Monday, October 31, 2011

ချစ်တဲ့ဖူးခက်

လေဆိပ်ကနေ ဦးမင်းဒင်ကကြိုလာပြီးတဲ့နောက် ဗိုက်ဆာနေကြပြီလားမေးချိန်မှာ ဟန်မဆောင်နိုင်ပဲ အရမ်းဆာနေပြီဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ် ။ ဒါနဲ့ပဲ လမ်းတစ်လျှောက် သိသင့်သိထိုက်တာတွေ ရှင်းပြရင်းနဲ့ စားသောက်ဖို့အဆင်ပြေမယ့်နေရာကို ရှာဖွေရတာလဲ တစ်မှုပါပဲ ။ ည၈နာရီမှာဆိုင်တော်တော်များများပိတ်သွားပြီ ဖြစ်ပါတယ် ဒါနဲ့ပဲ ဖူးခက်မြို့ရဲ့ဈေးပေါပါတယ်ဆိုတဲ့ ကုန်တိုက်လိုတစ်ခုကိုပို့ပေးခဲ့ပါတယ် ။ ညဘက်ဆိုတော့ ကေအက်ဖ်စီ ၊ မက်ဒေါနယ် ရှိတာတွေနဲ့ပဲ ဖြတ်လိုက်တော့ဆိုပြီး လိုက်ပို့ပြီးသကာလမှာ နောက်နေ့ဘရိတ်ဖတ်စ်အတွက်ပါ ၀ယ်ယူရင်းဖူးခက်ရဲ့ ချိုမြိန်လှတဲ့ကေအက်ဖ်စီကို ၇ယောက်သားခေါင်းမဖော်တမ်းစားကြပါတယ် ။ စင်္ကာပူက ကေအက်ဖ်စီနဲ့တကယ့်ကို အရသာကွာခြားလှပါတယ် ။ မကြိုက်ဘူးဆိုတဲ့သူတောင် အတော်လေးစားဖြစ်ခဲ့ပါတယ် ။ ၇ယောက်ကိုလောဘကြီးပြီးမှာလိုက်တာ အတော်လေးပိုနေပါတော့တယ် ။ ဒီလိုနဲ့ဗိုက်ပြည့်တော့ ဟိုတယ်ဆီသို့တိုက်ရိုက်ချီတက်ခဲ့စဉ်မှာ ည ၉နာရီကျော်နေခဲ့ပါပြီ ။

ပထမနေ့ဖူးခက်ဘာလုပ်မလဲ ဘာစားမလဲ ဘယ်တွေသွားမလဲ ပလန်ချတော့ နေ့လည်၁နာရီမှာလာခေါ်မည်ဖြစ်ကြောင်း ညကတည်းကပြောသွားခဲ့ပါတယ် ။ ဘယ်တွေသွားရမလဲမေးတော့ ဒီနားတစ်ဝိုက်မှာ လည်ပတ်စရာရှောပင်းမောလ်တွေ ကမ်းခြေတွေ ဆိုင်တွေနဲ့စည်ကားလွန်းလို့ တမနက်နဲ့တင်လည်ထားနှင့်ပါဦးလို့ ဆိုသွားခဲ့ပါတယ်။ ကဲ ဘာပဲဖြစ်ဖြစ် နက်ဖြန်မနက်စောစောထပါမယ် ဒီနားတစ်ဝိုက်လျှောက်သွားပါမယ်ဆိုတော့ အားလုံးဝီရိယကောင်းစွာနဲ့ ၈နာရီမှာဟိုတယ်ကထွက်နိုင်ခဲ့ပါတယ် ။ ဟန်ပါပါနဲ့ဟိုတယ်ရှေ့ကကောင်တာမှာ ကမ်းခြေသွားတဲ့ရှပ်တာဘတ်စ်တွေ ဘယ်အချိန်လာမလဲဆိုတော့ ၁၀နာရီခွဲလို့ပြောပါတယ် ။ ဒါနဲ့ပဲ နောက်ထပ်၂နာရီခွဲတိတိဘာလုပ်ရမှန်းမသိချိန်မှာ ဧည့်ကြိုကောင်လေးကမြေပုံတစ်ခုထုတ်ပေးပြီး အမတို့လမ်းလျှောက်သွားရင် ၁၀မိနစ်နဲ့ကမ်းခြေရောက်ကြောင်း အရမ်းနီးကြောင်းညွှန်းဆိုလာလို့ အားလုံးကမ်းခြေကိုလမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ရောက်ပါပြီအရမ်းပျော် တအားပျော် ပင်လယ်အစစ်တွေ့ရချိန်မှာ ရိုက်လိုက်တဲ့ဓါတ်ပုံများ ကင်မရာလုံးဝအနားမရလိုက်ပါဘူး ။ ကမ်းခြေမှာအုန်းရေသောက်မယ်ဆိုတော့ ထိုင်လိုက်တဲ့ဆိုင်က မြန်မာဆိုင်ဆိုတာမသိပဲ ကိုယ်တွေကမြန်မာလို ဟဲ့ ဈေးနှုန်းကြည့်ကြနော် တော်ကြာမှာပြီးမှ ဈေးမတရားကြီးနေမယ် ဘာညာဆိုတော့ ကောင်လေးတွေကအမတို့လိုတာမှာပါလို့ပြောချိန်မှာ ဟိုက်ခနဲမမြည်အောင် ဟန်ဆောင်လိုက်ရပါတယ် ။ မြန်မာအချင်းချင်းသိတယ်ဟုတ် ချက်ချင်းပဲအဖွဲ့ကျလို့ စားလိုက်သောက်လိုက် ပြောလိုက်ဆိုလိုက်ဖြစ်တဲ့အပြင် သူတို့ဆီကဖုန်းတောင်ငှားပြီး ဦးမင်းဒင်ဆီဖုန်းဆက်လိုက်ပါသေးတယ် ဟိ ။ ဘယ်ဆက်သွားရမလဲမေးတော့ တုတ်တုတ်ကိုငှား ဘတ်၁၀၀ပဲပေး ဂျန်စီလင်းကုန်တိုက်ကိုသွားဆိုတော့ တုတ်တုတ်သမားကို အဖွဲ့ကငွေကိုင် အကောင့်တန့်က ဘတ်၁၀၀ရအောင် အသေအကျေခြေစုံကန် ဈေးစစ်ပါတော့တယ် (ဒါမှမျိုးကွ) ။ ရပြီဆိုတော့ ၀မ်းသာအားရစီးလိုက်ကြတာ ခဏတွင်းချင်းကုန်တိုက်ရှေ့ရောက်သွားခဲ့ပါတယ် ။ ကုန်တိုက်ကမဖွင့်သေးပဲ လူတချို့ထိုင်စောင့်နေတာတွေ့လို့ ကုန်တိုက်ပတ်လည်ဓါတ်ပုံရိုက်ကြပြန်တာပေါ့လေ ။

ကုန်တိုက်ထဲမှာတကယ့်ကို ၀ယ်ချင်စရာတွေများပါတယ် ဒါပေမယ့် ဈေးကတော့ထက်ဝက်လောက်ကို ဆစ်ရပါတယ် ။ ဒူးရင်းသီးနဲ့ပက်သက်တာတွေ အများကြီးတွေ့ရသလို အမွှေးနံ့သာခဲလေးများစွာ ရေကူးဝတ်စုံ မြန်မာမှုလက်ရာအရုပ်လေးများ တကယ့်ကိုအစုံအလင်တွေ့ရပါတယ် ။ မြေအောက်ထပ်သည်ဝယ်လို့အကောင်းဆုံးဆိုတာ သိခဲ့ရပါတယ် ။ ဒီလိုနဲ့နေ့လည်စာကို ဒီမှာပဲစားသွားရန်ဆုံးဖြတ်ကြပြီး ကိုယ်နှစ်သက်ရာစားစရာများကို စတင်မှာစားပါတော့တယ် ။ စလုံးငွေနဲ့တွက်ရင်ဈေးချိုပြီး အစပ်အဟပ်ကလည်းကောင်းတော့ မြန်မာပါးစပ်နဲ့အတော်လေးအံကိုက်ဖြစ်နေပါတော့တယ် ။ ၇ယောက်ကိုအလျှံအပယ်စားတာ တစ်ခါစားဘတ်၁၀၀၀ထက်မပိုပါဘူး ။ ပိုခဲ့ရင်လည်း အကောင့်တန့်က၁ထောင်ကျော်နေပြီဖြစ်ကြောင်း အလန်းပေးပါတယ် ဟိ ။

