Thursday, April 29, 2010

ကျောင်းအလွမ်း

ဒီနေ့ ကျောင်းတုန်းကအကြောင်းတစ်ခုလောက် ပြန်ရေးမယ်စဉ်းစားထားပါတယ် ။ သစ်သစ်တို့ ကျောင်းတက်တုန်းကဆို ဆယ်တန်းအောင်လို့သာတက်ရပေမယ့် အုပ်ချုပ်ပုံက အထက်တန်းကျောင်းနဲ့မခြားပါဘူး ။ ကျောင်းကားစီးတယ် ကျောင်းရောက်တယ် တစ်ချိန်ပြီးတစ်ချိန်သင်တယ် စာသင်ချိန်မှာ အတန်းပြင်မှာလူမရှိပုံကတော့ အထက်တန်းကျောင်းအတိုင်းပါပဲလေ ။ နေ့လည်မုန့်စားဆင်းရင် ထမင်းစားတယ်ပေါ့ ။ တက္ကသိုလ်ဆိုတာမျိုးက အဲလိုမှမဟုတ်တာလေ အတန်းမတက်ချင်လည်း အပြင်ထွက်နေလို့ရတယ် ။ ကင်တင်းထိုင်လို့ရတယ် လွတ်လပ်တယ်ဆိုပါတော့ ။


သစ်သစ်တို့က စတက်တော့ အဲ့ကျောင်းကြီးက တကယ့်ကိုကျောင်းအဟောင်းကြီးပါပဲ (ခုလည်းအဟောင်းပါပဲလေ ) ။ ဆိုလိုတာကနောက်မှ စာကြည့်တိုက်တွေ ကွန်ပျူတာခန်းတွေနဲ့ ဖြစ်လာတာကိုပြောချင်တာပါ ။ ပုံဆွဲတဲ့အခန်းဆိုလည်း အဲယားကွန်းမလိုပါဘူး အပင်လေးတွေကရိပ်မိုးထားလို့ သူ့အလိုလိုအေးမြနေတာပါ (ဆရာတွေကတော့ ချွေးဘူးသီးလုံးလောက်ကျပြီး သင်နေတာပေါ့နော် ) ။ ကျောင်းထဲမှာလဲ စိုက်ခင်းလေးတွေရှိတော့ ဘူးသီးတွေဘာတွေဆို ၀ယ်လို့တောင်ရပါတယ် ။ လက်ဆတ်တယ်ဆိုပါတော့လေ ။ အရင်ကကျောင်းအ၀င်ဘက်မှာ ကျောင်းကဆရာတွေကိုပေးထားတဲ့အဆောင် ရှိပါတယ် ။ သစ်သစ်သူငယ်ချင်းက သူတို့ရပ်ကွက်ထဲကဆရာလင်မယားနဲ့သိတော့ အဲ့အိမ်မှာသစ်သစ်တို့အဖွဲ့က စတည်းချနေကြပေါ့ ။ တကယ်တော့နေသာနေရတာ ကျောင်းအုပ်ဆရာမကြီးအိမ်နဲ့က မျက်နှာချင်းဆိုင်လေ ... ဟိဟိ ။ ကျောင်းမတက်ပဲ မုန့်ဖတ်သုတ်စားတယ် မှော်ဘီဈေးကနေ သဘောင်္သီးစိမ်းဝယ် သုတ်စားတယ် အစုံသုတ်စားတယ် တကယ်ကိုပေါက်ပေါက်ရှာရှာစားကြပါတယ် (ကျောင်းမတက်ရပြီးရောလေ) ။

ပျော်သလားတော့ မမေးနဲ့ ခုဆိုအဲ့ဒီအချိန်တွေ ပြန်မရနိုင်တော့ဘူးလေ ။ သစ်သစ်အပျော်ဆုံးနဲ့ သတိအရဆုံးကတော့ ၁၉၉၉ မှာလုပ်တဲ့ မေဂျာပေါင်းစုံဝဲလ်ကမ်းပါပဲ သစ်သစ်တို့ေ၇ှ့မှာဘယ်သူမှမရှိတော့ ကိုယ့်ဘာသာပဲဝဲလ်ကမ်းကြပါတယ် ။ အကျွေးအမွေးတွေ စတိတ်ရှိုးတွေနဲ့ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ် ။ ဘာမှန်းညာမှန်းမသိ တတ်သလောက်မှတ်သလောက်နဲ့ လုပ်ကြ နောက်တော့ရေတွေပက်ကြပေါ့ ။ အော် တောပေမယ့်လည်း ပျော်နေကြတာပဲလေ ဒါတောင် ဆရာ ဆရာမတွေက စည်းကမ်းတင်းကြပ်ထားတာနော် ။ ကျောင်းရှေ့ကရွာကြီးက ဘယ်လိုဆိုတဲ့အတင်းတွေ ကျောင်းရှေ့ကဖြိုးဆိုတဲ့ ယောက်ျားလေးဆောင်မှာ သူငယ်ချင်းတွေဖဲသွားရိုက်တာ ယောက်ျားလေးတွေပေါ့ ခြင်ထောင်ချပြီးဖဲရိုက်ကြတာ ကိုယ်တွေကအပေါက်ကနေဆရာ ဆရာမစောင့်လေ တကယ်တမ်းလည်း ကျောင်းအုပ်ဆရာမကြီးနဲ့ စည်းကမ်းထိန်းသိမ်းရေးလည်းလာရော သစ်သစ်တို့ပါခြင်ထောင်ထဲပြေးဝင် အသက်တောင်မရှုရဲဘူးလေ ။ ဒီလောက်တင်းကြပ်ထားတာတောင် ကလေးတွေကလည်းဆိုးပါတယ် ဥက္ကံကနွားပွဲစားတွေနဲ့ချိန်းပြီးရိုက်ကြပါတယ် ဆွဲကြိုးတွေပါဆုံးတဲ့အထိပါပဲ (သစ်သူငယ်ချင်းတာတေတွေပေါ့ ခုတော့လည်း လှိုင်းစီးလို့သင်္ဘောလိုက်နေကြတယ်လေ) ။

ကျောင်းပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းအစုံ မှော်ဘီမြို့ဝင် မြို့ထွက် ဘုန်းကြီးကျောင်းအစုံပါပဲ သွားကြတာ ပန်းတစ်ပွင့်တောင် တောင်ပါသေးတယ် (သိပ်မကဲပါဘူးလေ) ။ သစ်သစ်တို့မိန်းကလေးတွေလည်း မခေပါဘူးလေ မှော်ဘီတစ်ခွင်က ဗေဒင်ဆရာမအစုံပဲ ဘယ်သူမှအလွတ်မပေးဘူး တွက်လိုက်ကြတာလေ (ခုတွေးခုရီချင်တယ်) ။ ဒီနေ့တော့ ကျောင်းကသူငယ်ချင်းတစ်ယောက်နဲ့ လိုင်းပေါ်တွေ့ရင်း ကျောင်းကအကြောင်းတွေ စမြုံ့ပြန်တော့ သစ်သစ်လည်းမှတ်မိတာလေးတွေ ချရေးလိုက်တာပါ ။ နောက်တစ်ခေါက်မှ ရန်ကုန်မြို့ကိုရေဖြန့်ဝေပေးနေတဲ့ ရေလှောင်ကန်သွားတဲ့အကြောင်းထပ်ရေးပါဦးမယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Friday, April 23, 2010

တစ်စွန်းတစ်စ

စာမရေးတာလည်း ကြာပါပြီ ရေးစရာတွေ ရှိပေမယ့် ရေးချင်စိတ်ကို ပျောက်ဆုံးနေခဲ့တာပါ ။ ဘာမှမရှိတာကို လာဖတ်ကြတဲ့သူတွေ ရှိပြန်တော့လည်း ကိုယ့်ကိုယ်ကို တာဝန်မကျေသလို ခံစားမိပြန်တယ် ။ ဒီတပတ် အင်း..ဒီတလလို့ဆိုလည်း မမှားပါဘူး ။ စိတ်ဆင်းရဲ့ခြင်းတွေ အများကြီးရှိသလို အဆင်မပြေခြင်းတွေကလည်း အပြည့်ပေါ့ ။ မုန်တိုင်းပြီးရင် လေပြည်လာမယ် မျှော်လင့်ချက်နဲ့ ရပ်တည်ခဲ့ရတယ် ဆိုပါတော့ ။

မိသားစုကြား ၊ အပေါင်းအသင်းကြား ၊ ချစ်သူကြား ၊ အတူနေအခန်းဖော်တွေကြား အိုးးးးးးးးး စုံနေတာပါပဲ ။ သစ်သစ်ကိုယ်တိုင်ကလေ ပြသနာဆို သိပ်ဖြေရှင်းလေ့မရှိဘူး မဖြစ်အောင်ရှောင်ပြီး ဖြစ်လာရင်လည်း တဖက်ကသူ့အလိုလို နားလည်အောင် စောင့်တတ်တယ် ။ မိဘနဲ့ကျတော့ တော်တော်ဖြေရှင်းရခက်ပါတယ် (ဖြေရှင်းစရာစကားလုံးလည်း ပျောက်ဆုံးနေတယ် ) ။ သစ်သစ်ရယ်လို့ဖြစ်အောင် မွေးဖွားပေးတာ ဒီမိဘတွေဆိုတော့ ကျေးဇူးတွေကဆပ်လို့တောင် မကုန်ပါဘူးလေ ။ မိဘတွေရဲ့ထင်မြင်ချက်က ဗီဒိုအာဏာနဲ့အမြဲတည်တတ်တယ်လေ ပြောလိုက်လို့ အဆင်ပြေမှာထက် မပြောပဲငြိမ်ခံတာက တစ်ခါတစ်လေပိုကောင်းနေတတ်တယ် ။ ခုတော့လည်း သစ်အပေါ်နားလည်စပြုလာပါပြီလေ ။ ဒါကြောင့်မို့ထင်တယ် အမေပြောတာ နိုင်ငံခြားရောက်သွားပြီးမှ သစ်ကလှို့ဝှက်စွာ နေတတ်လာတယ်တဲ့လေ (အမေ့ထင်မြင်ချက်တစ်ခုပေါ့ ) နည်းနည်းဆိုးဆိုးဆိုရင်တော့ သွေးအေးပြီးခေါင်းမာလာတယ်တဲ့လေ ..း) ။

