Tuesday, June 29, 2010

ထာဝရမီးအိမ်

သစ်သစ်တို့ သူငယ်ချင်းတွေစုပြီး အဖွဲ့လေးတစ်ခုဖွဲ့ထားခဲ့တာ ကြာခဲ့ပါပြီ ။ လစဉ်ကြေးလေးတွေ ပုံမှန်ကောက်လို့ လိုအပ်တဲ့နေရာလေးတွေမှာ တတ်စွမ်းသလောက်အလှူလေးတွေ ပြုခဲ့ကြတာ ခုဆို ၆လထဲကိုရောက်လာခဲ့ပါပြီ ။ ဒီစုငွေလေးထဲကနေပဲ အလှူလေးတွေလုပ်ကြတယ် တွေ့ဆုံပွဲတွေလုပ်ကြတယ် ။ ကျောင်းကသူတွေ စုပေါင်းလုပ်ကြသလို မည်သူမဆိုလည်းပါဝင်နိုင်လို့ အခြားသူများလည်းပါတဲ့ အဖွဲ့လေးတစ်ခုပါ ။

ဒီအဖွဲ့လေးက လူနည်းနည်းလေးနဲ့စတင်ခဲ့ပေမယ့် ခုဆိုရင် တော်တော်လေးခရီးပေါက်ခဲ့ပါပြီ ။ ဒါပေမယ့် အဖွဲ့လေးနာမည်မပေးရသေးတော့ ပြီးခဲ့တဲ့တနင်္ဂနွေ ၂၇.၆.၂၀၁၀ က အားတဲ့အဖွဲ့ဝင်တွေပဲစုစည်းပြီး နာမည်လေးတစ်ခုရွေးခဲ့ပါပြီ ။ နာမည်လေးကတော့ ရိုးရိုးလေးနဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ။ နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာ တတ်စွမ်းသလောက် ထာဝရလင်းလက်စေမယ့် မီးလေးတွေထွန်းညှိပေးဖို့ မီးအိမ်လေးတစ်လုံးအဖြစ် အဓိပ္ပာယ်သက်ရောက်စေမယ့် ထာဝရမီးအိမ်ဆိုတဲ့ အနှစ်သာရပြည့်ဝတဲ့ နာမည်လေးကိုအားလုံးသဘောဆန္ဒအရ ရွေးချယ်အတည်ပြုခဲ့ပါတယ် ။

အဖွဲ့နဲ့ပက်သက်တဲ့အချက်အလက်လေးတွေ အသေးစိတ်သိချင်ရင်တော့ သစ်သစ်အီးမေးလ် thitthit22@gmail.com ကို မေးမြန်းနိုင်ပါတယ်နော် ။ လက်ရှိ တက်တက်ကြွကြွ ကျရာနေရာကတာဝန်ယူကြတဲ့ သူငယ်ချင်းများအားလုံးကို သစ်သစ်ကအားလုံးကိုယ်စားကျေးဇူးတင်ကြောင်းပြောပါရစေ ။ အားလုံးက၀ိုင်းပြီး ထွန်းညှိမယ်ဆိုရင် မီးအိမ်လေးကပိုပြီး လင်းလာမယ်ဆိုတာကတော့ သစ်ထပ်ပြောနေစရာတောင် မလိုတော့ပါဘူးနော် ။ ဒါကြောင့် တို့တွေအတူ ထွန်းညှိကြစို့နော်.... ။


မီးအိမ်လေး

အဖွဲ့ဝင်တစ်ချို့

ဆက်ဖတ်ချင်သေးရင်...

Friday, June 25, 2010

သူ့အတွက်

အပြောင်းအလဲများတဲ့ ဒီလလေးကို သစ်သစ်အမြဲအမှတ်တရဖြစ်နေမှာပါ ။ ရည်မှန်းချက် ၊ ရည်ရွယ်ချက်တွေ ပြောင်းလဲချမှတ်ရတယ်ဆိုလဲ မမှားပါဘူးလေ ။ ဘာပဲဖြစ်ဖြစ် သစ်သစ်ပျော်ပါတယ် ။ အချိုးအကွေ့များတဲ့ ကံကြမ္မာကို တခါတလေတော့လည်း ထိတ်လန့်မိသား ... ။ စိတ်တွေလွန်ဆွဲနေတယ်ဆိုရင် ပိုမှန်ပါမယ်လေ ။

