Tuesday, September 29, 2009

ကြေကွဲနေ့တွေ ညတွေ


ကိုယ်မြင်ချင်တဲ့ လမင်းရယ်
ကိုယ်မက်ချင်တဲ့ အိပ်မက်ရယ်
ညတွေ တစ်ညမှ
ရောက်မလာဘူး


ရင်မှာဟာတာတာနဲ့
တခုလိုအပ်နေလို့
မင်းနဲ့ဝေးရင်
စိတ်ဓါတ်ကျလာတယ်

ဒီလိုအထီးကျန်တဲ့နေ့တွေ
ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ
ဆက်တိုက်ကြီးဆို
ရူးတော့မှာပဲ

ကြေကွဲသွားတဲ့နေ့ညတွေ
တစ်ယောက်တည်း
မင်းအနားမရှိချိန်တွေ
မခံစားရဲဘူး ရူးမယ်လေ

ဆက်ဖတ်ချင်သေးရင်...

Sunday, September 27, 2009

စားချင်စဖွယ် ဟင်းအမယ်


ရာသီဥတုကလည်းပူတယ်ဆိုတော့ သစ်သစ်ဒီနေ့ ညနေစာကို ပုန်းရည်ကြီး ထမင်းသုတ်လေး လုပ်စားဖြစ်ပါတယ် ။ ဓါတ်ပုံလေးထဲကအတိုင်းပဲ လုပ်စားဖြစ်ခဲ့တယ် ။ ဒီပုံလေးကတော့ အရင်တစ်ခါတုန်းက လုပ်စားတုန်းက ရိုက်ထားတဲ့ပုံလေးပါ ။ ဒီပုံရှိနေတော့ ထပ်ပြီးအသစ်မရိုက်တော့ပါဘူး ။


ပုန်းရည်ကြီးထမင်းသုတ်က လုပ်ရတာလည်းအရမ်းလွယ်ပါတယ် ။ ပြီးတော့မြန်ပြီးစားလို့လည်း မြိန်တဲ့မြန်မာ့ရိုးရာစားစရာ တစ်မျိုးပါပဲ ။ ကြက်ဥကြော်လေး ငရုပ်သီးကြော်လေးနဲ့ အလွန်တရာကို လိုက်ဖက်ပါတယ် ။ ဟင်းချိုကိုတော့ သီးသန့်ထပ်မလုပ်တော့ပဲ အလွန်မြန်ဆန်တဲ့ စွန်တန်ဟင်းချိုလေးကိုပဲ ငရုပ်သီးစိမ်း ကြက်သွန်ဖြူလေးတစ်ပြားရိုက်ပြီး ရေနွေးပူပူလေးမှာ ထည့်ပြီးလုပ်လိုက်တယ် ။ ပျင်းလွန်းလို့ဓါတ်ပုံလည်း မရိုက်တော့ဘူး ။ ခရမ်းချဉ်သီးအစိမ်းကြိုက်တတ်တဲ့သူအနေနဲ့ကတော့ ဒီလိုစိမ်းစိမ်းလေးတွေကို လှီးပြီးထိုင်စားရတာက အရသာတစ်မျိုးပဲလေ ။ ဘာပဲဖြစ်ဖြစ်အပျင်းတစ်နေတဲ့ သစ်သစ်အဖို့ကတော့ ဒီထမင်းသုတ်လေးက နတ်သုဒ္ဓာဖြစ်ခဲ့ရပါတယ်...။

ဆက်ဖတ်ချင်သေးရင်...

၂၀၀၇ ခရီးစဉ် - ၂

ဒီလိုနဲ့ ဘုရားကြီးကို အာရုဏ်မှာဖူးခွင့်ရပြီး မနက်စာအဖြစ် သူများတွေက စားသောက်နေကြတဲ့အချိန်မှာ သစ်သစ်တို့လေးယောက်က ထိုးမုန့်ဆိုင်တွေလှည့်ပတ်ပြီးအမြည်းတွေစားနေတာ ဗိုက်တကယ်ပြည့်သွားပါတယ် ။ နောက်တော့ သစ်တို့ကားလေးက ပန်းမြို့တော်လို့တင်စားတဲ့ ပြင်ဦးလွင်ကို ဆက်လက်ဦးတည်ခဲ့ပါတယ် ။


တောင်ဆင်းတောင်တက်လမ်းတွေက တကယ်ကို အသည်းတဖိုဖို ဖြစ်ခဲ့ပါတယ် ။ ရေမြေတောတောင်အရကိုက ပြုပြင်စရာမလို တကယ်ကိုလှပတဲ့ သစ်တို့တိုင်းပြည်လေးက တကယ်ဆိုရင် သွားချင်စရာနေရာ တကယ်စုံပါတယ် ။ ဂိုက်ကပြောပါတယ် သူငယ်စဉ်ကတက်ခဲ့တဲ့ကျောင်းရောက်ရင်ပြမယ်ဆိုတဲ့ နေရာလေးကတော့ နာမည်ကြီးပြင်ဦးလွင် စစ်တက္ကသိုလ်ပဲဖြစ်ပါတယ် ။ ဒီလိုနဲ့သစ်တို့ကို နာမည်ကျော်ပွဲကောက်ရေတံခွန်ကို ပို့ဆောင်ပေးပါတယ် ။ နောက်တော့ ဘုံကျောင်း ၊ land mark ၊ရုက္ခဗေဒဥယျာဉ်မှာတော့ အကြာဆုံးပါပဲ ပန်းပြပွဲဆိုတော့ ပန်းတွေနဲ့နာမည်ကျော်နေရာတွေကို ပုံဖော်ထားတာ အလွန်ကိုလှပါတယ် ။ ဒီပန်းခြံကနေမထွက်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ။ ဒီနေ့ရဲ့နောက်ဆုံးခရီးစဉ်နေရာလေးကတော့ တန်ခိုးကြီးမဟာအံ့ထူးကံသာဘုရားကြီးပါပဲ ။ ဆောင်းတွင်းဘက်ဆိုတော့ ၆နာရီကတော်တော်ကိုမှောင်နေပါပြီ ညဘက်မီးအလင်းရောင်ရဲ့အောက်မှာ ဘုရားကြီးကအလွန်တရာသပ္ပာယ်လှပါတယ် ။ ဒီလိုနဲ့တည်းခိုမယ့်နေရာကို ပို့ပေးတော့ ခုန်ဆွခုန်ဆွနဲ့အေးလွန်းလို့မနေတတ်လောက်အောင်ဖြစ်ခဲ့ရတယ်လေ ။ ရေနဲထိချိန်မှာ ခံစားချက်ကတကယ်ကို ပြောမပြတတ်ပါဘူး ။အဲဒီညကိုမှတ်မိနေတာကတော့ ၂၀၀၇ ရဲ့ နောက်ဆုံးညဖြစ်သလို အေးလွန်းလို့အိပ်လို့မရတဲ့ညလည်း ဖြစ်ခဲ့ရတယ်လေ ။

နောက်နေ့တော့ ဂိုက်ရဲ့ပလန်အတိုင်းပဲ နံနက်စာစားပြီးတော့ ပုလဲဖြူဆွယ်တာဆိုင်ကို ပို့ပြီးအမှတ်တရလက်ဆောင်များကို ၀ယ်စေပါတယ် ။ ၁နာရီအချိန်ပေးပါတယ် နောက်စစ်ကိုင်းကို ဆက်ပြီးခရီးထွက်ခွာခဲ့ပါတယ် ။ တောင်တက်လမ်းရဲ့ခံစားမှုနဲ့ တောင်ဆင်းလမ်းရဲ့ ခံစားချက်တကယ်မတူပါဘူး ။ အသည်းတအေးအေးနဲ့ ရှူခင်းတွေကို ကြည့်ရတာနဲ့တင် ဒီခရီးစဉ်က တန်နေပါပြီလေ ။ ဆက်မယ်နော် ....span>

ဆက်ဖတ်ချင်သေးရင်...

၂၀၀၇ ခရီးစဉ် ၁


သစ်သစ်က နယူးရီးယားပေါင်းများစွာကို ပုံစံမျိုးစုံနဲ့ကျော်ဖြတ်လေ့ရှိပါတယ် ။ ဒီနယူးရီးယားကတော့ ခရီးသွားရင်းဖြတ်သန်းခဲ့လို့ အမှတ်တရဖြစ်ခဲ့ပါတယ် ။ တကယ်တော့ သစ်သစ်ခရီးသွားတာကို တကယ်နှစ်သက်ပါတယ် ။ သူငယ်ချင်းတွေနဲ့ ကြုံသလိုလည်း သွားလေ့ရှိပါတယ် ။ အဲဒီနှစ်ကတော့..........