သစ်သစ်အပေါင်းအသင်း ဘယ်လောက်မင်တယ်ဆိုတာ ခင်မင်သူတိုင်း သိပါတယ် ။ ဒီရက်ပိုင်းတစ်ချို့တွေက သစ်သစ်စေတနာအမှားတွေ ဆက်တိုက်လုပ်မိပါတယ် ။ ထင်မြင်ယူဆချက်တွေလွဲလို့ ဘယ်သူ့ကိုမှတွေ့ချင်စိတ်မရှိလောက်အောင်ပါပဲလေ ။ မဖြစ်နိုင်တာထက် မဖြစ်သင့်ဘူးစဉ်းစားပြီး အဆင်ပြေသလိုနေပေးခဲ့ပါတယ် ။ ချစ်ခင်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ် ။ မျက်ရည်ကျသည်အထိ ၀မ်းနည်းရပါတယ် ။ သူတနေ့နားလည်လာနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ် ။

ချစ်သူကတော့ ကိုယ့်ဘက်ကအမှားတစ်ခု အတွက် အရာရာလိုက်လျောသီးခံပြီး ယုံကြည်မှုဆိုတာကို ပြန်လည်တည်ဆောက်နေပါတယ် ။ သိပ်ချစ်တာဆိုတာသူ့ကို သိစေချင်သလို သူ့ရင်ထဲကအလိုလို နားလည်တာလဲ ဖြစ်စေချင်ပါတယ် ။ ဘယ်တော့မှကိုယ်ရှုံးတယ်လို့ မတွက်ပဲ အစဉ်အမြဲနားလည်ပေးနိုင်တဲ့စိတ် ဖြစ်အောင်လည်း ကြိုးစားနေပါတယ် ။ အချိန်ကတော့ သက်သေတစ်ခုဖြစ်လာမှာပေါ့လေ ။

အခန်းလေးကနှစ်ပြည့်တော့ ပြောင်းရတော့မယ်ဆိုပါတော့ ဒီအတွက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း အနည်းငယ်ကတောက်ကဆလေးတွေ ရှိတာပေါ့နော် ။ စိတ်အနည်းငယ် အနှောင့်အယှက်ဖြစ်တာကလွဲလို့ အဆင်ပြေပါတယ် ။

အပြင်းထန်ဆုံး ရိုက်ချက်ကတော့ ဒီအပတ်ထဲမှာဖြစ်သွားခဲ့ပါတယ် ။ သွေးပေါင်ချိန် အပေါ်သွေး၁၄၈ ထိ တက်သွားခဲ့တယ် ။ လူတွေကိုဆုံဖို့မဆိုထားနဲ့ နံနက်မိုးလင်းလို့ အိပ်ယာထရင်တောင် အလုပ်ဆိုတဲ့စိတ်ကလေးကြောင့် ကုတင်ပေါ်ကခြေချဖြစ်ပါတယ် ။ စိတ်ထဲမှာတင်းနေပြီး လူကအူတိအူကြောင်တောင် ဖြစ်နေပါတယ် ။ ခံစားချက်တွေပြောချင်ပေမယ့် ပြောခွင့်မရတဲ့ အခြေအနေတစ်ခုကို ရောက်နေခဲ့တယ်လေ ။ ရုံးသွားရာလမ်းတစ်လျှောက်မှာ ကိုယ်နိုင်ရာမြေကြီးကို ဖိနင်းရင်းကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေ ပြန်တွေနေတာလည်း အခါခါပါ ။ နောက်ဆုံးတော့ ငါဟာဇီးရိုးလောက်တောင် တန်ဖိုးမရှိတဲ့သူတစ်ယောက်ဖြစ်တာ ကွင်းကွင်းကွက်ကွက် အဖြေပေါ်လာခဲ့တယ် ဆိုပါတော့ ။

ဒီလိုတွေခံစားနေရလို့ သစ်သစ်မျက်နှာ ပျက်နေမယ် ငိုနေမယ် မှိုင်တွေနေမယ် ထင်ရင်မှားသွားလိမ့်မယ် ။ ကော်ကပ်ထားတဲ့အပြုံးတစ်ခုကို အမြဲပန်ဆင်ရင်း နေ့ရက်တွေကိုဖြတ်သန်းနေတာပါပဲလေ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်ဆိုတာ သိနေပေမယ့် စိတ်ဓါတ်တွေကတော့ အ၀ီစိကိုရောက်နေတော့တာပါပဲ ။ ချစ်သူကိုခံစားရသမျှ ဖွင့်ပြောပြချင်ပေမယ့် သူကလည်းသူ့အလုပ်သူ့အပူနဲ့ပဲ ကိုယ်ပြောပြနေတာထက် သူပြောတာတွေနားထောင်ပေးတာက သူလည်းစိတ်ချမ်းသာ ကိုယ်လည်းစိတ်ချမ်းသာပါတယ် ။ တစ်နေ့တာရဲ့ခဏတာ စကားပြောချိန်မှာ သာယာနေတော့ကောင်းတာပေါ့နော် ။ မဟုတ်ရင် ရှော့ခ်ရှိတာပေါ့..... ဟုတ်တယ်ဟုတ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, April 17, 2010

ဒီရေဒီမြေသို့ တစ်ခေါက်-၇

၂၃.၀၂.၂၀၁၀ ညနေ ၃နာရီတိတိမှာ သစ်သစ်တစ်ယောက် အစ်မနဲ့တောင်ကြီးမြေမှ ပြန်လည်ထွက်ခွာခဲ့တယ်ဆိုပါတော့ ။ လမ်းခရီးမှာကတော့ ပုံမှန်ပါပဲ ဒါပေမယ့် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို မနက်၃နာရီရောက်တဲ့အချိန်မှာ ပြသနာကစပါတော့တယ် ။ သစ်သစ်အမက သစ်သစ်နဲ့အတူဖြစ်နေတော့ သစ်သစ်တို့ကိုဘယ်သူမှလာမကြိုနိုင်ဘူးလေ ။ အဲဒီမှာစတွေ့ပါပြီ တက်စီဆရာတွေနဲ့ ....။

အဝေးပြေးကားပေါ်ကဆင်းတာနဲ့ကို အမဲဖြတ်သလိုစောင့်နေတဲ့ တက်စီဆရာတွေက ကားထွက်ပေါက်မှာပိတ်နေတော့ ကားဆရာကတောင် အော်ယူရပါတယ် ။ လွန်ခဲ့တဲ့ သစ်သစ်ဘားအံကပြန်လာတော့ တက်ဆီဆိုတာ တစ်ယောက်တည်းငှားရင် ၂၅၀၀ နဲ့ ၃၀၀၀ကြားပေးရင် တယောက်တည်း အေးဆေးစွာငှားစီးလို့ရပါတယ် ။ ခေတ်တွေပဲပြောင်းသွားသလားတော့ မသိပါဘူး စိတ်အရမ်းတိုစရာကောင်းပါတယ် အောင်မင်္ဂလာဝင်းနဲ့သစ်သစ်နေတဲ့အိမ်က လုံးဝကိုမဝေးပါဘူး ။ အဲဒါကိုစင်းလုံးငှားတာ ၈၀၀၀ထောင်တောင်းပါတယ် ။ ဘယ်လောက်ဒေါသထွက်စရာကောင်းပါသလဲ လူကဟမ်ခနဲကိုဖြစ်သွားပါတယ် ။ အခြားသူတွေကို ကြည့်လိုက်တော့လဲ တစ်ယောက်တည်းဘယ်သူမှမငှားကြပဲ စုပေါင်းတက်စီတွေပေါ်မှာပဲ ရောက်နေကြပါတယ် ။ တစ်ယောက် ၃၀၀၀ထောင်ဆိုတာ စုပေါင်းတက်စီဈေးကို ဖြစ်နေပါတယ် ။ သစ်သစ်အမက အိမ်ကိုဖုန်းဆက်မယ်တဲ့ လာကြိုခိုင်းမယ်တဲ့ သစ်သစ်လက်မခံပဲ တက်စီပဲစီးပြန်မယ်ဆိုတော့ တယောက်ကို ၂၅၀၀နဲ့ စုပေါင်းတက်စီပေါ်ရောက်သွားပြီ ဆိုပါတော့ ။ အမတဲ့နောက် ၁၀မိနစ်ပဲစောင့်ပါတဲ့ လူမရလဲထွက်ပေးမယ်တဲ့လေ အိုကေပေါ့ ကိုယ့်ပစ္စည်းတွေကို ကားနောက်ဖုန်းမှာထည့်ပြီး သော့ခတ်သွားပါတယ် ။ ၁၅မိနစ်လည်းပြန်မလာပါဘူး အိုကေလေ သစ်သစ်ကတက်စီဂိတ်ကိုသွားပါတယ် ကားနံပတ်ဒီလောက်ရဲ့ ကားသမားဘယ်မှာလဲလို့ ကျွန်မမစီးတော့ဘူး အိတ်တွေပြန်လိုချင်တယ်ဆိုတော့ ဂိတ်မှူးကအဲ့လူကိုရှာပေးပါတယ် ။ အဲ့လူကနောက်ဝင်လာတဲ့အဝေးပြေးကားတွေမှာ လူလိုက်ခေါ်နေတာပေါ့နော် သစ်သစ်တို့ကိုလည်းမြင်ရော အခုပဲလူရပါပြီ အခုပဲထွက်ပါတော့မယ်ဆိုပြီး ဘုရင့်နောင်တစ်ယောက် အင်းစိန်က သစ်သစ်တို့ ညီအမ၂ယောက် နောက် စုံတွဲက စော်ဘွားကြီးကုန်းလေ စုစုပေါင်း၅ယောက်တင်တာနော် နောက်ဖုန်းဖွင့်ပြီးတော့ကို ပစ္စည်းတင်တာနော် သစ်သစ်ကတော့ တစ်လမ်းလုံးရစ်တော့တာပေါ့ ဒီလိုနဲ့ ၂၄ရက်နေ့မနက်ကတော့ မလှပခဲ့ပါဘူး ။ အောင်မင်္ဂလာအဝေးပြေးက တက်စီသမားတွေကတော့ အရမ်းကိုဆိုးရွားလွန်းတာ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပါတယ် ။

အိမ်ရောက်တော့လည်း မီးကမလာ ဘာမှကိုမမြင်ရပါဘူး အစောကြီးပတ်ဝန်းကျင်ကိုအားနာတော့ မီးစက်နှိုးဖို့ကလည်း အဆင်မပြေဘူးလေ ။ စိတ်ကတိုနေတာဆိုတာကတော့ မိုးလင်းတဲ့အထိပါပဲလေ ။ နေ့လည်ကျတော့ ဘားအံကအစ်ကိုကဖုန်းဆက်ပါတယ် နေ့ကားနဲ့ကလေးတွေစာမေးပွဲပြီးလို့ ရန်ကုန်ဆင်းလာပြီတဲ့လေ ဒါနဲ့ညနေဘက် အောင်မင်္ဂလာအဝေးပြေးကို ထပ်ချီတက်ရပြန်တယ် ။ ဒီတူ ၊ တူမတွေက သစ်သစ်ရဲ့အသက်ပဲလေ တွေ့တာနဲ့အလွမ်းသယ်ကြတာ ညဘက်ရောက်တဲ့အထိပါပဲ ။ ညရောက်တော့ ငယ်စဉ်ကသူငယ်ချင်းက အိမ်မှာလာတွေ့တော့ သစ်သစ်တစ်ယောက်လမ်းထိပ်ကိုထွက်ဖြစ်ခဲ့တယ်လေ ။ ပြောင်းလဲနေတဲ့ကိုယ့်ရပ်ကွက်ကို အဲဒီတော့မှသေချာကြည့်ဖြစ်တယ် သစ်သစ်ရပ်ကွက်ထဲမှာ အပြင်သိပ်မထွက်ဖြစ်ဘူးလေ ။ ပြန်လာတော့လဲ ကလေးတွေနဲ့ရယ်မောရင်းတရက်ကလျင်မြန်စွာ ကုန်သွားပြန်တယ်လေ ။

