Monday, May 31, 2010

မေ ၃၁

ဒီသီချင်းလည်း သိပ်ကြိုက်တယ်

ဆက်ဖတ်ချင်သေးရင်...

Saturday, May 29, 2010

ပုံတစ်ချို့

ပုံတွေတင်ပြီး ပို့စ်ဖြစ်အောင်လုပ်တယ် ထင်ချင်လည်း ထင်ပါတော့လေ ရန်ကုန်ပြန်တုန်းက ပို့စ်ကိုလက်စသတ်ချင်တာလည်း ပါပါတယ် ။ သစ်သစ်ကင်မရာတစ်လုံးနဲ့ မြင်မြင်ရာလိုက်ရိုက်လို့ အဖေ့ရဲ့အပြောဒဏ်ကို ဆက်တိုက်ခံပြီး ရိုက်ထားတဲ့ပုံတွေဆိုတော့ တင်ပါရစေလို့ပဲ ပြောပါရစေ...ဟိ ။ ပိတ်ရက်လေး၃ရက်ဆိုတော့ အချိန်တွေပိုနေတယ်ဆိုပါတော့ ဒီတော့ရန်ကုန်ပြန်ချင်ဒယ်...... စလုံးမှာအမျိုးမရှိ အဆွေမရှိ တကောင်ကြွက် တမျက်နှာနေလာရတာ ကိုယ့်ဘာသာတောင် သနားလာပြီ (ဇွတ်သနားတာနော်) ။ နောက်လ ရက်၃၀တောင်အလုပ်ဆင်းရမှာ ပျင်းးးးးးးးးးးးဒယ် (ဒါကလည်းတိုးတက်မယ့်လက္ခဏာပဲလေ ...ဟိ ) ။

အိမ်က အပင် (အပင်ပုပုလေးမှာ အသီးတွေကအားကြီးပဲ)

အဖေ ဘာတွေစိုက်မှန်းမသိဘူး (တကယ်မသိတာပါ)

သရက်ပင် ၃ပင်မှာ ဒင်းကအသီးဆုံးပဲ (ဒီတော့ဘလော့ထဲသူပါခွင့်ရတာပေါ့)

ချစ်စရာလေးနော် (ဘာပင်မှန်းမသိလို့ အတင်းလိုက်ချစ်ခိုင်းတာ..ဟိ)

အဲဒီကုလားထိုင်မှာ အဲဒီအရုပ်ကလေးနဲ့ စာအုပ်ဖတ်ရတာက ဇိမ်..

အပင်နာမည်မသိတာခွင့်လွှတ် (အဖေ့အချစ်ဆုံးတွေလေ)

ဒါတော့သိတယ် ငါ့ကိုနမ်းပါ အပင်

ဒါက ၈မိုင်လမ်းဆုံ

န၀ဒေးရုပ်ရှင်ရုံ

ဆီအိုးနားဆိုပဲ

ထရိတ်ဒါးရောက်တော့မယ်လေကွယ်

မြန်မာ့အသံတ၀က်ပဲရိုက်ရတယ်


ညနေခင်း ကန်ဘောင်



အောင်မင်္ဂလာအဝေးပြေး ကျောက်ခင်းလမ်း (ဖွင့်တာကြာပြီ ခုထိလမ်းခင်းတုန်း)


ဒါက ငကြောင်သစ်သစ်လေ (ဘောနပ်စ်).....ဟိ

ဆက်ဖတ်ချင်သေးရင်...

Thursday, May 27, 2010

စားဖြစ်နေတာက...

ဒီအပတ် ရုံးက ၄ရက်ပဲတက်ရတယ်ဆိုတော့ စားတဲ့အစားအစာမထပ်ဘူးလို့ ပြောရမယ် ။ ခုတလော အစားအသောက်တွေကိုစားရင် ပါးစပ်မှာတခုခုလိုနေသလို အဆင်မပြေဘူး ဖြစ်နေတယ် စားပြီးရင်လည်း ကျေနပ်မှုဆိုတာမရှိပဲ လျှာဘာဖြစ်နေလဲကို မသိဘူး ။ ပြီးတော့ သွေးတိုးမှာခပ်ကြောက်ကြောက် နဲ့ပဲ ကောင်းမယ်ထင်တာလေးတွေ လိုက်စားပြီး ကိုယ့်ကိုယ်ကိုပြုစုသော်ငြားလည်း အဆင်မပြေခဲ့ပါ ။ ဒီအပတ် စားဖြစ်တာလေးတွေ ပါးစပ်မှာအရသာမကောင်းပေမယ့် ဖုန်းလေးနဲ့တော့ မှတ်တမ်းတင်ဖြစ်တယ် ။ ဒီတော့ အမှတ်တရပို့စ်ဖြစ်သွားတာပေါ့နော့...။


မြေအိုးမြီးရှည် (စီးတီးဟောသွားပြီးကို တခုတ်တရသွားစားတာပါ သို့သော်လည်း.....)



အသားတွေမစားချင်တော့ အာလူးနဲ့ခရမ်းသီး ပဲလေးနဲ့ ကုလားလိုဆိုတော့လည်း နိုး ပါပဲ

မရိုးနိုင်တဲ့ ကြက်ဆီထမင်းနာမည်ကြီးတဲ့ဆိုင်ကို ၁၀မိနစ်လောက်လမ်းလျှောက်သွားစားတာ ဒါလဲ....


ကဲ သွေးတက်ချင်လည်းတက်တော့ အမဲအူကြမ်းစွပ်ပြုတ်တဲ့ (တခုခုလိုနေသလိုပဲ)


ဒီနေ့တော့ ရှမ်းထမင်းချဉ်စားမယ်ကွာ ဗိုက်သာပြည့်သွားတယ်.....း(


စလုံးသားတွေအတွက် မရိုးနိုင်တဲ့ ယောင်တို့ဖူး ကိုယ်လည်းလိုက်ယောင်မယ်ကွာ...မထူးးးး


ကဲ..ဘာစားရင်ကောင်းမလဲ ကိုယ်တိုင်ချက်ဖို့ကတော့ ဝေးးးးးစွ စိတ်ကိုမပါဘူး ဖြစ်နေတယ် ...ဂယ်

ဆက်ဖတ်ချင်သေးရင်...

နှုတ်မဆက်ချင်ဘူး

ဒီနေ့ သစ်သစ်နည်းနည်းလေးအားတော့ သီချင်းလေးတွေလိုက်နားထောင်ဖြစ်ပါတယ် ။ အဆိုတော် ရဲလေးရဲ့အခွေသစ်ကို ဘားမိစ်ကလပ်စစ်မှာ နားထောင်ဖြစ်တော့ ဒီသီချင်းလေးကိုသစ်သစ်ကြိုက်လို့ သစ်သစ်ဘလော့လေးက သီချင်းဆိုတဲ့နေရာလေးမှာ စုစည်းလိုက်မိပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

Monday, May 24, 2010

ငယ်သူငယ်ချင်း

၁၉၉၄ ခုနှစ် ဇွန်လ ၁ရက်နေ့ မိုးတွေရွာနေတဲ့ နံနက်ခင်းလေးတစ်ခုမှာ အထက (၁) အင်းစိန် မေခဆောင်ထဲမှာတော့ ကျောင်းသားတွေနဲ့မိဘတွေ ပွက်လောရိုက်လို့နေပါတယ် ။ ကျွန်မသမီးလေးကတော့ ဒီအတန်းမှာသူ့သူငယ်ချင်း ဘယ်သူနဲ့ထိုင်မယ် နေရာဦးထားနော် ပြတင်းပေါက်နားရွေးမလား ကျောက်သင်ပုန်းမြင်ရအောင် အလယ်ခုံယူလေ သမီးသူငယ်ချင်း ဘယ်သူနားထိုင်မယ်နဲ့ ဆူညံနေခဲ့ပါတယ် ။


နွေကျောင်းပိတ်ရက်မှာ မျက်စိခွဲထားတဲ့ သစ်သစ်ကတော့ ၅တန်းတုန်းကအတန်းဖော်တွေနဲ့ကွဲပြီး မျက်စိလည်စွာ ၆တန်း အေတန်းရောက်လာတော့ အဖော်မဲ့နေခဲ့တာ မဆန်းပါဘူးလေ ။ နေရာလိုက်ဦးပေးတဲ့ သစ်သစ်အမကလည်း အတန်းပိုင်ဆရာမလာတော့မှ အလယ်ရိုးလ်ရဲ့ အတန်းတစ်တန်းမှာ နေရာတောင်းရန် ညီအမ၂ယောက် အတန်းပြင်မှာရပ်နေကြပါတယ် ။ အခန်းဝကနေ ကိုယ်တက်ရမယ့် အတန်းကိုကြည့်ရင်း ပထမဆုံးသတိထားမိတာကတော့ အလယ်ရိုးလ်ရှေ့ဆုံးတန်းမှာ ပါဝါအထူကြီးတပ်လို့ ယောက်ျားလေးပုံစံနဲ့ တယောက်တည်း ငြိမ်သက်စွာထိုင်နေတဲ့ ခပ်တည်တည်ကောင်မလေး တစ်ယောက်ပါပဲ ။

