Friday, February 12, 2010

မှတ်မိဖွယ်နေ့တစ်နေ့

ဒီနေ့ဟာ သစ်တို့နိုင်ငံရဲ့နေ့ထူးနေ့မြတ်လေး ဖြစ်ပါတယ် ။ ဒီနေ့ရောက်တော့ ၆တန်းကျောင်းသူဘ၀ကို ပြန်သတိရမိပါတယ် ။ ကျောင်းမှာဆရာဆရာမတွေက ပြည်ထောင်စုနေ့ပွဲကျင်းပရာ ရန်ကုန်ပြည်သူ့လွှတ်တော်ရှေ့ ရွှေတိဂုံဘုရားခြေရင်းက ပြည်သူ့ရင်ပြင်မှာ သို့စေလွှတ်ရန် အဆင့် ၁ကနေ၃အတွင်း သူများကို ရွေးချယ်ပါတယ် ။ အဲဒီနေ့ကျရင် ကျောင်းကိုမနက်၎နာရီ အရောက်လာရမယ် ရင်ဖုန်းနဲ့လုံခြည်ရှည် ၀တ်ခဲ့ရန် မှာကြားလိုက်ပါတယ် ။


စာကျက်ဖို့အမေနှိုးရင်သာ မထပဲနေချင်နေမယ် ဒါမျိုးသွားဖို့ကတော့ သစ်သစ်တို့ကနိုးပြီးသားပဲလေ...။ စောစောစီးစီး အမကကျောင်းကို ကားနဲ့လိုက်ပို့တယ်ဆိုပါတော့ ။ ကျောင်းရောက်တော့ ပြည်ထောင်စုကြံခိုင်ရေးက အစ်ကိုအစ်မ မီးသတ်ဝတ်စုံတွေနဲ့ရော အများကြီးပါလေ ။ မြို့နယ်ကစီစဉ်ပေးတဲ့ သစ်သားကားလုံးလုံးကြီးတွေနဲ့ သွားရပါတယ် ။ ကွင်းထဲရောက်တော့ မြို့နယ်ပေါင်းစုံက ကိုယ်စားလှယ်တွေက အစုံပါပဲရောက်လာကြပါတယ် ။ ချမ်းချမ်းစီးစီးမှာ သစ်တို့က စာအုပ်လေးတွေ ဘောပင်လေးတွေနဲ့ပေါ့နော် အဓိကကတော့ စာစီစာကုံးပြန်ရေးဖို့ ပြောတာတွေအသေမှတ်ပါတယ် အဲ့အချိန်မှာ ခေါင်းဆောင်ဆရာမက ကောက်ညှင်းပေါင်းထုတ်ဝေပါတယ် ။ သေချာစွာအိတ်ထဲမှာ ထည့်ထားပါတယ် မှတ်စရာရှိတာကလည်း မှတ်လို့ပေါ့နော် ဒီလိုနဲ့မနက်၉နာရီလောက်ကျတော့ ပွဲကပြီးသွားတဲ့အချိန်မှာ ကောက်ညှင်းပေါင်းထုတ်လေး ပျောက်ချင်းမလှပျောက်သွားပါတော့တယ် ။ စိတ်ကလည်းပျောက်သွားတဲ့ ကောက်ညှင်းလေးအပေါ်မှာပဲ စွဲလန်းနေတော့ ကားစီးလာတော့ ဆရာမကဘေးမှာ သစ်သစ်က ခြင်းတောင်းလေးကိုင်ရပါတယ် ။ အာလားလား.....ကောက်ညှင်းပေါင်းထုတ်လေး ၅ထုတ်လောက်ကပိုနေတာကို တွေ့ရပါတယ် ။ တလမ်းလုံးသမီး ကောက်ညှင်းပေါင်းထုတ်လေး ပျောက်သွားတာ တထုတ်လောက်ပြန်လိုချင်တယ်လို့ ပြောသင့်မပြောသင့် စဉ်းစားလာလိုက်တာ ကျောင်းကိုသာရောက်လာခဲ့တယ် ။