၂၅ရက်နေ့ ရောက်တော့ သစ်သစ်အလုပ်ရှုပ်ပါတယ် ။ မနက်၁၀နာရီမှာ တွေ့ဖို့နောက်ဆုံးကျန်နေတဲ့ အန်တီတစ်ယောက်ကိုသွားတွေ့ရပါတယ် ။ သစ်သစ်အပြင်ထွက်ရင် ကိုးမိုင်ကဆရာ့အိမ်ကနေထွက်လေ့ရှိသလို တစ်နေရာကနေတစ်နေရာသွားလို့ အချိန်ဟနေလဲဆရာ့အိမ်ပဲဝင်တာလေ ။ ဘာလို့လဲဆိုတော့ ဆရာ့အိမ်ရယ်လို့ ကိုယ့်စိတ်ထဲမရှိဘူး ကိုယ့်အိမ်လိုပဲလေ ပြီးတော့ဆရာကဘယ်သွားသွားလိုက်ပို့ဆို ပို့တယ်လေ ။ အဲဒီအန်တီနဲ့၈မိုင်က ရွှေဘဲမှာ နေ့လည်စာစားပြီးတော့ ကိုးမိုင်စီးတီးမတ်မှာ ပြန်ဖို့လက်ဆောင်ပစ္စည်း သယ်စရာလေးတွေပြန်ဝယ်တယ်ဆိုပါတော့ ဒီလိုနဲ့ ၃နာရီလောက်မှာ အိမ်ပြန်ပြေးရပြန်တယ်လေ ။ ဆရာက ဒီည သစ်သစ်တို့သူငယ်ချင်း၂ယောက်ကို အော်ရီရယ်တယ်ဟောက်စ်မှာ ညစာကျွေးဖို့အစောကြီးကတည်းက ပြောထားတာကိုး ..။

ဒါတောင်သူငယ်ချင်းနဲ့လှည်းတန်းကို သွားလိုက်တာ ည၈နာရီလောက်မှ ဆရာ့ဆီကိုရောက်တယ်လေ ။ ဆရာဦးညီလှငယ်ထုတ်ထားတဲ့စာအုပ်ကို ဆရာ့ကိုဝယ်ခိုင်းထားတာ ချစ်ဆရာကအဆင်သင့်ဝယ်ထားတာ ၂ယောက်လုံးအတွက်ပေါ့ ။ တစ်အုပ်ကို ၂သောင်းကျော်ဆိုတော့ ဆရာကိုပြန်ပေးတာ လုံးဝမယူပါဘူး (ဆရာကအဲဒါတွေချစ်ဖို့ကောင်းတာ ... ဟိ ) နောက်ဆရာ့ကားနဲ့ မြို့မကျောင်းလမ်းချီတက်ကြတယ် ဆိုပါတော့ ။ ဆရာကားမောင်းတာကို သစ်သစ်တို့၂ယောက် နောက်ကနေအမျိုးမျိုးပြောဆို နှောင့်ယှက်နေတာလေ ပျော်စရာလည်းကောင်းသလို ရန်ကုန်မှာဆရာနဲ့အတူ အလုပ်လုပ်ခဲ့တာတွေပြန်သတိရစေပါတယ် ။ နောက်ဆရာက ရန်ကုန်ရဲ့လက်ရှိအခြေအနေလေးတွေ သစ်သစ်တို့ကို စလုံးကပြန်လာရင် ဘယ်ဟာကဘယ်လိုလုပ်ဖို့ ဆုံးမစကားပြောလိုက် ပြောင်လိုက်နောက်လိုက် ဆရာကတော့တကယ့်သူငယ်ချင်းလိုပါပဲလေ ။ ဆရာကလည်းပြောတယ် ခင်ဗျားတို့ပြန်လာမှပဲ ဒီလိုရီမောမိတော့တယ်တဲ့လေ မကြာမကြာပြန်လာဖို့လည်း ပြောပါတယ် ။ တစ်ကိုယ်တည်းဆိုတော့လဲ ဘယ်လောက်ပဲပိုက်ဆံရနေပါစေ ဆရာငြီးငွေ့တာမဆန်းပါဘူးလေ ။ သစ်သစ်တို့လိုချုပ်ထိန်းစရာမလို ပြောချင်သလိုပြောတဲ့ တပည့်မျိုးကလည်းရှားတယ်လေ ။

ဆရာက သစ်သစ်တို့စိတ်တိုင်းကျမှာစေတယ်လေ ။ စားလို့လည်းကောင်း စကားလည်းကောင်းနဲ့ပဲ ည၁၀နာရီထိုးပါတယ် ။ သစ်သစ်သူငယ်ချင်းမောင်လေးက ကိုးမိုင်မှာထိုင်စောင့်နေတာ အားနာစရာတကယ်ကောင်းပါတယ် ။ ကလေးကခေါ်လည်းမလိုက်ပါဘူးလေ ဆရာကသစ်သစ်တို့ကိုကားနားလိုက်ပို့ပြီးတော့ မပြန်စေချင်ပဲစကားထိုင်ပြောချင်ပါတယ်လေ သူ့တပည့်တွေကမရတော့ဘူး တော်တော်ကိုပင်ပန်းနေကြပြီလေ ။ ဒီလိုနဲ့ပဲ ၂၅ရက်နေ့တစ်ရက်လည်း ကုန်ဆုံးသွားခဲ့ပါပြီ ။ ဒီလိုနဲ့ပြန်ရမယ့်ရက်က တစ်စထက်တစ်စနီးကပ်လို့ လာခဲ့ပါတယ် ။ အပိုင်း ၈ မှာ သစ်သစ်အဆုံးသတ်ဖို့ စဉ်းစားထားပါတယ် ။ အားလုံးပဲမင်္ဂလာရှိသော နှစ်သစ်ကူးလေးဖြစ်ပါစေရှင်.... ။

ဆရာနဲ့စားခဲ့တဲ့ လွမ်းမောစရာ ရှလွတ်တွေပါ


အချိုပွဲတဲ့ အစကတော့ကျောက်ကျောလို့ထင်တာ မဟုတ်ပါဘူး ခါးသက်သက်လေးပါ အရသာက


သစ်သစ်အကြိုက်ဆုံး ငါးသံပရာပေါင်းလေ


တုံယမ်းဟင်းချို ချဉ်စပ်လေး


အဲလောက်ပဲ သစ်သစ်စားတာပါနော်


ကြက်ချိုချဉ် ပြည်ကြီးငါးသုတ် နဲ့ မုန်ညင်းကြော်

ဆက်ဖတ်ချင်သေးရင်...

Thursday, April 15, 2010

ဆုံချင်ပါတယ်

သစ်သစ်တို့ ဒီအပတ်တနင်္ဂနွေမှာ ကျောင်းတုန်းက သူငယ်ချင်းတွေပြန်လည်ဆုံတွေ့ဖို့ အစီအစဉ်လေးရှိပါတယ် ။ ဘုန်းကြီးကျောင်းမှာ အာရုဏ်ဆွမ်းကပ်ပြီး သူငယ်ချင်းအားလုံးဆုံတွေ့ကြမယ်လို့ စီစဉ်ထားပါတယ် ။ ဒီနေ့လေးမှာ အစီအစဉ်လေး ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ဖို့အတွက် သူငယ်ချင်းများ စုပေါင်းဆောင်ရွက်နေကြပါတယ် ။ တွေ့ဆုံချင်တာကတော့ သူငယ်ချင်းအားလုံးဆိုပေမယ့် ကိုယ့်နိုင်ငံမဟုတ်လေတော့ ဒီကိုရောက်နေတဲ့ သူငယ်ချင်းအနည်းစုပဲ တွေ့ဖို့ကြိုးစားရတော့မယ်လေ ။ ဒါ့အပြင် သစ်သစ်တို့ကမှော်ဘီကျောင်းရဲ့ ပထမဆုံးအသုတ်ဆိုတော့ အငယ်တန်းကမောင်ငယ် ညီမငယ်လေးများကို လက်လှမ်းမှီသလောက် ခေါ်ထားပါတယ် ။ မေဂျာပေါင်းစုံကိုလည်း စုစည်းစေချင်ပါတယ် ။ မှော်ဘီကျောင်းကဆိုတာနဲ့ အကြီးအငယ်ဘယ်မေဂျာမဆို လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ် ။ ဒီလိုတွေ့ဆုံပွဲမှသည် တက်ခဲ့တဲ့မှော်ဘီကျောင်းကို ဘယ်လိုစုပေါင်းပြန်လည်အကျိုးပြုနိုင်မလဲဆိုတဲ့ အတွေးလေးနဲ့အသင်းတစ်ခုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးလည်း ပါဝင်ပါတယ် ။ အားလုံးပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်မိပါတယ် ။ ကဲ အားလုံးပဲဆုံကြမယ်နော်.....