ဆရာမလာတော့ သစ်သစ်ကိုမျက်စိအခြေအနေကြောင့် အဲ့ကောင်မလေးဘေးမှာ နေရာပေးခဲ့ပါတယ် ။ အဲ့သူငယ်ချင်းက နောင်နှစ်တွေမှာခင်မင်ဖွယ်ကောင်းပြီး သံယောဇဉ်တွေမပြတ်ပဲ ခုစလုံးမှာပြန်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့တဲ့သူပဲ ဖြစ်ပါတယ် ။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးခါနီးမှာ စကပ်ရှည်ရှည် အကျီပွပွနဲ့ဝင်လာတဲ့သူကတော့ ယနေ့စလုံးမှာ ဘလော့လေးတစ်ခုတည်ဆောက်ထားပြီး အလုပ်ကိုရပ်ကာ ကျောင်းတက်နေတဲ့ ဘလော်ဂါတစ်ယောက်ဖြစ်လာမယ့် ရန်ကုန်မှာရပ်ကွက်တူ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။

ဒီလိုအသွင်မတူတဲ့သူ၃ယောက်ဟာ သမိုင်းသင်ရင်လည်း ကျလိ ကျလိ အင်္ဂလိပ်စာသင်လည်း ပြုံးစိစိ စာဆိုခိုင်းရင်တော့ ၃ယောက်ပေါင်းမှ နောက်ကအတန်းတောင်မကြားနိုင်တဲ့ အသံနဲ့ ၆တန်းတနှစ်လုံး မြုံစိစိဖြတ်သန်းလာခဲ့တာ ၁၀တန်းရောက်တဲ့အထိပါပဲ ။ ငယ်စဉ်အရွယ်ဆိုတော့ အပြင်သွားတာလည်းမရှိသလို ကျောင်းတက် မုန့်စားဆင်း ကျောင်းပြန်ဒါနဲ့ပဲ ဖြတ်သန်းလာခဲ့တာ နောင်နှစ်အတန်းတွေတက်တော့ အေတန်းခြင်းတူပေမယ့် အဆင့်အလိုက်နေရာချထားတော့ ထိုင်ခုံနေရာတွေကွဲခဲ့ကြပါတယ် ။ နောက်ဆုံး၁၀တန်းဆိုတဲ့ အချိန်ရောက်တော့ ယောက်ျားလေးဆန်တဲ့သူငယ်ချင်းက အပြင်ကဖြေလို့ ကျောင်းလာမတက်ကတည်းက အဆက်ပြတ်သွားလိုက်တာ ပြီးခဲ့တဲ့လကမှ အဆက်အသွယ်ပြန်ရခဲ့ပါတယ် ။

ငယ်စဉ်ကတော့ ငါကကြီးလာရင် ဘာလုပ်မယ်လို့ ကြိုတင်တိုင်ပင်ထားခြင်းမရှိပေမယ့် အံ့သြစွာပဲ ၃ယောက်လုံး အင်ဂျင်နီယာဆိုတဲ့ ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုမှာ တူညီစွာကူးခပ်နေကြပါတယ် ။ ၃ယောက်အတူမဆုံနိုင်သေးပေမယ့် ပြီးခဲ့တဲ့သောကြာညလေးမှာတော့ သစ်တို့၂ယောက်အတူ ဆုံနိုင်ခဲ့ပြီး ငယ်စဉ်ကဆရာ ဆရာမတွေ အကြောင်း အထက သူငယ်ချင်းတွေအကြောင်းပြောရင်း ပြန်ဆုံဖြစ်ခဲ့ကြပါတယ် ။ ပြန်လာတော့ ကားစီးရင်း သစ်သစ်စဉ်းစားမိတာကတော့ ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ငါတို့သူငယ်ချင်းတွေ ဒီအရွယ်မှာ အနာဂတ်ကိုပုံဖော်ရင်း ချီတက်နေသလို ဟိုးကလေးဘ၀တုန်းက အပူအပင်မရှိပျော်ခဲ့ကြတာကိုလည်း သတိရရင်း နောင် ၁၀နှစ်ကြာရင်ရော ဘယ်လိုအတွေးတွေ အောင်မြင်မှူတွေနဲ့ ရှင်သန်နေကြဦးမလဲ ကြိုတင်ပုံဖော်နေမိခဲ့တယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, May 20, 2010

ဒီအပတ်ရဲ့ဒိုင်ယာရီ

မနေ့က 19.5.2010 က သစ်သစ်ဒီအလုပ်မှာ ၁နှစ်တိတိပြည့်တဲ့နေ့ ဖြစ်ပါတယ် ။ ဒီအလုပ်လေးမှာလုပ်ရတာကို သစ်သစ်သိပ်ကိုကျေနပ်မိပါတယ် ။ စလုံးမှာ ပထမဆုံးသစ်သစ်လုပ်တာ ကုမ္ပဏီအကြီးမှာလုပ်တာပါ ။ မန်နေဂျာတွေ အဖွဲ့တွေလည်းအများကြီး ဖြစ်သလိုမန်နေဂျာအချင်းချင်းတွေ ပြိုင်ဆိုင်ကြ လက်အောက်ငယ်သား သစ်သစ်တို့ပါ မနားမနေ နိုင်ချင်တော့လုပ်ရတယ် အလုပ်မရှိတော့ ဒီတိုင်းထိုင်နေရပြန်တော့လည်း တင်စရာရီပို့မရှိ အခြားသူများက ဘယ်သူဘာလုပ်နေတယ် ဘယ်သူကတော့ဘာလုပ်ပြန်ပြီ ဆိုပြီး အတင်းပေါင်းစုံ ချွန်တွန်းပေါင်းစုံနဲ့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း အတွေ့အကြုံတွေအများကြီးလည်း ရခဲ့တယ်ဆိုပါတော့ ။ သစ်သစ်ရယ်လို့ စလုံးမှာရပ်တည်ခွင့်ရအောင် သူကလည်းများစွာအကျိုးပြုခဲ့တယ်လေ ကျေးဇူးလည်းမမေ့ပါဘူး ဘယ်အရာမဆို အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ ။

ဒီအလုပ်သစ်ကျတော့ အရင်အလုပ်လောက်တော့ မကြီးမားတော့ပေမယ့် ကိုယ့်ထက်ကြီးတဲ့ စလုံးသားတွေပဲဆိုတော့ ကိုယ့်ကိုဘယ်အရာမဆို အငယ်မို့လို့ ဦးစားပေးသလို မေးသမျှရှင်းပြဖို့စောင့်နေသလား မှတ်ရပါတယ် ။ ဘာလုပ်လုပ် သူတို့ကပြောပြတာကို ကိုယ်သိလည်းမသိသလိုနေလိုက် မသိလည်းမှတ်လိုက်ဆိုပြီး နေလာလိုက်တာ သူတို့ကလည်း သစ်သစ်ကိုတော်တော်ချစ်ကြပါတယ် ။ အမ်စီမယူချင်လို့ ဒီအတိုင်းဆေးခန်းမသွားပဲ ခွင့်ယူရင်တောင် လာတယ်ဆိုပြီး သူဌေးဆီမှာအလာစာရင်းပြပေးတတ်ကြတဲ့သူတွေပါ ။

အရာရာတိုင်းဆရာလုပ်တယ်လို့ မှတ်မယ်ဆိုရင်တော့ ရနိုင်ပေမယ့် သစ်သစ်ကိုယ်တိုင်က သူတို့ပြောသမျှ ဘာမှမငြင်းတော့ သူတို့အကြိုက်ဖြစ်ပုံလည်း ကျပါတယ် ။ အလုပ်နဲ့ပက်သက်ရင်တော့ သူတို့လည်းကိုယ်လုပ်တာဘာမှနားမလည်ဆိုတော့ ဘာမှဝင်စွက်ဖက်ခြင်းမရှိတာ တော်တော်စိတ်ချမ်းသာစရာကောင်းပါတယ် ။ သစ်သစ်စီနီယာက လုပ်သက်ဒီအလုပ်မှာ ၁၀နှစ်ဆိုတော့ သစ်သစ်ကိုဘယ်သူကဘယ်လိုဆက်ဆံရတယ် ဆိုတာကအစ သင်ပေးပါတယ် ။ သိပ်ချစ်စရာကောင်းတဲ့ စီနီယာပါ ။ အလုပ်မှန်သမျှ သူနဲ့ကိုယ်ပဲခွဲလုပ်ရတာဆိုတော့ အိုဗာတိုင်ဆင်းတဲ့ရက်တွေဆို ၂ယောက်တည်းပျော်ပျော်ပါပဲ ။

သစ်သစ်ကအလုပ်ကိုအချိန်ဆွဲမလုပ်တတ်တော့ စီနီယာကတောင် ဘယ်လိုမျိုးဆို ဘယ်လိုနှေးလုပ်ရတယ် မြန်တယ်ဆိုတာအချိန်အခါနဲ့ပြရတယ် မလိုအပ်ပဲ စွမ်းအားတွေမသုံးပါနဲ့တဲ့လေ ။ အဲလိုစီနီယာဆိုတော့ သစ်သစ်ကံကောင်းတယ်လို့ ဆိုရပါမယ် ။ ကုမ္ပဏီသေးပေမယ့် လုပ်ငန်းမျိုးစုံလုပ်ရတဲ့အပြင် စီနီယာရဲ့စီစဉ်တတ်မှုကြောင့်လားတော့မသိဘူး အလုပ်များတာလည်းမရှိဘူး အလုပ်ပါးတာလည်းမရှိဘူး ပုံမှန်ပဲ ဒတ်လိုင်းမဲ့လုပ်ရတာကတော့ စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲလေ ။

မနေ့ကတနှစ်ပြည့်ဆိုပြီး အလုပ်ကလုပ်ပေးတဲ့ပွဲလေးမှာ ပျော်ရွှင်ကြည်နူးရသလို နွေးထွေးမှုဆိုတာလည်း ခံစားရပါတယ် ။ သစ်သစ်ခံယူချက်ကတော့ ကုမ္ပဏီသေးတယ်ကြီးတယ်ဆိုတာထက် လုပ်ငန်းခွင်မှာစိတ်ချမ်းသာဖို့က ပိုပြီးအဓိကကျပါတယ် ။ ဒီအပတ်ထဲနေမကောင်းလည်းဖြစ်လိုက်သလို စိတ်မချမ်းသာစရာလည်း ကြုံခဲ့ပါသေးတယ် ဒီ့အတွက်ချစ်သူက ပိုလို့တောင်ဂရုစိုက်လို့ ကျေနပ်ရပါသေးတယ် ။

