Sunday, February 27, 2011

ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘဝ

အရွယ်တော်တစ်ဆိတ်ဟိုင်းလို့ ကိုယ်၃၀ပိုင်းကို ချဉ်းကပ်လာတာ ခုဆိုနီးကပ်လာပါပြီ ။ အိပ်မက်တွေကတော့ ခုထိအကောင်ထည်မဖော်နိုင်ခဲ့သေးပါဘူး ။ ဒီနေ့ နေ့လည်အိပ်စက်ရင်းအိပ်မက်တစ်ခု မက်ပါတယ် ငယ်စဉ်ကျောင်းသူဘ၀က မက်ခဲ့သလိုပါပဲ အင်ဂျင်နီယာမကြီး ဖြစ်လို့ပေါ့ ။ ရိုးရိုးတောင်မဟုတ်ဘူးနော် အတော်လေးကိုတော်တဲ့ အများကအားကျရတဲ့အင်ဂျင်နီယာမကြီးနော် အဟိ (အိပ်မက်တစ်ခုပါ)။ သစ်သူငယ်ချင်းတစ်ယောက်ကအမြဲပြောလေ့ရှိပါတယ် သစ်သစ်ရယ် ငါကနင်တို့လို အန်ချင်စရာကြီးမှ မဟုတ်တာတဲ့လေ ။ ဒီတော့ စဉ်းစားမိပါတယ် ဘာလို့များအင်ဂျင်နီယာ ဖြစ်လာပါလိမ့်ပေါ့နော် ။

ဟုတ်ပါတယ် သစ်သစ်အင်ဂျင်နီယာရယ်လို့ ဖြစ်လာတာ အဖေ့ရဲ့ဂိုက်လိုင်းကြောင့်ပါ ။ သူများတွေက ကလေးတွေက ဘာဖြစ်မယ်ဆိုတာ ဗီဇပြလေ့ရှိတယ်တဲ့ ဒါဆိုသစ်သစ်ဘာလုပ်တတ်ခဲ့လဲ ပြန်စဉ်းစားကြည့်တော့ ပုံတွေကိုခဲတံနဲ့ဆွဲတိုင်း ပုံပြင်ပြောတိုင်းကစားရင် ၂ထပ်အိမ်ဆွဲလေ့ရှိပါတယ် အမြဲထည့်လေးရှိပါတယ် လှေခါးတစ်ခု ဧည့်သည်ထိုင်ဖို့ ဧည့်ခန်းစားပွဲထိုင်ခုံ နောက်အပေါ်ထပ်တက်ဖို့ လှေခါးတစ်ခု နောက်အပေါ်ထပ်မှာ အခန်းဆိုတာမဖွဲ့တတ်ပါဘူး ကုတင်တစ်လုံးအမြဲဆွဲတယ် ဘုရားစင်ဆွဲလေ့ရှိတယ် ပြီးမှသာ ဒီအိမ်ကြီးမှာ ဘယ်သူကနေတယ်ဘာညာဆိုပြီး စပြောလေ့ရှိပါတယ် ။ ဒါကတချိန် အင်ဂျင်နီယာဖြစ်လာစေဖို့ အစပျိုးလေလားပေါ့နော် ။ သစ်တို့၁၀တန်းနှစ်ကတော့ ဆရာဝန်ဆိုတာ ပါးစပ်ဖျားကမချတတ်ပါဘူး ဆရာဝန်ပဲလုပ်မယ် ဘာညာပေါ့ ကြိုးစားသလားဆိုတော့လည်း ပုံမှန်ပါပဲ အညံ့ထဲမှာလည်းမပါသလို အတော်ဆုံးဆိုတာလဲ မဖြစ်ခဲ့ပါဘူး ။ အင်ဂျင်နီယာဆိုတာ စိတ်ကူးထဲတောင်မရှိခဲ့ပါဘူး ။