နေရာ
စမ်ဘာဝမ်း ဘုန်းတော်ကြီးကျောင်း
No.2, JALAN KERAYONG, SEMBAWANG STRAITS EASTATE,
SINGAPORE 759300
(စမ်ဘာဝမ်း အင်တာချိန်းမှ ၈၈၂ စီးပါ။)

အစီအစဉ်
ဆွမ်းကပ်တရားနာ - မနက် ၆း၀၀ မှ ၈း၀၀
စားကြသောက်ကြတွေ့ဆုံကြ - မနက် ၉း၃၀ အထိ

ဆက်သွယ်ရန်
ညီညီ ( ၈၁၆၁ ၆၁၃၉ )
အောင်ကျော်မင်း ( ၉၃၉၅ ၂၂၁၄ )
ငြိမ်းချမ်းထက် ( ၈၂၀၀ ၈၆၈၁ )
ခင်သန္တာ( ၉၇၅၉ ၄၅၄၇ )
နန္ဒာ ( ၉၀၆၀ ၆၃၀၅ )
စုစန္ဒာမြင့် ( ၈၂၀၄ ၆၁၁၅ )
မြတ်ဆု ( ၉၄၂၃ ၂၅၉၀ )

သူငယ်ချင်းတွေအားလုံး ဆုံကြမယ်နော်....။ အထက်ကကြိုက်ရာ ဖုန်းနံပတ်ကိုဆက်ပြီး တက်ရောက်မယ့်သူတွေ အကြောင်းကြားစေချင်ပါတယ် ။ အားလုံးကိုကျေးဇူးတင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, April 11, 2010

တောင်ကြီးခရီးစဉ်

ဒီလိုနဲ့သစ်သစ် ၂၂.၂.၂၀၁၀ နေ့ ညနေ ၄နာရီခွဲလောက်မှာ အရင်ကအရမ်းကိုရောက်ဖူးချင်ခဲ့တဲ့ တောင်ကြီးမြို့ပေါ်သို့ ခြေချမိခဲ့ပါတယ် ။ နေရောင်လေးကလည်း ရှိတော့ ရွှေဘုန်းပွင့်ဘုရားကို အရင်ဆုံးသွားဖူးဖြစ်ပါတယ် ။ တောင်ပေါ်သို့တက်ရင်း ဟိုးတောင်ထိပ်ဆီက ရွှေဘုန်းပွင့်ဘုရားကို ရောက်ချိန်မှာ မြင်လိုက်ရတဲ့ တောင်ကြီးမြို့ပေါ်အပေါ်စီးရှုခင်းက တော်တော်ကိုရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ ကြာရှည်နေချင်ပေမယ့် အချိန်မရှိတော့ နောက်ဘုရားတစ်ဆူသို့ ရှေ့ဆက်ခဲ့ရတယ် ။

နောက်ဘုရားတစ်ဆူက စူဠာမုနိဘုရားပါ လိုဏ်ခေါင်းထဲမှာ ရပ်တော်မူဘုရားများစွာ ရှိတာကိုတော့မှတ်မိနေပါတယ် ။ နောက်ဘုရားနံရံတွေမှာ သစ်သစ်တစ်ခါမှမဖူးမြော်ဘူးတဲ့ ဘုရားအဆူပေါင်းများစွာကို သေချာစွာဖူးဖြစ်ခဲ့တာတော့ မှတ်မိပါသေးတယ် ။ အဲ့ဒီဘုရားကထွက်တော့ သစ်သစ်ကတော်တော်ကိုပြိုင်းနေပါပြီ ။ တောင်ကြီးမြို့မှာ သစ်သစ်တည်းခိုရန် ရန်ကုန်ကသစ်သစ်အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာတည်းခိုရန်စီစဉ်ပေးထားတယ်လေ ။ သူ့အဖေက တောင်ကြီးခရိုင်မှာ အကြီးဆုံးရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့ လူကြီးတစ်ဦးဆိုတော့ သစ်သစ်တို့မရောက်သေးလို့ စိတ်တွေပူနေတယ်လေ ။ သစ်သစ်ကိုတောင်ကြီးအရင်လာပြီးမှ အင်းလေးသွားလည်မယ်ထင်ထားခဲ့တာလေ ။ ရန်ကုန်ကသူငယ်ချင်းကလည်း မရောက်တော့ ဖုန်းတွေအကြိမ်ကြိမ်ဆက်လို့ပေါ့နော် ။

ယဉ်ကျေးမှုပြတိုက်နောက်က သူတို့အိမ်ရောက်ချိန်မှာ သစ်သစ်ကပစ်လှဲချင်လောက်အောင် ဖြစ်နေပြီလေ ။ ကားရပ်တာနဲ့အိတ်တွေတောင်မချနိုင်ဘူး ကြိုဆိုနေတဲ့အိမ်စောင့်ရဲဘော်လေးကို ပြောပြပြီးသူတို့ကလည်း အိမ်ကိုတံခါးတွေဖွင့်ပေးပါတယ် ။ အန်ကယ်ကဖုန်းဆက်ထားတော့ သူတို့ကမနက်ကတည်းက သစ်သစ်တို့မျှော်နေတာလို့ ဆိုပါတယ် ။ အခန်းပေါင်းများစွာရှိတဲ့အိမ်ကြီးတစ်လုံးမှာ သစ်သစ်တို့ညီအမ၂ယောက်ပဲ နေရမယ်တဲ့လေ ။ မှန်တာပြောရရင် ဒီလိုမီးခိုးခေါင်းတိုင်နဲ့အိမ်မျိုးက သစ်သစ်ရုပ်ရှင်ထဲမှာပဲမြင်ဘူးတာပါ ။ တစ်အိမ်လုံးမှာ ၂ယောက်တည်းဆိုတော့ ကြောက်မိတာမဆန်းပါဘူး နောက်ရဲဘော်လေးက အပြင်ခန်းမှာအိပ်ပေးမယ်ဆိုမှ သတ္တိခဲဖြစ်တဲ့ညီအမ၂ယောက် ဧည့်ခန်းမှာမွေ့ယာတွေပြောင်း စောင်တွေအထပ်ထပ်နဲ့ အိပ်ဖို့ပြင်ဆင်ကြပါတော့တယ် ။ သစ်သစ်တို့စားဖို့ ရဲဘော်မိန်းမလေးက ရှယ်ချက်ထားတာကို ဟန်မဆောင်နိုင်အောင် စားပြီး ရေနွေးနဲ့ရေချိုးပြီး အိပ်လိုက်တာဆိုတာ ည၂နာရီလောက်ကျတော့ သစ်သစ်ပြန်နိုးလာပါတယ် ။ စကားပြောလို့မရတော့ပါဘူး အသံမထွက်တော့ဘူးလေ အရမ်းလည်းအေးပါတယ် ။ ဒါနဲ့ထွန်းရွှေဝါတွေကို လည်ပင်းမှာအထပ်ထပ်လူးပြီး ပုဝါလေးနဲ့စီးပြီး ပြန်အိပ်တာလည်း အဆင်မပြေပါဘူး ။ တနေ့လုံးလေစိမ်းတွေတိုက်လာလို့ ထင်ပါတယ် လည်ပင်းထဲမှာပူနေပြီး နေရတာတစ်မျိုးကြီးဖြစ်နေတာလေ ။ နောက်ဆေးသောက်ပြီးပြန်အိပ်တာ မနက် ၈နာရီရောက်တော့အမက လာနှိုးပါတယ် တောင်ကြီးမြို့တစ်ခွင်ကို လိုက်ပြပေးဖို့ အန်ကယ်ဖုန်းဆက်ကြောင်း ရဲဘော်လေးကလာပြောပါတယ် ။

အရမ်းအေးတော့ရေတောင်မချိုးနိုင်တော့ပါဘူး ခြေလက်ဆေးပြီးချိန်မှာ ကားကအဆင်သင့်အိမ်ရှေ့ရောက်နေပြီလေ ။ ဒါနဲ့သစ်သစ်တို့ကို အရင်ဆုံးဒေါ်နန့်ပန် (နာမည်မှားနိုင်ပါတယ် ) ဆိုင်မှာ ရှမ်းအစားအစာနဲ့ဧည့်ခံပါတယ် ။ ကြက်ခြေထောက်ရေခွံသုတ် ၊ ရှမ်းခေါက်ဆွဲအရည် ၊ တို့ဖူးနွေး ၊ ၀က်သားချဉ် အိုးးးး ရှမ်းစာအစုံပါပဲလေ ။ အရမ်းကိုစားလို့ကောင်းပါတယ် နောက်တောင်ကြီးမြို့ပေါ်က လမ်း၃လမ်းကို ကားနဲ့လိုက်မောင်းပြပြီး တောင်ကြီးတက္ကသိုလ်ရှေ့မှာ ဓါတ်ပုံဆင်းရိုက်နောက်တော့ မီးပုံးပျံလွှတ်တယ်ဆိုတဲ့ကွင်းထဲမှာ ခဏဆင်းနောက်တော့မြို့ကို တစ်ပတ်ပတ်လို့မြန်မြန်ပဲလိုက်ပြခဲ့ပါတယ် ။ ညနေ၃နာရီကားနဲ့ရန်ကုန်ဆင်းမှာဆိုတော့ ခပ်သုတ်သုတ်သွားနေရတယ်လေ ။ အိမ်ပြန်ရောက်တာနဲ့ တောင်ကြီးဈေးကိုချီတက်ကြတယ်လေ ။ ဈေးသွားတဲ့လမ်းပေါ်က ရွှေနှင်းဆီစတိုးမှာ သစ်သစ်ဖိနပ်တွေဝင်ဝယ်တော့ ဒီဇိုင်းမျိုးစုံလှတဲ့ ဖိနပ်များစွာကိုတွေ့ခဲ့ရတယ် ။ တကယ်ကိုဒီဇိုင်းလေးတွေလှပြီး ဈေးနှုန်းကလည်းအရမ်းကိုချိုပါတယ် ။ ၀ယ်သူတွေစိတ်ကျေနပ်အောင် ပြောတတ်လွန်းတော့ ရင်ထဲမှာတကယ်အမှတ်တရရှိခဲ့ပါတယ် ။ နောက်ဈေးထဲရောက်တော့လည်း ရှမ်းစာတွေပဲရွေးဝယ် လက်ဖက်ခြောက်ကတော့ သစ်သစ်အမစိတ်ကြိုက်ကို ၀ယ်တာလေ သူကဈေးဝယ်ဝါသနာပါတယ် ။ သစ်သစ်ကတော့ စတော်ဘယ်ရီသီးတွေကို အကြိုက်ဆုံးပါပဲလေ ။ ဈေးကိုကြည့်လိုက်တာ စတော်ဘယ်ရီနီနီလေးတွေ ရဲနေတာ တော်တော်ကြည့်လို့ကောင်းတယ် ။ ဓါတ်ပုံရိုက်ချင်ပေမယ့် မကြိုက်မှာစိုးလို့ ဖုန်းလေးနဲ့ပဲတစ်ပုံခိုးရိုက်ခဲ့ပါတယ် .... အဟိ ။ အဆုံးထိရေးရင် တော်တော်ရှည်နိုင်လို့ နောက်ပို့စ်တစ်ခုခွဲရေးလိုက်ပါတယ်နော် ။


ရွှေဘုန်းပွင့်ဘုရား


မီးပုံးပျံလွှတ်ပွဲကျင်းပတယ်ဆိုတဲ့ကွင်း


စူဌာမုနိဘုရား

တောင်ကြီး နဲ့ ချယ်ရီဆိုတာ ခွဲမရဘူးလေ


တည်းတဲ့အိမ်က မီးခိုးခေါင်းတိုင်လေး


တည်းခိုတဲ့အိမ်ခြံထိပ်


စတော်ဘယ်ရီပုံ (ခိုးရိုက်လာတာ)


ကြက်ခြေထောက်ရေခွံသုတ်


ဝက်သားချဉ် ..ရှလွတ်


ရှမ်းခေါက်ဆွဲအရည် (အရမ်းကောင်းတယ်)



ဆက်ဖတ်ချင်သေးရင်...