နောက် သစ်ရဲ့အရမ်းချစ်ရတဲ့ သစ်ဆရာမလည်းဖြစ်တဲ့ သစ်အမတစ်ယောက် ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် သစ်တို့ကိုမွေးပေးပါတယ် ။ သစ်သိပ်ကိုပျော်ပါတယ် ကလေးအရမ်းချစ်တတ်တော့ နောက်ဆိုအဲဒီအိမ်ပဲရောက်နေတော့မယ် ထင်ပါတယ် ။ လာမယ့်သောကြာမှာ ဖေ့ဘွတ်ကနေတဆင့်ပြန်ဆက်သွယ်မိတာ မကြာသေးတဲ့ ဟိုးးးး အထကကျောင်းကငယ်သူငယ်ချင်းနဲ့ တွေ့ဖို့ရှိပါတယ် ။ အဲဒီအတွက်လည်း ကြိုတင်ပျော်နေမိတယ် ။ မတွေ့ရတာ လက်၁၀ချောင်းတောင် ကျော်ခဲ့ပြီလေ ။ ဘာပဲဖြစ်ဖြစ် ဒီအပတ်လေးကတော့ စိတ်ညစ်စရာအနည်းငယ်သာရရှိခဲ့ပေမယ့် တော်တော်များများကတော့ စိတ်ချမ်းသာပါတယ် ။ ချစ်သူလေးနဲ့လည်း ဘာပြသနာမှမရှိ အဆင်ပြေပြေ နေ့ရက်များကို ဖြတ်သန်းရင်း ဒီတပတ်ရဲ့ဒိုင်ယာရီကို အဆုံးသတ်လိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 17, 2010

ချစ်တူလေး

တီတီလေးရေ ဆိုပြီး ဖုန်းဆက်နေကျ ချစ်တူလေး ဘာလုပ်လုပ် သူ့တီတီလေးကို သတိရတဲ့ကလေးလေး ခုဆို ၁တန်းကျောင်းသားကြီးတောင် ဖြစ်တော့မယ် ။ ချစ်စဖွယ်တူလေးကို သတိရလို့ ရန်ကုန်ပြန်တုန်းက ရိုက်ယူလာတဲ့သူပုံလေး အလွမ်းပြေတင်လိုက်တယ် ။ ဖုန်းဆက်ပြီး သားသားပုံကို လူတွေအများကြီးကြည့်အောင် တီတီလေးလုပ်လိုက်တယ်ဆိုတော့ ဘလော့ဆိုတာဘာမှန်းမသိတဲ့ ကလေးလေးက ရှက်တယ်တဲ့လေ...း) ။


ဆက်ဖတ်ချင်သေးရင်...

Sunday, May 16, 2010

အချစ်

သစ်သစ် ဒီနေ့ အချစ်အကြောင်းလေး နည်းနည်းရေးချင်နေမိပါတယ် ။ ချစ်တယ်ဆိုတာ စာလုံးကတော့၂လုံးတည်းပေမယ့် တကယ်ကိုရိုးရှင်းပြီး နက်ရှိုင်းပါတယ် ။ အချစ်ဆိုတာကို ခိုင်မြဲအောင် နားလည်မှု သီးခံမှုတွေနဲ့ ချည်နှောင်လေ့ရှိကြပါတယ် ။ လူတစ်ယောက်ဟာ အချစ်ဆိုတာ တစ်ခုတည်းနဲပဲတွေ့ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါဘူး ။ တစ်ဦးထက်ပေါ်လာတဲ့ ချစ်ခြင်းတွေကို အလိမ္မာအသိဥာဏ်နဲ့ ပယ်ချဆုံးဖြတ်လေ့ရှိပါတယ် ။


ကိုယ်ပက်သက်လိုက်တဲ့သူဟာ ပက်သက်နေတဲ့အချိန်မှာ အရာအားလုံးကင်းရှင်းနေရင် ဒါဟာသန့်စင်တယ်လို့ ယူဆလို့ရပါတယ် ။ ဟိုးအတိတ်ဟောင်းကို ပြန်လည်တူးဆွလို့ အချိန်တိုင်းအဆင်မပြေမှု ဖြစ်လာခဲ့ရင် ဒီအချစ်သည်လည်း ဘယ်လောက်ကြာရှည်စွာ ခိုင်မြဲတော့မှာလဲလေ ။ ခွင့်လွှတ်နိုင်လို့စကတည်းက ပက်သက်ခဲ့တာပဲ ဒါကိုပွိုင့်အောက်လုပ်လာခဲ့ရင်တော့ သစ်သစ်ဆိုရင်သီးခံနိုင်မယ် မထင်ပါ ။ လူတစ်ယောက်အတွက် အချစ်ဆိုတာ ဖျော်ဖြေစရာတစ်ခုအဖြစ် ယူဆခဲ့ရင် ဒီအချစ်ဟာဘယ်တော့မှ ဖြူစင်တဲ့ချစ်ခြင်းအဖြစ် မရပ်တည်နိုင်တော့တာ သေချာပါတယ် ။

မိန်းမသားတိုင်းက အချစ်ရဲ့ပန်းတိုင်ကို လက်ထပ်ခြင်းဆိုတာနဲ့ သတ်မှတ်ထားလေ့ရှိပါတယ် ။ ချစ်သူဘ၀မှာ အတွေးအခေါ် အယူအဆတွေညှိကြမယ် သဘောထားတွေပြောကြမယ် ရှေ့ရေးတွေတိုင်ပင်ကြမယ် ဒါဟာဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ ။ ဒါတွေကိုချည်နှောင်တယ်လို့ ယူဆရင်တော့ သေချာနေပါပြီ တခုခုတော့မှားနေပြီပဲလေ ။ ဒီလိုမျိုးခံစားရတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိတော့တာ သစ်သစ်ကတော့မှားတယ်မထင်ပါဘူး ။ ရွေးချယ်ခြင်းဆိုတာ တဖက်သတ်တော့မဖြစ်နိုင်ဘူးလေ သီးခံတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တာပေါ့ ။ ချစ်သူတိုင်းမျှမျှတတ တွေးခေါ်တတ်ရင် လောကကြီးကတော့ သာယာနေမှာသေချာပါတယ် ။

တဖက်စွန်းရောက်နေတဲ့ချစ်သူတွေ ညီညွတ်မျှတစွာ တွေးခေါ်တတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ သစ်သစ်ကိုရင်ဖွင့်လာတဲ့ သူငယ်ချင်းလေးလည်း အစစအရာရာအဆင်ပြေပါစေ ။ သစ်သစ်အနေနဲ့ သူများချစ်ခြင်းကို ဝေဖန်လိုစိတ်မရှိပေမယ့် ခံစားနေရတဲ့သူ့ခံစားချက်လေးကို အခြေခံပြီး သစ်အမြင်လေးနည်းနည်းရေးချင်တာနဲ့ ဒီပို့စ်လေးဖြစ်လာတာပါ ။ အားလုံးပဲ မျှမျှတတနဲ့ ပျော်ရွှင်စွာအနာဂတ်ကို ပုံဖော်နိုင်ကြပါစေ....။


ဆက်ဖတ်ချင်သေးရင်...

ဆုတောင်း

၃နှစ်ပြည့်မှသည် နောင်နှစ်များစွာတိုင် ခိုင်မြဲစေသော်....

ဆက်ဖတ်ချင်သေးရင်...

Thursday, May 13, 2010

ခွန်အားမျှပါ

သစ်သစ်ကိုကြီးအကြောင်း ရေးပြီးတဲ့နောက်ပိုင်းမှာ သစ်သစ်မိသားစုအကြောင်းကို တော်တော်များများစဉ်းစားမိခဲ့ပါတယ် ။ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေကို ထုတ်ဖော်မပြတတ်တဲ့ သစ်တို့ညီအစ်ကိုမောင်နှမတွေရဲ့စရိုက်ကိုလည်း ပြန်လည်သုံးသပ်မိပါတယ် ။ အိမ်နဲ့ပက်သက်လို့တာဝန်မကျေတဲ့ သစ်သစ်ကိုလည်း အားလုံးကနားလည်ခွင့်လွှတ်စွာနဲ့ သစ်သစ်ဘာလုပ်လုပ် ဂုဏ်ယူနေတတ်တဲ့ သစ်သစ်မိဘ ၊ မောင်ဘွားတွေကိုလည်း ပြောမပြနိုင်လောက်အောင် အံ့သြမိပါတယ် ။ ဒီလိုနဲ့ ဒီမိသားစုကြီးဖြစ်လာအောင် စတင်ခဲ့တဲ့ သစ်အဖေ နှင့် သစ်အမေရဲ့ စွမ်းဆောင်ချက်အချို့ကို ချရေးဖို့သစ်သစ် စဉ်းစားမိခဲ့ပါတယ် ။ ဘယ်လိုအခြေအနေကပဲလာလာ သစ်တစ်ကိုယ်လုံးမှာ ဒီမိသားစုရဲ့သွေးတွေစီးဆင်းလည်ပတ်နေပါတယ် ။ ဒီလူတွေရဲ့ ခွန်အားနဲ့ ဒီနေ့ဒီအချိန်ထိ သစ်သစ်ရပ်တည်နေနိုင်ခဲ့တာပါ ။