ဒီအပတ်ထဲ စိတ်ကဆောင်နေတော့ လူကတော်တော်လေးကို ဒေါင်းပါတယ် ။ ခေါင်းတွေဆိုမူးနေပြီး သွေးတက်နေတာကလည်း ပြန်ကိုမကျနိုင်တော့ဘူးလေ ။ ကိုယ်ဘာဖြစ်နေလဲ ကိုယ်သိပေမယ့် တစ်စုံတစ်ယောက်ကိုတော့ မသိစေချင်ခဲ့ပါဘူး ။ ကိုယ်သည်သူ၏ ပါရမီဖြည့်ဖက်ပဲ ဖြစ်ချင်ခဲ့မိတယ် ။ ပျော်ရွှင်မှုတွေပဲ ဝေမျှချင်မိတယ် ။ အစဉ်တွေးတောနေတဲ့သူ၏စိတ်ကို ကိုယ့်အပြုံးတွေနဲ့ပဲ ကျော်ဖြတ်စေခဲ့တယ် ။ ကိုယ့်ကြောင့် သူ၏စိတ်တွင်စိုးစဉ်းမျှ ဒဏ်ရာမရှိစေရ ။ သူ့တွင်ရှိနေမည့် ကိုယ့်ရဲ့သမိုင်းသည် အစဉ်ရှင်းသန့်နေစေရမည် ။ ကိုယ်ဘာလိုချင်တယ်ဆိုတာ ထုတ်ဖော်မပြောတတ်ပေမယ့် နောင်တချိန်တွင် သူအလိုလိုနားလည်လာမည်ဟု ကိုယ်ယုံကြည်နေမိသည် ။

ဘာပဲဖြစ်ဖြစ် ချစ်သူ ကိုယ်မင်းကိုအကြွင်းမဲ့ ယုံကြည်နေမိသည် ။ နင် ဟာ ငါ့ဘ၀ရဲ့ ဦးဆောင်သူ ပဲ့ကိုင်ရှင်အဖြစ် ထာဝစဉ်ရပ်တည်နေပေလိမ့်မည် ။ ငါ့ဘ၀ရဲ့ပျော်ရွှင်မှုမှာ ဂုဏ်တွေ ရွှေငွေတွေ မလိုအပ်တာ နင်သိပါတယ် ချစ်သူရဲ့ နားလည်မှု သစ္စာတရား သာလျှင် ငါ့အတွက်အရေးကြီးဆုံး ဆိုတာ ကြာရင်သဘောပေါက်လာပါလိမ့်မယ် ။ ခုနေချိန်မှာ စဉ်းစားမိပါတယ် ကိုယ့်ရဲ့ချုပ်ခြယ်မှုတွေနဲ့ မင်းမွန်းကြပ်နေမလားပေါ့ ဒါပေမယ့် ယုံကြည်မှုတွေခိုင်မာအောင် တည်ဆောင်နေချိန်လေးမို့ ကိုယ့်ကိုခွင့်လွှတ်နားလည်ပေးစေချင်ပါတယ် ချစ်သူ ။ အချိန်ကာလအားဖြင့် တိုတောင်းသေးတယ်ဆိုပေမယ့် ခုဆိုတို့တွေ အနာဂတ်အိပ်မက်တွေကို အတူတူပုံဖော်နေကြပြီပဲ တွဲလက်တွေမြဲစေဖို့ပဲ အချစ်တွေနဲ့ချည်နှောင်ကြစို့နော် ။

ချစ်သူအတွက် ဒီပို့စ်လေးရေးနေချိန်မှာ ကိုယ့်ရဲ့နှလုံးသွေးသည်လည်း တဒိတ်ဒိတ်နဲ့ စီးဆင်းနေသလို ခံစားနေရတယ် ။ တို့၂ယောက်ရင်ခုန်သံတွေ မရပ်သရွေ့ လက်ကိုခိုင်ခိုင်ဆုပ်လို့ အခက်အခဲမှန်သမျှကို အတူမျှဝေရင်ဆိုင်ကြစို့ ချစ်သူ ။ သစ်သစ်ရင်ထဲက ပြောချင်နေတဲ့စကားတစ်ချို့ကို စာလေးတွေချရေးပြီး ပြောလိုက်ပါပြီ ။ ဒီရက်ပိုင်းမှာ နေသိပ်မကောင်းလို့ စာတွေအရင်လို သိပ်ရေးဖြစ်မယ်မထင်ပါဘူး ။ သစ်ကိုနားလည်ပေးကြပါဦးနော်... သိုင်းကျူး ။

ဆက်ဖတ်ချင်သေးရင်...