Thursday, April 8, 2010

မွေးကတည်းက အူကြောင်ကြား

ဒီနေ့ သစ်သစ်ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုလောက် ပြောပြချင်ပါတယ် ။ သစ်သစ်ကိုမွေးတုန်းက အကြောင်းလေးပေါ့နော် ။ သစ်သစ်ကိုအသက်ကြီးမှ မေမေကကိုယ်ဝန်ရှိတာပါ ။ သစ်သစ်ကို မေမေ့အမေ သစ်အဘွားဝင်စားတယ်လို့လည်း ယုံကြည်ကြပါတယ် ။ အဘွားဆုံးပြီးမကြာဘူး သစ်သစ်ကိုကိုယ်ဝန်ရှိတယ်ပြောကြတာပဲလေ ။ မေမေစိတ်ဆိုးတိုင်းပြောလေ့ရှိတာကတော့ ငါ့အမေကဒီလောက်မ၀ဘူးတဲ့....ဟိ ။ ဒီလိုနဲ့သစ်သစ်လူ့လောကကို ရောက်ဖို့ဖြစ်လာတယ် ဆိုပါစို့ ။

သစ်သစ်ကို ကိုယ်ဝန်စရှိတော့ မေမေကအိပ်မက် မက်ပါတယ် ။ ကောင်းကင်ပေါ်က ဂါဝန်တစ်ထည်ကျလာတယ်လို့ မက်တယ်တဲ့ ။ မေမေက မိန်းကလေးပဲဖြစ်မယ်လို့ အဲဒီကတည်းကထင်ပြီးသားပါတဲ့ ။ နောက်ကိုယ်ဝန်ကပုံမှန်ပါပဲတဲ့ ။ ဒါပေမယ့်ကျန်တဲ့မောင်နှစ်မထက် ထူးခြားတာကတော့ သစ်သစ်ကိုကိုယ်ဝန်စရှိကတည်းက ဖေဖေကရှေ့တန်းမထွက်တော့ပါဘူး နောက်တန်းမှာပဲနေရပါတယ် ။ အရင်မောင်နှမတွေတုန်းကဆို မေမေကိုယ်ဝန်နဲ့လဲ အဖေရှေ့တန်းမှာ မေမေမွေးပြီးလို့ ကလေး လသားအရွယ်ကျမှ ဖေဖေပြန်လာလေ့ရှိပါတယ် ။ တရုတ်ဖြူတွေနဲ့တိုက်ရတယ်လို့လဲ ပြောသံကြားဘူးပါတယ် ရှေ့တန်းမှာနှစ်နဲ့ချီနေရသလို နေ့တိုင်းမေမေဆို စက်သံပဲနားထောင်နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် သစ်သစ်ကို ကိုယ်ဝန်စရှိကတည်းက မွေးသည်အထိ ဖေဖေနောက်တန်းမှာပဲ နေရလို့လားမသိဘူး ဖေဖေကသစ်သစ်ကို အားလုံးထက်အချစ်ပိုပါတယ် ။

အစ်ကို အစ်မများကလည်း အလယ်တန်းအထက်တန်းကျောင်းသူ ကျောင်းသားတွေဖြစ်ပြီဆိုတော့ သူတို့ကလေးသေးသေးလေးအရမ်း လိုချင်ကြတယ်လေ ။ သစ်သစ်ကိုမွေးမဲ့နေ့ကိုပဲ ပြောပြပါဦးမယ် အဖေကမေမေ့ကို တပ်တွင်းသားဖွားခန်းကို ပို့ပြီးအိမ်ပြန်ရေနွေးအိုး တည်နေတယ်တဲ့ ။ အဲ့အချိန်မှာ ဆေးခန်းမှာ လူကြီးသူမအစ်ကိုကြီး အစ်ကိုငယ် မမရယ် ကျန်ခဲ့တာတဲ့ ။ သစ်သစ်မေမေက အသက်၃၆နှစ်ကျော်မှ သစ်သစ်ကိုမွေးတာဆိုတော့ မေမေက၀စပြုနေပါပြီ ။ ကလေးကလည်း ထွားတယ်လို့ဆိုပါတယ် ဟိဟိ ။ မကွေးခရိုင် မိချောင်းရဲကျေးရွာက တပ်တွင်းလေးမှာပေါ့ တစ်ခုသောနေ့တစ်နေ့ ညနေ၅နာရီအချိန်မှာ သေမင်းကိုအံတုလို့ မေမေက သစ်သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ကလေးတစ်ကိုယ်လုံးက အဆီတွေနဲ့ဖြစ်နေတော့ ပြားလွန်းလှတဲ့သစ်သစ်နှာခေါင်းမှာ အဆီဖတ်တစ်ခုကတ်နေတာကို ဆေးမှူးကသတိမထားမလိုက်ပါဘူး ။ ရုတ်တရက်ကလေးကို ကြည့်လိုက်ပြီး ဒီကလေးနှာခေါင်းမပါဘူး နောက်နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အတွက် ဗိုလ်မှူးကိုခုချက်ချင်းအကြောင်းကြားပါလို့ ပြောပါတယ် ။ သားဖွားဆရာမကလည်း အခန်းပြင်ထွက်ကြည့်တော့ လူကြီးလူကောင်းတွေတွေ့တယ်ဆိုပါတော့ ။

နောက်အိမ်မြန်မြန်ပြန် ကလေးကအသက်မရှင်နိုင်ဘူး လူကြီးသွားခေါ်ဆိုတော့ သစ်သစ်အစ်ကိုငယ်က အိမ်ကိုပြေးပါတယ် ။ ရေနွေးအိုးတည်နေတဲ့အဖေ့ကို အဖေမြန်မြန်လာ ညီမလေးမှာ နှာခေါင်းမပါဘူး သေတော့မယ် မြန်မြန်လာဆိုတော့ အဖေကလည်း ဟေ..ဆိုပြီး ရဲဘော်မိန်းမတွေကို မှာခဲ့ပြီး သားဖွားခန်းကို ပြေးတယ်လို့ဆိုပါတယ် ။ ဒီအချိန်ဆေးခန်းမှာလည်း ကလေးကိုရေချိုးပေးတော့ ကပ်နေတဲ့အဆီဖတ်ကြီးက ကွာကျလာတယ်တဲ့ နောက် ပိပြားနေတဲ့နှာခေါင်းလေးပေါ်လာတယ် ဆိုပါတော့နော် ။ အဲ့ကတည်းက သစ်သစ်အစ်ကိုတွေက ငယ်ငယ်ကတည်းကနေ ခုထိသစ်သစ်ကို နှာခေါင်းအမြဲဆွဲတယ် ခုထိလည်းဆွဲနေတုန်းပဲ ။ သစ်သစ်ကသူတို့အားကြီးနဲ့ဆွဲတော့ နာတာပေါ့ အဲ့တော့အော် သူတို့ကအော်လေဆွဲလေပဲ ။ ဒီလိုဆွဲခဲ့တဲ့အကျိုးကြောင့် ခုဆိုသစ်သစ်တစ်ယောက် နှာခေါင်းပြားပြီး ရုပ်ဆိုးဆိုးမဖြစ်တော့ပါဘူးလေ ။ ဒီနေ့ ဘာရယ်မဟုတ် အစ်ကိုအကြီးဆုံးကို အရမ်းသတိရနေပြီး မေလမှာကျရောက်မဲ့ ကိုကြီးမွေးနေ့မှာ ဘာလက်ဆောင်ပေးရင် ကောင်းမလဲစဉ်းစားရင်း ငယ်စဉ်ကနှာခေါင်းအဆွဲဆုံး ကိုကြီးအပြုအမူတွေ တွေးမိရင်းဒီပို့စ်ကိုရေးတင်လိုက်တာပါ ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, April 7, 2010

သင်္ကြန်ရက်လေးတစ်ရက်

ဘာလိုလိုနဲ့ မဟာသင်္ကြန်တောင် နီးလာခဲ့ပြီပဲလေ ။ အဲဒီထဲကမှ တစ်ခုတည်းသော သင်္ကြန်ကိုသတိရမိတာ မဆန်းပါဘူးလေ ။ ၂၀၀၇ သင်္ကြန်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ် ။ ဘယ်တော့အခါမှမမေ့နိုင်တဲ့ သင်္ကြန်တစ်ခုပါပဲလေ။ မဟာသင်္ကြန်အတက်နေ့ တစ်ရက်ပေါ့ လူငယ်တွေဟာ နောက်ဆုံးရက်မှာ ဒီဇိုင်းမျိုးစုံနဲ့ကို ကဲနေကြပါတယ် ။


သစ်သစ်က သင်္ကြန်ဆိုရင် အရှေ့ရက်တွေအင်းလျားလမ်းမှာ ရေကစားလေ့ရှိပေမယ့် နောက်ဆုံးရက်တွေဆို မိဘစိတ်ပူမှာစိုးလို့ အိမ်မှာပဲနေလေ့ရှိပါတယ် ။ အဲ့ရက်ကတော့ မနက်ကတည်းက အိမ်ကသူတွေက ရေပက်ခံထွက်ကြပါတယ် ။ အဖေက ဘုန်းကြီးကျောင်းမနက်ကတည်းက သွားပါတယ် ။ အိမ်မှာ သစ်သစ်အစ်ကိုအကြီးဆုံးရယ် ယောင်းမရယ် ကလေးသေးသေးလေးရယ် အမေရယ် သစ်သစ်ရယ်ပဲရှိပါတယ် ။ ညနေ ၄နာရီလောက်ကျတော့ သစ်သစ်အစ်ကိုက အဖေ့ကိုကြိုဖို့ကားနဲ့ထွက်သွားပါတယ် ။ ယောင်းမက ၁၀လအရွယ်ပဲရှိသေးတဲ့ သစ်သစ်တူမလေးကို အာဟာရမှုန့်ကျွေးနေပါတယ် ။ အမေ နဲ့ သစ်သစ်က စကားပြောနေတယ် ဆိုပါတော့ ။ လမ်းထိပ်ဆီက သင်္ကြန်သီချင်းတွေ ၀ီစီသံတွေ ရေပက်သံတွေအတိုင်းသား ကြားနေရပါတယ် ။ ညနေ ၅နာရီခွဲလောက်ကျတော့ သစ်သစ်ယောင်းမက အိမ်နောက်ဖေးမှာ အ၀တ်တွေသွားရုတ်တော့ အား လား လား သစ်သစ်တို့ အနောက်လမ်း ၂အိမ်ကျော်က မီးလောင်နေတာ မီးတောက်ကြီးက တော်တော်ကိုမြင့်လို့ အိမ်လည်းတ၀က်ကျိုးနေပါပြီ ။