သစ်တို့၁၀တန်းအောင်တဲ့နှစ်က ပညာရေးစနစ်ပြောင်းတဲ့အချိန်လို့လည်း ပြောလို့ရပါတယ် ပလန်မရှိတဲ့အစီအစဉ်တွေအောက်မှာ ကျရာနေရာဝင်ကရင်း ဒီလိုဟိုမတတ်ဒီမတတ်ဘ၀ ရောက်ခဲ့တယ်လို့ပြောလည်းရပါတယ် ။ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ တိကျတဲ့မျှော်မှန်းချက်တွေလည်းမရှိပါဘူး ။ ဒီအတန်းမှာခရက်ဒစ်ဖြစ်ရင် ဘာဆက်တက်ရမယ် ဘာညာလည်းမရှိပါဘူး လုံးဝမရှိတာတော့မဟုတ်ပါဘူး ပလန်တော့ရှိတယ် ခေါ်ချင်လည်းခေါ်မယ် မခေါ်ချင်လည်းမခေါ်ဘူးဆိုတဲ့ မရေရာတဲ့ဘ၀ပါ ။ ၁၀တန်းအမှတ်နဲ့ ကျောင်းတက်ဖို့ထိုင်စောင့်ရပါတယ် ။ နိုင်ငံခြားမှာကျောင်းတက်ဖို့လည်း သစ်သစ်မိဘတွေကအဲ့လောက်အမြင်မကျယ်သလို ကျောင်းထားနိုင်လောက်အောင်လည်း ပိုက်ဆံမရှိပါဘူး ။ သင်တန်းတွေတက်ပါတယ် ကွန်ပျူတာသင်တန်း စပီကင်သင်တန်း ဒါကလည်းအတန်းကုန်ပါပဲ ။ တရုတ်စကားဘာညာတက်ဖို့ဆိုတာ စိတ်ကူးတောင်မရှိပါဘူး ။ ဆင်ခြေဖုံးရပ်ကွက်မှာနေတော့ ရပ်ကွက်ထဲက စာအုပ်ဆိုင်က ကာတွန်း ၀တ္ထု မဂ္ဂဇင်းလောက်ငှားဖတ်ရရင်ကိုယ်ပဲ အမြင်အတော်ကျယ်နေပါပြီ ။ သစ်အိမ်မှာ စာဖတ်ဆုံးက သစ်ပါပဲ စာအုပ်အရမ်းငှားဖတ်ပါတယ် ။ အစကတော့ ကာတွန်းလောက် ၀တ္ထုလောက်ပေါ့ နောက်ပိုင်းကျတော့ စာအုပ်ဆိုင်က ဦးလေးကြီးက သစ်ကိုလေသူရဲတစ်ဦးရဲ့စွန့်စားခန်းလို စာအုပ်မျိုး ဂျာနယ်ကျော်မမလေးရဲ့စာအုပ်တွေ အခြားနာမည်ကျော်တွေရဲ့ အတ္ထုပတ္တိတွေရေးတာတွေ ဖတ်တတ်လာအောင် သင်ကြားပေးလာခဲ့ပါတယ် ။ စာအုပ်ဘယ်လောက်ကြီးကြီး တစ်ထိုင်တည်းအပြတ်ဖတ်တတ်တဲ့ အကျင့်လည်းရခဲ့ပါတယ် ။ သစ်ဒီလိုတွေ ဖတ်နိုင်ပြုနိုင်အောင် အများဆုံးအထောက်အကူပြုသူက သစ်အဖေပါပဲ ။ နောက်ပိုင်း ဂျာနယ်တွေခေတ်စားလာတော့ ထွက်သမျှဂျာနယ်တွေဝယ်ဖတ်ပြီး အမြင်လည်းကျယ်လာခဲ့ပါတယ် ။

၁၀တန်းအောင်ကျောင်းပိတ်ရက် သစ်ကတော့ စာပေဘက်မှာပဲမွေ့လျော်ခဲ့တယ် ဆိုပါတော့ ။ ဒီလိုနဲ့ကျောင်းတက်ဖို့ကလည်း မခေါ်သေးတော့ ငယ်သူငယ်ချင်း ယုစံအစ်ကိုက ဂျီတီအိုင်လျှောက်ဖို့ တိုက်တွန်းခဲ့ပါတယ် ။ သစ်ကလည်းစိတ်မ၀င်စားဘူး တစ်အိမ်လုံးကလည်းစိတ်မ၀င်စားခဲ့ပါဘူး ဒါပေမယ့် သစ်အဖေက အားနေတဲ့အချိန်မှာ စိတ်မလေအောင်ရယ် ပညာရပ်တစ်ခုတတ်ထားလည်း တချိန်အသုံးဝင်မယ်ဆိုပြီး သမီးတက်ချင်တဲ့တက္ကသိုလ်ဖွင့်တဲ့အခါ ဂျီတီအိုင်ဆက်မတက်ပဲနားလိုက်ပါဆိုတဲ့ ကတိတစ်ခုနဲ့ civil တစ်ခုပဲရေးပြီးလျှောက်ခဲ့ပါတယ် ။ အင်းစိန်ဂျီတီအိုင်က သစ်တို့နဲ့နီးတော့ အဲဒီမှာတက်ရရင်ဖြင့်ဆိုပြီး သူငယ်ချင်း၃ယောက်လျှောက်ဖြစ်ခဲ့ပါတယ် ။ တစ်မေဂျာတည်းလျှောက်တော့ ပါရင်လည်းတက်မယ်မပါလည်း မတက်ဘူးပေါ့ တကယ်တော့ civil မေဂျာဆိုတာကိုလည်း နက်နက်နဲနဲ နားလည်ပြီးလျှောက်ခဲ့ခြင်းလည်းမဟုတ်ပါဘူး ။ မိန်းကလေးက civilနဲ့ကိုက်တယ်ဆိုတဲ့ အဖေ့ရဲ့ဆုံးဖြတ်ချက်နဲ့လျှောက်ခဲ့ခြင်း ဖြစ်ပါတယ် ။ တက်ခွင့်ရခဲ့ပါတယ် ဒါပေမယ့်မှော်ဘီမှာတက်ရမယ်တဲ့ အစကတော့ အဖေကနေ့စဉ်အဝေးကိုကားစီးပြီးတက်ရမယ်ဆိုတော့ မတက်နဲ့တော့ဆိုပြီး စိတ်မချလို့ပယ်ချခဲ့ပါတယ် ဒါပေမယ့် သူငယ်ချင်းအားလုံးကလည်း တက်ကြမယ်ဘာညာဆိုပြီး နေ့စဉ်အိမ်မှာလာပြီးဆွဲဆောင်တော့ တက်ဖြစ်ခဲ့ပါတယ် ။