ဖေဖေ နှင့် မေမေဟာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတာ မဟုတ်တော့ ခုလိုမရှိမရှားဘ၀လေးတစ်ခုရဖို့ တော်တော်လေးကြိုးပမ်းအားထုတ်ခဲ့ရပါတယ် ။ သာမာန်အရာရှိပေါက်စလေးဖေဖေက ကျောင်းဆရာမလေးမေမေ့ကို ရင်ထဲကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ ဘာသာမတူတဲ့မိသားစုပြသနာတွေ ကြားကနေရအောင်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ် ။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ခုကအစပြုလို့ ဘ၀တစ်ခုကိုစတင်ခဲ့ကြပါတယ် ။ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ပိုက်ဆံမရှိလို့ ဘ၀တူဖေဖေ့သူငယ်ချင်းစုံတွဲ ၂တွဲနဲ့ပေါင်းပြီး ၃စုံတွဲစုပေါင်းဧည့်ခံပွဲကို အခါတော်ပေးမပါ နှစ်ဖက်မိဘမပါပဲ ကျင်းပပြီးစခဲ့တယ်ဆိုပါတော့ ။ မနက်ပိုင်းမင်္ဂလာဆောင် ညနေရှေ့တန်းထွက်ရတဲ့ ဖေဖေ နှင့် တပ်တွင်းမှာနေသားမကျသေးတဲ့ မေမေတို့ဘ၀အစက ထင်သလောက်မလွယ်ခဲ့ပါဘူး ။

ဘာသာမတူတဲ့သူကိုယူသွားတဲ့ သမီးကိုနှမြောလွန်းလို့ တစ်ငိုတည်းငိုနေတဲ့ သစ်တို့အဘွားကိုလည်း အမိုး အမိုးဆိုပြီး သားမက်ကိုသားဖြစ်အောင်လည်း ဖေဖေလုပ်နိုင်ခဲ့ပါတယ် ။ ရှိရဲ့သားနဲ့မသုံးရက် မဖြုံးရက်စုဆောင်းလာခဲ့တဲ့ မေမေဟာ ခုချိန်မှာသစ်တို့က မေမေဘာလေးစားပါ ညာလေးစားပါဆိုရင်တောင် တို့ရုံထိရုံလောက်ပဲ စားတတ်တော့တာ ဘ၀ကပေးခဲ့တဲ့သင်ခန်းစာတွေပဲလား မေမေရယ် ။ ဖေဖေမရှိရင် ကြက်ဥပြုတ်ကို မနက် ၊ ည ခွဲစားတတ်ပြီး ဖေဖေရှိချိန်တွေဆို စုံလင်အောင်ချက်ပြုတ်တတ်တာ ဘယ်သူကသိနိုင်ခဲ့မှာလဲလေ ။ ဖေဖေ့ရိက္ခာနို့ဆီ ၊ သကြားတွေကို ၁၀ဗူးရရင် ၁ဗူးချန် ကျန်တာဈေးထဲသွင်းပြီး တစ်ကျပ်ကအစစုဆောင်းလာတဲ့ မေမေဟာ တပ်ကထွက်တော့ ဘယ်လိုမှအခြေမပျက်ခဲ့တာ အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး ။

ဆေးပင်စင်နဲ့တပ်ကထွက်လို့ စိတ်ဓါတ်တွေကျနေတဲ့ ဖေဖေ့ကိုအားပေးရတာတစ်ဖက် အိမ်စီးပွားရေးကို သား၂ယောက်နဲ့အစပျိုးရတာ တဖက်နဲ့ မေမေ့အကြောင်းကို သစ်စဉ်းစားမိရင် ခုတွေးခုသနားပါတယ် ။ ဒီကြားထဲ သား ၊ သမီးတွေကို တစ်ယောက်ကိုသော်မှ ပညာရေးမှာမလစ်ဟင်းရအောင် မေမေကြိုးစားခဲ့တယ် ။ ကားလုပ်ငန်းစလုပ်တော့ သား၂ယောက်လက်ကိုဆွဲလို့ ထမင်းချိုင့်တွေနဲ့ နေရာစုံသွားလို့ အားမာန်အပြည့်နဲ့မေမေကြိုးစားခဲ့တယ် ။ ပင်စင်ယူပြီးအနားယူတဲ့ဖေဖေကလည်း ကားလုပ်ငန်းကိုနည်းနည်းသော်မျှ စိတ်မ၀င်စား အားပေးခြင်း တားဆီးခြင်းကင်းပြီး အိမ်ထောင်ဦးစီးဆိုတဲ့မာနတွေနဲ့ သူ့ဘာသာရပ်တည်ခဲ့တာ ခုချိန်ထိပါပဲလေ ။ သား သမီးတွေကိုသိပ်ချစ်တတ်တဲ့ ဖေဖေနဲ့ စီးပွားရေးကိုဇောက်ချလုပ်တဲ့ မေမေတို့ကြား ကွာဟမှုတွေဖြစ်ခဲ့ပေမယ့် ဘယ်သူဘာလုပ်လုပ် အားလုံးဟာဒီသား၊သမီး ၄ယောက်အတွက်ပဲဆိုတဲ့ စိတ်လေးတစ်ခုကြောင့် ခုလိုအချိန်ထိ တစ်စိတ်တစ်ဝမ်းတည်း နေနိုင်ခဲ့တယ်လေ ။ ကျေးဇူးအရမ်းပဲ တင်မိပါတယ် ။

အသက် ၆၈နှစ်ရှိပြီးဖြစ်တဲ့ သစ်မေမေဟာ ခုချိန်ထိစီးပွားရေးကို ဦးဆောင်နေတုံးပါပဲ ။ သူစိတ်မထင်ရင် သူ့သားတွေကို ဆူငေါက်ပြောနေနိုင်တုန်းပါပဲ ။ မနက်ကရန်ကုန်မှာ ညနေဘားအံရောက်နေပြီဆိုတဲ့ မေမေပါ ။ သူ့သားတော်မောင်တွေဖုန်းမဆက်ရင် ညဘက်စဉ်းစားထား မနက်မိုးလင်းတာနဲ့ အမကိုသွားနှိုး ငါ့ကိုအောင်မင်္ဂလာအဝေးပြေးပို့စမ်းဆိုပြီး မပြောမဆိုလည်း ခြင်းတောင်းတစ်လုံးနဲ့ သွားတတ်ပါသေးတယ် ။ ညနေ၃နာရီလောက်ဆို သူ့ချွေးမဆိုင်ရှေ့ရောက်ပြီး ချစ်ကြည်လို့အော်ခေါ်လိုက်တာနဲ့ ဟိုကလည်းအမေဆိုပြီး ပြေးလာလို့မကြိုလိုက်နဲ့ ခြင်းတစ်လုံးပဲပါတယ် ။ ခုနောက်ပိုင်းတော့ သစ်စိတ်မချလို့ဟန်းဖုန်းတစ်လုံးသယ်ခိုင်းထားတာ ဘာလုပ်တယ်ထင်ပါသလဲ ဖုန်းပိတ်ထားတယ်လေ အဲလို မေမေပါ ။ မေမေရယ် ဘာမှမလုပ်ပါနဲ့တော့ နားပါတော့ဆိုရင်လည်း သူနားရင်နေမကောင်းချင်ဖြစ်တယ်တဲ့ ဒါကြောင့်သူဒီလိုလုပ်မှပျော်တယ်တဲ့လေ ။


ခုတော့သစ်က ရာသီဥတုအကြောင်းပြုပြီး ရန်ကုန်မှာပဲနေခိုင်းထားတော့ ဖေဖေနဲ့အဖော်ရနေတာပေါ့ ။ ဒါတောင်သူ့ကားတွေဝင်ရင် ဘုရင့်နောင်ကားဝင်းသွား ၁၂ဘီးကားတာလဘတ်တွေ ဆွဲချနေတတ်တဲ့မေမေပါ ။ ပုပုသေးသေးလေးနဲ့ လုပ်ချင်တာကို အသက်ကိုမစဉ်းစားလုပ်တတ်လွန်းလို့ သစ်အမကနောက်ကတကောက်ကောက်လိုက်နေရတယ်လေ ။ သူနေမကောင်းလို့များသစ်ဖုန်းမဆက်လိုက်နဲ့ ပြန်လာပါဆိုတာကြီးပဲ နောက်မေးတယ်ဘာလုပ်နေတာလဲတဲ့ မပျင်းသေးဘူးလားတဲ့လေ ဒီလိုဆို ဖေဖေနဲ့ကွိုင်တွေတက်ကုန်ပြီလေ ။ သစ်အဖေက သစ်ကိုလောကကြီးမှာ ဘယ်သူ့ကိုမှအားမကိုးပဲ ရပ်တည်တတ်စေချင်တယ် ။ ရပ်တည်တတ်အောင်လည်း သစ်ငယ်စဉ်ကတည်းက ထရိန်နင်ပေးလာခဲ့တဲ့ဖေဖေပါ ။

