Friday, April 29, 2011

လတ်တလော

ရည်မှန်းချက်တစ်ခုပြီးမြောက်ရန် ၃လလောက်ပဲ လိုပါတော့တယ် ။ ပင်ပန်းခဲ့တဲ့နေ့ရက်တွေရှိသလို ပျော်စရာတွေလည်း ရှိပါတယ် ။ မွမ်းကြပ်တာတွေရှိသလို ရယ်မောခဲ့ရတာတွေလည်း ရှိပါတယ် ။ ဘာပဲဖြစ်ဖြစ် လုပ်ချင်တာတခုကို လုပ်ခွင့်ရလို့ ကျေနပ်မိတယ် ။ ဘလော့လေးတောင် ပုံမှန်မရေးဖြစ်တော့သလို သူများရေးတာတွေလည်း ပုံမှန်မဖတ်ဖြစ်တော့ သတင်းအသစ်တွေနဲ့ အတော်ဝေးကွာခဲ့ပါတယ် ။ ခုရက်ပိုင်းတွေဆို လူကစကားမပြောချင်လောက်အောင် ထိုင်းမှိုင်းပြီး အလုပ်မှာလည်း ပြသနာအတော်များပါတယ် ။


အင်ဂျင်နီယာကို အမြင်ကတ်ပြီး ခွင့်ယူလိုက်တာ သူက ကိုယ်ဆွဲတဲ့ပုံတွေကို မဆွဲတတ်ဆွဲတတ်နဲ့ ဆွဲလိုက်တာ နောက်နေ့ကျတော့ အမှားပေါင်းသောင်းခြောက်ထောင်နဲ့ ရှင်းမနိုင်ဖြစ်ရပါတယ် ။ အင်ဂျင်နီယာကို ဖောင်ဒေးရှင်းမှာ သံချောင်းထည့်တာ မှားနေတာကို ထောက်ပြမိတာ သူဌေးကအဆောက်အအုံတခုလုံး သစ်တွက်ပြီးဆွဲဖို့ တာဝန်ပေးလာခဲ့ပါတယ် ။ မလုပ်နိုင်စရာအကြောင်းတော့မရှိပါဘူး အရမ်းကိုရိုးရှင်းတဲ့အဆောက်အအုံလေးပါပဲ ဒါပေမယ့် လုပ်တတ်တယ်ဆိုတာသိသွားတော့ နောက်ထပ်တလုံးပြီးတလုံး တန်းစီလာပါတယ် ။ အလုပ်ကထွက်ချင်လောက်အောင် အလုပ်တွေများပါတယ် (လစာကတော့ ဒုံရင်းပါပဲ ဟင့်) ။ ဒါကြောင့် ကိုယ်တတ်တာလူသိခံလို့ သိပ်မဖြစ်တာပိုပြီး နားလည်လာပါတယ် ။

အကောင်းဘက်ကတွေးရင်တော့ ကိုယ်လုပ်တော့ကိုယ်တတ်တယ်ဆိုတာ မှန်ပေမယ့် တာဝန်ယူရတဲ့အပိုင်းများလာသလို ဖိုက်တင်ပလေးရတာလည်း များလာတော့ အလုပ်လုပ်ရတာမပျော်တော့ပါဘူး ။ ပြန်ချင်တယ် အရမ်းပြန်ချင်တယ် ခြေနေကြောင်းရာတွေက ပြန်ခွင့်ကိုမပေးပါဘူး ။ ကျောင်းပြီးရင်တော့ ၂ပတ်လောက်ပြန်နားလိုက်မှ ဖြစ်မယ်ထင်တယ် ။ သူငယ်ချင်းတွေနဲ့ခရီးလည်း ထွက်ချင်သေးတယ် ။ နောက်လမှာ သစ်တို့သူငယ်ချင်းတွေ ဒုတိယအကြိမ်မြောက်စုပေါင်းဆွမ်းကပ်လှူဒါန်းဖို့လည်း ရှိပါသေးတယ် ။ ဘာလိုလိုနဲ့ ဇွန်ဆို အသက်၁နှစ်ကြီးပြန်သလို စီးရီးချိန်းတဲ့ပထမဆုံးနှစ်လည်း ဖြစ်လို့သွားပြန်ပါပြီ ။ သတိရလို့ ဘာရယ်မဟုတ်ဘူး စိတ်ထဲရှိတာ ချရေးလိုက်ပြန်ပြီ သီးခံဖတ်ပေးကြပါနော် ။ အားလုံးကို သတိရနေပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Monday, April 11, 2011

ချစ်တတ်လာပြီ



ချစ်တတ်လာပြီတဲ့.....