ဒီလိုနဲ့ တီတံကိုကိုင်တဲ့ ဂျီတီအိုင်ကျောင်းသူဘ၀ကို သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် ။ နှစ်တိုင်းပုံမှန်ပဲဖြေဆိုခဲ့ပါတယ် ဂုဏ်ထူးများကလည်းပက်ပက်စက်စက်ထွက်ပါတယ် ဒါနဲ့ပဲ Btech တက်ခွင့်ရခဲ့တယ်ဆိုပါတော့ အဲ့မှာလမ်းကြောင်းတစ်ခုပေါ်လာခဲ့ပါတယ် စီးပွားရေးတက္ကသိုလ်ရွာသာကြီးမှာ ကျောင်းတက်ခွင့်ရပါတယ် ။ တက်မယ် ဘ၀တလျှောက်လုံးတက်ချင်လွန်းတဲ့ တက္ကသိုလ်ရအောင်တက်မယ် ဖြစ်အောင်တက်မယ် စိတ်တွေကလည်းအရမ်းတက်ကြွတယ် ကိုယ်လိုပဲ၂လိုင်းတက်တဲ့သူတွေလည်း ရှိတော့ ၂ဘက်လုံးကိုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ် ။ ပြီးတော့ Btech ပြီးရင် ဘွဲ့ကပေးမပေးဆိုတာလည်းမသိသလို BEကိုဆက်ခေါ်မခေါ်ကလည်း မသေချာခဲ့ဘူးလေ ။ အစမ်းသပ်ခံပညာရေးနယ်ပယ်မှာ ကျင်လည်ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပေါ့နော် ။ အခြားသူငယ်ချင်းတွေကတော့ အဝေးသင်တွေတက်ကြပြီး ဘွဲ့ယူကြပါတယ် ။ သစ်ကအဝေးသင်ကလည်းမတက်ချင်ဘူးလေ ဒါနဲ့ပဲ စီးပွားရေးတက္ကသိုလ်ကို ပထမနှစ်ပြီးသည်အထိ ဆက်တက်ခဲ့ပါတယ် ။ ရွာသားကြီးနဲ့မှော်ဘီ တောင်နဲ့မြောက်ကို ဖြစ်အောင်ကျောင်းတက်ခဲ့တဲ့ သစ်ကိုအဖေက ကြည့်ရတာကြာလာတော့ တစ်လိုင်းလိုင်းကိုရွေးချယ်ဖို့ ပြောခဲ့ပါတယ် ။ သစ်ကရတယ် တက်မယ်ဖြစ်တယ်ဆိုပြီး ဆက်တက်ခဲ့ပါတယ် ။ ဒီလိုနဲ့ Btech ပြီးတော့ BEဆက်တက်ခွင့်ရခဲ့ပါတယ် ။ တကယ်ကိုအဆင့်ဆင့် မရေမရာနဲ့ဖြတ်သန်းခဲ့ရတာပါ ။ အဲဒီအချိန်ရောက်မှ ဘွဲ့ရမယ်ဆိုတာသေချာတော့ အဖေက တခုကိုအပြီးတိုင်ဖြတ်ဖို့ နေ့စဉ်တွန်းအားပေးခဲ့ပါတယ် ။ အီကို ဒုတိယနှစ်မှာ စာတွေကလည်းများလာသလို ၂ကျောင်းတက်တာသိရင် ဘယ်ကျောင်းဘက်ကမှဘွဲ့မပေးဘူးဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ် ။ လူကလည်းတအားပင်ပန်းလာသိလို ၂ဘက်စလုံးမှာ ထူးချွန်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ယူထားတဲ့၂လိုင်းလုံးက ဆက်စပ်မှုမရှိတဲ့မေဂျာတွေဖြစ်နေတော့ နောက်ဆုံးမှာအီကိုကနေ အတန်းနားဖို့စီစဉ်ခဲ့ပါတယ် ၂နှစ်အတွင်းစိတ်ရှိရင် ပြန်တက်လို့ရအောင်လုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ စီးပွားရေးပညာရပ်က သစ်သစ်ဆီမှာ တစ်ခန်းရပ်ခဲ့ပါတယ် ။