၂၀၀၇ ကုန်ခါနီး ဆရာကဘောနပ်စ်တွေပေးတော့ သစ်သစ်တို့ခရီးသူငယ်ချင်းလေးယောက် ခရီးသွားဖို့စစဉ်းစားကြပါတယ် ။ ဒီလိုမျိုး သွားဖြစ်အောင်လုပ်ခဲ့လို့လည်း ဒီနေရာတွေကို ရောက်ဖူးခဲ့ခြင်းဖြစ်ပါတယ် ။ ဒီနေ့ည ဟိုဒီမွှေနှောက်ရှာရင်းနဲ့ ခရီးသွားခဲ့တဲ့ပုံလေး မှုန်ရီရီကိုတွေ့လိုက်ရတော့ ဒီခရီးလေးအကြောင်း ရေးဖြစ်ခဲ့တယ်ပေါ့နော် ။ ဘယ်သွားမလဲလို့ စစဉ်းစားကြတော့ မြန်မာပြည်အထက်ပိုင်းကို သွားဖို့စဉ်းစားဖြစ်တယ်လေ ။ ဒါနဲ့ပဲ ဘုရားဖူးကားဝန်ဆောင်မှုတွေကို လိုက်ပြီးစုံစမ်းတော့နောက်ဆုံး စိန်ဝင်း နှင့် ရောင်းရင်းများ နဲ့သွားဖို့ ရွေးချယ်ဖြစ်ခဲ့တယ် ။ သွားချင်တာကတော့ ရှမ်းပြည်ဘက်ပါ သွားချင်ကြတယ် ဒါပေမယ့် ရှမ်းပြည်ခရီးစဉ်ပါရင် ၉ညအိပ် ၁၀ရက်ဆိုတော့ အရမ်းကြာလို့ ဒီ၎ညအိပ် ၅ရက် မန္တလေး ၊ မုံရွာ ၊ ပြင်ဦးလွင် ၊ စစ်ကိုင်း ခရီးစဉ်လေးကိုပဲ ရွေးဖြစ်ခဲ့ကြတယ်လေ ။

လက်မှတ်ဝယ်ပြီး ခရီးထွက်ဖို့ ဈေးဝယ်ထွက်တာကလည်း မရေတွက်နိုင်ဘူးလေ ။ ခရီးထွက်ဖို့နီးတော့မှ ဆရာကလည်း သံတွဲပြန်သွားခဲ့တယ် ။ အလုပ်တွေအားလုံး လက်စသတ်မယ်ဆိုပြီး ၄ယောက်သားက ဆရာ့အိမ်မှာပဲနေပြီး နေ့ရော ညပါ အလုပ်တွေကိုဖြတ်ဖို့ ကြိုးစားကြတယ်လေ ။ သွားခါနီး ၂ရက်လောက်အလိုမှာ အရင်ကတွက်ခဲ့တဲ့ လှည်းတန်းစင်တာ ပရော့ဂျက်က ပြသနာပေါ်လာခဲ့တယ် ဆရာကလည်းမရှိဆိုတော့ တပည့်လေးယောက်ပျားတုတ်ပြီလေ ။ ဆရာရှိတဲ့ရွာကလည်း ဖုန်းဆက်ရတာခက် ဒီကလည်း ဆရာ့ရဲ့ဆရာအရင်းဖြစ်တဲ့ ဆရာကြီးဦးခင်မောင်တင့်ကိုင်တဲ့ ပရော့ဂျက်ဖြစ်နေတော့ ဘယ်လိုမှပြန်လာမှလုပ်ပေးလို့က မရတော့ ၄ယောက်သား ခရီးထွက်ခါနီးအထိ ညမအိပ်ပဲလုပ်ခဲ့ကြတယ်လေ ။ သံတွဲမြို့ပေါ်ကတဆင့် ဆရာ့ဆီအကြောင်းကြားတော့ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကို ဖုန်းကနေတဆင့်ယူပြီး ယခင်အထပ်၂၀ကျော် လှည်းတန်းစင်တာ ပရော့ဂျက်ကို ၂ညနဲ့ဖြတ်ကြတာလည်း အမှတ်ရစရာပါ ။ ညဘက်ကြီး စကြ နောက်ကြနဲ့ ဒီလေးယောက် ပြီးတာနဲ့ မိတ္တူဆိုင်ကိုပြေး မီးပျက်တော့ တစ်ဆိုင်ပြီးတစ်ဆိုင်ထိုင်စောင့်ပြီး စာအုပ်ကိုအပြီးလုပ်ခဲ့ကြတာ ခုပြန်တွေးကြည့်ရင်တော့ ပျော်စရာလိုတောင်ဖြစ်နေပါသေးတယ် ။

ဒီလိုနဲ့ည ၇နာရီ ခရီးထွက်မှာကို နေ့လည်၂နာရီလောက်မှ အိမ်တွေအသီးသီးပြန်ပြီး ခရီးထွက်ဖို့ပြင်ဆင်ကြပါတယ် ။ ဒီလိုနဲ့ပဲ စုရပ်နေရာကို ၈နာရီလောက်မှာ ရောက်ကြပြီး စိတ်အပန်းဖြေခြင်းခရီးကို စတင်ခဲ့ပါတယ် ။ ကားစထွက်ကတည်းက ကျန်တဲ့နေ့တွေမှာ ကောင်းကောင်းအိပ်မထားတော့ အအိပ်ပြိုင်ပွဲကြီးကို စတင်ခဲ့ကြပါတယ် ။ မိုးလေးလင်းတော့ မန္တလေးသွားတဲ့ ကားလမ်းမကြီးပေါ်မှာ ကားကသွားနေတာပေါ့နော် ဂိုက်အစ်ကိုကြီးက မနက်စာမျက်နှာသစ်စားသောက်ဖို့ ဆိုင်တစ်ခုမှာ ရပ်မည့်အကြောင်းကြော်ငြာတော့မှ ၄ယောက်သား တောင်ကြည့်မြောက်ကြည့် နိုးလာကြတယ်လေ ။ တကယ်တော့ ၄ယောက်လုံးက ဒီလမ်းခရီးကို တစ်ခါသော်မျှ ရောက်ဖူးခြင်းမရှိခဲ့ပါဘူး ။

မျက်နှာသစ် မနက်စာ စားသောက်ပြီးတာနဲ့ ဂိုက်အစ်ကိုကြီးကနောက် နာရီဝက်ကြာရင် ပလိပ်မြွေဘုရားကို ၀င်ဖူးမည်ဖြစ်ကြောင်း အချိန်ကဘယ်လောက်ကြာမည်ဖြစ်ကြောင်း ဘုရားသမိုင်းအကျဉ်းကိုလည်း ပြောပြခဲ့ပါတယ် ။ ဘုရားလည်းရောက်တော့ ပန်းရောင်းတဲ့ကလေးမများကိုရှောင်ရှားရင်း လေးယောက်သား ဘုရားဖူးဖို့ဝင်လာခဲ့တယ်လေ ။ ဘုရားကိုဖူးပြီးတော့ အလှူခံနေရာမှာ ဖေ နှင့် မေ နာမည်နဲ့ အလှူငွေထည့်ပြီးတော့ နောက်လှည့်ကြည့်လိုက်ချိန်မှာ ဂေါပကများက ဘုရားဖူးများမြွေနဲ့အတူတူ ဓါတ်ပုံရိုက်ရန်မြွေကြီးကို သစ်နားကထမ်းသွားကြတာကို တွေ့လိုက်ရတော့ ဒေါ်သစ်သစ်နေစရာ တကယ်မရှိခဲ့ပါဘူး ။ တကယ်တော့ သစ်သစ်ကမြွေအရမ်းကြောက်ပါတယ် အဝေးကကြည့်လည်းကြောက်ပါတယ် ။ မျက်စိမျက်နှာပျက်လောက်အောင်ကို ကြောက်တာပါ ။ သစ်ကလည်း မြွေနဲ့ဝေးအောင် အောက်ကိုလိုက်မဆင်းသွားပဲ မြွေနဲ့ရိုက်ထားတဲ့ရုပ်ရှင်သရုပ်ဆောင်ပုံတွေကို ငေးမောရင်းကျန်ခဲ့ပါတယ် ။ အဲဒီအချိန်မှာ ပါလာတဲ့သူငယ်ချင်းကသူမြွေနဲ့ဓါတ်ပုံရိုက်ချင်တော့ အောက်ဘက်သွားဖို့ပြောပါတယ် ။ နောက်ဆုံးတော့လိုက်သွားရင်း သူကမြွေကိုကိုင်ပြီး ရိုက်နေချိန်မှာ သစ်သစ်ကတော့ကားနဲ့အနီးဆုံးကို ရောက်နေခဲ့ပြီလေ ...။

ဒီလိုနဲ့မြွေဘုရားကနေ ထွက်ခွာလာရင်း မန္တလေးရွှေမြို့တော်ကြီးဆီသို့ ကားကဆက်ပြီးထွက်ခွာလာခဲ့တယ် ။ မန္တလေးရောက်တော့ နေ့လည်စာစားပြီး နာမည်ကျော်ဦးပိန်တံတားဆီကို ပို့ပေးပြန်တယ်လေ ။ ဦးပိန်တံတားမရောက်ခင်မှာ ဂိုက်ကအားလုံးကို မှာပါတယ် ဈေးဝယ်ရင် ဘယ်လိုဈေးကြီးကြောင်း အကြော်စားရင် ဘယ်လောက်ဖြစ်ကြောင်း လှေစီးရင်ဘယ်လိုဖြစ်နိုင်ကြောင်း သေချာရှင်းပြပါတယ် ။ ဦးပိန်တံတားပေါ်မှာ သစ်သစ်တို့လျှောက်လည်ရင်း ဓါတ်ပုံတွေလည်း ရိုက်ကြတဲ့အချိန်မှာ ကားပေါ်ကသစ်သစ်တို့ ခုံနဲ့ဘေးချင်းယှဉ်ရက်မှာထိုင်တဲ့ ညီမ၂ယောက် တူတစ်ယောက် တူမလေးတစ်ယောက် နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ် ။ ဒါနဲ့သစ်တို့ အုပ်စု၈ယောက်ဖြစ်သွားခဲ့တယ်လေ ။ တစ်ယောက်တည်းသော တူလေးဆိုတဲ့ကောင်လေးက နောက်ပိုင်းသစ်သစ်တို့ အရမ်းကိုအားကိုးရတဲ့ ကောင်လေးဖြစ်လာခဲ့တယ်လေ ။