ဆူညံနေတဲ့ သင်္ကြန်တေးသံတွေကြားမှာ အဲ့ဒီအိမ်ကသူတွေက မီးကိုကြိတ်သတ်နေကြရင်း မီးတောက်ကအဆမတန် မြင့်လာတာပါ ။ ယောင်းမခေါ်တဲ့အချိန် သစ်သစ်သွားကြည့်တော့ ဘယ်လိုမှလွတ်ဖို့ရာမရှိတော့ပါဘူး ။ ဒါနဲ့သစ်သစ်လည်း ယောင်းမနဲ့ကလေးကို အရေးကြီးတာယူခိုင်းပြီး လမ်းထိပ်ကိုထွက်ခိုင်းလိုက်ပါတယ် ။ နောက်လူတွေပိတ်မိမှာ စိုးတယ်လေ ။ နောက်အမေကို ကားစာရွက်စာတမ်းတွေ သေချာယူစေပါတယ် သစ်သစ်ကိုယ်တိုင်လည်း အဖေ့အရေးကြီးစာရွက်တွေကို သေချာရွေးချယ်ရင်း ဖုန်းကိုလည်းအစ်ကိုဆီခေါ် ဘုန်းကြီးကျောင်းက အဖေဆီခေါ် ရွှေပြည်သာက သစ်သူငယ်ချင်းဆီခေါ် အင်းစိန်ကသူငယ်ချင်းယောက်ျားလေးတွေဆီခေါ်နဲ့ တော်တော်ကိုကတုန်ကရင် ဖြစ်မိပါတယ် ။

သစ်သစ်အစ်ကိုဆီဘယ်လိုမှ ဆက်မရတဲ့အပြင် အဖေဘုန်းကြီးကျောင်းကလည်း ခေါ်မရပါဘူး ။ ရွှေပြည်သာကသူငယ်ချင်းဆီရတော့ သူ့အိမ်ကဟိုင်းလတ်နဲ့ သစ်သစ်အဖေကိုဝင်ကြိုပြီး အိမ်ကိုအမြန်လာဖို့အကူအညီတောင်းလိုက်ပါတယ် ။ ဘုရင့်နောင်ကားဝင်းကိုရောက်နေတဲ့ သစ်သစ်အစ်ကိုကလည်း မီးသတ်ကားတွေသွားတာကြားပြီး အမြန်ပြန်လာပေမယ့် လမ်းတွေကပိတ်လိုက်ပါပြီ ။ အင်းစိန်ကသစ်သစ်သူငယ်ချင်းများကလည်း စက်ဘီးတွေနဲ့ပြေးလာကြပါတယ် ။ နောက်မီးသတ်ကားတွေ သစ်သစ်တို့လမ်းထဲကိုဝင်လိုက်ချိန်မှာ လမ်းထိပ်ကိုလူထွက်ဖို့တောင်မလွယ်တော့ပါဘူးလေ ။

အိမ်မှာသစ်သစ်အခန်းက အိမ်နောက်ဘက်ကိုမျက်နှာမူတော့ သစ်သစ်အခန်းကနေတက်ကြည့်ရင် မီးတောက်ရဲ့အပူတောင်ဟပ်ပါတယ် ။ သစ်သစ်ကခဏနေတက်ပြီး စာအုပ်တွေကိုကြည့်လိုက် ၀မ်းနည်းလိုက်ပေါ့ အနှောမြောဆုံးက သစ်သစ်ရဲ့အင်ဂျင်နီယာစာအုပ်တွေလေ သယ်လို့လည်းမရ ဒီအတိုင်းထိုင်ကြည့်နေရတယ် ။ အမေကသစ်သစ်ကိုလာခေါ်ပါတယ် အိမ်ကိုသော့ခတ်ပြီးသွားတော့မယ်တဲ့ သစ်သစ်အရမ်းကိုဝမ်းနည်းပြီး အမေ့ကိုမေးလိုက်တာက အမေ သမီးတို့ဘယ်မှာနေကြမှာလဲဟင် လို့.... ။ အဖြေမရှိတဲ့ အမေ့မျက်ဝန်းတွေကို ခုထိမှတ်မိပါတယ် ။ အိမ်ကိုသော့အထပ်ထပ်ခတ်လို့ ခြံဝန်းထဲမှာ သစ်သစ်ရပ်နေချိန် ရပ်ကွက်ထဲကပြေးလွှားနေတဲ့သူတွေက ဟဲ့ ကောင်မလေးဘာလုပ်နေတာလဲ အန္တရာယ်များတယ် ပြေးတော့ဆိုပြီး အော်သွားနေသံတွေ အဆက်မပြတ်ကြားနေရပါတယ် ။ ခြံစည်းရိုးကနေ လာတော့သမီးငယ်လို့ ခေါ်နေသံတွေ ကြားနေပေမယ့် သစ်ခြေထောက်တွေ လုံးဝကိုမရွေ့မိပါဘူး ။

မီးတောက်ကြီးကိုကြည့်ရင်း သစ်သစ်ငယ်စဉ်ကဆော့ခဲ့တဲ့နေရာ အိပ်ခဲ့တဲ့နေရာ ပျော်ခဲ့ဘူးတဲ့နေရာ အစုံကိုလိုက်ကြည့်နေမိတယ် ။ အဲ့အချိန်မှာ မီးသတ်သမားတစ်ယောက်က သစ်သစ်တို့ခြံထဲကနေပိုက်ဆွဲပြီး နောက်လမ်းကဘေးအိမ်တွေ မီးမကူးအောင်ပက်မယ်ဆိုတော့ သစ်သစ်ဖယ်ပေးလိုက်ရတယ်လေ ။ အဲ့အချိန်ကခံစားမှုရဲ့ပူလောင်ခြင်းက လောင်နေတဲ့မီးလိုပါပဲ ။ လာကူညီတဲ့သူငယ်ချင်းရဲ့ ကားကလည်းလမ်းပိတ်လို့ ၀င်လို့မရတော့ဘူးလေ ။ အဲ့အချိန်မှာ လမ်းလျှောက်ပြီးဝင်လာတဲ့ အဖေ့ကိုမြင်လိုက်တော့ သစ်သစ်ဘယ်လိုမှတင်းမထားနိုင်တော့ပဲ လဲကျသွားခဲ့တယ် ဆိုပါတော့ ။

နောက်မှသိရတာကတော့ နောက်လမ်းထိပ်ကုန်စုံဆိုင်က သင်္ကြန်တွင်းလှောင်ထားတဲ့ စားအုန်းဆီတွေ ခဲနေတာကိုပြန်ကျိုရင်း မီးမနိုင်ပဲစလောင်တာလို့ ပြောပါတယ် ။ ကျိုတဲ့ကောင်လေးက ရေထွက်ပက်လိုက် မီးကြည့်လိုက်ဆိုတော့ အပူများပြီးလောင်တာလို့ သိရပါတယ် ။ အဲဒီအိမ်ကတော့ တစ်အိမ်လုံးလောင်သွားပါတယ် ဈေးဆိုင်ကရောင်းနေတဲ့ပိုက်ဆံတွေကို ဂုံနီအိတ်ထဲကျုံးထည့်ပြီး ဟိုးးဘက်လမ်းကနေ သူ့အိမ်လောင်တာကိုထိုင်ကြည့်နေရတဲ့ ခံစားမှုကတော့ တော်တော်ကိုဆိုးရွားမယ်ထင်ပါတယ် ။ မီးညွန့်ကျိုးသွားချိန်မှာ သစ်သစ်ယောင်းမ ကလေးလေးကို လိုက်ရှာရတာလည်း လူအုပ်ကြားမှာတော်တော်ဆိုးပါတယ် ။

အားလုံးရှင်းလို့ လမ်းဖွင့်ချိန်မှ ပြန်ရောက်လာတဲ့ အစ်ကို အစ်မတွေကို ပြောပြရင်း နာရီပိုင်းအတွင်းဖြစ်ခဲ့တဲ့ အပူကိုပြန်လည်ခံစားကြည့်တော့ ဆက်ပြီးမခံစားနိုင်လောက်အောင်ပါပဲ ။ သင်္ကြန်တွေထဲမှာ အဲဒီသင်္ကြန်ကတော့ သစ်သစ်ဘ၀မှာ တသက်မေ့နိုင်တော့မယ် မထင်ပါဘူး ။ ရန်သူမျိုး၅ပါးနဲ့ ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ ကိုယ့်ရဲ့မရင့်ကျက်မှုကိုလည်း အမြဲတမ်းအောက်မေ့နေမိတာ အမှန်ပါပဲ ။ အမှတ်ရစရာလေးကို စာအဖြစ်ပြန်လည်ရေးဖွဲ့ သိမ်းဆည်းထားလိုက်ခြင်း ဖြစ်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, April 4, 2010

ငပျင်းစားဖွယ်

ဒီနေ့ သစ်သစ်မနက် ၁၂နာရီကျော်မှ အိပ်ယာနိုးပါတယ် ။ ညကလည်း ၃နာရီကျော်မှ အိပ်တာကြောင့်ရယ် စင်္ကာပူမိုးကလည်း ဒီမနက်မှာတော်တော်ကောင်းတော့ ၁၂နာရီကျော်ကို ၉နာရီလို့ထင်လိုက်မိတယ် ။ သစ်သစ်အခန်းပြင်ရောက်တော့ သစ်သစ်အစ်မက အိမ်သန့်ရှင်းရေးတောင် လုပ်ပြီးလို့ဈေးကတောင် ပြန်လာနေပြီလေ ။ သစ်သစ် ငပျင်းနော် ...ဟိဟိ ။ ဘာစားစရာပါလဲ အိတ်ထဲမွှေရင်း သကြားနဲ့စားရတဲ့ ကုလားမုန့်ဝယ်လာတော့ မျက်နှာသစ်စားပလိုက်တယ် နောက် ဘာဟင်းချက်ရင်ကောင်းမလဲ စဉ်းစားတော့ ၀က်သားရှိတယ် မှိုရှိတယ် မျှစ်ရှိတယ် ချဉ်ပေါင်ရှိတယ်ဆိုတော့ သစ်သစ်အဲလိုလေး အဆင်ပြေအောင်ချက်လိုက်တယ် ။ နောက်ရန်ကုန်က အစ်မယူလာတဲ့ ငါးကြင်းချဉ်လေးကို ထည့်လိုက်တယ် ။ သစ်သစ်ဖွယ်ဖွယ်ရာရာ မချက်ဖြစ်တာလည်း ကြာပြီလေ ။ နောက်မနက်စာညစာပေါင်းစားပြီး ဒီပို့စ်လေးတင်လိုက်တာပါ ။ မနေ့က မခင်ဦးမေက ဟင်းတွေချက်ပါဦး သစ်သစ်ရယ်တဲ့ တီချမ်းကလည်း ဟင်းမချက်သေးဘူးလား ဆိုလို့ ဒီဖြစ်သလိုလေးကို တင်လိုက်ပါတယ် ကျေနပ်တော့နော် ။

အဲဒါက ငါးကြင်းချဉ်တဲ့


ဒါက ချဉ်ပေါင် နဲ့ မျှစ် (ဗိုက်ကဆာနေတော့ ခပ်မြန်မြန်ပဲချက်ထားတယ်)


ဝက်သား နဲ့ မှိုကိုတော့ ရှယ်ချက်ထားလိုက်တယ်

ဆက်ဖတ်ချင်သေးရင်...