ကျောင်းပြီးတော့ နောက်ထပ်ပြသနာတစ်ခုတက်လာခဲ့ပါတယ် ဘယ်သူကတော့ ဘယ်သူ့အကပ်နဲ့ ဘယ်မှာအလုပ်ဝင်မယ်ပေါ့ ဘယ်သူကတော့ ဘယ်တံတားဆောက်တဲ့နေရာမှာ ၀င်မယ်ပေါ့ ဘယ်သူကပြောပေးတာပေါ့ ဘာညာတွေစလာခဲ့ပါတယ် ။ ကိုယ့်အမျိုးမှာလည်း အင်ဂျင်နီယာဆိုတာ မူးလို့ရှုစရာတောင်မရှိခဲ့ဘူး လမ်းကြောင်းဆိုတာလည်းမသိခဲ့ဘူး ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့ အစိုးရအလုပ်လုပ်ရင်လည်း နယ်စပ်တွေက ဆောက်လုပ်ရေးလမ်းတံတားတွေကို လွှတ်မယ် အမြဲတမ်းခန့်မဟုတ်ပဲ နေ့စားဘ၀နဲ့နှစ်ရှည်လုပ်ရမယ် ဘာညာတွေနဲ့ ရွေးချယ်စရာများတဲ့ လမ်းဆုံလမ်းခွကို သစ်သစ်ထပ်ရောက်ခဲ့တယ်ဆိုပါတော့ ။

ဒါနဲ့အပြင်အလုပ်တွေမှာလုပ်ဖို့ စီဗီဖောင်လေးကိုင်လို့ တရုံးဝင်တရုံးထွက် အလုပ်လျှောက်ခဲ့ရပါတယ် ။ အသစ်ဆိုတော့ ခန့်ချင်တဲ့သူမရှိသလို ဘာမှမတတ်တော့သင်ပေးမယ့်သူလည်းမရှိခဲ့ပါဘူး ။ ၀ါဝါ၀င်း ရွှေသံလွင် အစုံပါပဲ စီဗီဖောင်လေးလိုက်တင်ရတာပါ ။ စိတ်ဓါတ်တွေကလည်းကျသလို မိဘကိုပြန်ထောက်ပံ့ဖို့မဆိုထားနဲ့ ကိုယ့်ဘ၀ကိုရပ်တည်ဖို့တောင် အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့ပါတယ် ။ ဒီလိုနဲ့နောင်တစ်ချိန်မှာ ဆရာရင်းဖြစ်လာမယ့် ဆရာဦးစိုးနိုင်ဆီမှာ သင်တန်းသွားတက်ရင်း အင်ဂျင်နီယာတစ်ယောက် သိသင့်တဲ့တတ်သင့်တဲ့ ပညာရပ်တွေကို ဆရာစားမချန်သင်ပေးရင်း တပည့်ရင်းတစ်ယောက်အဖြစ် စင်္ကာပူထွက်မလာခင်အချိန်ထိ အလုပ်ဝင်လုပ်ခဲ့ပါတယ် ။

သစ်သစ်ကို အင်ဂျင်နီယာဆိုတဲ့ဘ၀မှာ ပျော်မွေ့လာအောင် စိတ်ဝင်စားလာအောင် လက်တွေ့လုပ်ငန်းခွင်ကို တွန်းပို့ပေးခဲ့တာကတော့ ဆရာပါ ။ အင်ဂျင်နီယာတစ်ယောက်ရဲ့တန်ဖိုးကို မြင်တတ်လာအောင် လမ်းပြခဲ့ပါတယ် ။ ကျောင်းတက်တုန်းကသင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို လက်တွေ့မှာဘယ်လိုအသုံးချဖို့ လမ်းပြပေးခဲ့တာကတော့ ဆရာဦးစိုးနိုင်ပါပဲ ။ ဘယ်တော့မှ ဆရာ့ကျေးဇူးတွေက ဆပ်လို့မကုန်သလို ဘယ်လိုမျိုးတွေကို ဘယ်လိုလေ့လာရင်း လက်တွေ့မှာဘယ်လိုလုပ်ရတယ်ဆိုတာပါ သင်ကြားပေးရင်းနဲ့ သစ်သစ်တစ်ယောက် အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားတတ်မြောက်ခွင့် ရခဲ့တာကို ဂုဏ်ယူတတ်လာသလို သိချင်မြင်ချင်စွန့်စားချင်စိတ်တွေ ဖြစ်ခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်ဒီလိုခြေနေနဲ့ နေရာလေးတစ်ခုရအောင် ထမင်းစားလက်မှတ်ပိုင်ဆိုင်ခွင့်လမ်းကြောင်းချပေးတဲ့ မွေးသဖခင်ကျေးဇူးရှင်ဖေဖေရော ကျောင်းတုန်းကတတ်သည့်ပညာမချန်ပဲ ကြိုးစားသင်ကြားပေးခဲ့သော ဆရာ ၊ ဆရာမများရော စာတွေ့လက်တွေ့ကို တထပ်တည်းကျအောင် ပြသပေးခဲ့သော ဆရာဦးစိုးနိုင်တို့ရဲ့ ကျေးဇူးကြောင့် အင်ဂျင်နီယာလောကထဲကို ရောက်လာခဲ့ပါတယ် ။ ထပ်ပြီးတော့လည်းအခွင့်ရှိသေးရင် ထပ်ဆင့်သင်တန်းတွေတက်ပြီး ကိုယ်တတ်ထားတဲ့ပညာလည်းမပျောက်ပျက်အောင် တိုးတက်အောင်မွမ်းမံပါ့မယ်လို့ ဆန္ဒပြုရင်း ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘ၀ဆိုတဲ့ စာလေးတစ်ပုဒ်ကို ရင်ထဲရှိတဲ့အတိုင်းချရေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, February 23, 2011