Monday, June 21, 2010

မေမေသို့



ချွဲနွဲခိုဝင်
မေ့ရင်ခွင်
ကုန်လွန်ခဲ့ပေါ့
နှစ်ပေါင်း ၂၉ပင်

ရင်မှာစိတ်တွင်း
ဒီရက်တွင်း
အမေ့ဆီ အပြေး
ပြန်ချင်နေ

မမာမကျန်း
အမေ့စိတ်မလန်း
သို့သော်မမေ့
ထိုတစ်နေ့

ဖုန်းသံကြားလို့
ကိုင်တိုင်းမှာ
စမေးသည်က
သမီးလား

မဟုတ်ဘူးဆို
သွားတော့တခြား
မြန်ဆန်လွန်းစွာ
ပေးတယ်တအား

မေမေ မေမေ
ရင်ထဲတွင်
အကြိမ်ကြိမ်ပင်
အော်ဟစ်ချင်

ထပ်တူမကျ
မိမိဘဝ
ကြေကွဲရုံက
မှတပါး

လက်စုံမိုးလို့
အဝေးကသာ
ရှိခိုးလို့သာ
ဦးခိုက်ကာ

ထပ်တူဂတိ
ပြန်ပေးကာ
နေပါတော့မယ်
နောက်နှစ်သာ

တစ်နှစ်ဆိုတဲ့
မျှော်လင့်ချက်
အမေ့စိတ်ကို
ဖြေသိမ့်ခဲ့
...............
ဒီရက်ပိုင်းမှာ မကျန်းမာတဲ့ သစ်အမေအတွက် အရမ်းစိတ်ပူရလို့ လူနဲ့စိတ်တောင်မကပ်နိုင်ပဲ ကိုယ်တိုင်တောင်ဘာတွေလုပ်နေမှန်းမသိပါဘူး ။ ဆက်နိုင်တာဖုန်းပဲရှိတာမို့ ဆက်လိုက်တိုင်း နေမပျော်တဲ့ကြားကနေ သမီးမွေးနေ့တဖွဖွ ရေရွတ်နေလို့ ရင်ထဲနာကြင်ရတဲ့အကြိမ်ပေါင်းလဲ မနည်းပါဘူး ။ ဒီနေ့တော့ စိတ်ထဲတင်းမထားချင်တော့တာနဲ့ စာစုလေးတွေ ချရေးဖြစ်တယ် ။ ကာရံမမိပေမယ့် သစ်ရင်ထဲက ခံစားချက်တွေ စာကုံးသဖွယ်ရေးခဲ့ရလို့ စိတ်ထဲအတန်ငယ်တော့ ပေါ့ပါးသွားခဲ့ပါတယ် ။ မေမေပျော်ပျော်ရွှင်ရွှင်နဲ့အမြန်ဆုံး ပြန်လည်နေထိုင်နိုင်စေဖို့ ဆုတောင်းရင်း ဒီပို့စ်လေးကိုအမှတ်တရတင်ပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, June 19, 2010

အပျော်တမ်း




ဒီနေ့တော့ သစ်သစ် အပျော်တမ်း ငါးထမင်းချဉ်လေးလုပ်စား ဖြစ်တယ် ။ ခုတလော ဘလော့တွေ ဖေ့ဘွတ်တွေမှာ သူများတွေတင်ကတည်းက စားချင်နေတော့ ဒီစနေတော့ဂျူးမြစ်လေးလည်း တွေ့တုန်းလုပ်စားဖြစ်တယ်ဆိုပါတော့ ။ ဘလော့လာလည်သူတွလည်း အ၀စားသွားနော် ပုံထဲမှာ ထမင်း၃လုံးတောင်ပြင်ထားတယ် ... ဟိ ။ လုပ်နည်းကတော့ သိနေကြတော့ မရေးတော့ပါဘူး (တကယ်တော့ရေးရမှာပျင်းနေတာလေ ) ။ အားလုံးပဲပျော်ရွှင်စရာ ပိတ်ရက်လေးဖြစ်ပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, June 14, 2010

ရောက်လာပြန်ပေါ့

သစ်သစ် စာမရေးတာလည်း ကြာပါပြီ စိတ်ထွက်ပေါက်တွေမရှိတဲ့အခါ စာတွေအဖြစ်ချရေးတတ်တဲ့ သစ်သစ်အကြောင်းကိုလည်း သိပြီးသလောက်ဖြစ်ရောပေါ့ ။ ဒီအပတ်တွေ သစ်သစ်စာရေးချင်စိတ်မရှိသလို လာဖတ်နေကျသူတွေကိုလည်း အားနာတာနဲ့ဘလော့လေး ခဏပိတ်ထားလိုက်မိပါတယ် ။ လာရောက်လည်ပတ်တဲ့သူတွေ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် ။ ဒီနေ့ သစ်ရေးချင်တာကတော့ ၂စီးရီးနောက်ဆုံးဖြစ်တဲ့ သစ်မွေးနေ့လေး အကြောင်းပါပဲ မွေးနေ့ဆိုတာ နှစ်တိုင်းကျရောက်နေမှာဆိုတော့ အထူးအဆန်းမဟုတ်ဘူးလို့ သစ်ကိုယ်တိုင်အစကယူဆထားပေမယ့် နောက်ပိုင်းတွေမှာ တနှစ်တကြိမ်အသက်ကြီးလာတာကို သုံးသပ်ဖို့အချက်ပေးသလို မွေးမိခင်ရဲ့သေမင်းနဲ့စစ်ခင်းခဲ့တဲ့ရက်လေးအဖြစ် အမေ့ကျေးဇူးကို ပြန်လည်အောက်မေ့မိတဲ့ ရက်လေးတစ်ရက်အဖြစ် တန်ဖိုးထားတတ်လာပါတယ် ။

ဟိုးးးး လွန်ခဲ့တဲ့ ၂၉နှစ်လောက်က တခုသောညနေခင်း ၅နာရီခွဲလောက်အချိန်မှာ မေမေဟာ သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ဒီအချိန်ကစလို့ အသက်ကြီးမှမွေးတဲ့သမီးလေးအဖြစ် သိပ်ဂရုစိုက်ပြီး ဖြစ်ချင်တာလေးတွေအတွက် မေမေ့ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သမီးအဖြစ်လည်း မျှော်လင့်ချက်တွေအများကြီးထားခဲ့ဘူးတာပေါ့။ ကျန်တဲ့မောင်နှမတွေကလည်း သူတို့အိမ်ကလေးသေးသေးလေး ရောက်လာလို့ ဆော့စရာသက်ရှိအရုပ်လေးဆိုပြီး ပျော်နေကြသလို ဖေဖေကလည်း သူနောက်တန်းရောက်တုန်းမွေးတဲ့ သမီးလေးဆိုပြီး ကြံဖန်အချစ်ပိုခဲ့ကြပါတယ် ။ တကယ်တော့ သစ်သစ်ဖြတ်သန်းခဲ့တဲ့ ၂၉နှစ်တာလုံးဟာ ရိုးရိုးသာမာန်လိုပဲ ဘာမှအလှည့်အပြောင်းမများခဲ့ပါဘူး ။ ငယ်စဉ်ဆယ်ကျော်သက်အရွယ်က မိဘတားမြစ်ခဲ့တာတွေကို ခုနေပြန်စဉ်းစားတော့ ဘာမှမဟုတ်ပဲ အဲ့အချိန်တုန်းကတော့ လူ့အခွင့်အရေးပဲဆုံးရှုံးသလိုမျိုး နင့်နင့်နဲနဲခံစားတတ်ခဲ့တာကို ပြန်သုံးသပ်မိပါတယ် ။ မိဘရဲ့စေတနာ မေတ္တာတွေကို ပိုပြီးသိမြင်လာသလို အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲလာခဲ့တာ သစ်သစ်မငြင်းနိုင်ပါဘူး ။