Saturday, April 3, 2010

မောရှမ်းမြေသို့ အလည်တစ်ခေါက် အဆက်

အိုကေ..ဒီနေ့ သစ်သစ်အင်းလေးခရီးစဉ်ကို အဆုံးသတ်ဖို့စဉ်းစားထားပါတယ် ။ အင်းလေးကန်ထဲရောက်တော့ မှန်တာဝန်ခံရရင် ရေလမ်းခရီးသစ်သစ်အရမ်း ကြောက်ပါတယ် ။ ဒါကြောင့် စက်လှေစစီးတော့ ဘုရားစာတွေရွတ်လို့ပေါ့ သစ်သစ်အစ်မကလည်း နောက်ကခုံမှာထိုင်ပြီး အားပေးပါတယ် အငယ်မ ငါလည်းရေမကူးတတ်ဘူး နင်လည်းရေမကူးတတ်ဘူးတဲ့....ဟင့် တကယ်ကိုရှင်ချင်ပါတယ် ။

နောက်...အင်းလေးကန်ရဲ့အလှက သစ်သစ်ကိုနိုင်စားသွားပါတယ် ။ တစ်ချို့နေရာတွေမှာ မြူခိုးတွေဝေနေပုံက တော်တော်ကိုသဘာဝကျပါတယ် ။ ဓါတ်ပုံမရိုက်ရမနေနိုင်လောက်အောင်ကို ဖြစ်နေတော့ လူကလည်းလှေပေါ်မှာ လှုပ်နေတာပေါ့နော် ။ သစ်သစ်အစ်မသတ္တိခဲက ကြောက်လို့လှေဘောင်ကိုစွဲစွဲမြဲမြဲ ကိုင်ထားပြီး သစ်သစ်ကိုအငယ်မ ပြီးပြီလား နင်ရိုက်လို့ပြီးပြီလား ခဏခဏကိုမေးနေပါတယ် ။ လမ်းကြားလေးလို ဒိုက်တွေ မှော်တွေကြားကနေ ကန်ရေပြင်ကျယ်ကြီးပေါ်ကို စက်လှေကတက်လိုက်တဲ့အခါ မျက်စိတစ်ဆုံးတော်တော်ကို ရင်သပ်ရှုမောဖွယ် ဖြစ်သွားပါတယ် ။ ရုပ်ရှင်ထဲမှာပဲကြည့် တီဗီထဲမှာပဲမြင်ဘူးနေတဲ့ သစ်သစ်လိုမြေပြန့်သူတစ်ယောက်အနေနဲ့ တောင်တန်းတွေကြားက ကန်ကျယ်ကြီးကိုရောက်တော့ မြင်မြင်ရာဆန်းသစ်နေတာ မထူးဆန်းပါဘူးလေ ။

နောက်တစ်ခုကတော့ စက်လှေ၂စီးရှောင်ရင် ငြိမ့်ခနဲဖြစ်သွားတတ်တဲ့ လှိုင်းလေးတွေကို စစီးခါစက တစ်ကယ်ကိုကြောက်မိပါတယ် ။ နောက်တော့လည်း တဖက်ခြမ်းကလာမယ့် စက်လှေကိုမျှော်တောင်မျှော်နေမိတယ် ။ အတန်ကြာစီးပြီးချိန်မှာ စက်လှေလေးက ခရီးအတော်ပေါက်လာသလို တိုက်ရိုက်လာမှန်တဲ့ လေနုအေးတွေကလည်း အေးစက်လာပြီး နှုတ်ခမ်းတွေတောင် ပြာလာပါတယ် ။ တန်ခိုးကြီးဖောင်တော်ဦးမြတ်စွာဘုရားကို ရောက်ဖို့ခေါင်တိုင်ကနေ တော်တော်လေးစီးရပါတယ် ။ ဘုရားကြီးကိုလှမ်းဖူးမျှော်လောက်တဲ့ နေရာလောက်ရောက်တော့ သစ်သစ်စီးလာတဲ့စက်လှေနားမှာ ရေကြက်လို့ခေါ်တဲ့ ရေဘဲလေးတွေကို အုပ်စုလိုက်ရေပြင်ပေါ်မှာတွေ့ရပါတယ် ။ စက်လှေကိုဘုရားပေါ်တက်ဖို့ ဆိုက်ကပ်ချိန်မှာ သစ်သစ်စက်လှေပေါ်မတ်တပ်မရပ်ရဲပါဘူး ။ နောက်ဒီလိုမှမဆင်းရင် မရောက်တော့ဘူးဆိုပြီး အားတင်းကာဆင်းလိုက်တော့ အာ..လာ....လာ..... သမီးတို့ဆိုင်မှာ ရှမ်းစာအစုံရပါတယ် လာခဲ့နော် အမ .... သမီး ဒီလေးခွလေးတစ်ခုပဲကျန်ပါတော့တယ် ၃၀၀၀ပါ ကောက်ညှင်းထုတ်တွေမြည်းသွားပါဦးလား အမ...ဘယ်လိုမှရုန်းထွက်လို့မရလောက်အောင် ဈေးရောင်းသူတွေများလှပါတယ် ။ ဈေးဝယ်ဝါသနာပါတဲ့ သစ်သစ်အမကတော့ အဲ့ဒီအုပ်စုကြားမှာ ကျန်ခဲ့တယ်လေ ။ သစ်သစ်ကတော့ အဲ့လိုမျိုးဆိုစိတ်တကယ်ရှုပ်မိတယ် ။ ဒါကြောင့်ခပ်သုတ်သုတ်လေးထွက်လို့ ဘုရားပေါ်တက်ခဲ့တယ်ဆိုပါတော့ ။

ဘုရားပေါ်ရောက်တော့ ခဏလောက်စိတ်ကိုတည်ငြိမ်စွာထားပြီး တော်တော်ကြာကြာဘုရားရှိခိုးနေလိုက်တယ် ။ ဘယ်အချိန်သစ်သစ်အမ အနားရောက်လာလဲတောင် မသိတော့ပါဘူး ။ နောက်အဖေအမေအတွက် ရွှေသင်္ကန်းကပ် ကိုယ့်အတွက်တော့ အလှူငွေတွေထည့်ရင်း ဘုရားပုံတော်လေးတွေလိုက်ဝယ်မိတယ် ။ နောက်သစ်သစ်အမရောက်လာတော့ ဈေးတန်းလေးတွေဆင်းပြီး တူ တူမလေးတွေအတွက် လက်ဆောင်ဝယ်ဖြစ်တယ် ။ နေပူထိန်နေတဲ့ရင်ပြင်ကို တစ်ပတ်ပတ်ရင်းဖောင်တော်ဦးဘုရားကနေ ပြန်လည်ထွက်ခွာဖို့ လှေဆိပ်ကိုဆင်းခဲ့ကြတယ်လေ ။ အဲ့မှာပြသနာပါပဲလေ သစ်သစ်တို့လှေက ဘေးကိုကပ်လို့မရပါဘူး ။ ဘေးမှာနိုင်ငံခြားသားလှေတွေက ကပ်နေတော့သူက၃စီးမြောက်မှာ ရပ်ထားတယ်ဆိုပါတော့ ။ ကဲ..သစ်သစ်ဘယ်လိုသွားမလဲ ဟူးးးးးးးးး လွယ်ပါတယ် လှေတွေပေါ်ကနေ ကိုယ့်လှေစီကိုသွားရမယ်တဲ့လေ တည်ငြိမ်နေတဲ့နေရာမှာ သွားရတာလွယ်သလောက် ရေပြင်ပေါ်မှာရပ်ထားတဲ့ လှေတွေကိုဖြတ်ကျော်သွားရမှာကတော့ သစ်သစ်အတွက်ဆန်းသစ်နေတာပေါ့ ။ စိတ်လည်းလှုပ်ရှားတယ် ကျသွားရင်ဆိုတဲ့အတွေးမျိုးလည်း ရှိနေတယ်လေ။ အဲဒီမှာ ကိုယ့်ရဲ့လက်ကို အင်းသားတွေဆီထိုးအပ်ရတော့တာပေါ့...ဟိ ။ သူတို့လှေတွေကနေ ကျော်လိုက်ခွလိုက်နဲ့ သစ်သစ်လှေရှိရာရောက်မှပဲ ဟင်း ချနိုင်တော့တယ်လေ ။ ဒါနဲ့ အလိုတော်ပေါက်ဘုရားကို ဆက်ခဲ့တယ်ဆိုပါတော့ ။

အလိုတော်ပေါက်ဘုရား ရောက်တော့သစ်သစ်တစ်ယောက် ဂိန်တော့တာပဲလေ ။ အင်းထဲကအိမ်သာကို ရောက်ခဲ့တယ်ဆိုပါတော့ ဟင့် ။ အိမ်သာကျွင်းလည်းမရှိဘူး ဒီအတိုင်းရေပေါ်မှာ အောက်ကိုကြည့်တောင်မကြည့်ရဲပါဘူး ။ အိမ်သာကထွက်လာတော့ သစ်သစ်စဉ်းစားမိတယ် ဒီအညစ်အကြေးတွေ ဘယ်ကိုရောက်မလဲပေါ့နော် ။ ဒီလိုစဉ်းစားရင်းနဲ့ပဲ ငါးဖယ်ချောင်းကျောင်းကို ရောက်ခဲ့ပါတယ် ။ အဲဒီကျောင်းကနေပြန်တော့ စက်လှေဆရာက ယက္ကန်းရုံတွေထပ်ပို့မယ်ဆိုတော့ နေကလည်းပြင်းလာပြီ ဗိုက်ကလည်းဆာလာပြီ နောက်သစ်သစ်အမကလည်း နှာခေါင်းသွေးတွေလျှံတယ်လေ ပြီးတော့ ညောင်ရွှေရောက်ဖို့ကလည်း နောက် ၄၅မိနစ်လောက် စက်လှေစီးရမယ် ဒါနဲ့ညောင်ရွှေကိုပဲ စက်လှေမောင်းခိုင်းလိုက်ပါတယ် ။ အင်းထဲမှာက နေရာတိုင်းဖုန်းလိုင်းမိပါတယ် ။ ညောင်ရွှေကညီမငယ်ကလည်း နာရီဝက်တစ်ခါလောက်ကို ဖုန်းဆက်နေတယ် ပြီးတော့ သူကမေးတယ် ဘယ်ရောက်နေပြီလဲတဲ့ သစ်သစ်ကရီချင်တယ် မြင်မြင်ရာရေပြင် ဘယ်လိုပြောရပါ့မလဲ ဘယ်ရောက်နေပြီဆိုတာကိုလေ ....။