ဆရာမက သစ်သစ်ကို သမီးပေးခြင်းဆိုတော့ သစ်သစ်ကမပြောရဲသေးပါဘူး ။ မမလာကြိုမယ့်အချိန် ကျောင်းရှေ့မှာထိုင်စောင့်နေတဲ့အချိန်မှာ ဆရာမကပြန်ဖို့ သစ်သစ်ရှေ့ကဖြတ်သွားပါတယ် ။ ဆရာမက သစ်သစ်ကို သမီးမမ မလာသေးဘူးလား မေးတော့ သစ်သစ်ကလာတော့မှာ ဆရာမကိုပြန်လိုက်ပို့ပေးပါရစေဆိုတော့ ဆရာမလည်းဘေးမှာရပ်နေတာပေါ့နော် ။ ဆရာ နဲ့ တပည့်ဆိုတော့ ဆရာမက သစ်သစ်ကိုရုတ်တရက် ဘာတွေမှတ်လာသိလာသလဲလို့ ရုတ်တရက် မေးတော့ သစ်သစ်ပြန်ဖြေလိုက်တာက ကောက်ညှင်းပေါင်းတဲ့ ...ရှက်လိုက်တာ ဆိုတာ ဘာပြောရမှန်းတောင် မသိဘူး ။ သမီးထပ်စားချင်လို့လားဆိုပြီး ၁ထုတ်ပေးသွားတော့မှလဲ ဒေါ်ရွှေသစ်သစ်လည်း ဘ၀င်ကျသွားပါတော့တယ် .... အဲဒီပြည်ထောင်စုနေ့ကတော့ တကယ်ကိုမှတ်မှတ်ရရ ဖြစ်ခဲ့ပါတယ် ။

ဒီနေ့ သစ်သစ်တို့နိုင်ငံရဲ့ ပြည်ထောင်စုနေ့ ကြီးဖြစ်ပါတယ် ။ မနက်ကတည်းက သတိရလိုက်ပြီး အမှတ်မထင်ခေါင်းထဲရောက်လာတာကတော့ ဘယ်နိုင်ငံမှာ ဘာတွေပဲလုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာဆိုတဲ့ အဆိုတော်အောင်ကိုလတ်ရဲ့ သီချင်းလေးပါပဲ ။ မနက်ဖြန်ဆိုရင် သစ်သစ်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ် ။ ဒီနေ့ဒီအရွယ်ဒီအသိတရားနဲ့ ရင်ထဲကလေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ် ကောင်းရာသုဂတိလားပါစေ ဗိုလ်ချုပ်လို့.....။

ဒီနေ့ညနေမှာ သစ်သစ်တို့အဖွဲ့တွေ ဂိုးလ်ဒမ်းမိုင်းကို ချီတက်ဖြစ်တယ် ။ စုစုပေါင်း၅ယောက်ပေါ့ သိတဲ့အတိုင်း ပေါက်ပေါက်ဖောက်သလိုပါပဲ ။ ဇရက်ကအရှုံးပေးရပါတယ် ။ ၄နာရီခွဲချိန်းတာ ၅နာရီခွဲမှ စားသောက်ဆိုင်ကိုရောက်ပါတယ် ။ မှာလိုက်ကြစားလိုက်ကြ ဓါတ်ပုံတွေကလည်း လူကလွဲရင် အားလုံးရိုက်ကြပါတယ် ။ သနားစရာ ညညကတော့ ဖုန်းကိုသိမ်းထားလို့ ရိုက်ခွင့်မရှိခဲ့ပါဘူး ။ ဒီတစ်ခါ နာမည်ကျော်ဓါတ်ပုံဆရာ လက်မှိုင်ချရတဲ့ရက်ပေါ့...။ အစာအိမ်ရောဂါရင်ဝယ်ပိုက်ထားတဲ့ မေဖလားဝါးတို့ကတော့ မျက်ရည်ကျလောက်အောင် စားသွားပါတယ် ။ တရုတ်မမျိုးကတော့ စားပါတယ် တိတ်တိတ်လေးနဲ့လက်ကျန်ရှင်းတမ်းတွေ ဆက်တိုက်ဖွင့်ပါတယ် ။ သစ်သစ်လား....သစ်သစ်ကတော့ သိပ်မစားပါဘူး စားပွဲအလယ်က ဆုံလည်ကတော့မနားရပါဘူး လှည့်နေကြတာလေ ...း) ။ ဒကာခံပြီးကျွေးတဲ့ ဗစ်တစ်ယောက် နောက်နှစ်မှာလဲ ဘောနပ်စ်များများရပြီး ဒါထက်မကအများကြီးကျွေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။




ဝက်သားကလီစာတွေကို အချိုကြော်ထားတာပါ



ငါးသံပရာရည်နဲ့ ငရုတ်သီးစပ်စပ်ချက်ထားတာ



တုံယမ်ဟင်းချို ၊ ကြက်ခြေထောက်အရေခွံသုတ်၊သဘောင်္သီးထောင်းလေးရယ်ပေါ့



ဒါကတော့ အအေးခွက်လေးတွေပါ

ဆက်ဖတ်ချင်သေးရင်...