ဒီကုန်တိုက်ရှေ့က အေတီအမ်မှာ သစ်သစ်တို့အဖွဲ့က ညညက အိုင်ဖုန်း၎တစ်လုံး သူများမေ့ကျန်ခဲ့တာတွေ့ခဲ့ရပါတယ် ။ ဖုန်းထဲမှာပါတဲ့နံပတ်မျိုးစုံကို လိုက်ဆက်ရင်းပိုင်ရှင်ကိုလာယူခိုင်းတဲ့အပြင် အဲဒီဖုန်းနဲ့ဦးမင်းဒင်ကို ဂျန်စီလင်းမှာလာကြိုဖို့ပြောဆို အသုံးပြုခဲ့ပါသေးတယ် ။ ထိုင်းမလေးကဆက်လိုက် နားမလည်လိုက် အင်္ဂလိပ်လိုပြောလိုက် နားမလည်လိုက်နဲ့ လာကြိုတဲ့သူရောက်လာမှပဲ အဆင်ပြေသွားခဲ့ပါတော့တယ် ။

ဒီလိုနဲ့တညနေလုံးဆက်တိုက်ပို့တာများ နေရာတွေများလွန်းလို့ အကျယ်ချဲ့မရေးနိုင်တော့ပဲ ပုံတစ်ချို့တင်ပြီး အကျဉ်းချုပ်လိုက်ပါရစေ ။ နောက်ရက်များမှာလည်း ကျွန်းသွားစရာရှိသလို လူကလည်းဆက်တိုက်ဆိုတော့ အတော်လေးပြိုင်းနေပါပြီ ။ ညဘက်မှာလမ်းကိုပိတ်ပြီး ကပွဲတွေကလပ်တွေနဲ့စည်ကားတဲ့ ဖူးခက်ရဲ့လမ်းထိပ်မှာကျန်ခဲ့ရင် တနေ့လုံးပင်ပမ်းပြီးလမ်းတောင်မလျှောက်နိုင်တော့ပဲ တုတ်တုတ်ငှားပြီးဟိုတယ် ပြန်လာခဲ့ရပါတော့တယ် ။ ဦးမင်းဒင်ကိုယ်တိုင်လိုက်ဝယ်ပေးတဲ့ ဘတ်၈၀၀တန်ကျွန်းလက်မှတ်လေး ရင်ဝယ်ပိုက်ရင်း နက်ဖြန်သွားမယ့်အစီအစဉ်များကို စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားလိုက်တာများ အိပ်မက်တောင်မမက်နိုင်ခဲ့ပါဘူးလေ ။ သစ်သစ်တို့ဖူးခက်သွားချိန်မှာ ကံကောင်းတာက နေ့ဘက်မှာခြစ်ခြစ်တောက်ပူပြီး ညဘက်မှာမိုးရွာတတ်တဲ့ ချစ်စရာကောင်းတဲ့ဖူးခက်ရာသီဥတုလေးပါပဲ ။ ဖူးခက်ခရီးစဉ်က ဖူးခက်မရောက်ခင်ကိုပင် ၃ပုဒ်တိတိဖြစ်သွားစေခဲ့တဲ့အတွက် ဒီနေ့ပို့စ်လေးမှာ အဆုံးသတ်မယ် စိတ်ကူးထားပါတယ် ။ ဒါပေမယ့် ၃ရက်လုံးပေါင်းရေးဖို့က ဘယ်လိုမှမဖြစ်နိုင်လို့ နောက်ပို့စ်တစ်ပုဒ်ဖြင့်သာအဆုံးသတ်မယ် ဆုံးဖြတ်ရင်း ဒီပို့စ်လေးကိုဒီနားမှာပဲရပ်တန့်လိုက်ပါရစေနော် ။


ဘုရားတည်ထားတဲ့တောင်ထိပ်ကနေ ဖူးခက်တမြို့လုံးကိုကြည့်နိုင်တယ်


တစ်ပွဲကိုဘတ်၁၂၀သာပေးရတဲ့ နာနတ်သီးထမင်းကြော် (အရသာလည်းအတော်ကောင်း)


ရေအလွန်ကြည်ပါတယ်ဆိုတဲ့ ဖူးခက်ရဲ့ကမ်းခြေတစ်ခု


ဂျန်စီလွန်းထဲက ဖိနပ်ဆိုင် (တန်ပါသည်)


ကုန်တိုက်ထဲအ၀င်လမ်း

စည်ကားတဲ့လမ်းမကြီး


Devana ရဲ့ ရေကူးကန် (အရမ်းမိုက်စ်)
သပ်ရပ်စွာပြင်ဆင်ထားတဲ့အခန်း
အိမ်သာလေးကချစ်ဖို့ကောင်းလို့ ဟိ

ဆက်ဖတ်ချင်သေးရင်...

ချိုမြိန်တဲ့ဖုန်းသံ

ကြားဖြတ်ပို့စ်လေးတစ်ပုဒ် ရေးချင်ပါတယ် ။ ပြီးခဲ့တဲ့သောကြာ 28.10.2011ရက်နေ့မှာ ၉လတာအပင်ပန်းခံကြိုးစားခဲ့ရတဲ့ စာတီဖီကိတ်လေး တက်ရောက်ယူခွင့်ရခဲ့ပါတယ် ။ အဲ့ရက်လေးကို ခံစားချက်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာကို ရေးချင်တာပါ ။ ပွဲမတက်ခင်ကလည်း ရင်ခုန်ရပါတယ် တကယ်တမ်းပွဲတက်ရတဲ့နေ့မှာတော့ အတိုင်းအဆမရှိ ၀မ်းသာမိပါတယ် ။ ဒါကြောင့်လည်း special day ရယ်လို့ တင်စားကြခြင်းဖြစ်မယ်ထင်ပါတယ် ။

တကယ်ဆို ကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်တဲ့အခါမှာ ဒီပလိုမာလက်မှတ်အသေးစားလေးသာ ဖြစ်တယ်ဆိုပေမယ့် အလုပ်ကတဖက် နည်းပါးလှတဲ့အချိန်ကတဖက် နားလည်မှူလွဲတဲ့ဆရာတွေနဲ့ကတဖုံ ၉လတာဟာ စိတ်ထဲမှာအတော်လေးကြာမြင့်ခဲ့ပါတယ် ။ ပရော့ဂျက်တွေ အဆိုင်းမန့်တွေနဲ့ အလူးလူးအလှိမ့်လှိမ့် ဖြတ်သန်းပြီးချိန်မှာ နောက်ဆုံးလိုချင်တာကို ရရှိခဲ့ပါတယ် ။ ထူးချွန်စွာမအောင်မြင်ခဲ့တဲ့အတွက် မိဘအပေါ်တာဝန်မကျေသလို ခံစားမိပေမယ့် နှစ်သိမ့်နိုင်တဲ့ကတ်လေးအဖြစ်တော့ လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ဘာလို့ ဒီစာတီဖီကိတ်လေးကို အကျယ်ချဲ့ပြီးရေးနေတာလဲ ပြောစရာရှိပါတယ် ။

သစ်သစ်ကတကယ်ဆို စိတ်ခံစားမှုပျော့ညံ့လွန်းပါတယ် ။ မယူခင်အချိန်ထိ ဘာမှမဖြစ်ပေမယ့် တကယ်ယူရမယ့်နေ့ရောက်ချိန်မှာ မိဘတွေကိုအနားမှာရှိစေချင်ခဲ့ပါတယ် ။ မနက်အစောကြီးထ ဘုရားရှိခိုးပြီးမိဘတွေကို ကန်တော့ပြီးတဲ့နောက် အိမ်ကိုဖုန်းဆက်ခဲ့ပါတယ် ။ မေမေဆိုပြီး စိတ်ထဲဝမ်းနည်းစွာ ငိုနေမိလို့ အမေကတောင်ချော့မော့ယူရတဲ့အထိ ခံစားချက်ပြင်းထန်ခဲ့ပါတယ် ။ ကျောင်းကိုသွားနေချိန်မှာ ဘာမှမဖြစ်ပေမယ့် ကျောင်းရောက်လို့သူငယ်ချင်းတွေနဲ့တွေ့ပြီး ၀တ်စုံဝတ် ဓါတ်ပုံတွေရိုက်ချိန်မှာ စိတ်လှုပ်ရှားပြီးပျော်နေတာ မျက်နှာမှာအသိသာကြီးပါ ။ ဒီလိုနဲ့ ဟိုပြောဒီပြော ပြောင်နောက်နေရင်းကနေ ၉လတာအတူဖြတ်သန်းပြီး နောက်ဆုံးနှစ်မှအတူတက်ယူခွင့်မရပဲ ကျန်ခဲ့တဲ့သူငယ်ချင်း၂ယောက်ကိုလည်း အရမ်းသတိရမိပါတယ် ။