ဒီလိုနဲ့တစ်နေ့လုံး မန္တလေးကနာမည်ကြီး ငါးရံ့နှစ်ကောင်ဘုရား မှ စပြီးဖူးလိုက်ရတာ နောက်ဆုံးညနေပိုင်းရောက်တော့ မန္တလေးတောင်ကိုတက်ဖို့ စီစဉ်တဲ့နေရာကိုရောက်ခဲ့တယ်လေ ။ မန္တလေးတောင်ကို ကားနဲ့တက်တဲ့အချိန်မှာ လမ်းလျှောက်တဲ့သူ အပြေးလေ့ကျင့်ပြီးတက်တဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ် ။ နောက်တော့တောင်ပေါ်တက်ဖို့ စက်လှေခါးနဲ့တက်ရမယ့်နေရာကို ရောက်ခဲ့ပါတယ် ။ လူတွေကလည်း အများကြီးနိုင်ငံခြားသားများကလည်း အများကြီးပါပဲ တောင်ပေါ်ရောက်တော့ တညလုံးကားစီးပြီး ပင်ပန်းခဲ့သမျှ အားလုံးပိန်းကြာရွက်ပေါ်ရေတင်သကဲ့သို့ လျှောကျပြေပျောက်သွားပြီး တောင်ပေါ်ကညနေခင်းရှုခင်းလေးက သစ်သစ်ကိုယခုတိုင် ဆွဲဆောင်နေတဲ့ပုံရိပ်လေး တစ်ခုဖြစ်ခဲ့ပါတယ် ။ တောင်ခြေကိုပြန်ရောက်တော့ သစ်သစ်တို့တစ်ညတာ နားနေရမယ့်နေရာကို ပို့ပေးခဲ့ပါတယ် ။ ရေမိုးချိုး စားသောက်ပြီး အိပ်လိုက်တာ ဘာကိုမှသတိမရတော့ပါဘူး ။ တနေ့တည်းနဲ့မန္တလေးနေရာစုံ ဘုရားစုံကိုရောက်ခဲ့တာ အသေးစိတ်ရေးရင် ရေးလို့တောင်မကုန်နိုင်ပါဘူး ။ သစ်သစ်ဆုတောင်းပါတယ် တစ်နေ့ငါဒီနေရာတွေကို အေးအေးဆေးဆေးနဲ့တစ်ကြိမ်လာခွင့်ကြုံချင်ပါတယ်လို့လေ.....။ အချိန်ပေးပြီးလေ့လာစရာ ဘုရားတွေတော်တော်များများ ဖူးခွင့်ရခဲ့တယ်လေ ။ ဒီလိုနဲ့ ညဘက်ကျတော့ ဂိုက်ကလာပြောပါတယ် မနက်၎နာရီစထွက်မည်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်အချိန်ကို အရောက်ဖူးဖို့ပို့မည်ဆိုတော့ နောက်နေ့၂နာရီခွဲလောက်ကတည်းက အားလုံးကနိုးနေကြပါတယ် ။ ဒီလိုနဲ့ပဲ.........ဆက်ရန်

ဆက်ဖတ်ချင်သေးရင်...

Thursday, September 24, 2009

လမ်းပျောက်သူ


ဒီနေ့ တစ်ခုခုကို ချရေးချင်နေတာ စိတ်ထဲကမအီမသာနဲ့ ဘာတွေဖြစ်နေမှန်းမသိဘူး ။ ဘာနဲ့တူလည်းဆိုတော့ လုပ်စရာတွေက အများကြီးလုပ်ဖို့က အချိန်မရှိတော့ဘူး အဲဒီဖီလင်မျိုး ခံစားနေရတယ် ။ တစ်ခါတစ်လေလည်း ခံစားမှုကနယ်လွန်တတ်သေးတယ် ။ လုပ်ချင်တာက အသိတရားဝင်ရင် အရမ်းများလေ့ရှိတယ် ။ ကောက်ရိုးမီးလိုပါပဲ သစ်သစ်စိတ်က တော်တော်နားလည်ရခက်ပါတယ် ။


လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီနဲ့ပါပဲ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကတော့ လွယ်လွယ်နဲ့ဖြစ်မလာတတ်ပါဘူး ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သူကိုတော့ စိတ်ဓါတ်ပြင်းသူတဲ့ လုပ်ကြည့်မယ် မဖြစ်ရင်လည်း ကံတရားပဲဆိုသူက စိတ်ပျော့သူတဲ့ လုပ်မနေတော့ပါဘူးဟာ ဆိုတဲ့သူက ရည်ရွယ်ချက်မဲ့သူတဲ့...။ ကဲ သစ်သစ်ကရော ဘယ်ထဲပါနေလဲ ။ တစ်ယောက်သောသူကတော့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ် လမ်းပျောက်နေသူတဲ့....း ( ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 22, 2009

ယုံကြည်တယ်





ချာတိတ်ခေါ်တဲ့
သံချိုချို
ကိုယ့်ရင်ထဲမှာ ဘ၀င်တွေဖို

နေ့တွေညတွေ
သူပျောက်သွား
ကိုယ်တစ်ယောက်တည်း လွမ်းတယ်တအား

ပေါ်လာပြန်တဲ့
အချိန်တွေဆို
ပျော်နေပုံအား မြင်စေလို

မြည်လေမလား
မျှော်နေရ
နံပါတ်လေးများ ပေါ်လာမလား

လိုချင်ပြန်တယ်
အရင်ချိန်များ
တကယ်ကိုပင် ဂရုစိုက်တအား

ယုံကြည်နေတယ်
ကိုယ့်ရင်မှာ
တနေ့နေ့တော့ ပြန်လာမှာ


ဆက်ဖတ်ချင်သေးရင်...

စကားတစ်ခွန်း





ကိုယ် မင်းကို သတိရနေပါတယ် ချာတိတ်.....

ဆက်ဖတ်ချင်သေးရင်...

Monday, September 21, 2009

ဝါသနာတစ်ခု


မျှစ်ချဉ်နဲ့ဝက်သား




မုန့်နှစ်နဲ့ပုစွန်ကြော်


မှိုနဲ့ကန်စွန်းရွက်


သရက်ချဉ်သုတ်


ငပိချက်


တို့စရာအစုံအလင်


ဒီလိုထမင်းပွဲ


သစ်သစ်တစ်ယောက် အချိန်လည်းရလို့ ချက်ချင်စိတ်ပေါက်ရင် အဲလိုမျိုးတစ်ယောက်တည်း ဖွယ်ဖွယ်ရာရာလည်း ချက်တတ်သေးတယ် ။ ချက်ပြီးရင်တော့ တစ်ယောက်တည်းမောပြီး မစားနိုင်ဘူးလေ ...။ အဲလိုချက်ရတာ ၀ါသနာကိုပါတယ် ။ ဘယ်ဟာကိုဘယ်လိုချက်ရင် ကောင်းမလဲဆိုတာလည်း အားရင်စဉ်းစားတတ်သေးတယ် ။ သစ် ဒီလိုချက်တယ်ဆိုတာကို သစ်အဖေကမယုံပါဘူး ရန်ကုန်မှာဆို သစ်သစ်က တစ်ခါမှကိုချက်ပြုတ်တတ်တဲ့သူ မဟုတ်ဘူးလေ ။ အချောင်ခိုတာ ဟိဟိ ။ ခုတော့လည်း ကိုယ်ချက်မှကိုယ်စားရမယ်ဆိုတော့ မဖြစ်မနေချက်ရပြီပေါ့ကွယ် ။ အမြဲတမ်းမချက်ပေမယ့် စိတ်ကူးပေါက်ရင် အဲလိုလေးချက်လိုက်ရတာကိုယ်က စိတ်အပန်းဖြေနည်းတစ်မျိုးလို ဖြစ်နေပြန်ရောလေ...။ လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလိုပါပဲလေ ...။ လူကသာတစ်ယောက်တည်း ချက်လိုက်ရင်တော့အများကြီးပဲ ပြီးရင်ဗူးတွေနဲ့လည်း ထည့်တတ်သေးတယ် ။ နောက်နေ့ပြန်စားလာဆိုတော့လည်း ကြုံရင်တော့လည်း စားတာပေါ့ ။ မစားချင်ရင်တော့လည်း ၀ဲလိုက်တာများပါတယ် ။ တစ်ယောက်တည်းချက်ရတာ တကယ်တော့လည်း မကိုက်ပါဘူး ပစ်ရတာများတယ်လေ ...။ ဒါပေမယ့် ကိုယ့်ဝါသနာဆိုတော့လည်း ချက်လိုက်ရမှ နေသာထိုင်သာရှိပြန်တယ် ...။ ကိုယ့်ဝါသနာကတစ်ခုကို ချရေးရင်း ပို့စ်လေးတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, September 19, 2009

အမှိုက်ပုံ




သစ်သစ် တစ်ယောက် အပြင်ကိုသွားခါနီးဆို မြင်တဲ့အတိုင်းပဲ အမှိုက်ပုံလိုအိတ်ကို ရှင်းရလေ့ရှိတယ်လေ ...။ တစ်ခါတစ်လေ ဘာတွေသယ်နေမှန်းမသိဘူး အိတ်ကတော်တော်လေးနေတတ်တယ် ။ စစ်လိုက်ရင်လည်း ပစ်ရက်စရာတစ်ခုမှမရှိဘူး ဖြစ်နေတတ်တယ်။ အထင်မကြီးနဲ့ ဈေးဝယ်ဘောင်ချာကအစမကျန် သယ်နေတာလေ အစုတ်တွေကြီးပဲ အားလုံးက ဒီနေ့တော့အိတ်ပြောင်းကိုင်မယ်ဆိုပြီး ကောင်းမယ်ထင်တာလေးတွေရွေးချယ်လိုက်တော့ မဆိုးပါဘူး အိတ်တော်တော်ပေါ့သွားတယ် ....ဟီဟီ ။ မဖြစ်မနေပါရမယ့် အရာလေးတွေပဲရွေးသယ်မယ်ဆိုပြီး ရေဗူးကိုတောင် သယ်ရင်ကောင်းမလား မကောင်းဘူးလားဆိုပြီး ချီတုန်ချတုန်ဖြစ်နေသေးတယ်လေ ။ တစ်ခါတစ်လေ ကိုယ်ကြောင်တာသိပေမယ့်လည်း မသိသလိုလေးလုပ်တတ်တဲ့အကျင့်လေးကလည်း မကောင်းပေမယ့် မဆိုးလည်းမဆိုးဘူး....း) ။ ပို့စ်မတင်တော့ဘူး စဉ်းစားပြီးမှ သွားခါနီးထမင်းစားနေရင်း တခါတလေ ရှင်းလင်းနေတာကို အမှတ်တရဖြစ်အောင်ရေးလိုက်တယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, September 18, 2009

ကျွန်မ သေသင့်ပါတယ်



သစ်သစ် ။ ။ ဟယ်လို.....ညီမ ၊ ဘာတွေလုပ်
ညီမ ။ ။ သြော် မမ ဒီလိုပါပဲ
သစ်သစ် ။ ။ အလုပ်ရှာတာ အခြေအနေ ဘယ်လိုလဲ
ညီမ ။ ။ မရသေးဘူး အစ်မ