ဒုတိယအရွယ် မိန်းမသားတစ်ယောက်ရဲ့ အတ္တနဲ့လောဘ

ဒုတိယအရွယ် ဟုတ်တယ် ကျော်တောင်ကျော်တော့မယ်ထင်တယ် ဒီအရွယ်ကိုး) ။ ဘာတွေဖြစ်လာလဲဆိုတော့ ပိုပြီးတော့လုပ်ချင်တာတွေများလာသလို အတ္တတွေ လောဘတွေကြီးလာပါတယ် ။ သေချာတာကတော့ မလုပ်လိုက်ရမှာစိုးရိမ်နေတာလေ ။ လုပ်ချင်တာတွေက များပြီးလူကလိုက်လို့ကို အဆင်မပြေဘူး ဖြစ်နေတယ် ။ အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာရှိပါတယ် ။ ဒါပေမယ့် ၂ယောက်ရှိနေချိန်က ရင်ဖွင့်ခံစားတိုင်ပင်နဲ့ အချိန်တွေကုန်နေပေမယ့် ခုတစ်ယောက်တည်းဆိုတဲ့အချိန်မှာကျတော့လည်း ဘာလာလာရင်ဆိုင်တတ်အောင် လေ့ကျင့်ထားရတာပေါ့နော် ။

လူရောစိတ်ရောပင်ပန်းလွန်းတဲ့ ဒီအချိန်မှာ တော်တော်လေးကို ကိုယ့်ဘာသာအဆင်ပြေအောင် လုပ်ရတယ် ။ တခါတလေ စိတ်ဓါတ်ကျပြီဆို သစ်သစ်နင်လုပ်ချင်တာအများကြီးကျန်သေးတယ် ကျရှုံးလဲပြိုနေလို့မဖြစ်ဘူးဆိုပြီး အားပြန်တင်းရတာလဲအခါခါပါ ။ ခုနောက်ပိုင်း သစ်ရေးတဲ့ပို့စ်တွေကိုကြည့်လို့ မလုပ်လိုက်ရမှာစိုးတဲ့စိတ်တွေ တအားများနေတာ သိသာပါတယ် ။ လောဘကြီးရင်မှားတတ်တယ် သစ်သိပါတယ် ဒါပေမယ့် အခွင့်အရေးရရဲ့သားနဲ့ မလုပ်လိုက်ရလေခြင်းဆိုတဲ့ နောင်တကိုအရမခံတော့ဘူးလေ ။ ခေါင်းထဲမှာလည်း ဘာပြီးရင်ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တွေကိုချပြီး အကောင်အထည်ဖော်နေရပါတယ် ။ သူများတွေအတွက် အရေးမကြီးတဲ့အရာတွေက တခါတလေ သစ်သစ်အတွက် အတော်လေးအရေးပါနေတတ်ပါတယ် ။ အတွေးအခေါ်တွေကလည်း တဖက်စွန်းကိုရောက်တတ်ပါသေးတယ် ။