Thursday, February 11, 2010

သိပ်..သတိရတယ်

မထင်မှတ်တဲ့ တစ်နေ့မှာ ဖုန်းသံလေး မြည်လာခဲ့တယ် ကိုယ်မျှော်လင့်နေတဲ့သူ ဖြစ်မလားလို့ ရင်ခုန်စွာကြည့်လိုက်တော့ နံပတ်မဲ့လေးဖြစ်နေတယ် ။ အိုကေ ..... သေချာပြီ ဒါဒို့သိပ်ချစ်တဲ့သူဆီကပဲပေါ့ ။ အသံလေးမြည်နေတာကို စိတ်လှုပ်ရှားစွာကိုယ်စောင့်ကြည့်ခဲ့တယ် ။ ဒီလိုနဲ့ပဲ.......

ဖုန်းလေးကို ကိုင်လိုက်စဉ်မှာ .....
အသံလေးကို ကတုန်ကယင် မဖြစ်ရအောင် ဟယ်လို...လို့ အတိုးညှင်းဆုံးထူးခဲ့တယ် ..... နေကောင်းရဲ့လားတဲ့.....ကောင်းပါတယ်ပေါ့....အဆင်ပြေရဲ့လားတဲ့....ပြေပါတယ်ပေါ့.....ဘာတွေလုပ်နေတာလဲတဲ့.....ကိုယ် မင်းကိုလွမ်းနေတာဆိုရင်ရော မင်းယုံမလား.....ဒီတော့...ဘာမှမလုပ်ပါဘူးပေါ့......ဒီလိုနဲ့ဘာဆက်ပြောရမှာလဲ....ခဏလောက်တော့တိတ်ဆိတ်သွားတယ်...နောက် ...ဘာတွေဖြစ်နေတာလဲဆိုတော့ ကိုယ်မဖြေတတ်တော့ဘူး အသေချာဆုံးကတော့ ကိုယ်မင်းကိုသိပ်....သတိရတယ်ချစ်သူ... ဖွင့်ချခွင့်မရှိဘူးထင်လို့ ဘာမှမဖြစ်ပါဘူးလို့ ဖြေလိုက်တယ် ..... အရင်လိုအချိန်တွေ သတိရတယ် အရင်ချိန်တွေ ပြန်လိုချင်တယ် ...... ညီမလေးတစ်မျိုး ဖြစ်နေတယ်ဆိုရင် ကိုယ်ဖုန်းချလိုက်တော့မယ်တဲ့ ..... မချပါနဲ့ တောင်းပန်ပါတယ် ဒီအသံကို ကြားချင်လို့ နာရီပေါင်းများစွာ စောင့်မျှော်နေခဲ့တာပါ ......ရင်ထဲကဟစ်အော်နေမိပေမယ့်....လက်တွေ့မှာတော့ ဟုတ်ကဲ့ပါ လို့ တစ်ခွန်းတည်းနဲ့အဆုံးသတ်မိတယ် ။

ဖုန်းချပြီးတဲ့ အချိန်တိုင်း ရင်ထဲမှာဟာတာတာနဲ့ ကျန်ခဲ့တာ ဖုန်းချလိုက်တိုင်းပါ ။ ဆက်ပြီးတွေးနေမိတာက ဘာလို့ ကိုယ် မင်း ကို ဒီလောက်ချစ်မိသွားခဲ့တာလဲ ကိုယ်တိုင်နားမလည်ခဲ့ဘူး ။ ရှေ့ဆက်ဘာတွေဖြစ်မယ် မတွေးချင်ပေမယ့် လက်ရှိအခြေအနေကတော့ ၂၄နာရီမှာ ၂၅နာရီသတိရနေတယ်ဆိုရင်တောင် ပိုမယ်မထင်မိပါဘူး ။ လွမ်းတယ် အချိန်တိုင်းကို လွမ်းဆွတ်နေတယ် ။ ယုံမယ်လို့တော့ မထင်ဘူး ဒါပေမယ့် ငါ့ရင်ထဲကိုဝင်ကြည့်စေချင်တယ် ချစ်သူ ....။ ဒါပေမယ့် ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ ဒီပို့စ်လေးလာဖတ်ဖြစ်ရင် ကိုယ့်ကိုမသနားနဲ့နော် ကိုယ်သနားတာကို မလိုချင်ဘူး ။


ဆက်ဖတ်ချင်သေးရင်...