သစ်သစ် ။ ။ အင်း ကြာနေပြီနော် အင်တာဗျူးရောရလား
ညီမ ။ ။ ရတယ် အစ်မ
သစ်သစ် ။ ။ အင်း နေဖို့ဘယ်လောက်ကျန်သေးလဲ
ညီမ ။ ။ နောက်လ ၁၇ ဆိုပြည့်ပြီ ။ တစ်ခုလောက်မေးချင်လို့
သစ်သစ် ။ ။ အင်း မေးလေ
ညီမ ။ ။ ပေါ်လီတက်ချင်တယ် ဘယ်လိုလုပ်ရမလဲ သိလား
သစ်သစ် ။ ။ နေထိုင်ခွင့်အတွက်လား ညီမ
ညီမ ။ ။ ဟုတ်ဘူး ပီအာလိုချင်လို့
သစ်သစ် ။ ။ အမ် ....ဘာလို့တုန်း
ညီမ ။ ။ သြော် ဒီမှာက ပီအာပဲအလုပ်ခေါ်တာလေ ကျောင်းပြီးတာနဲ့အလုပ်တန်းလုပ်ချင်တယ်
သစ်သစ် ။ ။ အင်း ဒါဆို ကျောင်းဝပ်ဆိုဒ်ကနေ ၀င်ကြည့်လေ ဘာတွေလိုလဲ ဘယ်တော့ခေါ်မလဲလို့
ညီမ ။ ။ မသိလို့မေးတာပေါ့
သစ်သစ် ။ ။ ဂူဂယ်ကရှာလေ ညီမ
ညီမ ။ ။ တော်ပါပြီ ကျေးဇူး....ဘိုင်
သစ်သစ် ။ ။ အမ်....နေဦးရှာပေးမယ် ရော့ကျောင်းလင့်တွေ....
ညီမ ။ ။ ...........

ဘာပြောရမလဲတောင် တကယ်မသိတော့ပါဘူး သစ်သစ်ကိုစိတ်ဆိုးသွားပါတယ် ။ နောက်ဆုံးတော့ချက်တက်မိတဲ့ ကိုယ့်ဘာသာပဲနောင်တရမိပါတယ်....။

ဆက်ဖတ်ချင်သေးရင်...

Thursday, September 17, 2009

ချီတက်နေသည်


မိုးလင်းတာနဲ့
ရထားစီးလို့
ဒီနေရာကို
ငါရောက်ခဲ့တယ်

ရောက်တာနဲ့ပဲ
ပြေးကာလွှားလို့
လက်ချောင်းလေးများ
ခုန်ပေါက်ခဲ့တယ်

သံစဉ်တစ်ချို့
အဖော်ပြုလို့
ပုံပေါင်းများစွာ
ဖန်တီးခဲ့တယ်

ပြန်ချိန်တန်လို့
အပြင်ရောက်သော်
ဆီးကြိုနေတာ
မီးရောင်စုံပါ

နေ့ချိန်တွေကို
ငါစတေးလို့
အသက်ဆက်ဖို့
ရပ်တည်ခဲ့တာ

ဒီလိုနဲ့ပဲ
ခရီးဆက်
ငါ့အသက်တောင်
ကြီးပါပေါ့လား

မပြည့်သေးတဲ့
ရည်မှန်းချက်
အားတင်းကာပင်
ဆက် ချီတက်....


ဆက်ဖတ်ချင်သေးရင်...

Sunday, September 13, 2009

ကျေနပ်ချင်သူ




ကုန်ဆုံးခဲ့တဲ့
အချိန်တွေကို
ငါ တန်ဖိုးထားတယ်

ကျဆင်းခဲ့တဲ့
မျက်ရည်တွေအတွက်လည်း
နှမြောခြင်းကင်းတယ်

မင်းခြယ်မှုန်းတဲ့
ဘလော့လေးကို
ငါ မြတ်နိုးတယ်

ခု...နေချင်နေတဲ့
တစ်ယောက်တည်းကို
ငါ ခွင့်ပြုတယ်

မှားယွင်းမှုမရှိဘဲ
ဝေခွဲမရစွာ
ငါ ရပ်တန့်ခဲ့ရတယ်

ခေါင်းစဉ်ရှိလို့
ဖြေရှင်းခွင့်ရရင်
ငါ ကျေနပ်လိမ့်မယ်

ဆက်ဖတ်ချင်သေးရင်...

တုံယမ်းဟင်းလေးတစ်ခွက်




ဒီနေ့ မနက် သစ်သစ် နိုးလာတော့ ၁၀နာရီခွဲနေပါပြီ ...။ လူက တစ်ညလုံးချောင်းတွေဆိုးပြီး အိပ်မရတော့ လူကတော်တော်ကို နုံးနေပါတယ် ။ ချောင်းတွေဆက်တိုက်ဆိုးတော့ ဆေးပူတွေလည်ပင်းတွေ ရင်ဘတ်တွေမှာ သက်သာအောင်လူး ရာသီဥတုကလည်းပူ ဆေးတွေကလည်း ပူနဲ့ လူကတော်တော်ခံစားရခက်ခဲ့ပါတယ် ။ နိုးလာတော့လည်း နေ့လည်ရောက်တော့မယ်ဆိုတော့ ကော်ဖီလည်းမသောက်ချင်တော့ဘူးလေ ဒါကြောင့်ရေခဲသေတ္တာထဲကို ၀ယ်ထားတာဘာကျန်သေးလဲကြည့်တော့ ပန်းဂေါ်ဖီ ရယ် ခရမ်းချဉ်သီးရယ် ပဲပြားရယ် ၀က်သားကြိတ်သားတစ်ဗူးရယ် ငရုပ်သီးစိမ်းလေးရယ်တွေ့တော့ တုံယမ်းလေးချက်စားမယ်ဆိုပြီး အားလုံးကိုအပြင်ထုတ်လာခဲ့လိုက်တယ် ။ ဒီအပတ်က သစ်သစ်ဈေးကိုဆင်းမ၀ယ်ဖြစ်ပါဘူး နေမကောင်းတော့ချက်မစားရင် အသီးအရွက်တွေက မလတ်ဆတ်ဘူးထင်လို့ ပြီးတော့ ဒီပိတ်ရက်မှာ အိမ်ကလည်းပို့လိုက်မယ်ဆိုတော့ ဘာမှကိုဝယ်မထားလိုက်ပါဘူး ။

ဒါကြောင့်လည်း ဒီဟင်းချိုက လက်ကျန်ရှင်းတမ်းဖွင့်တယ်လို့ ခေါင်းစဉ်တပ်လည်းရပါတယ် ။ တုံယမ်းအနှစ် နဲ့ ပန်းဂေါ်ဖီ နဲ့ကို အရင် ရေဖုံးရုံလေးတည်လိုက်ပါတယ် ။ နည်းနည်းဆူလာပြီဆိုမှ ကြိတ်သားလေးတွေကို ဆား၊ဆနွင်းလေး နယ်ပြီးလုံးလိုက်ပါတယ် ။ နောက်ရေတ၀က်ခန့်ထည့်ပြီး အသားလုံးလေးတွေ နူးအောင်တည်လိုက်ပါတယ် ပွက်ပွက်ဆူလာတော့ အပေါ့အငံလေးမြည်းပြီး ပဲပြား ကိုထည့်ဖို့ပြင်ပါတယ် ခဏလောက်နေတော့ နောက်ဆုံးမင်းသမီးဖြစ်တဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး အနည်းငယ်ပျော်သွားတာနဲ့ ငရုပ်သီးစိမ်းလေး အုပ်ပြီးမီးပိတ်လိုက်ပါတယ် ။ ဟင်းအိုးကိုတော့ ခွင်ပေါ်ကချက်ချင်းမချပါဘူး အပူငွေ့လေးနဲ့ပွက်စေပါတယ် ။ နောက်ဆုံးတော့ သစ်သစ်သောက်ချဉ်တဲ့ ချဉ်စပ်လေးတစ်ခွက်ရလာပါတယ် ။ ပုစွန် နဲ့ ငုံးဥ လေးထပ်ထည့်ချင်ပေမယ့် အောက်ဆင်းပြီးသွားဝယ်ရမှာကြောင့် မပြည့်စုံပေမယ့် နလံထစ သစ်သစ်အတွက်တော့ တော်တော့်ကိုအဆင်ပြေတဲ့ ဟင်းတစ်ခွက်ပါပဲ ...။

နေ့လည် မမအွန်လိုင်းလာတော့ ဒီနေ့ဒါချက်စားတယ်ဆိုတော့ သူကဆီထည့်လားတဲ့ သစ်သစ်ကလုံးဝဆီ အချိုမှုန့် မထည့်ပါဘူး ။ တုံယမ်းက အရောင်တွေကဆီလိုတက်နေတာပါ ။ ဒီနေ့တော့ဘာပို့စ်တင်ရင်ကောင်းမလဲ စဉ်းစားရင်း အမြဲတမ်းကိုယ့်အကြောင်းတွေပဲ တင်နေလို့ စာဖတ်တဲ့သူတွေကို အပြောင်းအလဲလေးဖြစ်အောင် သစ်သစ်ရဲပိတ်ရက်နေ့လည်စာ ချက်ပုံလေးကို တင်လိုက်ပါတယ်နော်။ ဘာပညာရပ်မှ မပါပေမယ့် နေမကောင်းဖြစ်လို့ ပါးစပ်တွေပျက်နေရင် ဒီဟင်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ချက်ရလွယ်ပြီး စားလို့ကောင်းလို့ စာဖတ်သူတွေကို ပို့စ်လေးရေးပြီးမျှဝေလိုက်ပါတယ်...။

ဆက်ဖတ်ချင်သေးရင်...