ဒီရက်ပိုင်းတွေ တွေးတောကြံစည်ဖြစ်နေတာကတော့ မြန်မာပြည်ပြန်ဖို့ကိစ္စပါပဲ ။ ကိုယ်အပြီးပြန်ပြီဆို အရင်ဆုံးဘာလုပ်မလဲ ဘယ်လိုရပ်တည်မလဲ ဘယ်လိုရင်ဆိုင်မလဲ ဘာတွေကိုရွေးချယ်ပြီး ဘ၀ကိုအသစ်ကနေပြန်စမလဲ ငါ့မှာရပ်တည်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိနေပြီလား ။ ကိုယ့်နိုင်ငံကရော ခုဘာတွေဖြစ်နေပြီလဲ ဘယ်သူတွေက ဘယ်လိုတွေလုပ်နေသလဲ သူတို့နေရာမှာ ငါဆိုရင်ရော ဘယ်လိုတွေလုပ်ဖြစ်မလဲပေါ့ ။ ကဲ သစ်စာဖတ်သူတွေရော စိတ်ရှုတ်သွားပြီမှတ်လား ဟုတ်တယ် သစ်ကိုယ်တိုင်တောင် အတော်ကိုစိတ်ရှုပ်မိတယ် ဒါတွေကမစဉ်းစားနေလို့လဲ မဖြစ်ပါဘူး ။ အဓိက အချက်ကတော့ အသက်ကြီးနေပြီဆိုတဲ့ သစ်မိဘအနားမှာ ပြန်နေသင့်ပြီဆိုတာပါပဲ ။ ဒီအချက်ကို အလေးပေးပြီးစဉ်းစားဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒါကိုမစဉ်းစားရင် နောင်တဆိုတာမဖြစ်ချင်ဘူးလေ။

သစ်အသိုင်းအ၀ိုင်းမှာ အမေးများတဲ့မေးခွန်းတစ်ခုရှိပါတယ် ။ နင်ကျောင်းတက်တာ ဘာလုပ်ဖို့လဲတဲ့ ဒီကျောင်းတက်တာ ဒီမှာလုပ်မှဖြစ်မယ်ဆိုတာ အတော်ကိုမှားနေတဲ့အတွေးအခေါ်ပါပဲ ။ သစ်ကတော့ လောလောဆယ်ကိုယ်ပလန်ထားတာများနေတော့ ဘာဆိုတာလက်ဆုပ်လက်ကိုင်ပြောပြနိုင်တဲ့တစ်နေ့ အဲဒီမေးခွန်းကိုပြန်ဖြေဖို့စဉ်းစားထားပါတယ် ။ စိတ်ကိုအမြဲတက်ကြွရွှင်လန်းတဲ့သူဖြစ်အောင် ဂရုတစိုက်လေးကို နေထိုင်နေရပါတယ် ။ စိတ်ကစဖြစ်ပြီဆို သစ်သစ်ကကျန်းမာရေးပါ ထိခိုက်လာတတ်တယ်လေ ။ ခုနောက်ပိုင်းတော့ လူများအတွက်ကိုမျှတစွာမစဉ်းစားပဲ ကန့်လန့်လုပ်ချင်တဲ့စိတ်တွေ သိပ်များနေလို့ အတော်လေးလျှော့ချနေရပါတယ် ။

သူငယ်ချင်းတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆက်ဆံပါတယ် ။ သစ်ကသူငယ်ချင်းတအားများပါတယ် ။ ကျောင်းနေဖက်တွေ ဘလော့ဂါကနေခင်တဲ့သူငယ်ချင်းတွေ ငယ်သူငယ်ချင်းရယ် အွန်လိုင်းကသူငယ်ချင်းရယ် အားလုံးကိုအချိန်မျှအောင်ပေးဖို့ ကြိုးစားနေပါတယ် ။ နင်က ငါတို့ဆီဘယ်တော့မှမလာဘူးဆိုတဲ့ သူငယ်ချင်းလေးကိုလည်း နားလည်ပေးပါ မယ်လောဘဖြစ်နေလို့ပါလို့ တောင်းပန်ထားရပါတယ် ။ သူကပြောပါတယ် နင့်ကိုကြည့်လို့ကျောင်းတက်ဖို့ စိတ်ပျက်သွားပြီဆိုပဲ ။ ဒါကလည်း သစ်ကိုယ့်ဘာသာကွန်ထရိုးလုပ်တာညံ့လို့ သူငယ်ချင်းတွေဘက်ကို ပျက်ကွက်မိတာလေးပေါ့ ။ အတတ်နိုင်ဆုံး ဒီလိုမဖြစ်အောင် ကြိုးစားနေပါတယ် ။ နောက်တော့ သစ်ငယ်စဉ်ဘ၀ကနေ အသက်၃၀ပြည့်တဲ့အထိ ဘာတွေလုပ်လို့ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ပို့စ်လေးအပိုင်းတွေခွဲပြီးရေးဖို့ စဉ်းစားနေပါတယ် ။ ရေးဖို့အချိန်ရှိတုန်း ကြိုးစားမယ်စိတ်ကူးပါ ။ နောင်ဆိုတာမသေချာဘူးလေ သေချာတာကတော့ သစ်ပစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့လေးကို အချိန်ပေးပြီး ပြန်ရေးတော့မယ်ဆိုတာပါပဲ ။ နောက်ပိုင်းအတ္တနဲ့လောဘတွေ သမမျှတမှုမရှိတဲ့ပို့စ်တွေဖတ်ရဦးမယ်ဆိုတာပါ အသိပေးရင်း စာပြန်ရေးဖို့ အားပြန်မွေးလိုက်ပါတယ် ။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေနော် ... ။

ဆက်ဖတ်ချင်သေးရင်...