Tuesday, February 9, 2010

ဒီသွား...

ပြန်ခါနီးမှ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပြန်ပြီ ရှင်ချင်တယ် တကယ်ပါပဲနော် ။ သစ်သစ်အရင်က ညာဘက်မှာအံဆုံးပေါက်တုန်းက ဒီလောက်မနာဘူး ခုဘယ်ဘက်မှာပေါက်တာ တော်တော်ကိုနာပါတယ် ။ စကားပြောရင်တောင် နာတယ် ။ ညာဘက်နားစည်ပါ နာလာသလိုလိုခံစား နေရတယ် ။ မလောက်လေးမလောက်စား ဒီသွားနှိပ်စက်ချက်ကတော့ ထမင်းဝါးရင်တောင် နာနေတယ်လေ ...ကတောက် ။

မနေ့ကမနက်က စနာတာ ဆေးလေးသောက်ထားတော့ ရုံးမှာအဆင်ပြေသေးတယ် ။ နေ့လည်စာစားတဲ့အထိလည်း အိုကေနေပါသေးတယ် ။ အိုကေမှာပေါ့ ဆန်ပြုတ်စားတာကိုး...ဟိ ။ ညနေ၆နာရီ ၁၅လောက် အိမ်ပြန်ရောက်ပြီး ပြေးဖို့အိမ်ကထွက်တော့ စနာလာပါတယ် ကိုယ်ကလည်းအဲ့အချိန်မှ စသတိထားမိသလိုတော့ ဖြစ်တာပေါ့နော် ။ ၇နာရီ ၂၀လောက် အိမ်ပြန်ရောက်တော့ အိမ်ကအခန်းဖော်က ကြာဇံချက်ကို စပါယ်ရှယ်ဆီသတ်ပြီး ချက်နေတာကို ဘေးမှာရန်ကုန်ပြန်မယ့်အကြောင်း လေထိုင်ပေးနေသေးတော့ အညှော်တွေပဲ ရှူမိသလို ဖြစ်သွားတယ်ထင်ပါတယ် ။

ခဏနားပြီး ရေချိုးတော့မှ ဒီသွားကတော်တော်ကိုက်လာတယ် ဒါပေမယ့်လည်းတစ်ခုခုစားပြီးရင် ဆေးသောက်မယ်ဆိုပြီး မသိသလိုနေလိုက်တာ ပန်းသီးစားတဲ့အချိန်မှာ လှပတဲ့သစ်သစ်ပါးစပ်လေးဖွင့်လိုက်တော့ ...အား လား လား နာချက်တော် ငပျင်းသစ်သစ် ပန်းသီးကိုဓါးနဲ့သေးသေးလေးတွေ ပြန်စိတ်ပြီးစိတ်ရှည်လက်ရှည် တစ်မြှောင်းချင်းစားနေရတဲ့ ကိုယ့်ကိုယ်ကို မှန်ထောင်ကြည့်ပြီး အလိုလိုသနားလာမိတယ် ။ မောရိယမန်းဆေးတွေလူးပြီး ကြာဇံချက်သောက်ဖို့အပြင်ထွက်လာတော့ သူကသက်သာသလိုလို ဟန်ဆောင်နေတာလေ စားပြီးဆေးသောက် ခဏအပြင်ထွက်လေပေါပြီး စာဖတ်မယ်ဆိုမှ မယ်မင်းကြီးမက စကိုက်တာ အောင်မလေး...လေး..... ည၁နာရီကျတော့ ကိုယ်လက်ပဲကိုက်သလိုလို ခေါင်းတွေပါကိုက်လာသလိုလို မျက်စိတွေပဲဝါးလာသလိုလို နောက်တစ်နာရီမှာပဲ အသက်ထွက်တော့မလိုလိုနဲ့ ကိုက်လိုက်တာဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး ။