မိဘလောင်းရိပ်အောက်မှာ အပူအပင်ကင်းကင်း နေထိုင်ပြီးပညာသင်ခဲ့ရတာကိုလည်း ပြန်လည်သတိရမိသလို ငါ့အလှည့်ကျရင်ရော ဒီလိုလုပ်ပေးနိုင်ပါ့မလားဆိုတဲ့အတွေးမျိုးလေး တပိုင်းတစ၀င်လာတတ်ပါပြီ ။ ခုနေပဲကြည့်လေ သစ်သစ်မိဘကိုစိတ်ပူတယ်ဆိုတာ ပါးစပ်ဖျားလေးမှာပဲ လေထဲမှာပဲ ပြောနေသလိုဖြစ်နေတော့ ကိုယ့်ပူပင်မှုတွေက အရာမရောက်သလိုဖြစ်နေတယ်လို့ ခံစားမိတယ်။ အချိန်တိုင်းသတိရသလို အနားမှာပဲ မိဘတွေအသက်ကြီးချိန်မှာ ပြုစုချင်ပေမယ့် အခြေအနေအချိန်အခါတွေ မပေးတဲ့အခါ အဝေးကပဲနှုတ်အားဖြင့် စောင့်ရှောက်နေရတဲ့ဘ၀ကို တခါတလေသစ်သစ်တော်တော်လေးစိတ်ပျက်မိပါတယ် ။ စိတ်ကိုပိုင်းဖြတ်လို့ ပြန်လာတော့မယ်ပြောတိုင်း သားသမီးရဲ့ရှေ့ရေးကို တွက်ဆလို့ နေပါရတယ် အဆင်ပြေတယ် သမီးလုပ်ချင်တာ ဖြစ်ချင်တာကို ဖြစ်မြောက်အောင် အောင်မြင်အောင်လုပ်နော်ဆိုပြီး သူတို့ရဲ့ဆန္ဒကိုမြိုသိပ်ပြီး ကိုယ့်ကိုတဖန်ပြန်လည်အားပေးနေတာကိုက သနားစရာကောင်းလှပါပြီ ။ ပိတ်ရက်တွေ ကြားရက်တွေ သစ်သစ်ဖုန်းဆက်လွန်းတော့ အိမ်ကဘာလို့ဆက်တာလဲလို့ မေးနေပေမယ့် အဖေ အမေ သစ်သစ်အသံကိုကြားရင် အနည်းငယ်တော့ဝေဒနာတွေ သက်သာသွားတာ သစ်သစ်သိတာပေါ့ ရိပ်မိတာပေါ့ ဒါကြောင့် ဖုန်းအလကားရလို့ဆက်တာပါ မိနစ်လေးတွေကျန်နေလို့လေ ဟိုသတင်းရောကြားပြီးပြီလား အဖေ ကမ္ဘာ့ဖလားကတော့ ဘယ်လို စသဖြင့်ရောက်တတ်ရာရာ လျှောက်ပြောတော့လည်း ကိုယ့်ဘက်ကကြည့်ရင်ဘာမှမဟုတ်ပေမယ့် မိဘတွေဘက်ကနေကြည့်တော့ အနည်းငယ်ကျေနပ်နှစ်သိမ့်မှု ရတတ်ကြလေတယ် ။

ခုဆိုရင် သစ်မေမေက အစပ်လုံးဝစားလို့မရဘူးဆိုတာကို ဆရာဝန်ကသတ်မှတ်လိုက်တော့ သူကအဲဒါကိုစိတ်ဓါတ်ကျနေတယ် လူဆိုတာက မစားရဘူးဆိုမှ စားချင်တာသဘာဝလေ တောင့်တနေတာကလည်း သဘာဝပဲပေါ့ ဖုန်းဆက်တိုင်း ၀မ်းပန်းတနည်းပြောတတ်တာက သူအစပ်မစားရတော့တဲ့အကြောင်းတွေပဲပေါ့ ။ အဲဒါကိုမစားနဲ့လေ ဆရာဝန်ကပြောထားတာကိုလို့ ပြောလိုက်ရင်ဝမ်းနည်းမှာသေချာသလောက်ပဲဆိုတော့ ဟုတ်လားအမေ သမီးတောင်ခုတလော ဗိုက်အောင့်တတ်လို့ အစပ်ကိုဖြတ်လိုက်တာကြာပေါ့ မေမေကတောင်နှစ်တွေအကြာကြီးစားခဲ့ရသေးတယ် သမီးဆိုခုကတည်းက ရှောင်ရတာ မေမေကံကောင်းလိုက်တာလို့ ကြံဖန်ချီးမွမ်းရတတ်တယ် ။ ဒီလိုလေးတွေပြောတော့ သူတို့လည်းစိတ်ကျေနပ်စေတယ်လို့ ထင်တယ်လေ ။ သစ်သစ်ခုတလောဖုန်းဆက်ရင် မေမေထမင်းစားချိန်ကို မှန်းဆက်တတ်တယ် သူကအချိုတွေချက်ရင်မစားချင်ဘူးလေ အန်ချင်လာပြီဆိုပြီး သစ်အမကို ဂျီကျတတ်တယ် သစ်သစ်ကမသိသလိုနဲ့ အမေဘာဟင်းနဲ့စားတုန်းဆိုတော့ ကလေးဆိုးလိုပြောတတ်တယ်လေ အဲ့အချိန်ဆို သစ်သစ်က ဟယ်...စားချင်လိုက်တာ သမီးကအဲ့ဒီအချိုလေးတွေစားချင်နေတာ မေမေအရင်ကချက်တဲ့ ဘာနဲ့ဘာလေဆိုပြီးပြောလိုက်စားလိုက်ဆိုတော့ တစ်ပန်းကန်လောက်ကတော့ အသာလေးကုန်သွားတတ်ပါတယ် ။ တခါတလေလည်း သစ်စဉ်းစားမိတယ် ငါသာအနားမှာရှိခဲ့ရင် မေမေနောက်တပန်းကန်များထပ်ယူမလားပေါ့လေ ။ ဒီလိုအတွေးတွေ စိတ်ထဲရောက်လာရင် ၀မ်းနည်းမှုက ကြီးစိုးလာတတ်တယ် ။