ကြည်နူးခွင့်

ဒီရက်ပိုင်းနားထောင်ဖြစ်နေတဲ့သီချင်းလေးပါထုံးစံအတိုင်းပဲသစ်ရဲ့နှလုံးသားထဲကိုရိုက်ခတ်လာတဲ့သီချင်းလေးတွေကိုသစ်ဘလော့လေးထဲမှာသိမ်းဆည်းလိုက်ပါတယ်။သီချင်းအေးအေးလေးတွေပဲ နားထောင်ဖြစ်တယ် စာကျက်ပြီးစိတ်တွေပင်ပန်းလာရင် သီချင်းနားထောင်ပြီး စိတ်တည်ငြိမ်အောင် ပြန်လုပ်ဖြစ်တယ် ။ လှည့်ကွက်တွေများလွန်းတဲ့ လောကကြီးမှာ ဘာကိုမှဆုပ်ကိုင်မထားချင်တော့ပါဘူး ။ အားလုံးဟာ ကံတရားပါပဲ.... ။


ဆက်ဖတ်ချင်သေးရင်...

Tuesday, February 1, 2011

ခေါင်းမော့လိုက်တဲ့အတွေးတစ်ချို့

စာတွေမရေးဖြစ်ဘူးဆိုတဲ့ စကားလုံးနဲ့ပို့စ်လေးရဲ့ နိဒါန်းကိုမဖြစ်စေချင်ဘူး ။ ဒါပေမယ့် တစ်လနေလို့ တစ်ပုဒ်တင်ဖို့အနိုင်နိုင် ဖြစ်နေတဲ့ကိုယ့်အခြေအနေကိုလည်း အလွန်တရာစိတ်ပျက်မိတယ် ။ ရေးအားကျသွားတယ်လို့ဆိုကြပြန်တယ် ရင်ထဲရှိသမျှ ၀န်ခံရရင် ရေးစရာမုလေးတွေ ပျောက်ဆုံးနေတာပါလို့ လှပစေမယ့် စာသားလေးနဲ့ တိုးတိတ်စွာတောင်းပန်ဖြစ်မယ်ထင်တယ် ။ ကဲ တစ်ပုဒ်လောက်တော့ မုသွင်းပြီးရေးလိုက်ဦးမယ် တင်းကြပ်လာတဲ့စိတ်တွေကို စာရေးခြင်းဖြင့်သာ ဖြေဖျောက်ချင်တယ် ။ ဘယ်သူမှမဖတ်ရင်တောင် ကိုယ်တစ်ယောက်တည်း စိတ်ရှိရင်ရေးနေမိဦးမှာ သေချာတယ် ။ နောက်ပိုင်း ကိုယ်ရေးတဲ့ပုံစံဟာ ကိုယ့်အပူတွေကို စာဖတ်သူတွေအပေါ် မျှဝေခိုင်းသလိုဖြစ်နေလို့ ရေးဟန်ပြောင်းမယ်စဉ်းစားမိတိုင်း အရှိအတိုင်းဖွင့်ချရေးတတ်တဲ့ ကိုယ့်စိတ်ကဟန်ဆောင်မှူကို ခွင့်မပြုပြန်ဘူးလေ ။

ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်ကူးပိတ်ရက်ရှည်မှာ လူများစွာဟာ ဘောနပ်စ်တွေရလို့ ပြည်တော်ပြန်လည်တဲ့သူနဲ့ နိုင်ငံခြားခရီးထွက်တဲ့သူနဲ့ ပိတ်ရက်တွေတိုင်းမှာ ချန်ဂီလေဆိပ်ကြီး ဗမာစကားသံတွေနဲ့ ပြည့်နှက်လို့နေတယ် ။ အဲဒီထဲမှာ သစ်သစ်တစ်ယောက် မပါခဲ့ပြန်ဘူးလေ ။ ဘယ်တော့ပြန်မလဲ ခုနေချိန်လာမေးရင်လဲ ရေရာတဲ့အဖြေမရှိပြန်ဘူး ။ ပြန်ချင်တယ်ဆိုတာထက်ကို လေးနက်တဲ့စကားလုံးရှိရင် ချရေးပြချင်ပေမယ့် ရွာနဲ့အမေ့ကိုလွမ်းတယ်ဆိုတာလေးပဲ ရေရွတ်နေမိတယ် ။ ၀ဲကျလာတဲ့မျက်ရည်အချို့ကို ပုတ်ခတ်လို့ မုဒိတာပွားနိုင်အောင်ကြိုးစားရင်း စိတ်ကိုပျော်အောင်ကြံဆောင်ပြီးနေပါတယ် ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဇွတ်မှိတ်ပြီးဦးစားပေးမိတယ် ။ ကိုယ်ရွေးချယ်တဲ့လမ်းပဲ နာကျင်မှူအနည်းငယ်ရှိမယ်ဆိုတာ သိတယ် ။ ပိန်းပိတ်အောင်ဘောင်ခတ်လို့ ကိုယ့်ဘ၀ကိုနေထိုင်ပစ်လိုက်တယ် ။ ဘာလို့ဆိုတာတော့ မမေးနဲ့ ကိုယ့်ကိုယ်ကိုဒဏ်ခတ်တာလို့ပြောရင် အဖြေကပြည့်စုံပါပြီ ။