ဒါနဲ့ပဲ ကတုန်ကယင်နဲ့ ဖုန်းကတ်လေးကိုခြစ်ပြီး ရွှေပြည်တော်က ချစ်စွာသော မိဘများဆီဖုန်းဆက်တာ စကားပြောတာတောင် မျက်ရည်ကထွက်တယ် နာလွန်းလို့ အမေက ဆားရည်ငုံဖို့ရယ် သွားအနေအထားမှန်ရဲ့လား မေးပါတယ် ။ သွားအနေအထားကတော့ ပြန်ရောက်ကတည်းက မှန်တစ်ချပ်နဲ့ကြည့်လွန်းလို့ အလွတ်တောင်ရနေပါတယ် ။ သွားဖုံးကနည်းနည်းချင်းဆီ ကွဲထွက်လာလိုက်တာ နီရဲပြီးပတ်ဝန်းကျင်နံရံလေးတွေပါ ယောင်နေသလိုပါပဲ ..... ထွက်လာတဲ့သွားကလည်းဗျာ ကြီးလိုက်တာဆိုတာ ကိုယ်ဝနေလို့များ သွားကြီးထွက်သလားတောင် သံသယဖြစ်မိပါတယ် ။ ခုမနက်လည်းဆေးသောက်လာတယ် နေ့လည်မှမသက်သာရင်တော့ ဆေးခန်းကိုပြေးဖို့ စဉ်းစားထားပါတယ် ။ သွားဒုက္ခပေးတာ ရီပြရင်တောင် မဲ့ပြုံးဖြစ်နေသလိုပါပဲ မှန်တစ်ချပ်နဲ့တစ်ညလုံး ကြည့်နေလိုက်တာ မင်းသမီးတောင်ကိုယ့်လောက်ကြည့်ရဲ့လား မသိပါဘူး ။

ဒီသွားကတော့ မြန်မြန်ထွက် မြန်မြန်ကောင်းမှ ဖြစ်မယ် တော်ကြာရွှေပြည်တော်ရောက်လို့ ၁နှစ်စာငတ်ထားသမျှ အတိုးချမယ်ဆိုမှ ပါးစပ်ဟမရဖြစ်နေရင်တော့ သေပြီဆရာပဲ.... ။ ပြန်မယ့်ရက်ကနည်းတော့ တစ်ရက်ချင်းဆီ ပလန်ဆွဲထားတာ အမှားအယွင်းခံလို့ လုံးဝမဖြစ်ဘူးဆိုမှ ဒီသွားက ၀င်ပြီးနှိပ်စက်နေပုံကတော့ ပို့စ်တစ်ပုဒ်တောင် ဖြစ်သွားတယ် ဂယ်ပဲ....။ ဟင့်..........

ဆက်ဖတ်ချင်သေးရင်...

Sunday, February 7, 2010

ပျော်ရွှင်ဖွယ်အချိန်များ

ဘလော့မရေးတာ နည်းနည်းကြာသွားပါတယ် လာလည်နေကြအစ်ကိုအစ်မ မောင်နှစ်မများကိုလည်း အားနာမိပါတယ် ။ တရက်နေ့လို့ တကြိမ်လောက်ပဲဖွင့်ဖြစ်ပါတယ် ကိုယ်တိုင်လည်းရေးချင်စရာတွေ ရှိပေမယ့် အလုပ်ကမပြန်ခင် အပြီးပေးရမယ့် ပရော့ဂျက်တစ်ခုကလည်း ရှိနေတော့ အလုပ်ကနေလည်း အရင်ကလို မရေးနိုင်တော့ပါဘူး ။

နောက်အပတ်ဆို အိုဗာတိုင်တွေတောင် ဆင်းပေးရမယ် ထင်ပါတယ် ။ အလုပ်ကလည်းများ ကိုယ်လုပ်ချင်တာကလည်း များနဲ့လူလည်းချာချာလည်နေပါတယ် ။ ဒါပေမယ့် အစဉ်အမြဲ သတိရလျှက်ပါ .. ဟိ ။ ဒါတောင်ကြားရက်မှာ စိတ်ရှုပ်ရှုပ်နဲ့ မျိုး တို့ ညညတို့နဲ့ ညဘက်ကြီးဒူးရင်းသီးဘက် သွားထိုင်ဖြစ်ကြသေးတယ် ပျော်စရာကြီး ..... ။ သောကြာနေ့ ညနေကတည်းက လာပေးလိုက်တဲ့ လူကြုံတွေ မရပ်မနားပါပဲ ။ ကိုယ့်လက်မှတ်မှာ ကီလိုမပါတော့ ဆိုင်ကိုပြန်သွားပြီး လက်မှတ်အသစ်လည်း ပြန်ထုတ်ရပါသေးတယ် ။ အခွန်ဆောင်ဖို့ကလည်း လုပ်ရပြန်တယ်လေ တကယ်တည်းကို ယောက်ယက်ခတ်တဲ့ အပတ်ပါပဲ ။