စတိတ်ပေါ်တက်ခါနီး သူတို့ပြောထားတဲ့အတိုင်း လုပ်ရမယ့်ပုံစံကို စိတ်ထဲမှာအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းစတိတ်ပေါ်ရောက်ချိန်မှာ လူကလေထဲမျောလွင့်နေသလို ခံစားမိပါတယ် ။ ကြည့်နေကြတဲ့မျက်လုံးတွေ တီးနေကျတဲ့လက်ခုပ်သံတွေ ပေးနေတဲ့သူရဲ့အပြုံး အိုးးး စုံလင်နေတဲ့ခံစားချက်တွေနဲ့ ဘယ်လိုစင်အောက်ကို ရောက်ခဲ့မှန်းတောင်မသိနိုင်တော့ပါဘူး ။ ကတုန်ကယင်နဲ့စိတ်လှုပ်ရှားနေတာ စက္ကန့်အားဖြင့်အတော်လေး ကြာမြင့်ခဲ့တယ်လို့ ဆိုလို့ရပါတယ် ။ ကိုယ်တိုင်ကြိုးစားပြီးရခဲ့တဲ့ ဒီလက်မှတ်လေးကို တကယ်ပင်တန်ဖိုးထားသလို မိဘတွေဖြစ်ချင်တာလုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဝမ်းသာမိပါတယ် ။ ပွဲပြီးလို့ရုံးကိုဆက်သွားရန် ကားဂိတ်လာချိန်မှာ အိမ်ကိုဖုန်းဆက်ပြီး ဖေကြီးသမီးယူပြီးပြီ မေမေ့ကိုလည်း ပြောပြလိုက်နော်ဆိုပြီး ဆက်လိုက်ရချိန်ဟာ လေးနှစ်တာစင်္ကာပူကျွန်းကနေ ရန်ကုန်ဆက်တဲ့ဖုန်းသံတွေထဲက အချိုမြိန်ဆုံးအသံလို့သာ ဆိုညွှန်းလိုက်ချင်ပါတော့တယ် ။

ဘ၀မှာအကြီးကျယ်ဆုံး မာတာမိဘနှစ်ပါးကို ဖုန်းဆက်ပြီးချိန်မှာ ရေခြားမြေခြားရဲ့ပထမဆုံးအောင်မြင်မှူတစ်ခုကို ချစ်တဲ့သူကိုပြောပြချင်ခဲ့ပါတယ် ။ သူလည်းနားထောင်ချင်မယ်လို့ ထင်ပါတယ် ဒါပေမယ့်ခုချိန်ထိ ပြောပြနိုင်တဲ့ခွင့်ရေးမရှိသေးတော့ ရင်ထဲမှာတခုခုလိုနေသလို ခံစားချက်တွေနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်နော် ။



ဆက်ဖတ်ချင်သေးရင်...

Sunday, October 30, 2011

ကိုယ်လာပြီဖူးခက်

ဘာလုပ်တာလဲပေါ့ ဒါ police stationကြီးဆိုတော့ ကိုရွှေဒရိုင်ဘာက ဘာကိုဆိုလိုတယ်ဆိုတာ သိသွားရှာပါတယ် ။ သူကရှင်းပြပါတယ် ဒီလမ်းကသွားရင်ပိုနီးလို့ သူသွားတာဖြစ်ကြောင်းပေါ့ ပြီးတော့ဘက်ဂျက်တာမင်နယ်ဖြစ်တယ်ဆိုတာရောပါတော့မှ နတ်သမီး၇ယောက်လည်း ပြုံးနိုင်ရယ်နိုင်ပါတော့တယ် ။ ကဲ ရောက်ပြီဆိုတော့ ဟမ် ဒါဘယ်လိုလေဆိပ်လည်းပေါ့ တခါမှစီးလည်းမစီးဖူးသလို လိုက်တောင်မပို့ဘူးတဲ့နေရာဆိုပြီး တောသူမြို့တက်အဖွဲ့လို ကလည်ကလည် တောင်ကြည့်မြောက်ကြည့်နဲ့ မြန်မာပြည်ကသဘောင်္ဆိပ်ရောက်သွားသလို ခံစားရပါတယ် ။ အ၀င်မှာဖတ်ကြည့်လိုက်တော့ ကိုယ်ချက်အင်လုပ်ရမယ့်ကောင်တာဖွင့်ဖို့ ၁နာရီနီးပါးလိုပါသေးတယ် ။ ဒါနဲ့ဘုရားစူးစင်္ကာပူရဲ့ထိုင်ခုံလေးတွေမှာ ထိုင်ပြီးမျက်လုံးတွေကစားစပ်စုနေရင်း အချိန်ဖြုန်းနေရပါတယ် ။

အဖွဲ့ထဲကတစ်ဦးတည်းသော အကောင့်တန့်က ဖုန်းနဲ့အင်တာနက်သုံးရင် မျက်စိကလည်း ကောင်တာဖွင့်မယ့်ဘုတ်ကို ကြည့်နေရင်းဖွင့်ပြီဆိုတော့ ခုံမရဘူးဆိုတဲ့အဖြစ်မျိုးမဖြစ်ရလေအောင် ချက်အင်ကောင်တာကို အပြေးလေးသွားကြပါတယ် ။ ဒီလောက်စိတ်အနှောင့်အယှက်ကောင်းတဲ့ခရီးစဉ် ဖြစ်ပေမယ့် ၇ယောက်လုံးက ရီလိုက်မောလိုက်နဲ့ ပြောရရင်ဖြင့် စင်္ကာပူညနေ၄နာရီထိ စလုံးကျွန်းကမထွက်ရသေးပါဘူး ။ ကိုယ့်နောက်ကပြည်ကြီးတရုတ်လိုအဖွဲ့ကလည်း ကိုယ်တွေနဲ့အတူ တန်းစီနေရင်း ဆူညံနေပါတော့တယ် ။ ကောင်တာမှာကိုရွှေကုလားက ဟိုဘက်ကြည့်ဒီဘက်ကြည့် တောင်းစရာရှိတာတောင်းရင်း တိုက်ဂါးအဲယားဝေးပေါ်မှာ အောင်မြင်စွာထိုင်ခုံရရှိသွားခဲ့ပါပြီ ။

ခဏလောက် ထိုင်ခုံမှာထိုင်ပြီး အထဲကိုဝင်မယ်ဆုံးဖြတ်လိုက်ကြပါတယ် ။ လာပါပြီပြသနာများနဲ့ သစ်သစ်အိတ်ထဲမှာ 100ml ထက်ပိုလို့ အိတ်ကိုဖွင့်ခိုင်းပါတယ် ။ အိတ်ကိုဖွင့်ပြီး သွားတိုက်ဆေးရယ် မျက်နှာသစ်ဆပ်ပြာအကျန်များကို အောင်မြင်စွာသိမ်းပြီး သကာလမှာ သစ်သစ်အိတ်ထဲက အိုင်ပက်ကိုထုတ်ပြီး စက်ထဲမဖြတ်လို့ အိုင်ပက်ကိုပြန်ထုတ်ခိုင်းပါတယ် ။ အဲဒီအကြောင်းပြောရရင်ဖြင့် သြဂုတ်လမြန်မာပြည်ပြန်တော့ ချန်ဂီလေဆိပ်မှာ အိုင်ပက်ကိုထုတ်ရမလားမေးတော့ သူတို့ကလပ်တော့ပဲထုတ်ရမယ် အိုင်ပက်ထုတ်ဖို့မလိုဘူးလို့ ပြောခဲ့တာ သတိရပြီး ဒီတခေါက်မှာမထုတ်ပဲ ဒီတိုင်းဖြတ်ခဲ့တာပါ ။ ဒါပေမယ့် သဘောင်္ဆိပ်ဆိုတော့လည်း အိုင်ပက်ထုတ်ပါဆိုတော့ ပြန်ထွက်ပြီးအိုင်ပတ်ကိုထုတ် အိတ်ကိုပြန်ဖြတ်နဲ့ သစ်သစ်တစ်ယောက် ၂ခေါက်တိတိစစ်ဆေးခံလိုက်ရပါတယ် ။ လူတစ်ယောက်တည်းဖြတ်တော့လည်း အသံကထမြည်ပါတယ် ဒါနဲ့အတံတစ်ခုနဲ့ရပ်စောင့်နေတဲ့ မလေးမတွေရဲ့ ဟိုပွတ်ဒီပွတ်ခြင်းကို ပွဲဦးထွက်ခံလိုက်ရပါတယ် ယားချက်တော် ဟင့် ။ ဒီလိုနဲ့အထဲကိုရောက်လာခဲ့တယ် ဆိုပါတော့ ။