ဘာပဲဖြစ်ဖြစ် ဒီအဖေ ဒီအမေ တွေရဲ့စရိုက်တွေ အမူအကျင့်တွေ သစ်သစ်ဆီမှာပြည့်နှက်နေတတ်ပါတယ် ။ လိုသလိုအသုံးချတတ်ရင် သိပ်ကိုကောင်းပေမယ့် သေချာမကိုင်တွယ်တတ်တဲ့ ကိုယ့်ဘာသာလဲအားမရပါဘူး ။ ၀မ်းနည်းလို့စိတ်ဓါတ်ကျချိန်ဆို ဖေဖေက နင်ဟာလေငါ့သွေးတစ်စက်မှ မပါသလိုပဲ အားအားရှိစိတ်ဓါတ်ကျနေတယ်ဆိုရင် မျက်ရည်တွေသူ့အလိုလို ရပ်တန့်သွားတတ်ပါတယ် ။ မိသားစုအပေါ်တာဝန်မကျေသူလို့လည်း ကိုယ့်ဘာသာသတ်မှတ်ထားပါတယ် ။ ရှေ့ဆက်ပြီးလည်း ဒီခွန်အားတွေနဲ့ ရပ်တည်ခွင့်ပေးပါ ။ ဘုရားထံပါးမှာလည်း အနားမှာမနေနိုင်တဲ့ သမီးမိုက်ကိုယ်စား မိဘနှစ်ပါးကိုစောင့်ရှောက်ပေးပါလို့ နေ့စဉ်နေ့တိုင်းအပ်နှံလျှက်ပါ ။ ပျော်ရွှင်ပါစေ ဖေ နဲ့ မေ ..... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, May 11, 2010

ဟက်ပီးဘတ်ဒေး ကိုကြီး

ဒီနေ့ဟာဆိုရင် သစ်သစ်အရမ်းချစ်တဲ့ သစ်သစ်အစ်ကိုကြီးရဲ့ ၄၃နှစ်မြောက်မွေးနေ့လေးပါ ။ စနေသားဖြစ်တဲ့ သစ်သစ်အစ်ကိုဟာ သားဦးစနေမီးလိုမွှေဆိုတဲ့ စကားနဲ့လားလားမှ မတူပဲ အလွန်အေးဆေး မောင်နှမတွေအပေါ်အနစ်နာခံပြီး အစ်ကိုကြီးအဖရာပီသတဲ့ အစ်ကိုပါ ။ မေမေ အချစ်ဆုံးသားဆိုရင်လည်း မမှားပါဘူးလေ ။ ရိုးလွန်းတော့သူလုပ်တဲ့အလုပ်တော်တော်များများဟာ သူများအတွက်သာဖြစ်သွားတာ များပါတယ် ။ ဒါလည်း အမြဲပြုံးပြီး ကွမ်းတမြုံမြုံနဲ့အစ်ကိုကြီးပါ ။

သစ်သစ်ကိုမွေးကတည်းကနေ လက်ကမချတမ်းထိန်းလာတာလဲ ဒီအစ်ကိုကြီးပါပဲလေ ။ နှာခေါင်းချွန်အောင်ဆွဲလွန်းတာလည်း ကိုကြီးပါပဲ ။ သစ်သစ်ကလည်းခေသူတော့မဟုတ်ပါဘူး ကိုကြီးဆယ်တန်းအောင်တုန်းက အိမ်ပေါ်ကဆင်းတုန်းကတောင် သစ်သစ်ကနို့မှုန့်ဗူးတွေနဲ့လိုက်ဆင်းတတ်သူတဲ့လေ ။ အဖေကဆယ်တန်းအောင်တဲ့ သူ့သားကြီးကိုဗိုလ်သင်တန်းလျှောက်ဖို့ ဖောင်ယူလာတော့ စစ်သားမလုပ်ချင်တဲ့ကိုကြီးက မိကျောင်းရဲကနေ တောင်တွင်းကြီးကို ခဏရှောင်ဖို့ကြိုးစားပါတယ် ။ အမေကလည်း သူ့သားကြီးကိုသူ့နားမှာပဲ နေစေ့ချင်တော့ ဖောင်ပိတ်တဲ့ရက်မှပြန်လာဖို့ ပိုက်ဆံအလုံအလောက်ပေး သူ့သူငယ်ချင်းအိမ်မှာနေဖို့ စီစဉ်ပါတယ် ။ အဲမှာဒေါ်ရွှေသစ်စခန်းထပါတယ် အစ်ကိုနောက်လိုက်ဖို့ပါ နောက်တော့ပြောမရတာနဲ့ သစ်အကျီလေးတစ်ပတ်စာ နို့မှုန့်ဘူး ကလေးထမင်းဘူး အစုံသယ်လို့ ကိုကြီးအိမ်ပေါ်ကဆင်းပါတယ် ။ ခုချိန်ထိ တောင်တွင်းကြီးကအမျိုးတွေက တွေ့ရင်ပြောနေတုန်းပါပဲလေ ။ ဖောင်ပိတ်လို့ပြန်လာတော့ အဖေကသူ့သားကိုဆူမယ်လုပ်တော့ သူ့သားကသစ်သစ်ကိုခါးမှာခွင်ထား နို့ဗူးကလက်ကကိုင်လို့တဲ့ အိမ်ပေါ်ပြန်တက်လာတာကြည့်ပြီး မဆူရက်တော့ဘူးတဲ့လေ ။ ရဲရဲသာကျေးဇူးတင်လိုက်ပါ ကိုကြီးရယ် ညလေးကြောင့်အဆူမခံရတာပါနော်...ဟွန့် ။

သစ်သစ်ကိုမွေးတဲ့ မကွေးတိုင်းဟာ အရမ်းပူသလို မြွေပွေးလည်းအရမ်းများတယ် ပြောပါတယ် ။ တပ်ထဲကလိုင်းခန်းတွေက ၂ခန်းဆက်တွေဆိုတော့ အပူဒဏ်ကိုသိပ်မကာနိုင်ဘူးလေ ။ ဒါကြောင့် အမေမြို့ပေါ်သွားရင် သစ်သစ်ကိုထိန်းတာ ဒီကိုကြီးပဲပေါ့ ။ တစ်နေ့ နေ့လည်သစ်သစ်မအိပ်တော့ ကိုကြီးက သစ်သစ်ကိုချီပြီးချော့တယ်တဲ့လေ ။ လမ်းလျှောက်ရင်းသစ်သစ်အိပ်ပျော်သွားတော့ ကိုကြီးက သစ်သစ်ကိုပေါင်ပေါ်တင်ထားပြီး အိမ်ဘေးရေချိုးတိုင်ကီမှာမှီလို့ ခြေထောက်ကိုကျောက်ပြားပေါ်ဆင်းထားချိန်မှာ မြွေပွေးပေါက်ကလေးတစ်ကောင်က ကိုကြီးခြေဖမိုးပေါ်ကနေဖြတ်ဖို့ကြိုးစားတယ်တဲ့လေ ။ ဆတ်ခနဲထလိုက်ရင် မှီပေမယ့် သစ်နိုးမှာစိုးလို့ ငြိမ်ငြိမ်လေးပဲဆက်နေခဲ့တာ မြွေပွေးလေးဟိုဘက်ရောက်သွားတဲ့အထိပါပဲတဲ့လေ ။ ဒီအကြောင်းအရာတွေဟာ ခုနေမှာရယ်စရာဖြစ်ပေမယ့် ကိုကြီးရဲ့မေတ္တာကိုဖော်ညွှန်းနေခဲ့တာ သက်သေပဲလေ ။

တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့လည်း သစ်သစ်တို့က အာစီတူး မိန်းထဲ မရောက်ဖူးတာမရှိစေရပါဘူး ပုဆိုးဆွဲပြီးလိုက်နေတာ ၄နှစ်လုံးလေ....း ) ။ ကိုကြီးသူငယ်ချင်းတွေကဆို မင်းညီမကိုပါ ဘွဲ့ပေးသင့်တယ်တဲ့လေ ။ ဘော်တနီမေဂျာကဖြစ်တဲ့ကိုကြီးရဲ့ ကျူတိုရီယမ်စာအုပ်ထဲက ပန်းပုံတွေဟာ သစ်သစ်အတွက် ကာလာချယ်တဲ့စာအုပ်ဖြစ်ခဲ့တယ်လေ ။ စာမွဲနီးလို့စာကျက်နေတဲ့ အစ်ကိုဘေးနားမှာ ပွတ်သီးပွတ်သတ်နေရင် ကိုကြီးကစာအုပ်ပေးထားလိုက်တယ်လေ ။ ငြိမ်နေတာများ ထမင်းဟင်းတောင်မေ့တဲ့ သစ်သစ်ပါ ။ အဲလိုဆိုးတာ ပြန်ကိုမပြောချင်တော့ဘူး ဟိ ။

ကျောင်းပြီးတော့ အမေက ဟိုင်းလတ်လေးတစ်စီးဝယ်ပြီး ကိုကြီးကိုမောင်းစေတယ်လေ ရန်ကုန်- ပြည် နေ့ချင်းပြန်လိုင်းဆွဲတယ် ဆိုပါတော့ ။ ကျောင်းပိတ်ရက်တိုင်းဟာ သစ်သစ်တို့မနက်လေးနာရီဆို ဂီယာတံလေးဘေးမှာ အခန့်သားထိုင်လို့ပေါ့ ကားလိုက်စီးမယ်လေ .. ဟဲ ဟဲ ။ တွေ့တဲ့နေရာမှာမုန့်ဝယ်ကျွေးခိုင်း ကားသမားတွေစားတဲ့ ထမင်းဝိုင်းမှဟင်းစုံတာအမေရဲ့ ပြန်လာရင်ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်သေးတယ် ။ တစ်ခါတစ်လေဆို ကိုကြီးကမောင်းတယ် ကိုငယ်ကစပယ်ယာလုပ်တယ် အမေကသား၂ယောက်ကိုစိတ်မချတော့ ခေါင်းခန်းကလိုက်ရင် သစ်သစ်တို့ကပျော်မဆုံးလေ ထမင်းချိုင့်တွေပါယူတာပေါ့ ။ မောင်း ဆရာရေ ဟိုးး ဆရာရေ ကျော်လေ ဘာလုပ်နေတာလဲ ကားခေါင်းခန်းတစ်ခုလုံး သစ်သစ်အသံတွေကြီးပဲ...သတိရမိတယ် ။ ကားလိုက်စီးမယ်ဆို စိတ်မချတဲ့အဖေက သူကိုယ်တိုင်ကလည်းကုမ္ပဏီတစ်ခုမှာ အဖွဲ့ဝင်လုပ်နေတော့ သစ်ကိုခေါ်လို့မရ အားမတန်တော့မာန်လျော့တဲ့သဘောနဲ့ လွှတ်ရတယ်လေ ။ ပြန်လာပြီဆို ဆော့တောင်မဆော့နိုင်ပဲ သစ်သစ်တစ်ယောက်ဒေါင်းတာကတော့ တစ်အိမ်လုံးဆလံပေးရတယ် ။

