချီတက်ခဲ့ပါတော့တယ် ။ ချိန်းထားတဲ့ ၉နာရီဟာ ၁၂နာရီထိုးခါနီးမှ ရောက်လာတဲ့အေးဂျင့်ကို စိတ်ပျက်လို့ အောင့်အီးကာကိုယ့်ကိစ္စပြီးအောင် လုပ်ကိုင်ရင်း ပြည်ထဲရေးရုံးကထွက်ခွာလာချိန်ဟာ ညနေ၄နာရီကျော်လာခဲ့ပါပြီ ။ လာကြိုတဲ့အစ်မနဲ့တစ်ခုခုစားမယ်ဆိုပြီး ကမ္ဘာအေးဂမုန်းပွင့်ဆိုတာ ပထမဆုံးဝင်ရောက်ခဲ့ပါတယ် ။ စိတ်ထဲမှာလည်း ပြန်လာခြင်းကိစ္စတစ်ခုမှာ တစ်ဝက်လောက်ပြီးသွားပြီဆိုတော့ အနည်းငယ်စိတ်အေးတာလည်း ပါတာပေါ့လေ ။ တဆက်တည်းပြန်မလာခင်ကတည်းက ဒီကိစ္စအတွက် ငွေကြေးကအစ အစစအရာရာကူညီလုပ်ကိုင်ပေးတဲ့ ရန်ကုန်မှညီမငယ်သီရိကိုလည်း ကျေးဇူးတင်ကြောင်းထည့်ပြောမှဖြစ်ပါလိမ့်မယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း လူတိုင်းမှာကောင်းတိုင်ပင်ဆိုးတိုင်ပင်ကတော့ ရှိသင့်တယ်ဆိုတဲ့အထဲမှာမှ ကျမထက်၆နှစ်လောက်ငယ်တဲ့ သီရိကကျမဘ၀ရဲ့ တိုင်ပင်ဖော်တယောက်လည်းဖြစ်ပါတယ် ။ လိုအပ်တာမှန်သမျှကို အမရင်းနဲ့မခြား ဆူပူဆဲဆိုရင်းလုပ်ကိုင်ပေးတာပဲ သူပါပဲလေ ကျေးဇူးတင်ပါတယ် ညီမလေးရေ ...း) ။ စင်္ကာပူမှာကတည်းက အချိန်ရရင်ဖြင့် ခရီးတစ်ခုထွက်ဖို့ဆန္ဒရှိပေမယ့် ဘယ်မြို့ကိုသွားဖြစ်မယ်ဆိုတာ ရေရေရာရာဝေခွဲမရခဲ့ပါဘူး ။ မြန်မာပြည်ပြန်တိုင်းခရီးထွက်လေ့ရှိပေမယ့် မိုးရာသီဆိုတော့ နေရာဒေသရွေးဖို့ရာအခက်အခဲ နည်းနည်းရှိခဲ့ပါတယ် ။ ဘယ်နေရာသွားသွား မိုးရွာမည့်အတူတူတော့..........အစဉ်အမြဲအေးချမ်းတဲ့ တောင်ပေါ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ စိတ်မြန်တဲ့သူပီပီ ဂမုန်းပွင့်ကိုထွက်လာလာချင်းမှာပဲ အစ်မကိုငါခရီးထွက်မယ် ထုံးစံအတိုင်း နင်လိုက်ဦးမလားမေးရင်း လက်မှတ်ဝယ်ဖို့ အောင်မင်္ဂလာအဝေးပြေးကို ဆက်မောင်းခဲ့ပါတယ် ။ မြောက်ဥက္ကလာဘက်ကိုဖြတ်ချိန်မှာတော့ အရင်ကကားတွေကြပ်ပိတ်ပြီး ရပ်တန့်စောင့်ရတဲ့နေရာတွေမှာ ကွန်ကရစ်လမ်းကျယ်တွေဖြစ်ပြီး သွားရလာရဖြောင့်ဖြူးတာတွေ့ရတော့ စိတ်ချမ်းသာမိခဲ့ပါသေးတယ် ။ အောင်မင်္ဂလာထဲရောက်ချိန်မှာတော့ လူပြောသူပြောများတဲ့ Elite ကားလိုင်းကိုပဲတိုက်ရိုက်သွားရင်း ပြင်ဦးလွင်လက်မှတ်ကို စုံစမ်းလိုက်ပါတယ် ။ အထူးကားနဲ့ရိုးရိုးကားမှာ အထူးကားတွေက ၁၉၀၀၀ ကျပ်ဖြစ်ပြီး (ပေးရတာတန်ပါတယ် ဆားဗစ်ကောင်းတယ်)ရိုးရိုးကားက ၁၃၉၀၀ကျပ်ထင်ပါတယ် ။ အထူးကားလက်မှတ်၂စောင်ဝယ်ပြီး ပြန်လာချိန်မှာတော့ မင်္ဂလာဒုံဥယျာဉ်မြို့တော်ထိပ်ကနေ ခရေပင်လမ်းခွဲထိကားစီးချိန်ဟာ ငါကားစီးနေသလား လှည်းစီးနေသလားလို့တောင်ထင်ရပါမယ့် မပြင်ရသေးတဲ့လမ်းရဲ့ရှောင်မလွတ်ချိုင့်ခွက်တွေက နည်းနည်းနောနောမှ မဟုတ်ပေပဲလေ ။ ၁ရက် ၂ရက်လောက် ရန်ကုန်မှာ ခင်မင်သူတစ်ချို့နဲ့တွေ့ပြီးချိန်မှာ ခရီးထွက်ဖို့မိဘကိုခွင့်တောင်းရင်း စိတ်လွတ်ကိုယ်လွတ်အပန်းဖြေခရီးကို စတင်ခဲ့ပါတယ် ။ ရန်ကုန်အဝေးပြေးဝင်းကနေ ည၇နာရီကစတင်ထွက်ခွာလာတဲ့ ကျမတို့ကားလေးမှာ လူပေါင်း၁၀ယောက်လောက်နဲ့ ကိုယ်ပိုင်ကားစီးရသလို ဆားဗစ်ပေးတဲ့ညီမငယ်ရဲ့ ကြည်လင်ရွှင်ပျတဲ့မျက်နှာလေးနဲ့ ကော်ဖီသောက်လိုက် မုန့်လေးစားလိုက်နဲ့ ဘယ်လိုဘယ်လမ်းကမောင်းနေမှန်းတောင် မသိခဲ့ပါဘူး နားနေတဲ့နေရာကိုရောက်ခဲ့ပါတယ် ။ ကားပေါ်ကဆားဗစ်တစ်ချို့ကို ကြုံလို့ပြောပြခဲ့ချင်ပါသေးတယ် ။ ကားမှာ အရင်ကအခေါ်တော့ စပယ်ယာပေါ့နော် အဲလိုနေရာမှာဆားဗစ်ပေးဖို့ ကောင်မလေးတွေဖြစ်နေပါတယ် ။ သူတို့ကတစ်ညလုံးခရီးသည်ရဲ့လိုအင်မှန်သမျှကို ကူညီလုပ်ကိုင်ပေးလို့ ဆားဗစ်ကောင်းတယ်လို့အမှတ်ပေးလိုက်ပါတယ် ။ ကားမောင်းနှင်တဲ့သူအိပ်မငိုက်အောင်စကားတွေဆိုရင်း ဖြတ်သန်းလာလိုက်တာ တောင်ပေါ်တက်နေတဲ့ဖီလင်မျိုးခံစားရမှ မန်းဒလေးကျော်လို့ပြင်ဦးလွင်တက်နေပြီဆိုတာ သိခဲ့ရပါတယ် ။ လာကြိုမယ့်သူ့ကိုမက်ဆေ့ပို့ရင်း ပြန်အိပ်မရတော့ပဲ စိတ်လှူပ်ရှားပျော်ရွှင်နေသလို အမှောင်ထဲကနေပဲမြင်ကွင်းတွေကို လိုက်လံငေးမောနေခဲ့ပါတယ် ။ သူလာကြိုတော့ ဝေလီဝေလင်းမှာ ပြင်ဦးလွင်မြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုမြင်မှ ငါရောက်နေတဲ့မြေဟာ သယံဇာတပေါများပြီး အေးချမ်းတဲ့ငါတို့နိုင်ငံပါလားလို့ ပီတိဖြစ်မိပါသေးတယ် ။ ဘွတ်ကင်တင်ထားတဲ့ဟိုတယ်မှာ အစောကြီးဝင်နားရင်း တာဝန်တွေနဲ့သူ့ကိုပြန်စေပြီး ကိုယ်တို့ညီအစ်မကတော့ တစ်ညလုံးကားစီးလာလို့ ပင်ပမ်းပြီးဝင်အိပ်နေလိုက်တာ သူဖုန်းဆက်မှပဲ နိုးပါတော့တယ် ။ ဘယ်သွားမလဲဘာလုပ်ချင်လဲဆိုတာထက် စိတ်အေးအေးချမ်းချမ်းနဲ့ နေရာတစ်ခုမှာ တိတ်ဆိတ်စွာထိုင်ပြီးစကားပြောခြင်းကို နှစ်သက်တဲ့ကျမ ချမ်းချမ်းစီးစီးမှာပဲ ကိုယ်ဘယ်သွားမယ်မဆုံးဖြတ်နိုင်သေးပဲ ရေချိုးလိုက်တာ တော်တော်လေးအီစလံဝေသွားပါတယ် (ရေခဲရေတစ်မျှရေက အေးစက်နေလို့ပါပဲ) ။ သူလာခေါ်ချိန်မှာ နှင်းမိုးရွာသလိုမိုးလေးတွေရွာနေတော့ တစ်နေ့လုံးအဲလိုရာသီဥတုပဲမို့ စောင့်နေလဲမထူးဘူးဆိုပြီး မနက်စာစားဖို့ သူခေါ်ဆောင်ရာဆိုင်ကိုရောက်သွားခဲ့ချိန်မှာ ဘာစားမယ်ညာစားမယ်ကြိမ်းဝါးထားတဲ့ကျမ ထင်သလောက်မစားနိုင်ခဲ့ပါဘူး ။ စကားလည်းသိပ်မဆိုနိုင်သလို ပတ်ဝန်းကျင်လေ့လာမှူပဲများနေခဲ့ပါတယ် ။ သူတို့အရပ်ဒေသက ဆိုင်လေးတွေဖွင့်တဲ့ပုံစံရယ် သွားလာလှုပ်ရှားနေတဲ့သူတွေရယ် မြို့လေးရဲ့တိုးတက်ပုံတွေကို လိုက်ကြည့်ရတဲ့မြင်ကွင်းက တိုက်တာတွေကြားမွမ်းကြပ်မှူတွေနဲ့ ကျမအတွက် စိတ်လှုပ်ရှားမှူအသစ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။ သူနဲ့အစ်မကတော့ လေပေးဖြောင့်လို့ အဲ့ဒီအချိန်မှာ စကားတွေများများပြောနိုင်စွမ်းရှိတဲ့ ကျမအစ်မကို ရင်ထဲကတိတ်တဆိတ် ကျေးဇူးတင်သွားမိခဲ့ပါတယ် ။ မပြန်ခင်ကတည်းက စားချင်တာမှန်သမျှ ပူဆာထားတဲ့ကျမကို သူက ဟိုဟာစားဖို့ကျန်တယ် ဒီဟာစားဖို့ကျန်တယ် သတိပေးသလို ဆိုင်တော်တော်များများမှာလည်း အတူလိုက်ကျွေးရင်း အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ် ။ အေးချမ်းတိတ်ဆိတ်စွာနဲ့သွားလာစားသောက်ပြီး ကျမတို့မှာလည်ပတ်စရာနေရာမရှိလောက်အောင် ဖြစ်နေခဲ့ပါတယ် ။ တူညီတာတစ်ခုကတော့ ၂ယောက်လုံးက ဟိုသွားမယ်ဒီသွားမယ်လို့ နေရာတွေကိုအပြေးအလွှားမသွားချင်ပဲ အေးချမ်းစွာစားသောက်ရင်း စကားပြောရတာကို ပိုနှစ်သက်တဲ့အကျင့်တစ်ခုပါပဲ ။ ဘုရားတွေဖူးရင်း ညနေပိုင်းကျတော့ ကျမလည်းဟိုတယ်ပြန်အိပ် သူလည်းသူ့အဆောင်ပြန်သွားပြီး တစ်နေ့တာကုန်ဆုံးစေခဲ့ပါတယ် (လွမ်းမောရပါတယ် ပြင်ဦးလွင်ရယ်)။ ပြင်ဦးလွင်ဟိုတယ်တွေဟာ သူရဲခြောက်လေ့ရှိတယ်ဆိုတာ သူကျမကိုကြိုတင်မပြောခဲ့ပေမယ့် ကျမ အမနဲ့ကျမ ကြုံခဲ့ရတဲ့ ဟိုတယ်ခန်းကတိုက်ဆိုင်မှူကိုတော့ နောက်ပို့စ်လေးမှာထပ်ရေးပါမယ် ။ ......ဆက်ရန်

ဆက်ဖတ်ချင်သေးရင်...

Monday, September 10, 2012

ကျမနဲ့ရန်ကုန်

ဧပြီလက ရန်ကုန်ပြန်ပြီးတော့ စီစဉ်မရှိပဲ ပြီးခဲ့တဲ့လက ရန်ကုန်ကို၂ပတ်တာပြန်ရောက် ဖြစ်သွားခဲ့ပါတယ် ။ အရေးကြီးကိစ္စတချို့လုပ်စရာ ရှိတာရယ် အကြောင်းအရာတချို့ရှင်းလင်းချင်တဲ့စိတ်တွေရယ်ကြောင့် ရုတ်တရက်ထပြန်တယ်ပြောလည်း မမှားပါဘူး ။ သေချာတာတစ်ခုကတော့ ကျန်းမာရွှင်လန်းနေတဲ့မိဘတွေကို တွေ့ခွင့်ရတာအမြတ်တစ်ခုပဲပေါ့ ။ နောက်မိုးရေထဲက ရန်ကုန်ရယ်ပေါ့ နေ့စဉ်နေ့တိုင်း ညနေပိုင်းမှာ မိုးတွေသဲကြီးမဲကြီးရွာတတ်လို့ အပြင်သွားဖို့တောင် ခက်ခဲခဲ့ပါတယ် ။

ပြန်မယ့်ရက်ကကြားရက်ဆိုတော့ လိုက်ပို့ပေးမယ့်သူငယ်ချင်းတွေအခက်ကြုံရပါတယ် ။ ရုံးချိန်ကတဖက်နဲ့မနက်၅နာရီကျော်လောက်ကြီး လိုက်ပို့တာတောင် သူတို့တွေရုံးချိန်နောက်ကျလို့ စိတ်မကောင်းဖြစ်မိပါတယ် ။ ပြန်မယ်ဆိုတော့ တချို့ကလည်း တစ်ယောက်သောသူမြန်မာပြည်မှာမို့ ၄လတောင်မကွာသေးဘူး ပြန်တယ်လို့စွပ်စွဲကြပါသေးတယ် (အထင်ခံရနည်းလား အဟိ)။ ပထမဆုံး MAI ကိုစီးပါတယ် လွယ်ထားတဲ့လက်ကိုင်အိတ်ပါထည့်ချိန်တယ်လို့ သူများပြောတာကြားဖူးပေမယ့် ကိုယ့်အလှည့်ကျမှတကယ့်ကိုကိုယ်တွေ့ပါ ။ ပထမတစ်ကြိမ်တန်းစီပါတယ် ကီလိုပိုနေပါသည်တဲ့ ပြန်လျော့ပေးပါတဲ့ ပြီးရင်ပြန်တန်းစီပါပေါ့ ။ ရပါသေးတယ် ဒီအထိသီးခံနိုင်ပါသေးတယ် နောက်တကြိမ်တန်းစီပြီးပြန်ဝင်တော့ နောက်ကောင်တာဖြစ်သွားလို့ ပထမကီလိုပိုတဲ့ကောင်တာမှာပဲ ပြန်ဝင်ပါဆိုလို့ ပထမကောင်တာလူလပ်မယ့်အချိန် ပြန်စောင့်ရပါတယ် ။ ဟန်းကယ်ရီ၁၀ ဖြတ်လို့ရပါတယ် ဒါပေမယ့် လက်ကိုင်အိတ်က ၃.၈ကေဂျီဖြစ်နေလို့ လက်ကိုင်အိတ်ကိုဟန်းကယ်ရီလုပ်ပါတဲ့ ယူလာတဲ့ဟန်းကယ်ရီ၁၀ကိုတော့ ဆောင်ပြီးချိန်ရပါမယ်တဲ့ ။ အဲ့အချိန်မှာ ကိုယ့်နောက်မှာလူ၂ယောက်ပဲကျန်တော့တယ် မြန်ဆန်တဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ် ငါဒီအိတ်ကိုမယူတော့ဘူး နင်တို့လေကြောင်းမှာငါအပ်ခဲ့လို့ရသလား ငါ့မှာအဖော်မပါလို့ ငါပြန်လာမှလာပြန်ရွေးမယ်ဆိုတော့ သူတို့ကရတယ်တဲ့ အိုခေ ငါအဲလိုပဲလုပ်လိုက်မယ်ဆိုတော့ လူတစ်ယောက်ရောက်လာပြီး လေယာဉ်မှာနောက်ဆုံးပါစင်ဂျာပဲတဲ့ သူတို့ဂိတ်ပိတ်တော့မယ်တဲ့ ယူခွင့်ပေးလိုက်တော့ဆိုတော့ ကံကောင်းစွာနဲ့ဟန်းကယ်ရီ၁၀ကို ယူသွားလို့ရတယ်ဆိုပေမယ့် ချန်ဂီလေဆိပ်ကြီးမှာ အကျီင်္နီနီနဲ့အစောဆုံးရောက်ပြီး ဂိတ်ပိတ်တော့မှာမို့လို့ ပြေးလွှားခဲ့ရတဲ့သစ်သစ်ကို မှန်းလို့သာကြည့်ပါလေ ။ လေယာဉ်ပျံပေါ်ရောက်တော့ ပြောလို့ပြောတာမဟုတ်ပါဘူး ၃ခုံ၁ယောက်နှုန်းပဲရှိပါတယ် တမင်ပိုက်ဆံလိုချင်လို့ရစ်တယ်လို့တောင် ထင်ရပါတယ် ။ MAI နောက်လုံးဝမစီးတော့ပါလို့ ဆုံးဖြတ်မိတဲ့နေ့ပြောရင်လည်း မမှားပါဘူး ။

ရောက်ပါပြီ ရန်ကုန်လေဆိပ် ဘာပါလဲတဲ့ ဘာမှကိုမပါဘူးလို့ ဒါဆိုဧပြီကတခေါက်ပြန်လာသေးတယ်နော်တဲ့ အင်းလို့ဆိုတော့ ခုတခေါက်ကမြန်လှချည်လားတဲ့ ဘာမှမပြောတော့ဘူး ဒိုင်းခနဲကြည့်လိုက်တယ် ဘိုးတော်ကလည်းမခေပါဘူး စင်္ကာပူကနေထိုင်ခွင့်ကတ်ပြားပြပါတဲ့ (သိမသိတော့ မသိပါဘူး)ကုန်ဖို့၃လပဲလိုတော့တယ်နော်တဲ့ သက်တမ်းတိုးဦးနော် စလုံးကပြောတယ်ဆိုခံသာပါသေးတယ် ရန်ကုန်ကပြောလို့ စိတ်ထဲချဉ်တာနဲ့ စလုံးမှာသက်တမ်းတိုးဖို့အချိန်ယူစရာမလိုဘူးလို့ မနက်တိုးညနေကတ်ထွက်တယ်လို့ တမင်ကိုပိုပိုသာသာပြောပစ်ခဲ့တယ် ။ မေ့နေမှာစိုးလို့သတိပေးတာပါတဲ့ နောက်ဆုံးတော့ဘာမှမရမှန်းသိပြီး မပြန်ခင်ဒီဖောင်းလုပ်ဖို့ မမေ့နဲ့နော်ပြောပြီး ပတ်စ်ပို့ကိုအပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှူပြီးမှ လွှတ်လိုက်ပါတယ် ။ စင်္ကာပူချက်အင်ကောင်တာက ထွက်လာတဲ့ဒေါသဟာ သိပ်ကိုအရှိန်ပြင်းထန်နေပါပြီ နောက်ဆုံးပေါက်ကွဲဖို့ရာ အိမ်ကလာကြိုတဲ့အမကားကို မတွေ့ချိန်မှာလမ်းစရသွားခဲ့ပါတယ် ။ တလောကလုံးသူ့လုပ်စာစားရတဲ့ရုပ်နဲ့ စူပုပ်ပြီးလေဆိပ်မှာထိုင်စောင့်နေတော့ ပြာယာခတ်နေတဲ့ပုံနဲ့အမက လေဆိပ်ထဲကိုဝင်လာတာတွေ့ချိန်မှ လက်ထဲကပစ္စည်းတွေ သူ့လက်ထဲပစ်ထည့်ပြီး ဆောင့်အောင့်ပြီးလေဆိပ်ခန်းမကနေ ကားပါကင်ရှိရာကို ချီတက်သွားတဲ့ သစ်သစ်ပါ ။

အိမ်မရောက်ခင် ဂေါက်ကွင်းလမ်းထိပ်အစမှာပဲ လမ်းပိတ်ဆို့ခြင်းနဲ့စတင် ကြုံတွေ့ခဲ့ရပါတယ် ။ အောက်မင်္ဂလာဒုံလမ်းမကြီးကို ကွန်ကရစ်လမ်းခင်းနေတော့ ကားတွေဟာပိတ်ဆို့ပြီး ရွေ့ဖို့အတော်လေးခက်ခဲပါတယ် ။ လေအဟုန်လိုဖြစ်နေတဲ့စိတ်က ဘာမှတွေးတောမနေတော့ပါဘူး ငါလမ်းလျှောက်သွားတော့မယ် နင့်ဘာသာကားမောင်းလာခဲ့တော့ဆိုပြီး အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတဲ့ သစ်သစ်ပါ ။ ကားဟွန်းသံလဲမကြား ခြံတံခါးဖွင့်သံလည်းမကြားတော့ အဖေနဲ့အမေက ကျမပြန်လာတာတောင် မသိလိုက်ကြပါဘူး ။ အိမ်ပေါ်တက်ပြီးဖုန်းကိုယူ ဆက်သင့်ဆက်ထိုက်သောချစ်ဆုံးများဆီ ရောက်ရှိကြောင်းသတင်းပို့ပြီးမှ ကားဟွန်းသံကြားလို့ အိမ်နောက်ဖေးကအဖေနဲ့အမေထွက်လာချိန်မှာ ကျမအိမ်ပေါ်ထပ်က ကျမအိပ်ယာမှာလှဲလျောင်းနေပါပြီ ။ အ၀တ်အစားလဲပြီးဆင်းလာတော့မှာ ဗိုက်ဆာတယ်ဆိုပြီး အမေကိုပြေးဖက်လို့ ကျမသစ်သစ် ~~~~~~~ ဆက်ရန်

ဆက်ဖတ်ချင်သေးရင်...