အထဲကစားသောက်ဆိုင်တွေမှာ သူများတွေကော်ဖီတွေ မုန့်တွေဝယ်ကြစားကြတာတွေ့ပေမယ့် နောက်တစ်ကြိမ်အင်မီဂရေးရှင်းထပ်ဖြတ်ရင် ဒါတွေအကုန်စားပြီးအသိမ်းခံရမှာပဲဆိုပြီး လူတတ်ကြီးလိုလိုဆရာကြီးလိုလိုနဲ့ ကိုယ်ဖြတ်ရမယ့်ဂိတ်ပေါက်ရောက်သွားခဲ့ပါတယ် ။ ပတ်စ်ပို့လေးပြပြီး boarding pass လုပ်ပြီးချိန်မှာ ဘာဆိုဘာမှမစစ်သလို အဖြူကလေးတွေဟာ ၀ယ်လာတဲ့ကော်ဖီတွေသောက်လိုက် မုန့်တွေစားလိုက်နဲ့ ကိုယ့်ရှေ့မှာအသဲယားစဖွယ် လုပ်ပြနေပါတော့တယ် ။ အဲ့ချိန်မှာဓါတ်ပုံရိုက်ချင်စိတ်မရှိလောက်အောင်ပင် လူတွေကချုန်းချုန်းကျနေပါပြီ ။ မျက်နှာလေးတွေဟာနွမ်းဖတ်ရင် ချာဂျင်ကုန်နေတဲ့ ဘက်ထရီတွေလိုပဲ ဖြစ်နေကြပါပြီ ။ အချိန်ကလည်း ညနေ၆နာရီထိုးတော့မယ်လေ ။ လှပါတယ် တကယ်ကိုလှတဲ့ တိုက်ဂါးအဲယားဝေးက ကျားသစ်မလေးတွေ မိန်းမချင်းတောင်ငမ်းယူရပါတယ် ။ ဆံပင်ကုတ်ဝဲလေးတွေနဲ့ ချစ်ဖို့တစ်ကယ်ကို ကောင်းပါတယ် ။

လေယာဉ်ပေါ်တက်ဖို့ ကျု့လဲမရှိသလို လေယာဉ်ကွင်းထဲလမ်းလျှောက်ဆင်းရင်း လေယာဉ်ပေါ်ကို ကိုယ့်အိတ်ကိုယ်ဆွဲကာ တက်ရပါတယ် ။ ဟိုးယခင်က မြန်မာပြည်က လေဆိပ်နဲ့အတော်လေး တူပါတယ် ။ လေယာဉ်ပေါ်ကထိုင်ခုံတွေက သစ်သစ်အတွက်အတော်လေး ကျဉ်းမြောင်းပါတယ် ။ ရောက်တာနဲ့အိပ်ဖို့ကြိုးစားပါတယ် ဒါမှမူးတာမော်တာမဖြစ်ရအောင်ပေါ့ ။ ဒီလိုနဲ့လေယာဉ်ပျံကြီး ဝေဟင်ထဲရောက်မှ သက်မကိုပိုင်နိုင်စွာချရင်း တကယ်ကိုသွားရတော့မယ့် ဖူးခက်ဆိုပြီး စိတ်ကိုလျော့ချလိုက်ပါတော့တယ် ။

ကဲ ဆင်းပါတော့မယ် ဖူးခက်မြို့ရဲ့ အင်တာနေရှင်နယ်လေဆိပ်ကြီးကိုပေါ့။ ဖူးခက်မီးပြတ်နေတယ် ထင်တယ် ဘာမှကိုမမြင်ရဘူးနော် ဟယ်...လေယာဉ်ကြီးက အိမ်တွေကြားထဲမှာ ပြေးလမ်းပေါ်ဆင်းနေတယ်တော့ ဘယ်လိုလဲမသိဘူးနော် အမယ်လေဆိပ်သာသေးတာ ဘက်ဂျက်လေဆိပ်ထက်သာတယ်တော့ ကျူ့နဲ့တိုက်ရိုက်လေဆိပ်ထဲဝင်ရမှာဟ တော်ပါသေးရဲ့ဘာညာပေါ့ ။ ဒါနဲ့ပဲ ၀ှိုက်ကတ်ဖြည့် အိမ်သာလေးပြေးဝင် အင်မီဂရေးရှင်းဖြတ်ပြီးချိန်မှာ လေဆိပ်ကလူအတော်လေးရှင်းနေပါပြီ ။ လေဆိပ်ထဲမှာပဲ စင်းကတ်တွေအလကားပေးပါတယ် ။

သစ်သစ်နဲ့ကျန်တဲ့သူငယ်ချင်းတွေက လေဆိပ်အပြင်ကိုထွက်ရင်း လာကြိုမယ့်ဦးမင်းဒင်ကို စိတ်ထဲမှာမှန်းပြီးရှာရပါတယ် ။ တက်ဆီသမားတွေရဲ့ ဆူညံပွက်လောရိုက်မှူတွေကြားထဲမှာ လုံးဝရှာလို့မတွေ့ခဲ့ပါဘူး ။ ဒါနဲ့ရွမ်းမင်းဖွင့်ထားတဲ့ဖုန်းနဲ့ပဲဆက်မေးတော့မယ် စဉ်းစားချိန်မှာ ဦးမင်းဒင်ကိုယ်တိုင်က သစ်သစ်တို့အဖွဲ့လားဆိုပြီး လာမေးခဲ့တော့မှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကားပေါ်ရောက်သွားပါတော့တယ် ။ ရပ်ဝေးမြေခြားမှာ မြန်မာအချင်းချင်း တွေ့ဆုံချိန်လုံးဝစိမ်းသက်မနေပဲ ပြောစရာတွေတစ်ပုံတစ်ပင်နဲ့ တည်းခိုမယ့်နေရာကို ၁နာရီနီးပါးသွားရပါတော့တယ် ။ ဒါပေမယ့် ဗိုက်ဆာနေကြတဲ့ ဒီ၇ယောက်အဖွဲ့တွက် ညစာဘယ်လိုစီစဉ်ရမယ်ဆိုတာ ဦးမင်းဒင်မှာ စဉ်းစားတွေးတောရင်း နောက်ထပ်ပို့စ်တစ်ပုဒ်ရေးရန် ဒီနေရာမှာပဲခဏတာ ရပ်တန့်ထားလိုက်ပါတော့မယ် ။




ဘက်ဂျက်တာမင်နယ်က အနည်းငယ်သောထိုင်ခုံတစ်ချို့



လေယာဉ်ပေါ်တက်ရန် အဲလိုတန်းစီရပါတယ်




ဖူးခက်လေဆိပ်မှာ အခမဲ့ဝေသော စင်းကတ်ပါ







ဆရာလုပ်ချင်သောသစ်သစ် မှန်းလိုက်တဲ့ မိကျောင်းလာမည့်လမ်းကြောင်း



(သူလာမယ်ဆို အနဲဆုံး၁လလောက်တော့လာရမယ်ထင်တယ် ဟိ)






ဆက်ဖတ်ချင်သေးရင်...

Saturday, October 29, 2011

အတားအဆီးများနဲ့ဖူးခက်

ကဲ ..ဘာလုပ်ပေးမှာလဲ ငါတို့ဝယ်ထားတာ ပက်ကေ့ခ်ျနော် နင်တို့ဂျက်စတားက ဒီလိုပဲလား ငါတို့အစောကြီးထလာတာ ခွင့်တွေလည်းယူလို့ နင်တို့ဘယ်လိုစီစဉ်ပေးမှာလဲ ငါတို့အစီအစဉ်တွေ အားလုံးလွဲချော်ကုန်ပြီ ဘလာ...ဘလာ... အသံများရဲ့အဆုံးမှာ ကိုရွှေဂျက်စတားက အစောဆုံးလေယာဉ်ဖြစ်တဲ့ နေ့လည်၂နာရီ စစ်ခ်အဲနဲ့စီစဉ်ပေးပါမယ် ခဏစောင့်ပါဆိုတော့ ပွစိပွစိရေရွတ်သံတွေနဲ့၁၀မိနစ်လောက်အကြာမှာ စစ်ခ်အဲကလည်း လူပြည့်နေပါပြီတဲ့ ဒါဆို၎နာရီထွက်မယ့် အဲအေးရှကိုဖုန်းဆက်ပေးပါ့မယ်ဆိုတော့ ငါတို့၁ရက်တိတိအချိန်တွေပုပ်ကုန်ပြီ ငါတို့သိပ်စိတ်ဆိုးတယ်ပြောနေစဉ်မှာပဲ အဲအေးရှကလည်း ခုံပြည့်နေလို့ဝယ်လို့မရပါတဲ့ ကဲ အမတို့ကို ငွေပြန်အမ်းမယ်ဆိုတော့ လုံးဝလက်မခံနိုင်ဘူး ကိုယ်ဝယ်ထားတာပရိုမိုးရှင်းဈေးလေ သူတို့ပြန်အမ်းတော့အဲ့ဈေးနှုန်းနဲ့ ဘာလုပ်မှာလဲ ဒါ့အပြင်ကုန်ဆုံးသွားတဲ့အချိန်တွေခွင့်တွေ ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီနေ့လေယာဉ်နဲ့ရအောင် စီစဉ်ပေးပါဆိုတော့ ကဲ နောက်ဆုံးတိုက်ဂါးအဲယားဝေးကို ဖုန်းဆက်ပေးမယ် ခဏလောက်သီးခံပေးပါဆိုပြီး နှစ်သိမ့်သွားလိုက်တာဆိုတာများ.....။