ဒါနဲ့ တော်တော်ကြာစက်လှေစီးပြီးတော့ တော်တော်လေးကိုစည်ကားလှတဲ့ ညောင်ရွှေကိုရောက်ခဲ့ပါတယ် ။ နေ့လည် ၂နာရီခွဲကျော်လို့ထင်ပါတယ် ။ စက်လှေဆိပ်ကလည်း အမျိုးမျိုးရှိတယ်ဆိုပဲ သစ်သစ်ကတော့မသိပါဘူး ။ ညောင်ရွှေကညီမငယ်က သူတို့တိုးတွေဆင်းတဲ့ ဗီအိုင်ဗီလှေဆိပ်ကို ကပ်ဖို့စီစဉ်ထားပါတယ် ။ စက်လှေသမားက မသိတော့အဲ့လှေဆိပ်ကျော်သွားပါတယ် ။ အဲ့ဒီညီမလေးခင်မျာ စက်ဘီးလေးနဲ့စက်လှေနဲ့အပြိုင်လိုက်လာပြီး လှေသမားကိုဆိုက်မယ့်နေရာ လာအော်ပြောပါတယ် ။ နောက်လှေဆိပ်ပေါ်တက်တော့ လူကတော်တော်ပြိုင်းနေပါပြီ တောင်ကြီးတက်ဖို့လာကြိုတဲ့ မောင်ငယ်လည်းရောက်နေသလို အခြားညီမငယ်များကလည်း နေ့လည်စာကျွေးဖို့ ၁၂နာရီကတည်းကစောင့်နေတာတဲ့လေ ။ အရမ်းပင်ပန်းနေပေမယ့် သစ်သစ်မျက်နှာအပြုံးမပျက်ရဲပါဘူး မောင် ညီမလေးတွေကို တွေ့ဖို့ဟိုးးးးးးးး အဝေးကြီးကနေ သစ်သစ်လာခဲ့တာလေ ။ လှေဆိပ်အတက်မှာပဲ တောင်ကြီးတက်ဖို့ မတ်ခ်တူးကားကိုကလေးတွေက အသင့်ငှားထားတယ်လေ ။ ဒီတစ်ခါသစ်သစ်လက်မခံတော့ဘူး ပိုက်ဆံအတင်းပေးတာ စိတ်ကောက်စိတ်ဆိုးတော်မူကြတယ် ကဲ ဒါနဲ့နောက်ဖုန်းကိုဖွင့်ပြီး ပစ္စည်းတင်မယ်ဆိုတော့ ကားနောက်ဖုန်းမှာသူတို့လက်ဆောင်တွေတင်ထားတာ သစ်သစ်ပစ္စည်းတောင်ထားစရာနေရာမရှိပါဘူး ။ ကဲ..မခက်ပေဘူးလား ဒါနဲ့သူတို့ကျွေးတဲ့ဆိုင်မှာ လိုက်စားတာ အိုးး ဘာပြောကောင်းမလဲ သစ်သစ်ပန်းကန်မှာ ဟင်းတွေဆိုတာအပြည့် သူ့ဟာအရင်စား ငါ့ဟာအရင်စားနဲ့ ဒေါ်သစ်သစ်ဟန်ဆောင်ပြီး တော်တော်စားယူခဲ့ရတယ် ။ လူကအရမ်းကို ပင်ပန်းနေပြီလေ ။ ဒီလိုနဲ့ သစ်သစ်တစ်ယောက် တောင်ကြီးသွားတဲ့ကားပေါ်ရောက်တော့ သူတို့တွေကနောက်နှစ်လည်းပြန်လာခဲ့ဖို့ သူတို့ဧည့်ဝတ်မကျေတာရှိရင် ခွင့်လွှတ်ဖို့ နောက်ဆိုအကြာကြီးနေဖို့ အိုး အစုံပါပဲ မှာနေကြတာလေ သစ်သစ်တစ်ယောက်မျက်ရည်တောင်ကျယူရပါတယ် ။

မထင်ထားဘူးလေ ဒီလောက်ကိုယ့်ကိုသံယောဇဉ်ရှိကြမယ်လို့ ဘယ်လိုမှထင်မထားခဲ့ဘူး ။ ပြီးတော့ ခင်တွယ်တာကလည်း သူတို့အမအရင်းလိုပဲလေ တစ်ယောက်ကငိုတော့ သစ်သစ်လည်းဘယ်လိုမှမထိန်းနိုင်တော့ဘူးပေါ့ ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း စကားပြောလဲရိုက် နှုတ်ဆက်လည်းရိုက် ကားတံခါးဖွင့်လည်းရိုက် တက်လည်းရိုက် တကယ်ပါပဲ ။ ဒါတောင်နောက်နေ့ အလုပ်ခွင့်ယူပြီး တောင်ကြီးတက်လာကြမယ်ဆိုပဲ ။ သစ်သစ်ကနောက်နေ့ ညနေ၃နာရီဆို တောင်ကြီးကနေ ပြန်တော့မှာဆိုတော့ သူတို့ကမနက်ပိုင်းလာမယ်ပေါ့နော် ။ သစ်သစ်ကလုံးဝမလာရဘူးဆိုမှ သူတို့ဇွတ်မတိုးကြတော့တာလေ နောက် တောင်ကြီးမှာအစစအရာရာ ကူညီမယ့်မောင်လေးတွေလည်း ရှိတယ်ဆိုတော့ သူတို့ကိုလည်းသစ်သစ်အချိန်ပေးဖို့လိုသေးတာပေါ့နော် ။ ကားထွက်သွားတော့ သစ်သစ်နောက်ကိုလုံးဝလှည့်မကြည့်ပါဘူး ထပ်ငိုမိမှာစိုးတယ်လေ ။ ညောင်ရွှေကတော်တော်လေးဝေးလာတဲ့ အထိ သစ်သစ်ပါးလေးမှာ သူတို့အနမ်းငွေ့လေးတွေ ကျန်နေဆဲပါ ။ ဒီလိုနဲ့ တောင်ကြီးကိုခရီးဆက်ခဲ့တယ် ဆိုပါတော့........

ကန်ရေပြင်ကျယ်ဆီ မရောက်ခင်ပေါ့

တွေ့ပါပြီ အင်းလေးကန်ရေပြင်ကျယ်


ရှမ်းမလေးတွေဝတ်တဲ့ အကျီင်္


ဒါကတော့ အင်းသားတွေဝတ်တဲ့အကျီပေါ့


ရေတော်တော့်ကို ကျနေတာ သက်သေပဲ


ကျွန်းမျောတွေကြားက သွားရတာ မိုက်မှမိုက်


ဟိုး အဝေးမှာမြင်ရလားဟင် ရေကြက်လေးတွေ အုပ်စုလိုက်


အိမ်အောက်မှာ လှေဂိုထောင် ( ကားဂိုထောင်မဟုတ်ပါ )


တောင်ကြီးရောက်ပြီ ဟေ့

ဆက်ဖတ်ချင်သေးရင်...

ပြန်သိမ်းထားမယ်


ဆက်ဖတ်ချင်သေးရင်...

Thursday, April 1, 2010

ခရီးစဉ်အစိတ်အပိုင်းတစ်ခု

အင်းလေးကန်က နာမည်ကြီး ငါးဖယ်ချောင်းကျောင်းပါ ကြောင်ခုန်ကျောင်းလို့လည်း အများကခေါ်ကြပါတယ် ။ နိုင်ငံခြားသားတွေကို ကြောင်လေးတွေ ကွင်းလေးထဲခုန်တာနဲ့ ဆွဲဆောင်ထားပြီး ဂိုက်များကလည်းရောက်လာတာနဲ့ အလှူငွေထည့်ပြီး ကြောင်လေးတွေကိုတိုးရစ်တွေအကြိုက် သရုပ်ပြခိုင်းကြပါတယ် ။ သစ်သစ်သွားတာ ၁လကျော်ပြီဆိုတော့ နာမည်မှားရင်ပြင်ပေးပါဦးနော် ။ ပြန်ရောက်ကတည်းက မမေ့ခင်အပြီးရေးမယ် စဉ်းစားထားပေမယ့် လက်စမသတ်နိုင်ခဲ့ပါဘူး ။ အင်းလေးခရီးစဉ်ပြီးရင်တော့ သစ်သစ်ပို့စ်ကိုအဆုံးသတ်တော့မှာပါ ။ ရိုက်လာတာလက်မငြိမ်တော့ နည်းနည်းသီးခံပြီး ကြည့်ပေးကြပါနော် ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...။


ဆက်ဖတ်ချင်သေးရင်...

ရင်ခွင်ဗလာ

သွားပြီ မရှိတော့ဘူး
ကိုယ့်ရင်ထဲက
ခံစားနိုင်တဲ့ အရာအားလုံး
သူယူသွားခဲ့ပြီပဲ

ရီဝေထုံထိုင်းစွာ
ကျန်ရစ်ခဲ့တဲ့ကိုယ်
ခံစားမှုက
သေသလိုပဲ

အထိတ်တလန့်
သတိထားမိတော့
ကိုယ့်နှလုံးသွေးတွေ
ရပ်တန့်ကုန်ပြီပဲ

ရှင်လျှက်နဲ့သေတယ်ဆိုတာ
ဒါလား..ချစ်သူ
ကြိမ်ဖန်များစွာ
ကျဆုံးခဲ့တာ
မခံနိုင်တော့ဘူး

မကြုံချင်ဘူး
မဆုံချင်ဘူး
မပိုင်ဆိုင်ချင်ဘူး

ဆုံမှတ်မရှိတဲ့
ဒီအဖြစ်ကို
ငါ့ဘက်ကပဲ
ကွဲကြေနေတဲ့
နှလုံးသားတစ်စုံနဲ့
အဆုံးသတ်ပေးလိုက်ပါပြီ


ခံစားချက်တွေ ဘယ်တော့မှမသိစေချင်တဲ့ ကောင်ကလေးတစ်ယောက်ထံသို့
(ကြယ်ပွင့်လေးများလမ်းပြဦး ကောင်ကလေးနဲ့နီးနိုင်ဖို့...)


ဆက်ဖတ်ချင်သေးရင်...