ကိုကြီးအိမ်ထောင်ကျလို့သမီးလေးမွေးတော့ ငိုလိုက်ရတဲ့ သစ်သစ်လေ .. ကိုကြီးက သူ့သမီးလေးကို ပိုချစ်မှာ သစ်သစ်ကိုမချစ်တော့ပါဘူးဆိုပြီး ပြောလိုက်ငိုလိုက် အိမ်ကသူတွေက ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ကြတယ်လေ ။ သစ်သစ်အရွယ်ရောက်လို့ နိုင်ငံခြားကိုထွက်မယ်ဆိုတော့ သူ့ဘ၀မှာနိုင်ငံခြားဆိုတာ ဘာမှမဆိုင် တခါမှလည်းမသွားချင် ရုပ်ရှင်ထဲမှာပဲမြင်ဘူးတဲ့ ကိုကြီးတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ မိဘတွေကိုတားခိုင်းပါတော့တယ်လေ ။ မသွားနဲ့ဘာသွားလုပ်မှာလဲ ပိုက်ဆံရှာဖို့ဆိုလုံးဝမသွားရဘူး အလည်၁ပတ်လောက်ပဲသွား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်လေ ။ အဖေကခေတ်နဲ့အညီ သူများတွေသွားလို့သွားတာ မတားရဘူး ငွေတန်ဖိုးသိအောင် ကိုယ်တိုင်ရှာရမယ် တတ်ထားတဲ့ပညာတွေကို အသုံးချတတ်ရမယ် နို့မို့ဆိုမင်းတို့လို ကားသမားဘ၀ပဲဖြစ်မယ်ဆိုတော့ ကိုကြီးဘာမှဆက်မပြောအောင် အသံတိတ်သွားခဲ့တယ်လေ ။ သူ့လိုမပင်ပန်းစေချင်ပြန်တဲ့စိတ်လေးက သူ့ဆီမှာရှိနေခဲ့တာကိုး ။ သူ့ကိုယ်လုံး၀၀ကြီးနဲ့ ၁၀ဘီးကားတွေပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတာကို သူကပျော်နေတာလေ ။ သစ်သစ်ပြန်တုန်းကတောင် ဘားအံကိုကိုကြီးမောင်းတဲ့ကားစီးမယ်ဆိုတော့ ၁၀ဘီးကားပေါ်တက်ဖို့ ခွေးခြေတစ်လုံးနဲ့တစ်လမ်းလုံး သူ့ဘက်ကအရင်ဆင်း သစ်သစ်ဆင်းမယ့်ဘက်ကိုပြေးလာ ခွေးခြေခံတက်ခိုင်းဆင်းခိုင်း အဲလိုလုပ်တာလေ ခုချိန်ထိပဲ ....း ) ။

သစ်သစ်စလုံးသွားမယ်ဆိုတော့ လေဆိပ်မှာငိုတာလဲ ဒီအစ်ကိုပဲလေ ။ ပြန်လာတော့လဲ ၀မ်းသာအားရလာကြိုတာ ဒီအစ်ကိုပဲ ။ သစ်ပြန်မယ်ဆို တောထဲရောက်နေရင်တောင် ဒရိုင်ဘာနဲ့ကားကိုထားခဲ့ပြီး သစ်ကိုကြိုဖို့ရန်ကုန်အရောက်လာတတ်တဲ့ အစ်ကိုပါ ။ မေးတဲ့မေးခွန်းတွေကိုကြည့်လေ စင်္ကာပူမှာရထားတွေက တံခါးပေါက်မရှိဘူးဆိုတာ ဟုတ်လား ပူနေမှာပေါ့ တစ်ရှူး ရေဗူး မမေ့နဲ့နော် အဲလိုမှာတတ်တဲ့အစ်ကိုလေ ။ တခါတလေရိုးလွန်းတော့ သစ်သစ်ကအားမရဘူး ။ စလုံးလာလည်ဖို့သစ်သစ်ခေါ်တော့ အလကားပေးတောင်မလာဘူးတဲ့ လေယာဉ်မစီးရဲဘူးတဲ့လေ ။ အဲလို အစ်ကိုမျိုးပါဆို ။

ခုတော့ သစ်အချစ်ဆုံးကိုကြီး အသက် ၄၃နှစ်ပြည့်ခဲ့ပြီလေ ။ သူချစ်တဲ့ သူ့ဇနီးရယ် ၊ သား ၊ သမီး ၄ယောက် ရယ်နဲ့ လောဘမရှိ ပျော်ပျော်ရွှင်ရွှင် ဘားအံမှာလုပ်ကိုင်စားသောက်နေထိုင်နေတာ ခုချိန်ထိပါပဲ ။ အရက်မသောက်နဲ့ဆို မသောက်တော့ဘူး ဘီယာပဲသောက်တယ်ဆိုတဲ့ ကိုကြီး ကျန်းမာရွှင်လန်းပြီး နောက်နှစ်၁၂၀တိုင် ကိုကြီးချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ အဝေးရောက်ညီမငယ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 10, 2010

ယုံမှာလား

ဒီနေ့ ရင်ထဲမှာ ဟာတာတာနဲ့ဘာကြီးဖြစ်မှန်းမသိ ဖြစ်နေမိတယ် ။ ဒါကြောင့် ဟိုးအရင်က သစ်သစ်ကိုယ်တိုင်ဆိုပြီး လုပ်ထားတဲ့ဖိုင်လေးတွေ ပြန်နားထောင်ရင်း အမှတ်တရခံစားချက်လေးကို တင်လိုက်ပါတယ် ။ အသံသိပ်မကောင်းလို့ သီးခံပြီးနားထောင်ပေးစေလိုပါတယ် ။ ဘာကြောင့်ရယ်မသိ ဒီသီချင်းက ဒီညမှာတော်တော်ဟတ်ထိသွားတယ် ဆိုပါတော့ ။ အရင်ကတင်ခဲ့ဘူးတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲလေ ။






ဆက်ဖတ်ချင်သေးရင်...

Sunday, May 9, 2010

အမေနေ့အလှူလေး

သစ်သစ်တို့အဖွဲ့ ၉.၅.၂၀၁၀ အမေများနေ့မှာ ထူးထူးခြားခြားအလှူလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့ နဂိုစီစဉ်ထားတာက အောက်တိုဘာလမှလုပ်မယ် စီစဉ်ထားပေမယ့် စောစောလုပ်ချင်တယ်ဆိုတဲ့ အားလုံးရဲ့ဆန္ဒအရ ဒီမေလထဲမှာ စီစဉ်ဖြစ်သွားခဲ့ပါတယ် ။ ပျော်စရာလည်းကောင်းသလို တစ်ဖွဲ့လုံးဒီလိုနေ့ထူးနေ့မြတ်လေးမှာ အတူတကွ တရားနာနိုင်ခဲ့ကြ ကုသိုလ်အတူယူနိုင်ခဲ့ကြပါတယ် ။


သစ်သစ်တို့ဒီအစီအစဉ်ဖြစ်မြောက်ဖို့ ၁လလောက်အလိုကတည်းက တိုင်ပင်ဖြစ်ခဲ့ကြပါတယ် ။ အားလုံးရဲ့မအားလပ်တဲ့နေ့ရက်တွေကို ဖယ်လို့ ၉ယောက်လုံးအဆင်ပြေမယ့်နေ့ကို ရွေးချယ်ခဲ့ကြပါတယ် ။ အစပထမကတော့ မေလပထမဆုံးအပတ်မှာ ရက်လိုချင်ပေမယ့် ဘုန်းကြီးကျောင်းကအဲ့နေ့မှာ နေ့ဆွမ်းအလှူရှင်ရှိနေပြီးသားဖြစ်နေပါတယ် ။ ဒါကြောင့် သစ်သစ်တို့လည်း အမေနေ့ဖြစ်တဲ့ ဒီနေ့လေးကိုရွေးချယ်ဖြစ်ခဲ့တယ် ဆိုပါတော့ ။

ဘယ်သူတွေကဘာလုပ်မယ် ဘာချက်မယ် ဘယ်သူတွေကတော့ ဘယ်လိုကူညီမယ် တာဝန်တွေအသီးသီးခွဲလို့ အကြိမ်ကြိမ်လည်း စုပေါင်းတိုင်ပင်ကာ အမှားအယွင်းအလေအလွင့် ကင်းအောင် သေချာစီစဉ်နိုင်ခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့က ၉ယောက်ရှိပါတယ် ။ ဒီလူတွေက ဘလော့လေးတွေဖတ် ကွန်မန့်လေးတွေပေးလို့ ခင်မင်လာခဲ့တာ ခုဆိုရင် ၁နှစ်ကျော်တောင်ရှိခဲ့ပါပြီ ။ ဘယ်သူကသာတယ်နာတယ် တစ်ခါမှမစဉ်းစားပဲ ခုချိန်ထိညီညီညွတ်ညွတ်နဲ့ ညီအမအရင်းသဖွယ် နေလာခဲ့တာကနေ ခုလိုစုပေါင်းအလှူလေး လုပ်ဖြစ်တဲ့ထိအောင် ချီတက်နိုင်ခဲ့ကြပါပြီ ။ ဒီ၉ယောက်ဆိုတဲ့ အမည်တွေကတော့ စာဖတ်သူတွေရင်းနှီးအောင် သစ်သစ်ဖော်ပြပေးပါ့မယ် ။ သစ်သစ်ကတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်း)။ နောက်တစ်ယောက်ကတော့ ဘလော့လေးရေးတဲ့ ဗစ်စတာပါ ။ ထောပတ်သီးဆိုတာကတော့ အရင်ကဘလော့လေးရှိပေမယ့် ခုတော့စာဖတ်သူတစ်ယောက်အနေနဲ့ပဲ ရပ်တည်နေတဲ့ညီမငယ်လေးပါ ။ နောက်တစ်ယောက်ကတော့ အများကိုကူညီတတ်တဲ့ ညီမငယ် မေလေးဆိုတဲ့ ဘလော်ဂါပါ ။ နာမည်ကြီးစာဖတ်ပြီး ကွန်မန့်တွေလိုက်လံပေးတတ်တဲ့ သူတွေကတော့ ချယ်ရီ ၊ မျိုး ၊ ခရမ်းချဉ်သီး ၊ နိုမို ၊ ညည ဆိုတဲ့ ပင်တိုင်စာဖတ်သူတွေပါပဲ ။ စာဖတ်သူရယ် ဘလော့ရေးတဲ့သူရယ် လို့မခွဲခြားပဲ တစ်ဦးရဲ့အပူကို တစ်ဦးကမျှဝေ တစ်ယောက်ရဲ့အပျော်ကို တစ်ယောက်ကကူးစက်လို့ ရှေ့ဆက်လည်း ဒီလိုအလှူလေးတွေစုပေါင်းလှူဒါန်းရင်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး နေသွားကြမယ်လို့ သစ်သစ်မျှော်လင့်မိပါတယ် ။

ချက်မယ်ပြုတ်မယ်ဆိုတော့ အရင်ကတော့ သစ်သစ်တို့ဘုန်းကြီးကျောင်းမှာ စုပေါင်းချက်ပြုတ်ကြမယ် ဆုံးဖြတ်ထားပေမယ့် စနေရုံးမတတ်ရတဲ့ သစ်သစ်က အိမ်မှာပဲဝက်သားအချိုချက် ၊ ခရမ်းချဉ်သီးငါးပိချက် တို့ကိုချက်ပြီး ညနေကျမှ ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့ပါတယ် ။ မျိုး ၊ ချယ်ရီ ၊ ထော ၊ ရမ်းရမ်း ၊ နိုမို တို့ကတော့ စနေရုံးဆင်းပြီးတာနဲ့ လိုအပ်တာတွေဝယ်ခြမ်းပြီး ဘုန်းကြီးကျောင်းမှာချက်ပြုတ်ခဲ့ပါတယ် ။ အလှူနီးမှနေမကောင်းတွေဖြစ်တဲ့ မေလေးကိုတော့ အလှူနေ့မနက်မှပဲ ၀က်နံရိုး ကြာဥ ဟင်းချိုချက်ပေးဖို့ အစီအစဉ်ပြောင်းခဲ့ပါတယ် ။ ဗစ်ကလည်း ငါးဖယ်သုတ်အတွက် ငါးဖယ်တွေကြော် အစိမ်းကြော်တွက် ကြက်အမြစ် နှလုံးတို့ကို အိမ်မှာပဲလုပ်ကိုင်လို့ အလှူနေ့မနက်မှ ကျောင်းမှာလာကြော်ပါတယ် ။ တနင်္ဂနွေမနက်၈နာရီကတည်းက ကန်စွန်းဥရွှေကြည်ယူမယ့် ညညတစ်ယောက်ကတော့ ရွှေကြည်ဗန်းကြီးပိုက်လို့ ၁၀နာရီကျော်လောက်မှာ ပန်းဝင်လာပါတယ် ။ လိုအပ်တာမှန်သမျှ ရစေရမယ်ဆိုပြီး ဘေးနားကနေ ကူညီလုပ်ကိုင်ပေးတဲ့ ထော ၊ နိုမို ၊ ချယ်ရီ ၊ ရမ်းရမ်း တို့အစွမ်းကလည်း မသေးလှပါဘူးလေ ။ မနက်မှစောစောလေးထပြီး လက်ဖက်ချဉ်စပ်တစ်ဗူးနှပ်လို့ လိုအပ်တဲ့တိုမီမိုစတွေသယ်ကာ ၁၀နာရီကျော်လောက်မှာ သစ်သစ်လည်းကျောင်းရောက်လာခဲ့ပါတယ် ။ မျိုးတစ်ယောက်ကတော့ သစ်သစ်ရောက်တဲ့အချိန်မှာ ပုစွန်တန်ပူရာကြော်ဖို့ ကြိုးစားနေဆဲကာလတွေပေါ့း ) ။

မကြာပါဘူး တရားအရင်နာဖို့ ကျောင်းသားလေးတစ်ယောက်က လာခေါ်ပါတယ် ။ အားလုံးစုပေါင်း တရားနာနေပြီး မဆုံးခင်မှာ ဘုန်းကြီးဆွမ်းပွဲပြင်ဆင်ဖို့ မျိုး နဲ့ မေလေးက ကြိုတင်ဆင်းသွားခဲ့ပါတယ် ။ နောက်သံဃာတွေကို ဆွမ်းကပ်လို့ အချိုပွဲတွေအတူကပ်လို့ ကုသိုလ်တွေယူခဲ့ကြပါတယ် ။ အားလုံးပြီးတော့ ကိုယ်တွေအဖွဲ့စားသောက်ကြတာကတော့ နောက်လိုက်ပြောင်လိုက် တော်တော့်ကိုပျော်စရာကောင်းပါတယ် ။ ပင်ပန်းပေမယ့် အဆင်ပြေပြေပြီးစေချင်တဲ့ဇောကလည်းများနေတော့ အားလုံးစားသောက်ပြီးတဲ့အချိန်ကြမှ စိတ်ချလက်ချပျော်နိုင်ကြပါတော့တယ် ။ ဘုန်းကြီးကျောင်းကိုအလှူငွေလှုဖို့ အဖွဲ့နာမည်စဉ်းစားတာကလည်း တော်တော်ရယ်စရာကောင်းပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သစ်ကတော့ ဒီလိုအလှူလေးပြီးမြောက်သွားလို့ အားလုံးကိုကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ပြောရင်း လာရောက်စာဖတ်သူတွေလည်း သစ်သစ်တို့နဲ့အတူ သာဓုအတူခေါ်ရင်း ကုသိုလ်အတူပြုကြတာပေါ့နော်.... ။

ဘုန်းဘုန်းတရားပေးနေစဉ် ကျောင်းကကောင်လေးရိုက်ထားတဲ့ပုံ

ဆွမ်းကပ်ဖို့ပြင်ဆင်နေပုံ

ပို့လိုက်ရတဲ့ အီးမေးလ်များး)

တို့တွေစားကြမယ်ဟေ့

သရက်သီးစိမ်း (သွားကြိမ်းလိုက်ထှာ)

ဂိုးဒမ်းမိုင်းလ်က ငှက်ပျော်ခြောက်ကြော်

စုံလင်လှတဲ့ တို့စရာ


ကြက်ကချင်ချက် မျိုးအစွမ်း

ဒီလိုမှိုခြောက်လည်း ထည့်ရတာတဲ့လေ

မှိုခြောက်မထည့်ခင် ကြက်သားအိုး

ငါးဖယ်သုတ် ၊ ၀က်သားဟင်း ၊ တို့စရာ ၊ ငါးပိချက် ၊ ပုစွန်ကြော်

အချိုပွဲတစ်ချို့

ငါးပိချက်အိုး

ဝက်နံရိုး ကြာဥဟင်းချို ရှလွတ်

ဝက်သားအချိုနှပ်

ကန်စွန်းဥရွှေကြည်

ချစ်ဗစ်လက်ရာ အစိမ်းကြော်

မပါမဖြစ် မြန်မာလက်ဖက်

ရွှေပုစွန်က နက်ကထိုင်

ပုစွန်တန်ပူရာကြော်



သစ်သစ်တို့အဖွဲ့ အလုပ်များနေတော့ ဓါတ်ပုံကိုသေချာစွာမရိုက်နိုင်လို့ အားတဲ့သူကအဆင်ပြေသလို ရိုက်ထားတဲ့ပုံလေးတွေမို့ သီးခံပြီးကြည့်ပေးကြပါနော် ။ ဓါတ်ပုံဆရာမလေးထောပတ်သီးရဲ့ အနီးကပ်ရိုက်ချက်များကတော့ အံ့မခန်းလွန်းလို့အချို့ကို ၀မ်းနည်းစွာပဲ ချန်လှပ်ခဲ့ရပါတယ် ... ဟိ ။

ဆက်ဖတ်ချင်သေးရင်...

Saturday, May 8, 2010

လွမ်းရတဲ့နေ့တွေအကြောင်း

တမ်းတနေမိတဲ့သူတစ်ယောက်အတွက် နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ပေါ့ ။ စိုးသူသီချင်းတွေကို စွဲစွဲမြဲမြဲနားထောင်ဖြစ်ပါတယ် ။ သီချင်းနားထောင်တယ်ဆိုတာကလည်း ခံစားချက်နဲ့တိုက်ဆိုင်နေရင် အလိုလိုကောင်းနေရောလေ ။

ဆက်ဖတ်ချင်သေးရင်...