မိနစ်၂၀ခန့်အကြာမှာ ညနေ၆နာရီ တိုက်ဂါးအဲယားဝေးနဲ့ရပါမယ် ဒီနေ့တစ်နေ့စာနေဖို့ riverview hotel မှာစီစဉ်ပေးပါ့မယ် နေ့လည်စာဘူဖေးကိုလည်း ဂျက်စတားကနေပဲ စီစဉ်ပေးမှာဖြစ်သလို လေဆိပ်နဲ့ဟိုတယ် အသွားအပြန်ကိုလဲ သူတို့ပဲကြိုပေးမှာဖြစ်ကြောင်း လာပြောပါတယ် ။ တကယ်လို့များသဘောမတူခဲ့ရင် ၀ယ်ထားသောဈေးနှုန်းအတိုင်း ငွေပြန်အမ်းပါ့မယ်တဲ့ ။အိမ်းးးးးးး ကဲ ဘီလိုလုပ်ကြမလဲ သွားမှာလား ပိုက်ဆံပြန်ယူမလား ကဲ ဘာပဲဖြစ်ဖြစ်သွားမယ်ကွာဆိုပြီး လိုအပ်သော ပတ်စ်ပို့ ထိုင်းဗီဇာတို့ကို သူတို့ကိုပေးရပါတယ် ။ သန်းခေါင်ထက်ညမနက်တော့သလို လာပြီးမှတော့မထူးတော့ဘူးလေ ဒါကြောင့် ခဏလောက်စောင့်ပေးပါ သူတို့လာပြီးခေါ်ယူပါ့မယ်ဆိုတာ ၉နာရီလောက်ကပြောလိုက်တာ ၁၀နာရီခွဲတဲ့ထိလာမခေါ်ပါဘူး ။ ဆက်သွယ်ရန်ပေးထားတဲ့ဖုန်းနံပတ်ကို ဆက်တော့ဖုန်းလုံးဝမကိုင်ပါဘူး ။ ဒီလိုနဲ့ ၁၀နာရီခွဲမှာ ဒေါကြီးမောကြီးနဲ့ ဂျက်စတားကောင်တာကို သွားပြီးကျဲတော့ ဟိုတယ်စီစဉ်နေရလို့ ကြာနေကြောင်း ခုသွားလို့ရပြီဖြစ်ကြောင်း ကိုရွှေဂျက်စတားက ပြောပါတယ် ။ လုံးဝ လုံးဝ ဆက်ဆံရေးညံ့ဖျင်းသော ဂျက်စတားပေတကား.... ။

သူတို့ဘက်ကသေချာပြီဆိုမှ ဖူးခက်လေဆိပ်မှာ လာကြိုမယ့်ဦးမင်းဒင်ကို ချက်ချင်းဖုန်းဆက်ရပါတယ် လေယာဉ်ချိန်ပြောင်းသွားပြီ ဖြစ်ကြောင်း ညနေမှလာကြိုပေးပါရန်ဆိုပြီး ပြောဆိုပြီးနောက် ဟိုတယ်ကိုတဖန်ဖုန်းဆက်ရပါသေးတယ် ချက်အင်နောက်ကျမယ်ဖြစ်ကြောင်းပေါ့ အဲ့မှာပဲဖုန်းဘီလ်အတော်လေးထိသွားခဲ့ပါတယ် ။ ကဲ ထိုင်းကိုဆက်တာပဲ ဈေးသက်သာပါတယ်ဆို ဖြေတွေးလိုက်ပြီး စင်္ကာပူကဟိုတယ်သို့ တက်ဆီငှားကာ လူ၇ယောက်ချီတက်ခဲ့ပါတော့တယ် ။ တက်ဆီစလစ်လေးကို ဟိုတယ်မှာပြလိုက်တာနဲ့ ချက်ချင်းသူတို့ကငွေပြန်ရှင်းပေးပြီး အခန်း ၄ခန်းတိတိပေးပါတယ် လူက၇ယောက်ပေကိုး ။ ဟိုတယ်ကအခန်းရောက်တယ်ဆိုရင်ပဲ ၁၁နာရီထိုးနေသလို စင်္ကာပူတစ်ကျွန်းလုံးက သူငယ်ချင်းများကို အကြောင်းကြားပြီးသကာလမှာ နေ့လည်စာ၃၂ဒေါ်လာတန်ဘူဖေးစားဖို့အချိန် ကျရောက်လို့လာခဲ့ပါပြီ ။ ထမင်းစားပြီးလို့ တရေးတမောအိပ်ရန်ကြံစည်နေစဉ်မှာပင် အခန်းထဲသို့ဖုန်းဝင်လာခဲ့ပါတယ် လေဆိပ်ဆင်းရန်ကားအကြိုလွှတ်တာ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားပါတယ် ။ အစောကြီးဘာသွားလုပ်မှာလဲ ၃နာရီကျော်မှဆင်းလာမယ်ဆိုပြီး ပေကပ်စွာဟိုတယ်ခန်းကမထွက်ပဲ သက်တောင့်သက်သာနားနေခဲ့ပါတယ် ။

ကဲ ၃နာရီကျော်ပြီ ဟိုတယ်ကနေ ချက်အောက်လုပ်ပြီး လေဆိပ်သွားမယ်ဆင်းလာတော့ အောက်မှာကိုရွှေဒရိုင်ဘာက တိုးရစ်စ်များစီးသောကားဖြင့် အကြိုတော်ရောက်နေတာကို တွေ့ခဲ့ရပါတယ် ။ သူကိုယ်တိုင်ပဲ ဂျက်စတားကပေးခိုင်းသော လေယာဉ်လက်မှတ်ကိုပေးပါတယ် တိုက်ဂါးအဲယားဝေးပါ လေယာဉ်လက်မှတ်တင်ပဲ၂၀၀ကျော်ပေးရပါတယ် ။ ဒီလိုနဲ့စင်္ကာပူရောက်တဲ့၎နှစ်အတွင်း တိုးရစ်စ်တစ်ယောက်လို ပထမဆုံးသွားခဲ့ရတဲ့ခရီးစဉ်ပါပဲ ။ ဒီလိုနဲ့ လေဆိပ်နားနီးချိန်မှာ သူ့ကားက police station ဆိုတဲ့လမ်းထဲကို ချိုးကွေ့လိုက်ပါတော့တယ် ။ ဟမ်....... ဒါဘာလုပ်တာလဲ ငါတို့ကိုငတုံးလို့ထင်နေသလားးးးးးးး။


စုတ်ချာလှတဲ့ လိန်ပျံလက်မှတ်




ဆက်ဖတ်ချင်သေးရင်...

Friday, October 28, 2011

ဖြစ်ပျက်စုံလင် ဖူးခက်ခရီးစဉ်

ဟဲ့ ဟောလီးဒေးခရီးစဉ်တွေ ဒစ်စကောင့်ချနေတယ်သိလား ဂျက်စတားမှာရော အဲအေးရှမှာရော ငါတို့ဝယ်ရအောင်လို့ ပြောလာချိန်ကတော့ လွန်ခဲ့တဲ့ဇွန်လလယ်လောက်ကပါ ။ အဲဒီသူငယ်ချင်းနဲ့က ၈၀%နီးပါးစိတ်တူကိုယ်တူ ဖြစ်နေတော့ ခရီးထွက်မယ်ဆိုလဲ ၂ခါမတိုင်ပင်ရတဲ့ သူငယ်ချင်းပါပဲ ။ နေဦး ငါ့သူငယ်ချင်းတွေကို မေးကြည့်ဦးမယ် လူများမှပျော်စရာကောင်းမှာဆိုပြီး မေးလိုက်တာက ၂ပတ်လောက်ကြာသွားခဲ့ပါတယ် ။ ဒီနေ့ ဇွန်လ၃၀ရက်နေ့ပဲ ၀ယ်မယ်ဆိုဒီနေ့ဝယ်မှဖြစ်မယ် နက်ဖြန်ဆိုဇူလိုင်ဈေးဖြစ်သွားမယ်နော် ကဲ ဘယ်လိုလဲ ......... ။