စနေမနက်ကလည်း သယ်ရမယ့်ပစ္စည်းတွေနဲ့ ဖယ်လိုက်ချန်လိုက် တော်တော်ကိုအလုပ်များနေတယ်လေ ။ ထမင်းတောင် နေ့လည်အချိန်တော်တော်ကျော်မှ စားဖြစ်တယ် ။ ညနေပိုင်းသူငယ်ချင်းတစ်ယောက်မွေးနေ့ကိုလည်း ပြေးပြေးလွှားလွှား သွားဖြစ်လိုက်ပါတယ် ။ အစကတော့နောက်တစ်နေရာကို ထပ်ချီတက်ဦးမလို့ပါပဲ လူမစုံတာနဲ့ပဲ အကယ်ဒမီပေးပွဲကို ပြီးအောင်ထိုင်ကြည့်လိုက်တာ ည၁နာရီထိုးသွားတယ်လေ ။ ကုန်ပြန်ပေါ့ စနေညရယ်.....လွမ်းတယ် ။

တနင်္ဂနွေ အလုပ်များတာကတော့ မိုးလင်းကတည်းကပဲ သန့်ရှင်းရေးကကိုယ့်အလှည့်ဆိုတော့ စောစောလေးထလုပ်ပြီး မင်္ဂလာဆောင်တစ်ခုကို သွားရပြန်တယ်လေ ။ နောက် ၁၂နာရီချိန်းထားတဲ့ နတ်သမီးလေးများအဖွဲ့ရဲ့ အသုတ်စုံအစီအစဉ်ကို အမှီပြေးရပြန်တယ်လေ ။ ရောက်တဲ့အချိန်မှာ ဒုတိယမြောက်အကြော့ဖြစ်နေကြပြီလေ ။ ရောက်ကတည်းက ၀တုတ်မလေးကိုစနေတာ ပြန်တဲ့အထိပဲ ...။ နှုတ်ခမ်းကြီးထော်ပြီး ပြန်သွားတာ ခုတောင်စိတ်ပြေရဲ့လားမသိဘူး ။ ထောလေးရေ စိတ်ပြေပြီလားကွယ်.....။ ဒီတစ်ခါနတ်သမီးအဖွဲ့မှာ ဓါတ်ပုံရိုက်မယ် အကျီလဲပါ ဘယ်လိုပြောပြောမလဲတဲ့ အိမ်ကြီးရှင်ရယ် လမ်းကူးတာတောင် စမ်းပြီးကူးနေရတဲ့ မျက်မှန်မော်ဒယ်ဘွားဘွားရယ် ပြောသမျှရီပြီး အစားအစာမှန်သမျှကို မျှဉ်းပြီးစားတဲ့ တောင်ငူသူညီအမ ၂ယောက်ရယ် လှပတဲ့နတ်သမီးလေးတစ်ယောက်ရယ် ပါတယ်လေ ။

စလုံးရောက်တာ ၃နှစ်ပြည့်ခါနီးမှ မာတီမီဒီယာမက်ဆေ့ပို့နည်းကို ပြင်းပြင်းထန်ထန်သင်ယူနေတဲ့ ဘွားဘွားကိုလေးစားပါတယ်ရှင်...။ တယ်လီဖုန်းတစ်လုံးနဲ့ ခြေဦးတည့်ရာ သွားနေတဲ့ ကင်မလာမန်းညညကတော့ ရထားကြီးထွက်ခါနီးတိုင်အောင် ဓါတ်ပုံများကို စွန့်စွန့်စားစား ရိုက်ယူသွားပါတယ် ။ အသုတ်များကို အနစ်နာခံကာ လက်ကျန်ရှင်းတမ်းဖွင့်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံများကိုတော့ စာနာသနားစွာ မတင်တော့ပါဘူး ။ ဘွားသက်ရှည် နဲ့ မီးမီးငယ်တို့ ကြမ်းပြင်ပေါ်တွင် လူးလှိမ်းကာကစားနေသောပုံများကတော့ဖြင့် မြင်သူအူနှိပ်ရယ်ချင်စရာပါ ။ အိမ်ရှင်ရဲ့ နာ့မှာလည်း ဒီအကျီပဲရှိနေသလိုပဲဆိုတဲ့ ညှိုးငယ်တဲ့အသံနဲ့ညည်းနေပုံက ကြားသူတိုင်းသနားချင်စရာပါ ။ ပဲပြားထုတ်ကြီး ရင်ဝယ်ပိုက်ကာပြန်သွားရတဲ့ ဘွားသက်ရှည်ရဲ့စတိုင်ကတော့ လန်ထွက်နေပါတယ် ။ ၁၀နာရီလောက်ကတည်းက အဝေးကနေငတ်ကြီးကျနေတဲ့ ဗစ်ခင်ဗျာလည်း နတ်သမီးများနဲ့မပက်သက်ချင်တော့ ဆာဗာကြီးနဲ့ညားပြီး ရုံးကိုအူးယားဖားယားပြေးရတော့လေသတည်း ....။ ဒီတပတ်တော့ ဒိုင်ယာရီကို ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့တယ် ။ အဖွဲ့လိုက်ပုံများ တကယ်ကြည့်လို့ကောင်းပါသော်လည်း အများဆန္ဒအရပုံများ မတင်တော့ပါဘူး ။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ ပိတ်ရက်လေးဖြစ်ပြီး ဘ၀ရဲ့အမှတ်ရစရာနေ့ရက်လေး အဖြစ် အသက်သွင်းခဲ့ကြတယ်လေ ။ သူငယ်ချင်းများအားလုံး သစ်ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါတယ် ။