ဆက်ဖတ်ချင်သေးရင်...

Friday, April 8, 2011

လွမ်းမိတဲ့သင်္ကြန်

ဘာလိုလိုနဲ့ နောက်အပတ်ဆို မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီး ရောက်ပါတော့မယ် ။ သင်္ကြန်ရေနဲ့မထိတွေ့ခဲ့ရတာ ၄နှစ်ကျော်ခဲ့ပါပြီ ။ အသက်ကြီးလာတော့သင်္ကြန်ဆိုတာ ငယ်စဉ်ကလို ခံစားမှုမျိုးထက် ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အလွမ်းဓါတ်ခံ ခံစားမှုတွေကနေရာပိုယူလာပါတယ် ။ သင်္ကြန်ကိုပြန်ချင်လားလို့မေးရင် သိပ်ကိုပြန်ချင်တာပေါ့ ဒါပေမယ့် ခြေနေချိန်ခါ အကြောင်းတွေကြောင့် မပြန်ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ ။ သစ်တို့အိမ်မှာက သင်္ကြန်ဆိုလုပ်ငန်းတွေနားလို့ သားသမီးမြေးတွေ ရန်ကုန်ကအိမ်မှာ စုံကြတဲ့အလေ့အထရှိတော့ သင်္ကြန်ဆိုပိုပြီးပြန်ချင်တာ မဆန်းပါဘူးလေ ။ သင်္ကြန်မတိုင်မီ မတ်လကုန်ခါနီးလောက်ဆို ထိုင်းနိုင်ငံဘက် အလုပ်သွားလုပ်တဲ့သူတွေ ရွာပြန်ချိန်ဆိုတော့ တချို့ဆိုမိန်းကလေးတွေပေမယ့်လည်း ကားပေါ်မှာမတ်တပ်ရပ်ပြီးစီးကြပါတယ် ။ ကြမ်းတမ်းတဲ့လမ်းတွေမှာ ၁၂ဘီးလိုကားမျိုးတွေ ထိုင်ခုံနေရာလဲမရှိပဲ ကြပ်ပိတ်သိတ်တိုးတက်ကြ အပေါ်အမိုးဂိုင်းတွေမှာ ယောက်ျားလေးတွေက ခိုတွယ်ထိုင်ကြနဲ့ သူတို့မှာပြန်ချင်ဇောနဲ့ ဒုက္ခမျိုးစုံခံကြရပါတယ် ။ ဒါကလည်း သင်္ကြန်တွင်းလေး အိမ်ခဏပြန်မိသားစုနဲ့ တွေ့ဖို့အချိန်လေးပေါ့ ။ ဒီလိုမြင်ကွင်းမျိုးတွေကို သစ်ငယ်စဉ်ကတွေ့တုန်းက ဘာလို့အရမ်းပြန်လာကြတာလဲ မသိဘူးဆိုပြီး အမေ့ကိုမေးဖူးပါတယ် ။ ခုတော့ ကိုယ်တိုင်ရေခြားမြေခြားရောက်နေတဲ့အချိန်ကျမှ ဒီအချိန်ဖြစ်ပေါ်လာတဲ့ ခံစားမှုနဲ့ သူတို့ကိုကိုယ်ချင်းစာတတ်သွားပါတယ် ။ သစ် ငယ်စဉ်ကသင်္ကြန်ဆိုတာ အကြိုနေ့လောက်ကတည်းက အိမ်ရှေ့မှာတိုင်ကီချ ရေဖြည့်နဲ့မမောနိုင်မပမ်းနိုင် မနက် ၈နာရီလောက်ကနေ နေမြင့်တဲ့၁၁နာရီလောက်အထိ ရေပက် လူတွေမလာရင်လည်း ခွက်ကလေးကိုင်ပြီး စောင့်နေတတ်တယ် ။ နောက် ထမင်းစား ခဏနား တရေးတမောအိပ်ပြီး ညနေ၃နာရီလောက်ဆို ၀တ်စုံတစ်စုံလဲ ရေပြန်ပက်နဲ့ တယောက်တည်း နောက်ဆုံးရက်အထိ အလုပ်ရှုတ်တတ်ပါတယ် ။ ကလေးဘ၀က လွယ်အိတ်ထဲမှာ ရေပုံးလေးထည့်ရေဖြည့် ရေပြွတ်ကိုဆက် လွယ်အိတ်ကိုလွယ်ပြီး တလမ်းဝင်တလမ်းထွက် သူများအဖွဲ့တွေနဲ့လည်း ရန်ဖြစ်တတ်ပါသေးတယ် ။ အပြိုင်အဆိုင်ရေပိုက်တွေနဲ့ထိုးလို့ ရေကုန်အောင်ပက်တတ်ပါတယ် ။ ဘယ်မောင်နှမ မှ သစ်လိုမကဲပါဘူး သစ် ကလေးဘ၀ရောက်တော့ အဖေကလည်း ပင်စင်စားပြီဆိုတော့ ရပ်ကွက်ထဲမှာနေရတဲ့အရသာကို ကောင်းကောင်းသိခဲ့ပါတယ် ။ နည်းနည်းလေးအရွယ်ရောက်တော့ အိမ်ရှေ့မှာပဲပက်ရမယ်ဆိုတဲ့ မေမေရဲ့ရာဇသံကြောင့် ခြေထောက်မြေကြီးကိုဝင်လောက်တဲ့အထိ ရပ်နေပြီး လူလာတာကိုစောင့်ပက်လေ့ရှိပါတယ် ။ အရွယ်လေးကြီးပြီး ၆တန်း၇တန်းလောက်ကျတော့ အိမ်က အစ်ကိုအစ်မတွေနဲ့ နေ့စဉ်ကားနဲ့လျှောက်လည်ရတဲ့ အရသာကိုသဘောကျလာခဲ့ပါတယ် ။ အစပိုင်းကတော့ အဖေစိတ်မချတော့ ကားခေါင်းခန်းမှာပဲ ထိုင်ရပါတယ် ။ နောက်ပိုင်းကျတော့ နောက်ခန်းမှာကဲလို့ မီးသတ်ပိုက်ဒဏ်လည်း အလူးအလဲခံနိုင်ခဲ့ပါတယ် ။ အစ်ကိုအစ်မတွေနဲ့ အရွယ်ကွာဟနေတော့ နောက်ပိုင်းသူတို့နဲ့လိုက်ရတာ မပျော်တော့ပါဘူး ။ အဖေ့အမျိုးတွေက သင်္ကြန်ဆိုအိမ်တစ်အိမ်မှာစုပြီး နေကြပါတယ် ။ ဗဟန်းဘုရားနားဆိုတော့ ညဘက်တွေဘုရားပေါ်တက် အပျိုအရွယ်တွေအများကြီးဆိုတော့ သင်္ကြန်မတိုင်ခင်ကတည်းက အဲ့အိမ်ကလူတွေက လာခေါ်သွားကြတာ နှစ်ဆန်း၂ရက်နေ့လောက်မှ ပြန်လာလေ့ရှိပါတယ် ။ နေ့တိုင်းရေပက်ခံထွက်သလို နေ့လည်ဘက်ဆို အဘွားတို့က အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ပြီး စောင့်နေတတ်ပါတယ် ။ နောက်ရခိုင်အသင်းကဖိတ်တဲ့ပွဲတွေကို အဖွဲ့လိုက်ကြီးသွားပြီး ရခိုင်သင်္ကြန်တွေလည်းဆင်နွဲတတ်ပါသေးတယ် ။ သစ်တို့ကတော့ ၉တန်း ၁၀တန်းအရွယ်ဆိုတော့ အမှန်ပြောရရင် အိမ်ပြန်ရမှာတောင်မေ့နေတတ်ပါတယ် ။ ရွှေတိဂုံဘုရားက နံ့သာသွေးပြိုင်ပွဲဆိုလည်း တစ်ဖွဲ့ကြီးဝင်ပြိုင်ကြတာ ခုပြန်တွေးပြီးရေးရင် ခုစိတ်ထဲပျော်လာပါတယ် ။ ဂျီတီအိုင်တက်တဲ့အချိန်မှာတော့ သစ်သစ်ခြေလှမ်းကျယ်လာပါတယ် ။ ဘယ်လိုနည်းနဲ့မှ အင်းစိန်မှာရေပက်ဖို့ပြောလို့မရတော့ပါဘူး မဏ္ဍပ်ထိုင်မယ်ဆိုတာကြီးပဲ ဖြစ်လာပါတယ် ။ ဆရာစံလမ်း တက္ကသိုလ်ရိပ်သာလမ်း အင်းယားလမ်း လှည့်ပတ်ပြီး