ဈေးနှုန်းကြည့်တော့ စင်္ကာပူဒေါ်လာ ၁၆၉ကျော်လောက်ပဲကျမယ်သိလား ဆိုတော့လူစုချိန်မှာ ၆ယောက်တိတိရခဲ့ပါတယ် ။ ညဘက်ကြီး ဂျက်စတားဝက်ဆိုဒ်ကိုဝင် ပက်ကေ့ခ်ျကတော့ အများသဘောတူထားတဲ့ ဖူးခက်ခရီးစဉ်ကို ရွေးချယ်တယ်ဆိုပါတော့ ။ ဟိုတယ်ကတော့ ကြိုက်နှစ်သက်ရာအခန်းအမျိုးအစားကို ရွေးချယ်ခွင့်မပေးခဲ့ပါဘူး ။ သူတို့သတ်မှတ်ထားတဲ့အခန်းကိုပဲ ယူရသလို လေကြောင်းခရီးစဉ်ကတော့ နေ့ဘက်ဖလိုက်ရွေးရင် ၃၀လောက်ကွာခြားပြီး ညဘက်ဖလိုက်ရွေးရင် ပိုသက်သာပါတယ် ။ ဒါကြောင့် သွားမယ့်ရက်ကို အစောဆုံးနေ့ဘက်ဖလိုက်သေချာ ရွေးချယ်ပြီး အပြန်ကိုဈေးလည်းသက်သာတဲ့ညဖလိုက်ကို ရွေးချယ်ခဲ့ပါတယ် ။ ဘာကီလိုမှမ၀ယ်ပဲ ဘာညာပေါင်းလိုက်ချိန်မှာ တစ်ယောက်ကို၂၅၀ကျော်လောက် ကျခဲ့ပါတယ် ။ ၃ညအိပ်၎ရက်ခရီးစဉ်ဆိုတော့ ဒီအချိန်ထိကို တန်တယ်လို့ဆိုလို့ရပါသေးတယ် ။

ဒီလိုနဲ့ပဲ ဇူလိုင်လဈေးနဲ့ နောက်ထပ်သူငယ်ချင်းကောင်မလေး၂ယောက် လိုက်ဖို့ဖြစ်လာခဲ့ပါတယ် ။ စုစုပေါင်း၈ယောက်ပေါ့ ပျော်စရာကြီးဆိုပြီး မပျော်နိုင်အားခဲ့ပါဘူး ဇူလိုင်နောက်ဆုံးပတ် စာမေးပွဲရှိတော့ဝယ်ထားပြီး ပစ်ထားလိုက်ပါတယ် ။ စာမေးပွဲပြီးတော့ ရန်ကုန်ပြန်လိုက် ရန်ကုန်ကပြန်လာတော့ မလေးရှားသွားလိုက်နဲ့ ဖူးခက်ခရီးစဉ်ကို တကယ်ပင်စိတ်ကမရောက်ပဲ ဖြစ်နေခဲ့ပါတယ် ။ ကဲ တကယ်သွားရမယ့် အောက်တိုဘာလထဲကို ၀င်ရောက်လာခဲ့ပါပြီ ။ အချိန်တွေနီးလာလေ စိတ်လှုပ်ရှားစရာ မထင်မှတ်တာတွေဖြစ်ခဲ့တဲ့ ခရီးစဉ်လေးပါပဲ ။ ပထမဆုံးဦးဆောင်ခဲ့တဲ့ သစ်ငယ်သူငယ်ချင်းကို သူ့အလုပ်ကဂျပန်ကို ဆိုင်းမဆင့်ဗုံမဆင့်ပဲ ၂ပတ်ကြာသွားဖို့ဖြစ်လာခဲ့ပါတယ် ။ ဘယ်လိုမှလုပ်လို့မရခဲ့ပါဘူး စိတ်ထဲလည်းမကောင်းသလို သူစခဲ့တဲ့ခရီးဆိုတော့ ကျန်တဲ့သူတွေနဲ့မလိုက်တော့ပဲ သူနဲ့ပဲ၂ယောက်တည်းထပ်သွားတော့မယ်ထိ ဆုံးဖြတ်ခဲ့ပါတယ် ။

ဂျက်စတားကလည်း ရက်ကရွှေမရပါ ရွှေ့ရင်လည်းအရင်က ပရိုမိုးရှင်းဈေးမဟုတ်ပဲ လက်ရှိဈေးနဲ့ပေးချေရမယ်ဆိုတော့ တယောက်ကို၄၀၀ကျော်ထိပေးရမယ့်ကိန်း ပေါက်လာခဲ့ပါတယ် ။ နောက်ဆုံးတော့ သူငယ်ချင်းလည်းလက်မှတ်အဆုံးခံပြီး ဂျပန်ကိုထွက်သွားခဲ့ပါတယ် ။ သွားခါနီးတစ်ပတ်အလိုမှာစပြီး ထိုင်းနိုင်ငံမှာအကြီးအကျယ် ရေကြီးခဲ့ပါတယ် ။ ဘယ်လိုလဲ ဗီဇာကလည်းလုပ်ပြီးပြီ ခွင့်တွေလည်းတင်ရတော့မယ် သွားရမှာလား မသွားရဘူးလား ။ ဘယ်လိုလုပ်ကြမလဲ နေ့စဉ်မိုးလင်းလို့ ရုံးရောက်တာနဲ့ကို ထိုင်းနိုင်ငံသတင်းတွေကြည့် သူတို့ရာသီဥတု ဖူးခက်ရာသီဥတုကို အင်တာနက်ကနေတစိမ့်စိမ့်ထိုင်ကြည့်ခဲ့ရပါတယ် ။ ဖူးခက်မှာလုပ်လို့ရတဲ့အရာတွေ သွားလို့ရတဲ့နေရာတွေကိုလည်း အင်တာနက်ကနေ ရှာဖွေပရင့်ထုတ်ပြီး ကြိုတင်ဖတ်ရှုခဲ့ရပါတယ် ။ ဒီကြားထဲမိကျောင်းအကောင်တစ်ရာ လွတ်သွားတယ်ဆိုလို့ မိကျောင်းလွတ်တဲ့နေရာနဲ့ ဖူးခက်ဘယ်လောက်ကွာလဲဆိုတာ ထိုင်းမြေပုံချပြီးကြည့်ခဲ့ရပါသေးတယ် ။ ဖူးခက်တည်ရှိတဲ့နေရာ ပင်လယ်အနေအထား ရေကြီးနေတဲ့နေရာဆက်စပ်မှူတွေ အသေးစိတ်ကိုတစ်ပတ်အတွင်း လေ့လာခဲ့ရပါတယ် ။

ဖူးခက်ခရီးစဉ်အကြောင်း ရေးမယ်ဆိုရင်ဖြင့် မရေးမဖြစ်ပါဝင်ရေးသားရမယ့် သူကတော့ မင်းဒင်ဆိုတဲ့ဘလော့လေးနဲ့ စာတွေဆက်တိုက်ဆိုသလိုရေးရင် ပရိတ်သတ်အခိုင်အမာရထားတဲ့ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ပိုင်ရှင် ဦးမင်းဒင်ကိုလည်း ချန်လှပ်ထားခဲ့လို့မရပါဘူး ။ ဖူးခက်သားလုံးလုံးဖြစ်နေတဲ့ ဦးမင်းဒင်ကို ခရီးစဉ်နီးလာလေ အွန်လိုင်းကနေ နေ့စဉ်ဖူးခက်အကြောင်းမေးမြန်းသမျှ စိတ်ရှည်လက်ရှည်ဖြေပေးခဲ့တာတွေလည်း အမှတ်ရမိပါတယ် ။ သူငယ်ချင်း ထိုင်ဝမ်မှဘလော်ဂါက မိတ်ဆက်ပေးပြီး သိကျွမ်းခဲ့ရသော်လည်း သက်ခိုင်စာအုပ်ဖတ်ပြီး ကိုယ့်အမြင်လေးတစ်ချို့ မေးမြန်းရင်း ရင်းနှီးခဲ့ရတဲ့ ဦးမင်းဒင်ကိုလည်း ဖူးခက်ခရီးစဉ်တွက် ကျေးဇူးတင်ကြောင်း ဒီနေရာလေးကတစ်ဆင့် ပြောလိုက်ချင်ပါသေးတယ် ။

ဒီလိုနဲ့ သွားရတော့မယ် အောက်တိုဘာ ၂၂ရက်နေ့ ရောက်ဖို့၂ရက်အလိုမှာ သစ်သစ်ဖြေထားတဲ့အောင်စာရင်းကထွက်လာခဲ့ပြီး ၂၄ရက်နေ့ဘွဲ့ပေးမယ့်အခမ်းအနား ရှိတဲ့အကြောင်းသိလာခဲ့ပါတယ် ။ ဘွဲ့ဝတ်စုံထုတ်ရမှာက ၂၁ရက်နေ့ ၂၂ရက်နေ့မနက်ကခရီးထွက်ရမယ် ပေးမယ့်ရက်က ဖူးခက်မှာရှိတဲ့ရက် ကဲ ဘွဲ့ယူမလား ဖူးခက်သွားမလား စဉ်းစားစရာတွေဖြစ်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ ကျောင်းကနေဘွဲ့.ယူရမယ့်ဖိတ်စာရောက်လာခဲ့ပါတယ် ။ ဘုရားရော သိကြားပါမပြီး အောက်တိုဘာ၂၈ရက်နေ့ ဖြစ်ခဲ့တော့ ထခုန်မိမတတ်ဝမ်းသာခဲ့ရပါတယ် ။ ပြန်လာပြီးနောက်တစ်နေ့ယူရမှာဖြစ်တော့ လိုအပ်တာလေးတွေ ၀ယ်ခြမ်းခဲ့ပြီးဝတ်စုံထုတ်ပြီး ဒီိတိုင်းပစ်ထားခဲ့ရပါတယ် ။