အထင်ကြီးမှူတွေ အထင်သေးမှူတွေအောက်မှာ ကိုယ်နေသားကျခဲ့ပြီ ။ ရလာတဲ့သင်ခန်းစာတွေကို စိစစ်ရေတွက်ရင်း အကောင်းတွေမှတ်ထားလို့ အဆိုးတွေကိုဆင်ခြင်မိတယ် ။ ငါသည် ငါ၏ ပဲ့ကိုင်ရှင်ပဲဖြစ်ရမည် ။ လောကတွင်ကိုယ့်ကိုယ်ကိုချစ်တတ်မှ သူများကလည်းချစ်မည် ။ ၂၀၁၁ အတွက် ကိုယ်သိပ်ကြိုက်တဲ့စကားစုက အဲဒါလေးဖြစ်သွားတယ် ။ လေဟာနယ်ကလူတစ်ယောက်လို စိတ်ထဲရှိရာမလုပ်တော့ဘူး ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး ပေးနိုင်သမျှ လှူနိုင်သမျှ ကို စိတ်အားထက်သန်စွာ လှူဒါန်းတော့မည် ။ ခုနေချိန်ခါမှာ ကိုယ်ဟာကျရှုံးနေသူတစ်ယောက်လို့ မခံယူတော့ဘူး ။ လောကကြီးကိုစောင်းကြည့်ရင် စောင်းနေလိမ့်မည် အကောင်းမြင်စွာကြည့်တတ်ရင် ခဏတာလာတဲ့လူ့လောကမှာ ပျော်၇ွှင်စရာတွေပြည့်နှက်နေလိမ့်မည် ။ လူလိမ်လူညာမှာဂျိုတစ်ချောင်းအပိုပါမလာသလို ဟန်ဆောင်မှူတွေကလည်း ကြာရှည်မခံတတ်ပါဘူး ။

ရှေ့ကိုအရှည်ကြီးမတွေးပါနဲ့ ဖြစ်လာမှာထက် မဖြစ်လာဖို့က ၉၀%ရှိနေတယ် ။ ရနေတဲ့နေရာလေးကို ကျေနပ်ပြီး လပိုင်းလောက်ပဲ ဘာဖြစ်ချင်တယ် ပလန်ချတတ်ပါစေ ။ ဒါပေမယ့် ခုပို့စ်ကိုရေးနေချိန်မှာ ၂၀၁၁ တစ်လတာလွန်မြောက်သွားခဲ့ပြီ ။ တွေဝေစွာကြေကွဲနေမယ့်အစား ဒုတိယမြောက်လမှာ ငါဘာလုပ်သင့်လဲစဉ်းစားသင့်တယ်လို့ ကိုယ့်ဘာသာထင်တယ် ။ တရုတ်နှစ်ကူး မြန်မာနှစ်ကူး ၀င်ရောက်ပြီးသာ စိတ်ရှိတိုင်းပျော်မြူးနေရင် သေချာတယ် ၂၀၁၁ အတွက် အချိန်၎လစာလောက် ဆုံးရှုံးသွားလိမ့်မယ် ။ ဒီစကားကအားလုံးအတွက် မမှန်ပေမယ့် ကိုယ့်လိုစိတ်ရှိတိုင်းဓါတ်ကျနေတတ်တဲ့သူအတွက်တော့ တပ်လှန့်ပေးတဲ့စကားစုပေါ့ ။ ခုနေချိန် ကိုယ့်နားမှာရှိနေသူလေးနဲ့ ကျေနပ်လို့ ကိုယ့်ဘ၀လေးဖြတ်သန်းတော့ရော မပျော်ဘူးလို့ ဘယ်သူကလာစွပ်စွဲမလဲ... သေချာတယ် သိပ်မှားသွားမယ် ခုနေချိန် ကိုယ်သိပ်ပျော်နေပါတယ် ။ စိတ်ထဲရှိရာတွေချရေးရလို့ ကျေနပ်သွားပြီ ။ အားလုံးပဲပျော်စရာကောင်းတဲ့ နှစ်ကူးပိတ်ရက်ဖြစ်ပါစေ ။

ဆက်ဖတ်ချင်သေးရင်...