ချစ်ဖေဖေ

လောကမှာ သစ်အချစ်ဆုံး သူကိုပြပါဆိုရင် သစ်သိပ်ချစ်တဲ့အဖေ ပါပဲ ....။ သစ်အဖေကလည်း သစ်ဆိုအရမ်းချစ်ပဲ တစ်ခြားသားသမီးတွေထက်ကို သိသိသာသာပိုပါတယ် ။ သစ် အဖေက သစ်ကိုဆုံးမတဲ့နေရာမှာ သူများနဲ့မတူသလို သစ်သူငယ်ချင်းမှန်သမျှကိုလည်း သူ့သူငယ်ချင်းဖြစ်အောင် ငယ်စဉ်ကတည်းက ဘော်ဒါပေါင်းနေခဲ့တာလေ ...။


ယောက်ျားလေး သူငယ်ချင်းမှန်သမျှကတော့ အဖေ့ရဲ့သူငယ်ချင်းများ ဖြစ်သွားကြတာကြီးပါပဲလေ ။ သစ်ကို အဖေက အရမ်းကိုဖြစ်ထွန်းစေချင်သလို အရမ်းလည်းမျှော်မှန်းထားခဲ့ပါတယ် ။ ဒါပေမယ့် ဘယ်တော့မှအဖေက ထုတ်ဖော်ပြောလေ့တော့မရှိပါဘူး ။ သစ် ငယ်စဉ်ကဆို စာကျက်ရင်အဖေက သစ်ဘေးမှာစာအုပ်တစ်အုပ်နဲ့ လာထိုင်ဖတ်နေတာလေ ရေသောက်ချင်ရင် ရေ ည၁၂နာရီလောက်ကြီး အဖေပဲပလာတာစားချင်လိုက်တာ ဆိုရင် အမေမသိအောင် ညလုံးပေါက်ဖွင့်တဲ့ဆိုင်က သွားဝယ်ပေးတာလေ ...။ သစ်က မအိပ်ချင်အောင် ကော်ဖီသောက်ရင် အဖေလည်းလိုက်သောက်တယ် ။ သစ် ဒီအရွယ်ထိ ညဘက်အိပ်ရင် ခြင်ထောင်အနားတွေ လာစစ်ပေးတုန်းပဲလေ ။ မနက်ပိုင်းဆို အဖေရေ ဒီနေ့တော့ဘာစားချင်တာ ဆိုရင် အဲဒီနေ့ရဲ့ဟင်းက သစ်ပြောတဲ့ဟင်းပါပဲ...လွမ်းလိုက်တာ ။ မိုးလင်းရင် သမီးမုန့်ဟင်းခါးဝယ်ထားတယ်ဆို ဒေါ်သစ်သစ်က အာာာာာ အဖေကလည်း သမီးကဒီနေ့ အသုတ်စားမလားလို့ပါဆိုလို့ ပြောလိုက်တာနဲ့ အသုတ်သွားဝယ်ခိုင်းတာပဲ....မိုက်တယ် ။

တကယ်တော့ သစ်အဖေက အသက်တော်တော်ကြီးပါပြီ ။ သစ်ကိုမွေးပြီး တစ်နှစ်လောက်မှာပဲ ဆေးပင်စင်ယူပြီး တပ်ကအနားယူခဲ့တာပါ ။ ကျန်တဲ့သားသမီးတွေ ငယ်စဉ်ဘ၀က အဖေကရှေ့တန်းမှာပဲ အချိန်ကုန်ခဲ့ရတော့ သစ်လောက်အနီးကပ်ဖြစ်မနေခဲ့ရပါဘူး ။ သစ်ကိုမွေးပြီးမကြာဘူး ပင်စင်ယူလိုက်တော့ သစ်တစ်ယောက်ပဲ အဖေ့မျက်စိရှေ့မှာ ကြီးပြင်းသလိုဖြစ်ခဲ့ရပါတယ် ။ သစ်ပြောလိုက်ရင် အဖေက ဘာမဆိုရက်စ်ပဲလေ တစ်ခါတစ်လေဆို အမေကတောင် တစ်ချို့အရာတွေဆို သစ်ကိုပြောခိုင်းလေ့ရှိပါတယ် ။

ဒီနေ့လည်း သစ်ကပျင်းနေတာလေ နေကလည်းမကောင်းတော့ အဖေ့အသံကိုကြားချင်နေတာ ကြားရက်တွေဖုန်းဆက်ရင် သစ်နေမကောင်းလို့ ရုံးမတက်ဘူးဆိုတာ သိရင် စိတ်ပူမှာစိုးလို့ ဒီနေ့မှအတိုးချပြီး သားအဖနှစ်ယောက်စကားပြောတာ ကတ်၃ကတ်ကုန်သွားပါတယ် ။ ဒါတောင် အဖေက ဖုန်းချလို့ နို့မို့ဆို ဒီကမချချင်သေးဘူး .... ဟဟ ။ အပတ်တိုင်းပြောနေကျ စကားကတော့ အဖေ့ကိုအလုပ်မလုပ်နဲ့တော့လို့ နားချတာပဲလေ အဖေကလည်း မလုပ်ရရင်မနေတတ်ဘူးဆိုတော့ သစ်ပြောတိုင်းရှုံးတာများပါတယ် ။ သစ်က အဖေ့ကိုနားစေချင်ပြီလေ သစ်ပိုက်ဆံပို့ပေးရတယ်လို့ကို မရှိပါဘူး အဖေကအမြဲလိုလို သမီးပို့စရာမလိုဘူး ဆိုတာကြီးပဲ သစ်ကလည်းအငြိမ်မနေတတ်တော့ အမေ့လုပ်ငန်းတွေမှာ ၀င်လုပ် အဖေကသစ်ကို စိတ်တိုနဲ့ ဒီသားအဖတွေ ဖုန်းချခါနီးဆို ရန်ဖြစ်တာကများနေတတ်တယ်လေ ...။ သစ်သစ်ဒီအရွယ်ထိ အဖေကို ငွေကြေးအားဖြင့်ထောက်ပံ့ခွင့်မကြုံသေးပါဘူး ဒီအချိန်ထိကို သစ်ကိုပဲအဖေက ပေးနေဆဲပါ ။ သစ်ကပြောရင်လည်း ငါ့မှာနင်ပဲရှိတာဆိုတော့ သစ်ဘာမှပြောခွင့်မသာပါဘူး ။ တစ်ခါတစ်လေ သစ်က အဖေရယ် သမီးပြန်လာချင်ပြီဆိုရင် ကိုယ်ရွေးချယ်ထားတဲ့လမ်း ဖြစ်မြောက်အောင်လုပ်ပြီးမှ ပြန်လာမယ်လို့ ဂတိပေးထားတယ်လေ လို့အဖေက ပြောလိုက်ရင် ဘာမှမဖြစ်မြောက်သေးတဲ့ သစ်သစ် ပါးစပ်အလိုလိုပိတ်သွားရတာပါပဲ ....။

ဘာပဲဖြစ်ဖြစ် အဖေဖြစ်စေချင်တဲ့ နေရာမျိုးရောက်အောင် သမီးကြိုးစားနေပါတယ် အဖေ ...။ ရှေ့ဆက်ပြီး ကြိုးစားနေနိုင်ဖို့လည်း သမီးဘ၀မှာ အဖေ့ရဲ့ခွန်အားတွေ လိုအပ်ပါတယ် ။ အဖေ့ကြောင့် သမီးတို့မိသားစု လူတွေအလည်မှာ ဘယ်တော့မှ ဂုဏ်မငယ်ခဲ့ရသလို သမီးကြောင့်လည်း အဖေဘယ်တော့မှ မျက်နှာမငယ်စေရပါဘူးလို့ ဒီပို့စ်လေးရေးရင် ဂတိပေးလိုက်ပါတယ် ဖေဖေ...။ ဖေဖေ့ကို အရမ်းချစ်တဲ့ သမီးငယ်.....။

ဆက်ဖတ်ချင်သေးရင်...

Saturday, September 12, 2009

စလုံးရောက်စ သစ်ဘ၀ ၃

ဒီလိုနဲ့ အင်တာဗျူးတွေသွား အလုပ်တွေလျှောက်နဲ့ သစ်သစ်တစ်ယောက် အလုပ်တစ်ခုက တနင်္လာနေ့ Spass တင်ပေးမယ် ဗုဒ္ဓဟူးနေ့လောက် ဖုန်းဆက်ပါဆိုတော့ အဲဒီနေ့ရောက်လို့ ဖုန်းဆက်တော့ သူတို့အဲဒီပရော့ဂျက်မရလို့ လူထပ်မခေါ်ဖြစ်တဲ့အတွက် မတင်ဖြစ်တော့ဘူးလို့ ပြောပြန်တယ် ။ အချိန်တွေကတော့ ၅ရက်လောက်ဆုံးသွားတာပေါ့နော် ပြန်ရဖို့ကလည်း ၁ပတ်လောက်ပဲလိုတော့တယ်ပေါ့ ။


ဒီလိုနဲ့ လာမည့် တနင်္ဂနွေဆို ကိုယ်ပြန်ရတော့မယ်လေ သောကြာသွားရမယ့် အင်တာဗျူးက ကိုယ့်ကိုတင်ပေးမယ်လို့ ပြောပါတယ် ။ ဒါနဲ့ပဲ တင်ချင်တင် မတင်ချင်နေ ရတယ်ဆိုပြန်လာမယ်ဆိုပြီး ပြည်တော်ပြန်သွားခဲ့ပါတယ် ။ ဒီလိုနဲ့ ရန်ကုန်မှာ ၃ပတ်နေပြီး စလုံးကတူမကဖုံးဆက်ပါတယ် Spass ကျပြီတဲ့ ပြန်လာမှလားတဲ့ အိုကေပေါ့ ပြန်လာဖို့လုပ်ရပြန်ရောပေါ့လေ ။ ဒီတစ်ခေါက်ပြန်လာတာကတော့ ပထမဆုံးကလာတာလောက် တက်ကြွမှုမရှိတာ သေချာတယ် ။ ပြန်ရောက်လို့ အလုပ်ဝင်ပါတယ် အလုပ်ကဒီဇိုင်းတွက်ရတဲ့အလုပ်ပါပဲ ဒါပေမယ့် ကိုယ့်ရှေ့ကလက်လွှဲမယ့်သူက ကိုယ်ဝင်တဲ့အချိန်မှာ မရှိတော့ပါဘူး ။ သူ့ပရောဂျက်မျိုးစုံကို ကိုယ်ကစကိုင်ရပါတယ် ဘာကဘယ်လိုစကိုင်ရမလဲ ဆိုတာတောင် မသိပါဘူး နဂိုရှိပြီးသား ဒီဇိုင်နာမတွေအားလုံးကလည်း စလုံးမတွေကြီးပါပဲ ဟိုသူကိုသွားမေးတော့လည်း ဟိုလိုလုပ် ဒီသူကိုသွားမေးတော့လည်း ဒီလိုလုပ်နဲ့ တော်တော်ကိုပညာပြတာ ခံရပါတယ် ။ ၉ရက်ပဲလုပ်ပြီး မလုပ်နိုင်တော့ပါဘူး ဒီလိုနဲ့ပဲ နောက်အလုပ်ထပ်ရှာဖြစ်တယ် ဆိုပါတော့လေ ...။