ကဲ ဘာပဲဖြစ်ဖြစ် ဖူးခက်တော့အဆင်ပြေပြေဖြစ်အောင် ငါသွားမယ်ပေါ့ အဲဒီချိန်မှာပဲ ခွင့်တင်ဖို့ဖောင်ဖြည့်နေတုန်း ခရီးစဉ်ထဲမှာပါဝင်တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ် သူ့ကိုဖူးခက်ဟိုတယ်က ဖုန်းဆက်ကြောင်း သူတို့ဟိုတယ် ပြုပြင်ဖို့ရှိလို့ မင်းတို့အေးဂျင့်နဲ့ဆက်သွယ်လိုက်ပါလို့ပြောကြောင်း သစ်ကိုဖုန်းဆက်ပြောလာခဲ့ပါတယ် ။ သူပြောပြောချင်းတော့ ကိုယ်ဘာမှမစဉ်းစားမိပဲ ဂျက်စတားကိုပဲဖုန်းဆက်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဖုန်းကလုံးဝဆက်လို့မရသလို ဟိုတယ်ကိုဖုန်းဆက်ရုံမှတပါး အခြားမရှိတော့ဘူးဆိုပြီး ထိုင်းနဲ့ပက်သက်တဲ့ ထိုင်းစကားပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီတောင်းခဲ့ပါတယ် ။ အဲ့သူငယ်ချင်းကသူကိုယ်တိုင်ဖုန်းဆက်ပြီး ဒီလူတွေဒီနေ့လာမယ် ကွန်ဖန်းဖြစ်လားဆိုပြီးမေးတော့ ဟိုတယ်ကကွန်ဖန်းပါတယ်ဆိုပြီး ပြောမှစိတ်ထဲအေးသွားခဲ့ပါတယ် ။ ဒါပေမယ့်လည်း နားလည်မှူလွဲတာတွေဖြစ်မှာစိတ်ပူပြီး သစ်သစ်မှာမကျေနပ်နိုင်ပါဘူး ။ ဟိုတယ်အီးမေးလ်ကို အင်တာနက်ကနေရှာပြီး သူတို့ဆီကိုထပ်ပြီး အီးမေးလ်ပို့မေးခဲ့ပါတယ် ။ သူတို့ဆီက ပြန်စာလာမှ အဲ့စာကိုပါပရင့်ထုတ်ပြီး ဖူးခက်ကိုစပြီး ချီတက်ခဲ့တယ်ဆိုပါတော့ ။

ဒီလိုနဲ့ တကယ်သွားမယ့်နေ့ အောက်တိုဘာ၂၂ရက်နေ့ မနက်၆နာရီခွဲတိတိမှာ စင်္ကာပူချန်ဂီလေဆိပ်ကနေ ဂျက်စတားကိုပျော်ပျော်ကြီးစီးဖို့ တက်ကြွစွာသွားခဲ့ပါတယ် ။ တန်းစီပါတယ် လူတွေကများ ကိုယ်ကလည်း၇ယောက်ဆိုတော့ ရီလိုက်မောလိုက်ပြောင်လိုက်နောက်လိုက်နဲ့ ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ ကောင်တာကချက်အင်လုပ်လို့မရတော့ပါဘူး ၇ယောက်ဖြစ်တဲ့အတွက် လေယာဉ်မှာထိုင်ခုံမရှိတော့ပါဘူးဆိုပြီးးးးးးးးးး (အဲဒီချိန်မှာ အတော်လေးအသဲကွဲသွားခဲ့ရပါတယ် ) ။

ဖြစ်ပျက်တာတွေကစုံလင်လွန်းလို့ ပို့စ်တစ်ပုဒ်တည်းရေးချင်ပေမယ့် မဖြစ်နိုင်လို့ ခွဲပြီးရေးခဲ့ရပါတယ် ။ အပိုင်း၂ကိုလည်းဆက်ပြီး စောင့်ဖတ်ပေးပါဦးလို့...)

ဆက်ဖတ်ချင်သေးရင်...

Tuesday, October 11, 2011

ပထမဆုံးစလုံးချစ်သူ

သစ်သစ် စာမေးပွဲအကြောင်းရေးချင်လို့ပါ ။ ပြီးခဲ့တဲ့အပတ်က သစ်စာမေးပွဲအောင်စာရင်းထွက်ပါတယ် ။ ထုံးစံအတိုင်း ထွက်မယ်လို့သိပြီးချိန်ကစပြီး လက်ထဲစာအိတ်လေးရောက်တဲ့အချိန်ထိ ရင်တွေအရမ်းခုန်ပြီး နေလို့မရထိုင်လို့မရဖြစ်ခဲ့ပါတယ် ။ တကယ်ကိုစိတ်အရမ်းလှုပ်ရှားလွန်းလို့ ညဘက်တောင်မအိပ်နိုင်ပဲ တလူးလူးတလှိမ့်လှိမ့်နဲ့ မိုးလင်းခဲ့ရတဲ့ညဆိုလည်း မမှားပါဘူး ။ ဘာလို့ဒီလိုဖြစ်ရတာလဲ မေးစရာရှိပါတယ် ။ ဘယ်စာမေးပွဲမဆို တည်ငြိမ်စွာဖြေဆိုဖြတ်သန်းခဲ့တာကြီးပါပဲ ခုစာမေးပွဲကတော့........ ။

ဟုတ်ပါတယ် ပထမအတန်းနဲ့တောင်မတူပါဘူး သစ်တို့ဒုတိယတန်းစာမေးပွဲက စိတ်လှုပ်ရှားစရာအလွန်ကောင်းပါတယ် ။ အဓိက ကတော့ ဆရာနဲ့စလုံးတွေကြားဖြစ်တဲ့ ပြသနာမှာ သစ်သစ်တို့ကတရားခံတွေလို ဖြစ်ခဲ့ရတာပါ ။ စုစုပေါင်း ၆ဘာသာမှာ ၂ဘာသာကပရောဂျက်လုပ်ရပါတယ် အဲဒီကနေပဲ အောင်မှတ်ပေးတယ်ဆိုပါတော့ ။ နောက်အိုင်တီဘာသာရပ်ကတော့ အတန်းနောက်ဆုံးနေ့မှာ စာမေးပွဲဖြေရပါတယ် ။ နောက်ကျက်စာ၃ဘာသာတွဲကို ၁၀၀ဖိုးဖြေရပါတယ် ။ ဒီအထိ ပြသနာမရှိပါဘူး ။ နောက်ဆုံးဘာသာကတော့ဖြင့် supplychainဆိုတဲ့ဘာသာရပ်ပါပဲ ။ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်ပါ ဆရာရဲ့အသင်အပြကလည်း တကယ်ကိုပြင်ပအတွေ့အကြုံတွေနဲ့ပဲ သင်တော့မပျင်းရတဲ့ ဘာသာလို့ပြောလဲမမှားပါဘူး ။

မှားယွင်းမှုရဲ့အစကတော့ ဆရာက အိန္ဒိယဆရာဖြစ်တော့ စင်္ကာပူအကြောင်းတွေ ဈေးကွက်တွေကို သူပဲသိ သူပဲနားလည် သူပဲတတ်သလိုပြောတော့ အတန်းထဲက စလုံးကျောင်းသားတွေနဲ့ အမြဲလိုလိုငြင်းခုံပါတယ် ။ နောက်တစ်ခုကဆရာက အရမ်းကိုစည်းကမ်းတင်းကြပ်သလို တယောက်ချင်းစီရဲ့အားနည်းချက်ကို အများသိအောင်ဖော်လေ့ရှိတာကတော့ ဆရာရဲ့ဆိုးရွားလွန်းတဲ့အကျင့်တစ်ခုပါပဲ ။ ဘာသာစကားအားနည်းတဲ့မြန်မာတွေကို အခွင့်ရှိသလိုနှိမ်လေ့ရှိသလို ကျောင်းနောက်ကျတဲ့သူကိုလည်း လုံးဝနားလည်မပေးပဲ အားလုံးရှေ့မှာအမျိုးမျိုး ခြေလှမ်းမှားလောက်အောင် ပြောလေ့ရှိတော့ တမင်အရှက်ခွဲသလိုကိုဖြစ်နေပါတယ် ။ အားလုံးကအလုပ်တဖက်နဲ့ကျောင်းတက်ကြရတဲ့သူတွေကြီးပဲဆိုတော့ ရုံးကနေတဆင့်လာရချိန်မှာ အနဲနဲ့အများနောက်ကျလေ့ရှိပါတယ် ။ ကျန်တဲ့ဆရာတိုင်းကလည်း အပြည့်အ၀နားလည်ပေးထားခဲ့ပါတယ် ။