Friday, May 7, 2010

ကာလာမပါ ဆက်ဆံရေး

သစ်သစ် စာတွေအစဉ်တစ်စိုက် ဖတ်နေတဲ့သူတွေကတော့ သစ်သစ်အစ်ကို ကိုစိုးမိုးကို သိကြမယ်ထင်ပါတယ် ။ မနှစ်ကဒီလိုအချိန်မှာပဲ သစ်အစ်ကိုက သစ်ကိုစိတ်ဓါတ်ခွန်အားများစွာ ပေးခဲ့ဘူးပါတယ် ။ ဒီနှစ်လည်းပဲ တိုက်ဆိုင်မှုပဲဆိုရမလိုလို မနေ့ကအစ်ကိုရောက်လာခဲ့ပါတယ် ။ အစ်ကိုနဲ့သစ်သစ်က ဘယ်တော့မှချိန်းထားလေ့မရှိပါဘူး ။ သူလိုအပ်နေချိန်တိုင်း သစ်သစ်ရောက်သွားလေ့ရှိသလို သစ်သစ်လိုအပ်နေချိန်တိုင်း အစ်ကိုကထူးဆန်းစွာသစ်သစ်နား ရောက်လာလေ့ရှိပါတယ် ။ အစ်ကိုပြောတဲ့စကားလုံးတိုင်းက သစ်သစ်အတွက် တော်တော်တန်ဖိုးရှိပါတယ် ။ ကိုယ်အထင်ကြီးနေလို့ဖြစ်နေမှာလို့ အရင်ကထင်မိပေမယ့် တကယ်တော့အစ်ကိုက သစ်ကိုအမြဲမှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဆုံးမသလို သူကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်အောင် နေပြပါတယ် ။


ခင်မင်မှုတွေ ရင့်သန်လာသမျှ အစ်ကို နဲ့ သစ် ရဲ့ဆက်ဆံရေးဟာ အများထင်သလိုမဟုတ်တာ ပိုပြီးပေါ်လွင်လာပါတယ် ။ ကောင်းတဲ့အလုပ်ဆို အစ်ကိုက ညီမတစ်ယောက်ကို လက်တွဲခေါ်သလို သစ်သစ်ဆိုတာဘယ်တော့မှ မမေ့ပါဘူး ။ သူအဆင်မပြေချိန်ဆို သစ်သစ်ကိုဘာမှပြောလေ့မရှိပါဘူး ။ သစ်သစ်ကမေးမှပါ ပြောတတ်ပါတယ် ။ ဒါပေမယ့် သူဘာဖြစ်တယ်ဆိုတာကိုလည်း သစ်သစ်ကကြိုသိနေတတ်ပါတယ် ။ မနေ့ကတော့ သစ်သစ်လည်းတော်တော်ဒေါင်းပါတယ် ။ လူကလည်းအမှန် အမှားကိုဝေခွဲမရဖြစ်နေချိန်ပေါ့ ။ ကြောင်တောင်တောင်ကာလလို့လည်း ဆိုလို့ရပါတယ် ။ ငါဘာမှားနေလဲ စဉ်းစားနေတာကအရင်ပေါ့နော် ။ ရထားပေါ်တက်ခါနီးမှာပဲ အစ်ကို့ဆီကဖုန်းဝင်လာခဲ့ပါတယ် ။ နေကောင်းလား ဘာစားသွားလဲကစလို့ အသံကဘာဖြစ်နေတာလဲ တခုခုဖြစ်နေတယ် ပြောစမ်း မှာ အဆုံးသတ်သွားပါတယ် ။

အစ်ကို့ကို သစ်သစ်က ညီအမလို အစ်ကိုလို သူငယ်ချင်းလို ပုံစံမျိုးစုံဆက်ဆံပါတယ် ။ အစ်ကိုကမေးလိုက်ပြီဆိုတာနဲ့ ကတုန်ကယင်ဖြစ်နေတဲ့ သစ်သစ်ကိုအစ်ကိုက နီးစပ်ရာထိုင်ခုံတစ်ခုမှာ အရင်ထိုင်စေပါတယ် ။ ခံစားနေရတာတွေအားလုံးကို စိတ်အေးလက်အေးမုန့်စားရင်း သေချာပြောခိုင်းပါတယ် ။ အားလုံးပြောပြီးလို့ သစ်သစ်မောသွားချိန်မှာ အစ်ကိုက ငါ့ညီမက ကလေးဆန်နေတုန်းပဲကိုးတဲ့လေ နောက်တော့ ညီမဘာဆက်လုပ်ချင်လဲ ဒါကိုပဲအရင်မေးပါတယ် ။ သစ်ဆုံးဖြတ်ချက်ကိုလည်း သေချာစဉ်းစားပေးပြီး သစ်တွေ့နိုင်မယ့်အမှား အမှန်တွေကို ထောက်ပြပါတယ် ။ အိုကေ ဒါတွေကိုလက်ခံနိုင်ပြီ ဆိုတာနဲ့ သစ်ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ် ။

နောက်ရုံးကိုရောက်အောင်ပို့ပြီးမှ ဖုန်းချသွားခဲ့ပါတယ် ။ သစ်သစ်တနေ့လုံးတစိမ့်စိမ့် စဉ်းစားမိပါတယ် ။ လူတစ်ဦးနဲ့တစ်ဦးမှာ ကာလာတွေမလိုပဲ ဖြူစင်စွာနဲ့ဆက်ဆံပေးနိုင်တဲ့ ဆက်ဆံရေးမျိုးက တကယ်ကိုလိုအပ်ပါတယ် ။ အားငယ်တယ်ဆိုတာထက် တွေဝေနေချိန်မှာ ပိုပြီးလိုအပ်လေ့ရှိပါတယ် ။ အစ်ကို့ကိုလည်း တကယ်ကျေးဇူးတင်ပါတယ် ။ သစ်ဒီလိုအစ်ကိုမျိုးနဲ့ တွေ့ဆုံခွင့်ရတာ ဘုရားကျေးဇူးတော်ပါပဲလေ ။ အစ်ကိုလည်း ကျန်းမာရွှင်လန်းစွာနဲ့ ဘ၀ရဲ့နေ့ရက်တွေကို ကျော်လွန်ဖြတ်သန်းနိုင်ပါစေလို့ ဒီပို့စ်လေးနဲ့အတူဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, May 5, 2010

ရေရွတ်သံ

ပျောက်ဆုံးတစ်နေ့
ရှိခဲ့သော်ငြား
အမှတ်မထင်
ထိုရုပ်သွင်ကို
နှလုံးသားထက်
အစဉ်မှတ်လို့
သတိရစေသား


အသစ်တွေ့လို့
သင်မေ့ခဲ့သော်
တစ်ချိန်တစ်ခါ
မင်းထံပါးတွင်
ငြိတွယ်ခဲ့သော
ပိုးမျှင်လေးကို
မှတ်မိစေသား

ငါ၏စကား
နှုတ်ဝယ်ဖွဖွ
ရေရွတ်ခဲ့စဉ်
ချစ်တယ်ဆိုတဲ့
ဒီစကား
သင့်ထံပါးတွင်
ပဲ့တင်စေသား

ဆက်ဖတ်ချင်သေးရင်...

Monday, May 3, 2010

အတူတူမင်းနဲ့

အင်ထရိုကစာသားလေးကို ကြိမ်ဖန်များစွာ နားထောင်မိတယ် ။ ခုတလော ဒီသီချင်းကို အကြိမ်တော်တော်များများ နားထောင်နေမိတယ် ။

ဆက်ဖတ်ချင်သေးရင်...

ချစ်ကမ္ဘာရှာမယ်

I love this song.

ဆက်ဖတ်ချင်သေးရင်...

Saturday, May 1, 2010

ရှုခင်းပုံ

သစ်သစ် ဒီနေ့ရောက်ခဲ့တဲ့ နေရာက ရှူခင်းပုံလေးတွေနဲ့ အရင်ကရောက်တတ်ရာရာ ရိုက်ထားတဲ့ပုံလေးတွေပါ စုဆောင်းသိမ်းထားတဲ့အနေနဲ့ ပို့စ်လုပ်တင်ထားတာပါ ။ တစ်နေရာတည်း တစ်ကြိမ်တည်းကြည့်နိုင်အောင်လေ ။ သေချာတာကတော့ ဒီနေ့သည် မနေ့ကထက်အလွန်ပို ပင်ပန်းနေပါတယ်ကွယ်...း) ။


သစ်ကိုမူးနောက် စေခဲ့သူ


ရန်ကုန်သူလေ ရေမြင်ရင် တဖက်သတ်ကိုပျော်နေတာ

အို..ဘာတဲ့ ကိုရွှေလိပ်


ဆုတောင်းပြည့်တယ်ဆိုလားပဲး)

ရေအရောင်လေးသိပ်သဘောကျမိတယ်

ကျောက်တန်းလေးရဲ့အလှတစ်ခု

ဒီနေ့သွားတဲ့ သက်သေလေ

ကြည့်လေရာ သင်္ဘောတွေ

တစ်ခါကရောက်ခဲ့ဘူးတဲ့နေရာ အမှတ်တရ

လမ်းလေးကိုက ကဗျာဆန်နေသလိုပဲ

မြက်ခင်းစိမ်းစိမ်းလေးမှာ စိတ်ကူးတွေလန်းဆန်းခဲ့တယ်

ထိုင်ခုံလေးက ထိုင်သူမဲ့နေတယ်

ဆက်ဖတ်ချင်သေးရင်...