အဲဒီလို ရှာနေချိန်မှာပဲ အိမ်ပြောင်းဖို့ကဖြစ်လာပါတယ် အိမ်ရှင်က သူတို့သူငယ်ချင်းလင်မယား လာမှာမို့လို့ ၁ပတ်အတွင်းနေရာဖယ်ခိုင်းပါတယ် ။ သူငယ်ချင်းမြမွန်က သူ့ဆီမှာလာနေ အလုပ်ရမှ နီးတဲ့နေရာပြောင်းဆိုလို့ သူ့ဆီကိုရောက်သွားခဲ့ပါတယ် ။ အဲဒီအိမ်မှာစုနေကြတဲ့ သူတွေကလည်း သဘောကောင်းကြတယ်လေ ဒီလိုနဲ့ပဲ နောက်အလုပ်တစ်ခုရခဲ့တယ် ဆိုပါတော့ ။ နောက်အလုပ်က တကယ်ကိုထူးဆန်းပါတယ် အင်တာဗျူးသွားခါနီး ၀ပ်ဆိုဒ်မှာကြည့်လိုက်တော့ ကိုယ်နဲ့မအပ်စပ်တဲ့ ကုမ္ပဏီဖြစ်နေတော့မသွားတော့ဘူးလို့ စဉ်းစားလိုက်ပါတယ် သူငယ်ချင်းတစ်ယောက်က ဘာဖြစ်ဖြစ်သွားလိုက် နင်ပြန်ဖို့ပဲစဉ်းစားမနေနဲ့ဆိုတော့ သွားလိုက်မယ်ဆိုပြီး ရောက်သွားပါတယ် အင်တာဗျူးမှာ သူကပုံတွေချပြပါတယ် သိလားလို့မေးတယ် သစ်သစ်ကတော့ ခပ်တည်တည်ပါပဲ တစ်ခုမှမသိဘူးလို့ ဖြေလိုက်ပါတယ် ဒါပေမယ့် အဲဒီသူက မသိလည်းသင်ပေးမယ်ဆိုပြီး ခန့်ပါတယ် ။

ပြောရရင် အဲဒီစီနီယာက သစ်သစ်ကိုတော်တော်ကူညီပါတယ် ။ ဘာကဘယ်လိုဆိုပြီးတော့လည်း သင်ပြပါတယ် ။ ဒါပေမယ့် သိပ်မကြာပါဘူး စီနီယာနောက်အလုပ်သစ်ကိုပြောင်းသွားခဲ့ပါတယ် ။ သစ်သစ်အဲဒီမှာအလုပ်လုပ်နေတုန်း အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းခဲ့ပါတယ် ။ တော်တော်စိတ်ညစ်စရာကောင်းတဲ့အိမ်ပါပဲ သစ်နေရတဲ့အမကတော့ အရမ်းအေးပါတယ် သူကအဲဒီမှာနေတာ ၉လရှိပါပြီ ။ အိမ်ရှင် လင်မယားမှာ မိန်းမကတော်တော်ဆိုးပါတယ် လူမရှိရင် ကိုယ့်ကွန်ပျူတာတွေဝင်ဖွင့် အဲလိုလုပ်တတ်ပါတယ် ။ သူတို့မှာ သားလေးတစ်ယောက်ရှိပါတယ် လုံးဝကိုဆုံးမတာလည်း မရှိပါဘူး ။ သစ်တို့ပိတ်ရက်တွေမှာ အဲဒီကလေးက သစ်တို့အခန်းတံခါးကို ဂိုးတိုင်လုပ်ပြီး ဘောလုံးကန်တာလောက် စိတ်ညစ်စရာကောင်းတာ မရှိပါဘူး ။ ဒါနဲ့ပဲ ၂လလောက်နေပြီး သစ်အခုနေတဲ့ အခန်းလေးကိုပြောင်းလာခဲ့ပါတယ် ။

ဒီလိုနဲ့ ဒုတိယအလုပ်မှာ ၁နှစ်ခွဲလောက် ကြာပြီး အခုနောက်အလုပ်တစ်ခုပြောင်းလာခဲ့တာ ၅လတောင်ရှိခဲ့ပါပြီ ။ လှိုင်းကြမ်းလည်းမဟုတ် လေပြေလည်း မဟုတ်တဲ့ ဒီစလုံးမှာ ရောက်မှတော့ဆက်ပြီး ရုန်းရပေဦးမှာပေါ့လေ...။ ဘယ်အချိန်ပြန်မယ်ဆိုတာထက် ရောက်နေတဲ့နေရာမှာ ငါ့အတွက် ငါ့မိသားစု အတွက် တစ်ခုခုကျန်အောင် လုပ်မယ်ဆိုပြီး ပလန်လေးတွေချပြီး မဝေးတော့တဲ့တစ်နေ့မှာတော့ အမိမြေကိုပြန်ဖို့ ဆုံးဖြတ်ထားပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, September 10, 2009

နှုတ်ဆက်ခဲ့တယ်

သီချင်းလေးနဲ့ နှုတ်ဆက်ခဲ့ပြီ ချစ်သူ...... ။ ဘယ်တော့မှ မမြင်ရတော့ပါဘူး မင်းအနားက အဝေးဆုံးကို ထွက်သွားဖို့ ကိုယ်ဆုံးဖြတ်လိုက်ပါပြီ ။ ဘာအတွက်မှ ကိုယ့်ဘက်ကမင်းကို ဆက်သွယ်တော့မှာ မဟုတ်သလို မင်းရဲ့ဆက်သွယ်မှု အားလုံးကိုလည်း လက်ခံဖြစ်မယ်မထင်တော့ပါဘူး ။ ပက်သက်ခဲ့တဲ့အချိန်တွေအတွက် အမြဲကျေးဇူးတွေတင်နေမှာပါ ။ အရာရာသွန်သင်ညွှန်ပြခဲ့တာတွေ အတွက်လည်း အမြဲအမှတ်ရနေမှာပါ ။ ပျော်ရွှင်ပါစေ ချစ်သူ...။



ဆက်ဖတ်ချင်သေးရင်...

Wednesday, September 9, 2009

အမှတ်တရ အစီအစဉ်လေး




သူငယ်ချင်းတွေနဲ့ လျှောက်သွားခဲ့တာလေးတွေကို အမှတ်တရ ဆလိုက်ရှိုးလေး လုပ်လိုက်ပါတယ် ။ သွားတာတွေများတော့ တစ်ခုပြီးတစ်ခု တင်မယ်စဉ်းစားထားပါတယ် ။ ပျော်ရွှင်စရာကောင်းတဲ့ ဒို့တွေရဲ့ဒီအချိန်တွေကို အမှတ်တရဖြစ်စေချင်တယ် ။ အပင်ပန်းဆုံးနဲ့ အပျော်ရွှင်ဆုံးအစီအစဉ်လေးပါ ။ အိုင်ဒီယာတွေ အောက်သွားတဲ့ သစ်သစ်တစ်ယောက် အားလုံးထက်ပိုပြီး ပင်ပန်းခဲ့တာ သူတို့တွေသိကြပါတယ် ။ ဂျီတီအိုင်ကတည်းက စခင်လာခဲ့ကြတာ ခုထိလက်တွဲတွေ ခိုင်မြဲနေကြတုန်းပဲကွယ်...။ နင်တို့အဆင်မပြေရင် လာအော်သွားကြနော် ငါကတော့တင်လိုက်ပြီး ဖုန်းလည်းပိတ်လိုက်ပြီဟေ့......။

ဆက်ဖတ်ချင်သေးရင်...

ချစ်ဖြစ်ခဲ့သူတစ်ဦး

သူ့ ကို သိပ်ချစ်ခဲ့ပါတယ် ။ သူသာလျှင် ဘ၀ သူသာလျှင် ထာဝရပါပဲ ။ နောက်တစ်ယောက်ဆိုတာ လောကကြီးမှာ မရှိနိုင်တော့ဘူးလို့လဲ ထင်ခဲ့ပါတယ် ။ သူ့ကိုပဲလက်ထပ်မယ် မိဘတွေကိုလည်း ပြောလိုက်တော့မယ်ပေါ့ ။ ငယ်တော့တဲ့အရွယ် မဟုတ်လို့ စိတ်ကစားဖို့လဲ မလိုဘူးလေ ။ တစ်ယောက်တည်းချစ်ပြီး သူ့ကိုပဲလက်ထပ်မယ်ပေါ့ ။


ဒီလိုနဲ့ ချစ်သက်တမ်း ၆လပြည့်မှာ နှစ်ယောက်လုံးတိုင်ပင်ပြီး မိဘတွေကိုအသိပေးခဲ့ပါတယ် ။ သူ့ဘက်က မိဘတွေကတော့ အေးအေးဆေးဆေးပါပဲ သစ်မိဘတွေကတော့ အနည်းဆုံးအချိန်၂နှစ်ယူဖို့ သင်ပေးခဲ့ပါတယ် ။ သစ်ကလည်း အိုကေပါတယ် ။ ချက်ချင်းလည်း လူတစ်ယောက်ကို ဘယ်လောက်ချစ်သည်ဖြစ်စေ မယူနိုင်သေးပါဘူး ။ သူ့ရဲ့စရိုက်နဲ့ အကျင့်တွေ ကိုယ်ကျင့်တရားတွေ လေ့လာဖို့ ဆုံးဖြတ်ထားတယ်လေ ..။ မိဘကိုဖွင့်ပြောတယ် ဆိုတာကလည်း သစ်ရဲ့စိတ်က တစ်မျိုးပါ သူများက မြန်မာက သစ်သစ်မိဘတွေကို သစ်အကြောင်းကိုပြောတာထက် သစ်ကိုယ်တိုင်က ကြိုပြောထားလို့ မိဘကသိပြီးသားဆိုတဲ့ပုံစံမျိုးကို သစ်နှစ်သက်မိလို့ပါ ။ ဒါကြောင့် သစ်ဘာအကြောင်းပဲဖြစ်ဖြစ် မိဘကိုတိုင်ပင်တာ များပါတယ် ။ သူ့ကိုအဖြေမပေးခင်တောင် သစ်အမကို သေချာသူ့အကြောင်း စုံစမ်းစေပြီးမှ လက်ခံခဲ့တာပါ ။

