Thursday, March 24, 2011

သီချင်းလေးထဲကခံစားမှူ

ဒီသီချင်းလေးတစ်ပုဒ်ကို တယောက်သောသူ ပေးလို့ဒီညနေ နားထောင်ဖြစ်ပါတယ် ။ တကယ်လည်း ကောင်းလို့ သစ်ဘလော့လာဖတ်တဲ့သူတွေကို မျှဝေလိုက်ပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

Tuesday, March 22, 2011

လွမ်းဆွတ်ခြင်းဒဏ်

မနေ့က ည ၇နာရီလောက်ကတည်းက စင်္ကာပူမှာ လျှပ်စီးတွေလက်ပြီး ညဘက်မိုးရွာမယ့်ပုံ ပြခဲ့ပါတယ် ။ သစ်သစ်လည်းမနေ့က အဆိုင်းမန့်တစ်ခုကို အသည်းအသန်လုပ်ရမယ်ဆိုပြီး ည၈နာရီလောက်ကတည်းက စလုပ်နေခဲ့တော့ အချိန်တွေကုန်လို့ကုန်မှန်းမသိခဲ့သလို ပြီးဖို့အရေးဇောကပ်နေတော့ ဘယ်အချိန်မိုးစရွာမှန်းတောင် မသိခဲ့ပါဘူး ။ မနက် ၄နာရီခွဲလောက်ပြီးသွားချိန်မှာ ကော်ဖီလေးသောက်ဖို့ မီးဖိုချောင်ဘက်သွားတော့ ပြင်ပလေက အေးစက်လို့နေပါပြီ ။ အဲ့အချိန် သစ်သစ်ရင်ထဲ တစ်မျိုးဖြစ်သွားပြီး စိတ်ထဲတအားကို အိမ်ပြန်ချင်တဲ့စိတ် ဖြစ်ခဲ့ပါတယ် ။

ဒီနှစ် သစ်သစ် အိမ်ပြန်ခွင့်မရခဲ့ပါဘူး ။ အိမ်ကိုသိပ်ကိုလွမ်းပါတယ် ရင်ထဲကဆန္ဒတွေ မြိုသိပ်လို့ခံစားချက်တွေ ကြိတ်မှိတ်ကာ ပြီးအောင်လုပ်မယ်စိတ်ကူးနဲ့ အားလုံးကိုမေ့ဖျောက်ပြီး ပေတေနေခဲ့တာ ခုဆို ၆လတောင်ကျော်ခဲ့ပြီပဲ ။ အိမ်ကိုတအားသတိရပါတယ် သူများတွေပြန်တော့ အရမ်းပြန်ချင်ပြီး တိတ်တခိုးမျက်ရည်ကျမိပါတယ် ။ သစ်သစ်လည်းနှလုံးသားနဲ့ လူသားပေပဲ စိတ်အားငယ်ချိန် စိတ်ဓါတ်ကျချိန် အားငယ်နေချိန် ရှိပါတယ် ။ အများအမြင်မှာတော့ သစ်သစ်ကပျော်ပျော်နေတတ်ပြီး အမြဲရီမောစိတ်ချမ်းသာတယ် ထင်တတ်ကြပါတယ် ။ သစ်သစ်အသက်မငယ်တော့ပါဘူး ဒါပေမယ့် အိမ်ကိုစွဲလန်းနေတဲ့စိတ်က အချိန်တိုင်းဖြစ်ပေါ်လေ့ရှိနေပါတယ် ။ အသက်ကြီးနေတဲ့အဖေ နဲ့ အမေ ကို လွမ်းသလို ခုလိုကျောင်းပိတ်ချိန်မှာ ရန်ကုန်မှာလူစုံနေတဲ့ အချိန်တွေကိုလည်း လွမ်းပါတယ် ။

အမေ့အနားမှာ အရင်လိုတီးတိုး စကားတွေပြောချင်သလို သမီးခုနောက်ပိုင်း သိခဲ့တဲ့လောကအကြောင်းတွေလည်း မေမေ့ကိုပြောပြချင်တယ် ။ အလုပ်မှာလေ ဘယ်သူကဘာပြောတာ သူတို့တွေဓလေ့က ဒီလိုမျိုးဆိုတာလည်း ဖေဖေ့ကိုပြောပြချင်သေးတယ် ။ ဘယ်သောအခါမှ ပြင်ပမှာမပျော်တတ်တဲ့ ကျွန်မစိတ်ကို ဘယ်လိုများချိုးနှိမ်ပြီး ပျော်အောင်လုပ်ရပါ့မလဲ ။ အနေဝေးသွားတဲ့အခါမှ ကျွန်မကိုသိပ်ချစ်တဲ့ ကျွန်မအထက်ကအစ်မရင်း အနားမှာလည်း အရင်ကလို ဆရာတွေလုပ် ရန်တွေပြန်ဖြစ်ချင်သေးတယ် ။ ၉နှစ်ကွာပြီး အမေတစ်ယောက်လိုပဲ အရာရာစိတ်ပူစိုးရိမ်နေတတ်တဲ့ သူ့ဗီဇနဲ့ကျွန်မအတွက်ဆို မမောနိုင်မပန်းနိုင် လုပ်ပေးတတ်တဲ့ ဒီအစ်မကိုလည်း သစ်သစ်လွမ်းတတ်လာပါပြီ ။