ရေခြားမြေခြားမှာ ပထမဆုံးကျောင်းတက်တဲ့ သစ်သစ်အဖို့တော့ အရမ်းကိုအံ့သြမိရတဲ့ဆရာပါပဲ ။ နောက်ဆုံးမှာ ဆရာကိုတိုင်စာတင်မယ်ဆိုပြီး စလုံးတွေကကျောင်းသူကျောင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်ဆိုပါတော့ ။ သစ်သစ်တို့မြန်မာတော်တော်များများ ပါဝင်ပြီးမထိုးခဲ့ပါဘူး ဒါကလည်းသူ့ဘာသာကိုဖြေဆိုရမယ့်စာမေးပွဲရှိသေးတာကတကြောင်း ရုံးကတက်ခိုင်းတဲ့ကျောင်းသားတွေအနေနဲ့ ကျောင်းမှာစာမေးပွဲကျခဲ့ရင်သော်လည်းကောင်း တခုခုဖြစ်ခဲ့ရင်သော်လည်းကောင်း မိမိဘ၀ရပ်တည်မှူနဲ့ပါ ပက်သက်နေတော့ အမြဲခွင့်လွှတ်တတ်တဲ့မြန်မာတို့ရဲ့စိတ်ရင်းစေတနာအတိုင်း ကျေအေးပေးပြီး ဒီဖြစ်ရပ်ကနေထွက်ရပ်နေခဲ့ပါတယ် ။

ဆရာသင်ကြားခဲ့တဲ့နုတ်စ်တွေက တကယ်ကိုများပါတယ် ဒါကြောင့်နောက်ဆုံးစာသင်ရက်မှာ ဘယ်အရာကိုအလေးထားပြီး ဖတ်ရှုလေ့လာရမယ်ဆိုတာ ဆရာ့ကိုမေးမြန်းခဲ့ပေမယ့် အဲ့နေ့က ဆရာရဲ့မျက်နှာကိုတကယ်မမေ့ပါဘူး ။ သူသင်ပြီးပြီ အားလုံးဖတ်ပေါ့ သူ့တာဝန်ကျေပြီဆိုတဲ့ပုံစံပါ ။ သစ်သစ်တို့မြန်မာတွေက ရှေ့အတန်းကသူသင်ခဲ့ပေးခဲ့တာတွေ မေးမြန်းကြိုတင်ဖြေဆိုလေ့ကျင့်ပြီး စာမေးပွဲခန်းထဲကို ၀င်ခဲ့ရတယ်ဆိုပါတော့ ။ မျှော်လင့်ထားသလိုပါပဲ သင်ထားတဲ့အထဲက ၁၀မှတ်တန်တစ်ပုဒ်တိတိသာ မေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်တောင် မေးခွန်းကိုအစအဆုံးဖတ်ပြီးချိန်မှာ ကတုန်ကယင်ဖြစ်ပြီး ဘယ်ကနေဘယ်လိုစဖြေရမယ်ဆိုတာ ချက်ချင်းစဉ်းစားလို့မရခဲ့ပါဘူး ။ ကိုယ်သိတဲ့၁၀မှတ်တန်ကို သေချာဖြေဆိုပြီး ကျန်တဲ့မေးခွန်းတွေက သူဘာကိုမေးတယ်ဆိုတာ အထပ်ထပ်ဖတ်ပြီး ကိုယ်နားလည်သလို ပြန်ချရေးခဲ့ရတဲ့ဘာသာဖြစ်နေလို့ စာမေးပွဲခန်းကထွက်ချိန်မှာ ကိုယ့်ကိုယ်ကိုသွားပြီလို့သာ ထင်မှတ်ခဲ့ရပါတယ် ။

စာမေးပွဲပြီးလို့ ၂ရက်ကြာတော့ မြန်မာပြည်ပြန်သွားပြီး ဖြေဆိုခဲ့တာအနည်းငယ် မေ့သွားခဲ့ပါတယ် ။ ပြန်လာတော့ သူငယ်ချင်းတွေက အဲ့ဆရာကိုဖုန်းဆက်မေးပြီးပြီ ငါအောင်တယ် နင်လည်းဖုန်းဆက်မေးလိုက် သူသေချာပြန်ဖြေတယ်ဆိုပြီး သစ်သစ်ကိုတိုက်တွန်းခဲ့ပါတယ် ။ လုံးဝ လုံးဝ သစ်သစ်မမေးခဲ့ပါဘူး ဘာလို့လဲဆိုတော့ အဲ့ဆရာရဲ့အက်ရှင်မျိုးစုံအသံနဲ့ ပြန်စကားပြောတာကို သစ်သစ်မကြားနိုင်တော့လို့ပါ ။ ကံပါပဲ ငါအကောင်းဆုံးလုပ်ခဲ့တယ် ကျခဲ့ရင်ငါဒီဘာသာသေချာနားမလည်သေးလို့ပဲဆိုပြီး အောင်စာရင်းစာရွက်ကိုပဲ ရင်ထိတ်စွာစောင့်နေခဲ့ပါတယ် ။ ခုအောင်စာရင်းထွက်လာတဲ့အခါမှာ ဖုန်းဆက်မေးလို့သူအောင်တယ်ပြောခဲ့တဲ့ သူငယ်ချင်း၂ယောက်လုံး ဆပ်ပလီထိပါတယ် ။ ဘာလို့သူဒီလိုပြောခဲ့လဲဆိုတာ ခုချိန်ထိနားမလည်နိုင်ခဲ့ပါဘူး ။ ဒီလိုနဲ့ ဒီဘာသာရပ်ကိုလည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ရင်း ၁နှစ်နီးပါးတက်ခဲ့ရတဲ့ Specialist Diploma Course in Construction Management စာတီဖီကိတ်လေးကို အောက်တိုဘာရဲ့နောက်ဆုံးပတ်မှာ တက်ရောက်ယူခွင့်ရတော့မှာ ဖြစ်ပါတယ် ။

ကျေနပ်လားဆိုတော့ ကျေနပ်ခဲ့ပါတယ် ပျော်လည်းပျော်ပါတယ် အကောင်းဆုံးလည်းလုပ်နိုင်ခဲ့ပါတယ် ။ ဒီကျောင်းလေးစတက်ဖို့ ၀င်ခွင့်ဖြေတဲ့ချိန်ကစလို့ အခက်အခဲများစွာ သစ်သစ်မှာရှိခဲ့ပါတယ် ။ ငွေရေးကြေးရေး ပါစင်နယ်ကိစ္စ အလုပ်မှာအားပြိုင်မှူတချို့ အတူနေတဲ့သူတွေရဲ့ အလကားပါဆိုတဲ့ တုန့်ပြန်သံ အရာအားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီ ။ စာမေးပွဲနီးချိန်တွေမှာ ဟင်းတွေချက်ပို့လို့တမျိုး စိတ်ညစ်ချိန်မှာ ရီမောစေလိုတဲ့စကားတွေနဲ့တသွယ် ခံစားချက်အဖုံဖုံကို နားထောင်ပေးလို့တဖုံ အဖက်ဖက်မှအားပေးခဲ့တဲ့ ဗစ်စတာစီဘောက်မှ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ် ။ စာမေးပွဲတွင်းတွေမှာ အစဉ်ဂရုစိုက်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ရင်း ထမင်းစားလက်မှတ်တစ်စောင်ရပြီး ဖြစ်ကြောင်း စာလာဖတ်တဲ့သူငယ်ချင်းတွေကို သတင်းမျှဝေလိုက်ပါတယ် ။ ဒီစာတီဖီကိတ်လေးက သစ်သစ်တွက်စလုံးမှာ နေလာတဲ့၎နှစ်တွင်းမှာ ပထမဆုံးရတာဖြစ်လို့ အရမ်းတန်ဖိုးထားပြီး ပထမဆုံးစလုံးချစ်သူလေးလို့ တင်စားလိုက်ချင်ပါတော့တယ် ။

ဒီလထဲမှာ ထိုင်းသွားမယ်ဆိုကာမှ ချစ်ရီတာလေးက ဒီနေ့ဖေ့ဘွတ်မှာ ရေကြီးရုံတင်မက မိကျောင်းတွေပါလွတ်နေပြီဖြစ်ကြောင်း သတင်းပေးလို့ ငိုအားထက်ရယ်အားသန်ဖြစ်နေရပါတယ် ။ မိကျောင်းစီးပြီး shopping ထွက်လိုက်ပါသယ်ချင်း..း) (သစ်သစ်ဘန်ကောက်မသွားပါ )......ဟိ ။

ဆက်ဖတ်ချင်သေးရင်...