တကယ်တမ်းပြောရရင် အသက်ကြောင့်လို့ထင်တယ် သစ်သူ့ကိုရွေးချယ်တုန်းက ချစ်တယ် ဆိုတာထက် သစ်အတွက်သင့်တော်တယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပါတယ် ။ ဒီလိုနဲ့ ချစ်သက်တမ်းတွေကြာလာတော့ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာခဲ့တယ် ။ ၂ယောက်လုံးက ဘယ်တော့လက်ထက်မယ် အဲဒီအတွက် ဘယ်လိုလုပ်မယ်ဆိုပြီး ပိုက်ဆံတွေလည်း ကြိုစုပြီး နောက်ပိုင်းနှစ်ဖက်မိဘ နဲ့ ကိုယ်တွေရှေ့ရေးအတွက် ပလန်တွေက အစအတူချမှတ်ခဲ့ကြပါတယ် ။ တစ်နိုင်ငံတည်းနေကြပေမယ့် သစ်တို့နှစ်ယောက်က တစ်ပတ်ကိုတစ်ခါတွေ့ဖို့ ခက်ခဲလွန်းတယ် သူအားရင် သစ်မအား သစ်အားရင်သူမအားဘူးလေ ။ နေ့စဉ်ဖုန်းဆက်ပြီး တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက် ရင်ဖွင့်ကြပြီး ဘယ်လိုတန်ပြန်ရမယ်ဆိုတာတော့ အကြံပေးဖြစ်ကြတယ်လေ ။ ပိတ်ရက်တွေပါ အလုပ်ဆင်းရတဲ့သူ့ကို သစ်သနားတယ်လေ အိုဗာတိုင်ဆိုတာထက် တနေ့တခြား စက်ရုပ်လိုဖြစ်လာတဲ့သူ့ကို အပေါင်းအသင်းတွေနဲ့ ကင်းကွာမသွားအောင် သစ်ကိုယ်တိုင်က သူမသွားရင်တောင် အတင်းသွားခိုင်းမိခဲ့တာ မှားယွင်းမှုရဲ့ အစဖြစ်ခဲ့ရင် အဲဒီမှားယွင်းမှုကို သစ်ကျေနပ်ပါတယ် ။

သစ်က သူ့ကိုလွတ်လပ်ခွင့်တော်တော်များများ ပေးထားပါတယ် ။ သူ့အပေါင်းအသင်းတွေနဲ့ သွားရင် သစ်ဘယ်တော့မှမလိုက်ပါဘူး ဒါကလည်း သူ့ကိုလိုက်ရှုတ်သလိုဖြစ်မှာစိုးတာရယ် ပြီးတော့စင်ကာပူဆိုတာက ကျဉ်းကျဥ်းလေးဆိုတော့ ကိုယ်ကဒီလိုသွားနေတာကို မိဘတွေသိခဲ့ရင်မကောင်းဘူးလို့လည်းထင်တာရယ် သစ်ကိုယ်တိုင်က အိမ်မှာနေရတာကိုပဲသဘောကျတာရယ် ပြီးတော့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူပဲ ဖြစ်တာကြောင့် အစစအရာရာ သူများပြောစရာမဖြစ်အောင် နေချင်တာရယ်တွေကြောင့် သစ်တို့နှစ်ယောက်အပြင်ကိုထွက်တာ မရှိသလောက်ဖြစ်ခဲ့တယ် ။ သူ့ရဲပိတ်ရက်တွေက သစ်အလုပ်ဆင်းတဲ့ရက်တွေဖြစ်နေတာကြောင့် ရုံးဆင်းချိန်ထမင်းအတူသွားစားတာလောက်ပဲ အမှတ်တရဖြစ်ကျန်ခဲ့တာ ထူးဆန်းစရာမဟုတ်ခဲ့ပါဘူး ။

နောက်ပိုင်းကျတော့ ညှိမရ အဆင်မပြေတာတွေ များလာတော့ သစ်ကိုယ်တိုင်က သေချာစဉ်းစားပြီး သူ့ကိုသေချာဆွေးနွေးခဲ့ပါတယ် ဒါမျိုးတွေကို ဒီလိုလုပ်ကြမယ်ပေါ့ အစပိုင်းတော့လက်ခံပေမယ့် နောက်ပိုင်းချုပ်နှောင်မှုတွေများလာတော့ သစ်ကပဲစတင်ပြီး လမ်းခွဲခဲ့ပါတယ် ။ သူငယ်ချင်းတွေလိုပဲ ရှေ့ဆက်ကြမယ်ပေါ့နော် သူကအစပိုင်းလက်မခံခဲ့ပေမယ့် နောက်ပိုင်းသစ်ဘက်က လုံးဝမပြောင်းလဲတော့ သူလက်ခံသွားခဲ့ပါတယ် ။ ဒီလိုပဲအပြုံးတွေနဲ့ လမ်းခွဲခဲ့ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မထင်မှတ်တာတွေ ထပ်ဖြစ်ခဲ့တော့ မခွဲခွာချင်တဲ့ အမုန်းနဲ့ပဲ ပြီးတသက်လမ်းခွဲခဲ့ကြပါတယ် ။

ဒီပို့စ်လေးကို ရေးတာ သူ့ကိုလွမ်းဆွတ်လို့ တမ်းတလို့ရေးတာထက် တခါတလေ တသတ်မှတ်တည်းလို့ ထင်ထားတဲ့အရာတွေဟာ တခါတရံလည်း မထင်မှတ်ပဲ ပြောင်းလဲတတ်တယ်ဆိုတဲ့ သဘောတရားကို ကိုယ်တိုင်လက်တွေ့သိလိုက်ရလို့ ခံစားပြီးရေးတင်လိုက်တာပါ ။

ဆက်ဖတ်ချင်သေးရင်...

Sunday, September 6, 2009

သုံးသပ်မိတဲ့ အချိန်များ

ဒီ ပိတ်ရက်လေးမှာ သစ်သစ် ကိုယ့်ဘာသာကိုယ် တော်တော်များများ ပြန်စဉ်းစားမိပါတယ် ။ အဓိက ကတော့ ကုန်လွန်ဖြတ်သန်းခဲ့တဲ့ ကိုယ့်ဘ၀လေးကို ပြန်သုံးသပ်ကြည့်တာပါ ။ အပိုင်း ၃ ပိုင်းခွဲပြီး သစ် စဉ်းစားခဲ့ပါတယ် ။ ကလေးဘ၀ ၊ ကျောင်းသူဘ၀ ၊ လုပ်ငန်းခွင်ဝင်တဲ့ ဘ၀ပေါ့နော် ....။



ကလေးဘဝ
အဲဒီ ကလေးဘ၀တုန်းက သစ်သစ် မိဘတွေကို ဘယ်လို ဒုက္ခတွေပေးခဲ့လဲဆိုတဲ့ အရာကိုစပြီး စဉ်းစားခဲ့ပါတယ် မဆိုးဘူးနော် ထူးထူးခြားခြား သိပ်မရှိပါဘူး ။ ၄တန်းလောက်က မျက်စိခွဲတာလေး တစ်ခုကတော့အမှတ်တရပေါ့နော် ...။

ကျောင်းသူဘဝ
အင်း ....အထက်တန်းကျောင်းသူ ဘ၀ကလည်း ထင်သလောက်မတော်ပေမယ့် ညံ့တဲ့စာရင်းထဲလည်း မပါခဲ့တာတော့ သေချာတယ် ဆရာ့.....။ မိဘတွေမှန်းသလို မဖြစ်ပေမယ့်လည်း ထင်သလောက်လည်း အောက်ကိုမနိမ့်ခဲ့ပါဘူးလေ ..။ မျက်နှာပန်းမလှပေမယ့်လဲ အထင်သေးတော့လည်း မခံရပါဘူးလေ ကိုယ့်ဘာသာဖြေတွေးနေသလိုပဲ...ဟိဟိ။

လုပ်ငန်းခွင်ဝင်တဲ့ဘဝ
ကျောင်းပြီးတော့လည်း ယောင်ချာချာတွေ မဖြစ်ခဲ့ဘူး သူ့ဟာနဲ့သူကတော့ ဆက်တိုက်လိုလုပ်ဖြစ်နေတာပါပဲ လုပ်စရာမရှိရင်တောင် သစ်သီးဖျော်ရည်သင်တန်း သွားတက်တာလေ ..ဟိဟိ။ တက်လိုက်တဲ့သင်တန်းကလည်း မရိုးရသလို တစ်ခါမှလည်း မနားရပါဘူးလေ ။ အလုပ်မှာလည်း အထူးအထွေ စိတ်ညစ်စရာမရှိပဲ ချစ်စရာကောင်းတဲ့ဆရာရဲ့ လမ်းညွှန်မှုအောက်မှာ မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ် နိုင်ခဲ့တယ်လေ ။