ဆက်ဖတ်ချင်သေးရင်...

Monday, February 1, 2010

မေ့ချင်တယ်တဲ့...

ခင်မင်နေတဲ့ နွယ်နွယ်က ရေးခိုင်းပါတယ် လူတစ်ယောက်ကိုမေ့ဖို့ လိုအပ်တဲ့အချက်အလက်များတဲ့ ...။ သစ်သစ်မှာမေ့သွားလောက်တဲ့ အထိ အောင်မြင်မှုမရှိခဲ့ပေမယ့် ကြိုးစားဖူးခဲ့သူတစ်ယောက်အနေနဲ့ရော သူကိုယ်တိုင်တစ်စုံတစ်ယောက်ကို မေ့ပြစ်ချင်လို့ တစ်စွန်းတစ်စ ရလိုရငြားသိချင်နေတဲ့ နွယ်နွယ်အတွက်ရော တတ်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ် ။

နှစ်ရှည်လများ ကိုယ်သံယောဇဉ်ရှိနေတဲ့ သူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာ တကယ်ကိုခက်ခဲပါတယ် ။ အတူသွားအတူလာ အတူစားနေတဲ့ သူတွေမဆိုထားနဲ့ အွန်လိုင်းပေါ်ကမမြင်ရပဲ ခင်မင်နေတဲ့ သူတွေတောင် ကြာလာရင်သံယောဇဉ်ဆိုတာ ဖြစ်လာတတ်ပါတယ် ။ ကိုယ်နဲ့အမြဲပက်သက်မှု မရှိရင်တောင် သူ့နစ်လေးကစိမ်းနေ နီနေရင် ဘာမှမဖြစ်ပေမယ့်လည်း ၁ပတ်လောက်ပျောက်ပြီး ပြန်ပေါ်လာရင်တော့ အနည်းဆုံးဘယ်တွေပျောက်နေတာတုန်းလို့တော့ မေးမိတာပဲလေ ။ ဒါလည်းသံယောဇဉ်တစ်မျိုးပဲလို့ ဆိုရမှာပေါ့ ။ တစ်ချို့သောသူတွေကတော့ ဒါကိုစပ်စုခြင်းခံရတယ်လို့လည်း သတ်မှတ်ချင်သတ်မှတ်ကြပါတယ် ။ သစ်သစ်ကတော့ မတွေ့တာကြာပေါ့လို့ မေးလာရင်ပဲကို တခုတ်တရဘာကဘယ်လို ဖြစ်လဲဆိုတာ ရှင်းပြတတ်ပါတယ် ။ သစ်သစ်နဲ့ခင်မင်ဘူးတဲ့ သူတိုင်းသိကြပါတယ် ။