သစ်သစ်ရုံးက စလုံးအဘွားကြီးတစ်ယောက်ရှိပါတယ် သူကသစ်သစ်ရဲ့စလုံးကအမေဆိုလည်း မမှားပါဘူး ။ အရာရာဘယ်လိုနေရတယ် ဘယ်လိုပြောရတယ် ဘယ်လိုစားရတယ်ဆိုတာက အသေးစိတ်ဂရုစိုက်တတ်ပါတယ် ။ သစ်မေမေ နေမကောင်းရင် သစ်မျက်နှာကိုအမြဲလိုလို မှန်တချပ်လိုကြည့်ပြီး ဂရုစိုက်တတ်ပါတယ် ။ ဒီမနက်လည်း မိုးတွေကရွာပြီး ရထားစီးလာချိန်မှာ သစ်မေမေကို ရင်ထဲတအားလွမ်းသတိရနေချိန် ရုံးခန်းလည်းရောက်ရော သူကမေးပါတယ် နင့်မျက်နှာမကောင်းဘူးတဲ့ ဘာဖြစ်တာလဲဆိုတော့ သစ်ရင်ထဲကခံစားချက်တွေ သစ်မျက်နှာထိပေါ်လွင်ရလောက်အောင် သစ်အိမ်ကိုလွမ်းတတ်နေပြီလားလို့ ကိုယ့်ဘာသာအတော်လေး သနားမိသွားပါတယ် ။ သစ် ဒီအချိန်မှာ စကားတစ်ခွန်းပဲ ပြောချင်မိပါတယ် သစ်အိမ်ကိုအပြေးပြန်ပြီး အမေ့ပါးကိုဖက်နမ်းလိုက်ချင်တဲ့စိတ်တွေ ဖြစ်နေပါတယ်ဆိုတာပေါ့ ။ ဘယ်တော့များမှ အိမ်ပြန်ခွင့်ရမလဲ မေမေရယ် ........ ။

ဆက်ဖတ်ချင်သေးရင်...

Saturday, March 5, 2011

ချစ်ခြင်းရနံ့ထုံမွှမ်းနေတဲ့ ငါးထမင်းနယ်

ငါးထမင်းလေး...ရှလွတ်


အဲဒါ တစ်ဝက်ပဲရှိသေးတယ်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ခင်မင်မှသာ သူငယ်ချင်းရင်းချာအစစ်လို့ ခေါ်လို့မရပါဘူး တယောက်ကိုတယောက် အနစ်နာခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အမြဲတွေးတောနေတတ်တာကလည်း သူငယ်ချင်းကောင်းတွေပါပဲလေ ။ အခက်အခဲဖြစ်နေချိန် လိုအပ်နေချိန်တွေမှာ ကိုယ့်ရှေ့မှာ အကြံဥာဏ်ပေးနိုင်တဲ့သူ ကိုယ့်ကိုအနည်းဆုံးတော့အားပေးနိုင်တဲ့သူတွေ ကလည်း ကိုယ့်အနားကသူငယ်ချင်းတွေပါပဲလေ ။ သစ်မှာစလုံးရောက်မှ ခင်မင်ရတဲ့သူငယ်ချင်းတွေ ရှိပါတယ် ။ သူတို့တွေကလည်း သစ်အပေါ်သိပ်ကောင်းသလို သစ်ကလည်းအမြဲ သူတို့ကိုဘာလုပ်ပေးမရမလဲ စဉ်းစားနေသူတစ်ယောက်ပါ ။ အိမ်ထောင်သည်တွေပါသလို အပျိုလူပျိုတွေလည်း ပါတာပေါ့နော် ။ သစ်တို့အဖွဲ့က ဗစ်က ရန်ကုန်ကပြန်လာပြီးကတည်းက အစားအသောက်ပျက်နေတာကတကြောင်း သစ်လည်းစာမေးပွဲပြီးတော့ သူငယ်ချင်းတွေကို တခုခုလုပ်ကျွေးချင်နေတာကတကြောင်း စသဖြင့်အကြောင်းတွေကြောင့် ဒီငါးထမင်းချဉ်ဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်ဆိုပါတော့လေ ။

အစကတော့ သူတို့တွေစနေနေ့တ၀က်အလုပ်ဆင်းပြီးမှ ကိုယ့်ဆီဝင်စားဖို့ စီစဉ်ထားပေမယ့် သူတို့စောစောစီးစီးမနက်စာလေးအဖြစ် အလွယ်တကူစားလို့ရအောင်ဆိုပြီး သစ်မနက်၅နာရီထပြီး ငါးထမင်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ မနက် ၈နာရီရုံးသွားတဲ့ ဗစ်စတာ အချိန်ပိုအလုပ်သွားမယ်မေလေး သူတို့တွေကို စောစောစီးစီးစားစေချင်တာလည်း ပါတာပေါ့နော် ။ ဒီလိုနဲ့ လုပ်ဖြစ်ခဲ့တဲ့ ငါးထမင်းလေးကို ပုံလေးတွေရိုက်ပြီး တင်လိုက်ပါတယ်နော် ။ လုပ်နည်းကတော့ အများသိပြီးသားဖြစ်နေလို့ အထွေအထူးမရေးတော့ပါဘူး ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အလုပ်ပိတ်ရက်လေးဖြစ်ပါစေနော်။

ဆက်ဖတ်ချင်သေးရင်...