သစ်သစ် သေချာလေးတွေးမိတာကတော့ စလုံးရောက်ပြီးမှ ကိုယ့်အခြေအနေကိုယ်ပါ လုံးဝကိုအားမရပါဘူး ။ ကြိုးစားအားထုတ်မှု ညံ့ဖျင်းသလို အချိန်တော်တော်များများ စားသုံးခြင်းကိုခံနေရတယ်လို့ စိတ်ကခံစားမိနေတယ် ။ ဒီတော့ ကိုယ့်ဘာသာလည်း အားပေးရပါတယ် ကျန်ခဲ့တဲ့၂နှစ်လောက်ကို ထားခဲ့လိုက်တော့ပေါ့နော် ပြန်မှမရတော့တာ ဟုတ်တယ်မှတ်လား ။ နောက်ပိုင်း အချိန်တွေကို ဒီလိုလေးမဖြစ်အောင် ငါ့ရဲ့နေထိုင်မှုကို ဘယ်လိုပုံစံပြောင်းမလဲ ဆိုတာလေးကို အလေးအနက်တွေးဖြစ်ခဲ့တယ် ။ ၂၀၀၉ အတွက်တော့ ပြင်ဆင်ခွင့်အချိန်ထားလိုက်ပေမယ့် နောက် ၂၀၁၀ ကစပြီး ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ပလန်လေးနဲ့လှုပ်ရှားဖို့ ဆုံးဖြတ်ချက်ချမိတယ် ။ အသက်ဆိုတာက ငယ်မသွားဘူးလေ ပြီးတော့ကိုယ်ကလည်း ကျန်းမာလွန်းတဲ့သူမဟုတ်တော့ ဘယ်အချိန်ဘယ်အရာက ထဖောက်မလဲဆိုတာ ကိုယ့်ဘာသာ တပ်လန့်ထားရတာကလည်း တစ်မျိုးပါပဲ ။

အဓိက ကတော့ မိဘပေါ့နော် ... ကိုယ့်မိဘတွေကို ဘာတွေထပ်လုပ်ပေးနိုင်ဦးမလဲ ငွေကြေးအပြင်ပေါ့နော် သူတို့တွေ ဒီအချိန်မှာ ဘာတွေလိုအပ်နေလဲဆိုတာမျိုးပေါ့ မျက်ခြေမပျက်ကို အကဲခတ်နေရမယ်လို့လည်း စဉ်းစားမိတယ် ။ အရင်ကဆို ဖုန်းပြောရင် နေကောင်းလား ထမင်းစားရဲ့လား သမီးကတော့ ကောင်းပါတယ် ဒီလိုပဲပြောဖြစ်တယ် ခုနောက်ပိုင်းတော့ မိဘတွေပြောဖြစ်အောင် လမ်းဖွင့်ပေးတာများတယ် ။ တော်ရုံတန်ရုံကတော့ သစ်မိဘတွေက ပြောကိုမပြောကြဘူး သစ်ကသာတောက်လျှောက်မေးနေမှ ဟိုတစ်စ ဒီတစ်စထွက်လာတတ်တာလေ ။ အခုဆို ပိတ်ရက်မရောက်ခင်ညတိုင်းအမကို အွန်လိုင်းလာခိုင်းထားရတယ် တပတ်တာအိမ်မှာ မိဘတွေဘာလုပ်လဲဆိုတာ သူ့ကိုမေးထားရတယ် ဒါမှကိုယ်ဖုန်းဆက်ရင် စကားတည်ရတာ အဆင်ပြေတယ် ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းအချိန်တွေပလန်ချတဲ့နေရာမှာလည်း မိဘဖြစ်စေချင်တာတွေကို ဦးစားပေးချဖြစ်တယ်ဆို ပိုမှန်မလားပဲ...။ ကိုယ့်ဘာသာတွန်းအားမပေးလို့တော့ မဖြစ်တော့ဘူးလေ ကိုယ်လူ့ဘ၀ရဲ့သက်တမ်း တစ်ဝက်ကျော်ကို အသုံးချခဲ့ပြီးပြီလေ ဘာမှဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့် ကိုယ်ဖြစ်ချင်တဲ့အနေအထားတစ်ခုကို မရောက်ခဲ့တာတော့သေချာတယ်လေ ။ နောက်ဆုံး ကောက်ချက်ချလိုက်တာကတော့ ကိုယ်ဒါထက်အများကြီး ကြိုးစားဖို့လိုနေသေးတယ်ဆိုတာပါပဲ ....။

ဆက်ဖတ်ချင်သေးရင်...

Saturday, September 5, 2009

ဘွားဘွား သစ်သစ်


သစ်သစ်မှာ တစ်ဦးတည်းသော တူမအရင်းရှိပါတယ် ။ သူက စလုံးရောက်တာ ကြာပါပြီ သူက သစ်ကိုစလုံးလာဖို့ အများဆုံးတွန်းအားတွေပေးပြီး အကူအညီတွေအများကြီးပေးခဲ့တဲ့သူပေါ့...။ သူ နဲ့ သစ် က အမေဘက်ကတော်ရတဲ့ အမျိုးပါ အသက်ကတော့ တူမပေမယ့် သူကသစ်ထက် ၆လလောက်ကြီးပါတယ် ။ ငယ်စဉ်ကတည်း က ပြိုင်တူလိုအမျိုးတွေကြားမှာ ရွယ်တူတွေလို ကြီးပြင်းလာကြတာပါ ။ သူကတော့ ဆယ်တန်းအောင်ပြီးကတည်းက ဒီမှာကျောင်းလာတက်တဲ့သူပေါ့နော် ...။


သစ် ဒီကိုမလာခင် သူဖားအံမှာပြန်ပြီး မင်္ဂလာဆောင်ပါတယ် ..။ ဒီလိုနဲ့ပဲ အဆက်အသွယ်မရှိပေမယ့် တစ်နေ့သူကလူကြုံနဲ့ သစ် ဆီကိုလိုက်လာဖို့ ဖိတ်ခေါ်စာပို့လိုက်ပါတယ် ။ သစ်ကလည်း ရန်ကုန်မှာ ရှုပ်ထွေးနေချိန်ဆိုတော့ ထွက်လာဖို့စဉ်းစားလိုက်ပါတယ် ။ သစ် ဒီကိုရောက်တော့ သူကတော်တော်ကူညီခဲ့ပါတယ် တစ်ညလုံးမအိပ်ရသေးပေမယ့် သစ်နောက်ကိုလိုက်ပါတယ် ။ စိတ်မချလို့တဲ့ သစ် နဲ့ကလည်း အရင်းဆုံးအမျိုးဆိုတော့ သူကတက်တက်ကြွကြွ ကို ကူညီပါတယ် ။

ဒီလို နဲ့ ဒီမှာက သိတဲ့အတိုင်းပဲ အလုပ်လုပ်ပြီဆိုတာနဲ့ကို တပတ်တစ်ရက်ကို ဖုန်းဆက်ဖို့မေ့နေတတ်ပါတယ် ။ သူ့အမေက ဒီမှာလာနေတော့ အပတ်တိုင်းလိုလို သစ်ကိုဖုန်းဆက်ပါတယ် ။ လာခဲ့ဖို့လည်းပြောပါတယ် သစ်ကလည်း ၃လ တစ်ခေါက်တောင် ရောက်ဖို့အနိုင်နိုင်ပါ ။ သူ့အမေက သစ်နဲ့ညီအမတော်ပါတယ် ။ သစ်ကို စိတ်ပူပါတယ် အမြဲလိုလို သတင်းတွေမေးတတ်ပါတယ် ။

ဟိုတစ်လောက သစ် အလည်သွားတော့ သစ်တူမမွေးထားတဲ့ ကလေးကတော်တော်ကြီးနေပါပြီ ။ သစ်ကလည်း ကလေးသိပ်ချစ်တတ်တော့ မြင်တာနဲ့ကို အရမ်းချစ်ပြီး အသဲကလည်းယားတယ် သူလုပ်သမျှလိုက်ကြည့်နေတောတာပေါ့...။ အဲဒီအချိန်မှာ ဗုံးတစ်လုံးအလား ကြားလိုက်ရတဲ့စကားက သစ်သစ်ရဲ့ကုန်လွန်ခါနီး ဒုတိယအရွယ်ကို တပ်လန့်လိုက်သလိုပါပဲ ။ အဲဒါကတော့ သူ့မေမေက ကလေးကိုသင်ကြားလိုက်တဲ့ စကားလေးပါ ဘာလဲဆိုတော့ သမီးလေး ဘွားဘွားလို့ခေါ်လိုက်လေတဲ့....း( ။ ရှင်ချင်တယ် တကယ်ကိုခံစားလိုက်ရပါတယ် ငါဟာ ဘွားဘွားရာထူးရောက်နေပြီပေါ့နော် .. ။ ပြန်လာတော့လည်း လမ်းမှာစဉ်းစားလာတာ အိမ်ပြန်ရောက်တဲ့အထိပါပဲ..။ အော်...ငါ့နှယ့်နော် ဘွားဘွားသစ်သစ်တောင် ဖြစ်နေပါရောလား ဟင့် ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 1, 2009

ဒီနေ့အတွက် စာစုလေး

ဒီနေ့မနက် မိုးလေးလင်းတုန်း
အိပ်ပုတ်လေးကို နှိုးခဲ့တာ
မထင်ရတဲ့ သူ ပါလား


ထူးထူးဆန်းဆန်း ဘာကြောင့်များလည်း
ကိုယ်မေးမိတော့ miss u so much
ဖြစ်ပြန်ရောလား

ပျော်ရွှင်စွာနဲ့ ရုံးကိုသွားလို့
ရထားပေါ်ရောက် မြည်လာပြန်ရော
ဒါသည်လည်းပဲ miss ပဲလား

လွမ်းလည်းလွမ်းတယ်
ချမ်းလည်းချမ်းတယ်
ကြည်နူးမှုနဲ့ ရုံးရောက်ခဲ့တယ်

အချိန်တန်လို့ ပြန်မရောက်တော့
ဓားကြိမ်းပြီးတော့ ဆူမိပြန်ရော
ရောက်လာတော့လည်း ခုနပြောတာ
မဟုတ်သလိုနဲ့ ငြိမ်သက်နေတာ
ကိုယ်ကိုယ်တိုင်မှ ဟုတ်ရဲ့လား

ပြောလိုက်ဆိုလိုက်
ကောက်လိုက်ဖြောင့်လိုက်
မာယာများတဲ့ ဒေါ်သစ်သစ်
မကျေသမျှ ဖွင့်ကာချလို့
ရိုက်နေစဉ်မှာ
သူပြန်ပုံက ချစ်စရာ
း) ဒီလိုလေးပါလား

ဆက်ဖတ်ချင်သေးရင်...