ဒီကမ္ဘာမြေကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့ လူပေါင်းများစွာထဲမှာက ကိုယ်တိုင်ကသိကျွမ်းပြီး ခင်မင်ရတဲ့သူဆိုတာ လူတစ်ယောက်မှာ သိပ်မများပါဘူး ဒီထဲမှာမှ ကိုယ်နဲ့အစေးကပ်သူက ပြန်တွက်ရင်သိပ်ကိုနည်းပါတယ် ။ ဒီလိုခဏလာတဲ့ လူ့ဘ၀ကြီးမှာ သစ်သစ်ကတော့ ကိုယ့်ကိုယ်တကယ်ခင်လို့ ကိုယ်ကလည်းအစေးကပ်တဲ့သူဆိုရင်တော့ အောက်ကနေဆက်ဆံနေရလည်း အောက်ကျတယ်လို့ တစ်ခါမှမထင်ပါဘူး ။ ဘယ်သူ့ကိုမှလည်း အပေါ်ကြောနဲ့မဆက်ဆံဘူးတာ ကိုယ့်ကိုယ်ကိုသိပါတယ် ။ အရင်တုန်းကဆိုရင်တော့ ကောက်တယ်ကွေးတယ် စကားမပြောဘူး ဒီနည်းကိုသုံးပေမယ့် တကယ်တမ်းတော့ ဒီလူကိုကိုယ်မေ့ပစ်လို့မရပါဘူး ။ ခွန်းကြီးခွန်းငယ်စကားများဘူးရင်တောင် အချိန်တခုကြာသွားရင် အရင်ကငါဘယ်လိုခံခဲ့ရတာလို့ တစ်ခါမှပြန်မစဉ်းစားပဲ အရင်အတိုင်းဆက်ဆံတတ်တာကလည်း သစ်သစ်ရဲ့မကောင်းတဲ့အကျင့်တစ်ခုပါပဲ ။ အငြိုးအတေးထားတတ်သူနဲ့တွေ့ရင်တော့ ခံရပြီသာမှတ်ပေတော့ပဲလေ ...။ ဒါပေမယ့် ခုချိန်ထိတော့ မခံရသေးပါဘူး ခံရလိမ့်မယ်လို့လည်း မထင်ပါဘူး ။ သစ်သစ်ကိုယ်တိုင်က သူများမုန်းအောင်မနေခဲ့ဖူးဘူးလို့ ကိုယ့်ဘာသာတော့ထင်တာပဲလေ .... ဟိ ။

ခုနှစ်တွေနောက်ပိုင်းမှာတော့ သစ်သစ်ရဲ့ချစ်ခင်ရတဲ့အစ်ကိုတစ်ယောက်ရဲ့ ဆိုဆုံးမမှုအောက်မှာ လိမ္မာတတ်လာပါပြီ ။ လူတွေကိုရင်ထဲကမုန်းပေမယ့် အပြုံးလေးနဲ့ဆက်ဆံတတ်လာပါပြီ ။ အစ်ကိုကလူတစ်ယောက်ကို မုန်းတတ်အောင် မသင်ပေးပဲ ချစ်ခင်တတ်လာအောင်ပဲ သင်ပေးခဲ့တယ်လေ ။ သူကိုယ်တိုင်ခံရတဲ့ လူတွေရဲ့တိုက်ခိုက်မှုအကြောင်းကို အမြဲလိုလိုပြောပြတတ်တော့ သစ်သစ်ရင်ထဲမှာ တိုက်ခိုက်မှုတွေနောက်ကပါလာတတ်တဲ့ အမုန်းတရားတွေကို ကြောက်မိပါတယ် ။ ခုလူတစ်ယောက်ကိုမေ့ချင်နေတဲ့ သူငယ်ချင်းနွယ်နွယ်ကိုလည်း အစ်ကိုသင်ပေးထားတဲ့အတိုင်း ဆက်ပြီးဆုံးမရမယ်ဆိုရင်တော့ မေ့ပစ်ဖို့စဉ်းစားနေတဲ့ သူတစ်ယောက်ကိုယ့်အပေါ်မှာ ဘယ်နေရာတွေကောင်းခဲ့လည်း ဆိုတာပြန်စဉ်းစားကြည့်ပါ ။ သူကိုယ့်အပေါ်ကို ဘယ်လောက်ထိလွှမ်းမိုးနေလည်း စဉ်းစားပါ ။ လောကကြီးမှာ သူမရှိရင်မဖြစ်ဘူးဆိုတာ မရှိပါဘူး ။ အားလုံးဟာ သံယောဇဉ်နှောင်ဖွဲ့ခြင်းတွေပေါ်မှာ အခြေပြုနေကြတာပါလေ ။ ဒီတော့ မေ့ချင်နေတဲ့သူရဲ့ ကောင်းကွက်လေးတွေ ရှာကြံစဉ်းစားရင်း မေ့ဖို့ကြိုးစားနေတာထက် လက်တွေ့ကျတဲ့ အခြားသောအကျိုးရှိမယ့်အရာလေးတွေ အစားထိုးလုပ်ကိုင်ရင်း သတိရမှုကို မေ့ပျောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...