နှစ်စဉ်မဏ္ဍပ်ထိုင်လိုက်တာ စလုံးထွက်မလာခင်အချိန်ထိပါပဲ ။ ဗိုလ်ချုပ်ဈေးသင်္ကြန်ဆိုလည်း မလွတ်စေရပါဘူး သင်္ကြန်မတိုင်ခင်ရှော့ပင်ထွက်ရတဲ့ အရသာကလည်း တအားမိုက်ပါတယ် ။ ၄ရက်စာ ၀တ်စုံ၎စုံကို ယုဇနပလာဇာ ၅ကြိမ်အနဲဆုံးပတ်လေ့ရှိပါတယ် ။ သူငယ်ချင်းတွေနဲ့အဲ့အချိန် အိမ်ကနေပိုက်ဆံလေးတောင်းတန်တောင်း နှိုက်သင့်တာနှိုက် ဘုံးသင့်တာဘုံးနဲ့ ပြန်စဉ်းစားကြည့်ရင် အတော်ရီစရာကောင်းပါတယ် ။ အစ်ကိုအစ်မတွေဆီက မဏ္ဍပ်ထိုင်ခစပွန်ဆာတောင်းရတာလဲ အလွန်တရာမျက်နှာငယ်ရပါတယ် ။ ပိုက်ဆံလေး ၃သောင်းထွက်ဖို့ မျက်ရည်တွေလည်းညှစ်ထုတ်ရတတ်ပါတယ် ။ အဖေ အမေ ဆီက ရတာတွေက သင်္ကြန်ပြီးရင်သုံးဖို့ထားရသေးတယ်ဆိုတော့ သူတို့ဆီကရသမျှခွာရတာ အမြတ်ကြီးပဲလေ ဟိ ။ သင်္ကြန်မှာ အလုပ်နားလို့ ဇိမ်ယူမယ့်အစ်ကိုတွေကို မနက်၈နာရီဆို ၀တ်စုံပြည့်နဲ့ မဏ္ဍပ်လိုက်ပို့ခိုင်းတတ်ပါသေးတယ် ။ ပွစိပွစိပြောနေတာကို ပန်းနဲ့ပေါက်သလိုခံစားပြီး ကိုယ့်ပြောတာမဟုတ်သလို နေတတ်ပါသေးတယ် ။ မဏ္ဍပ်ရောက်လို့ကတော့ အစ်ကိုကိုနှုတ်တောင်မဆက်ဘူး ညနေ၆နာရီရေပိတ်မယ်ပြောပြီး ပျောက်သွားလိုက်တာ ညနေမှအိမ်ကကားကိုရှာတတ်ပါတယ် ။ သင်္ကြန်မှာအကြိုက်ဆုံးရက်ရှိပါတယ် နောက်ဆုံးရက်ပါ အသားကုန်ကဲမယ် မြူးမယ် အကင်တွေအပြတ်စားမယ်ဆိုပြီး အဲ့ရက်ကိုပဲ စောင့်နေတတ်ပါတယ် ။ ပွဲပြီးချိန် ညနေ၅နာရီလောက်ကတည်းက ရေတွေပိတ်လိုက်ပေမယ့် သီချင်းသံတွေနဲ့ ကလို့ခုန်လို့နောက်နေ့ကို မရောက်ချင်ပါဘူးလေ ။ နောက်နေ့အဖေနဲ့ ဘုရားလိုက်ရပြီဆို ဆံပင်တွေကလည်း နီလို့ သူများတွေကို ဘုရားမှာတွေ့ရင် ကိုယ်ကတပြန်ရီလိုက်ပါသေးတယ် ။ တကယ်တော့ ကိုယ်တိုင်လည်းဆံပင်နီနဲ့ပါ ။ တခါတလေများဆို အကြိုနေ့ညကတည်းက ကျစ်ဆံမြီးသေးသေးလေးတွေကျစ်တာ နောက်ဆုံးရက်မှဖြေပါတယ် ။ နာရကောင်းမှန်းလည်းမသိဘူး ဒီလိုချိန် ဒီလိုလုပ်ရင် ဒီလိုလေးများပိုလှမလားဆိုပြီးတော့ လုပ်တာပါပဲလေ ။ တခါတလေ အမေက နောက်ဆုံး၂ရက်ပဲပက်ရမယ် ကျန်တဲ့ရက်တွေအိမ်မှာနေဆိုရင်တော့ ကောက်ညှင်းတွေ ဆန်ကြမ်းတွေနဲ့ မုန့်လုံးရေပေါ်တွေ အများကြီးလုံးပြီး တအိမ်တက်တအိမ်ဆင်း လိုက်ဝေရတာလည်း အရသာပါပဲလေ ။ သစ်တို့ရပ်ကွက်မှာ လူပျိုကာလသားတွေက နောက်ဆုံးရက်ဆို အိမ်ထဲကနေမထွက်တဲ့ အပျိုတွေအိမ်ကိုရေလိုက်လောင်းတတ်ပါတယ် ။ တအိမ်တက်တအိမ်ဆင်းပေါ့ အဲ့လိုတွေလိုက်ကြည့်ရတာလည်း ပျော်စရာပါပဲ ။ အမကြီးတွေက ဥပုလ်ကြီးနဲ့ဆိုလည်း အစ်ကိုကြီးတွေက နဲနဲလေးတော့ဆွတ်ရုံလောင်းတတ်ပါသေးတယ် ။ နောက် ကြိုက်လို့လုပ်ရတာ တခုရှိပါသေးတယ် မြန်မာဓလေ့ပေါ့နော် နှစ်ဆန်းတစ်ရက်နေ့ ညနေ လမ်းတွေမှာ ဖျာတွေခင်း မဏ္ဍပ်တွေထိုးပြီး ပရိတ်ရွတ် သက်ကြီးပူဇော်ပွဲလုပ်တဲ့ အခါကိုယ့်အိမ်က အတာအိုးတွေကို ပရိတ်ရွတ်မယ့်စင်မှာ သွားထားပြီး ပရိတ်ရွတ်ပြီးလို့ သွားပြန်ယူရင် အိမ်ရဲ့ခြံထောင့်တွေ အိမ်ပေါ်တွေမှာ ပရိတ်ရေဖျန်း ပရိတ်ကြိုးတွေချည်လို့ ညနေ၆နာရီကျော်တာနဲ့ မကောင်းဆိုးဝါးနှင်ထုတ်တယ်ဆိုလားပဲ သံဗုံးတွေအိမ်တိုင်းတပြိုင်နက်တီးကြတာ ဘယ်နိုင်ငံမှာမှ သစ်မမြင်ဖူးပါဘူး ။ ဒါပေမယ့် သစ်ကတော့ သံဗုံးတစ်လုံးနဲ့တုတ်တစ်ချောင်းကို အိမ်ရှေ့မှာအဆင်သင့်ထားပြီး တီးပြီဆိုတာနဲ့အိမ်ကိုပတ် ခြံကိုပတ်လို့တီးလိုက်တာ အမေက သစ်သစ်ဆိုပြီးအကျယ်ကြီးအော်မှ ရပ်လေ့ရှိပါတယ် ။ ပျော်လို့အိမ်ပတ်ပြေးပြီး တီးတာ သူများအိမ်တွေကလည်းတီးလို့ တစ်လမ်းကနေတစ်လမ်း နောက်ရပ်ကွက်တစ်ခုလုံး ဆူညံနေတတ်ပါတယ် ။ ဒီလိုမျိုးငယ်စဉ်ကတည်းက သင်္ကြန်ကိုပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့တဲ့သစ်သစ် စလုံးရောက်မှပဲ ခြေငြိမ်ပြီးသင်္ကြန်ရက်ဆို ယောင်ချာချာဖြစ်နေတတ်ပါတယ် ။ သင်္ကြန်ရက်တွေဆို အလုပ်ကပြန်တိုင်း ရထားပေါ်မှာ ဒီချိန်ဆိုရင်ဖြင့် ဒီလိုတွေလောင်းနေကျမှာဆိုပြီး တွေးတောရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ သူများတော့မသိပါဘူး သစ်သစ်ကတော့ အသက်အရွယ်အပိုင်းအခြားနဲ့မဆိုင်ပဲ သင်္ကြန်ပိုးကအစဉ်အမြဲ ရှင်သန်နေတာပါပဲလေ ။ ခုလည်း သင်္ကြန်ကိုလွမ်းစိတ်နဲ့ ရောက်တတ်ရာရာတွေချရေးလို့ ပို့စ်အဖြစ်အသက်သွင်းလိုက်ပြန်ပါပြီ ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့အန္တရာယ်ကင်းတဲ့ သင်္ကြန်ရက်ကိုဖြတ်သန်းလို့ အေးချမ်းစွာနှစ်သစ်ကူးနိုင်ကြပါစေလို့ ...။

ဆက်ဖတ်ချင်သေးရင်...