ဒါကြောင့် သစ်ကတနှစ်တခေါက်တော့ ရောက်အောင်အိမ်ပြန်လေ့ရှိတယ် ။ တနှစ်ထက်တနှစ်အရွယ်ကျလာတဲ့ မိဘကိုလည်းပြန်ရောက်တဲ့ရက်လေးမှာ အတတ်နိုင်ဆုံးဂရုစိုက်မိပါတယ် ။ ခုလိုမွေးနေ့တွေဆို မေမေ့ကိုကျေးဇူးတင်ကြောင်း အဝေးကနေကန်တော့မိကြောင်း မပျက်မကွက်ပြောလေ့ရှိတဲ့အကျင့်လေး လုပ်ထားတယ် ။ ကိုယ့်နိုင်ငံမှာနေတုန်းက ဒီလိုလေးတွေမလုပ်ဖြစ်ခဲ့ပါဘူး ။ မွေးနေ့ဆိုပျော်မယ်ပါးမယ် စားမယ်သောက်မယ်လောက်နဲ့ပဲ ကုန်ဆုံးသွားတတ်ခဲ့တာပါ ။ ခုနောက်ပိုင်းကိုယ်လှုနိုင်တန်းနိုင်လာတဲ့အခါမှာတော့ မိဘနာမည်လေးနဲ့လှုတတ်တဲ့အကျင့်လေး ရလာခဲ့ပါတယ် ။ ဘယ်နေရာလှူလှူ အဖေ အမေ နာမည်နဲ့ပဲလှူတတ်တဲ့ သစ်သစ်ကိုသူငယ်ချင်းတွေကတောင် မေးတတ်ကြပါတယ် ။ လက်ရှိအခြေအနေအရ သစ်လုပ်ပေးနိုင်တာဒါလေးပဲ ရှိသေးတယ်လေ ။ မိဘတွေက သစ်အတွက်လုပ်ပေးလာတာ ခုချိန်ထိမရပ်သေးပါဘူး ။ ပူပင်မှုတွေ စိုးရိမ်မှုတွေနဲ့ အချိန်တိုင်းလွှမ်းမိုးနေဆဲပါ ။ မိဘစိုးရိမ်သလိုမဖြစ်ရအောင် အတတ်နိုင်ဆုံးနေထိုင်ရင်း ဒီပို့စ်လေးနဲ့လက်ဆယ်ဖြာမိုးလို့ ရှိခိုးကန်တော့လိုက်ပါတယ် ဖေ နဲ့ မေ .... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, June 1, 2010

ပျော်သလိုနေပါကွယ်

ပျော်အောင်နေနော်

ခုတလော သီချင်းတွေပဲ နားထောင်ဖြစ်လို့ စာမရေးဖြစ်ပဲ သီချင်းပဲတင်နေမိတယ် ။

ဆက်ဖတ်ချင်သေးရင်...