Monday, August 31, 2009

တိုးထွက်လာတဲ့ ခံစားမှု

ခြောက်သွေ့နေတဲ့ ကိုယ့်ဘ၀ထဲ ခဏအလည်ရောက်နေတဲ့ သူအတွက် ရည်ရွယ်ပါတယ် ။ ရယူလိုခြင်းတစ်ခု အတွက် ခင်တွယ်နေရင် တဖက်ကအရမ်းခံစားရတတ်တယ်လို့ ပြောခဲ့တာကိုသတိရမိလို့ ဒီညဒီသီချင်းလေး တင်ဖြစ်သွားတယ် ....။ မြိုသိပ်ထားတာလည်း ကြာပါပြီ ကိုယ့်ရဲ့ရင်ခုန်သံတွေကို ချမပြတော့တာ ကြာပါပြီ ။ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသလို ရောက်၇ှိနေတဲ့ အနေအထားလေး ဆုံးရှုံးသွားမှာ ကိုယ်ကြောက်တယ် ။ တစ်နေ့ဆိုတာ မရှိတဲ့ ဒီမျှော်လင့်ချက်တွေ ပျက်စီးပျောက်ဆုံးသွားစေဖို့ ကိုယ်မျှော်လင့်နေမိပြီ ချစ်သူ ။

အားနည်းချက်တွေပြည့်နေတဲ့ ကိုယ့်ကို သံယောဇဉ်ဒီလောက်ရှိပေးတာကပဲ ဘုရားပေးတဲ့ ဆုတစ်ဆုလို့ မှတ်လိုက်ပါတယ် ။ ကျန်းမာပါစေ ပျော်ရွှင်ပါစေ ။ လိုချင်တဲ့နေရာကို အခက်အခဲ အနည်းငယ်နဲ့ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ် ။ ဘာလုပ်လုပ်အောင်မြင်မယ်ဆိုတာ ကိုယ်သိသလို ကိုယ်နောက်ကွယ်ကနေပဲ မင်းရဲ့အောင်မြင်မှုတွေကို ဝေမျှပါရစေတော့နော်.....။


ဆက်ဖတ်ချင်သေးရင်...

Friday, August 28, 2009

သမီး ကျန်းမာပါတယ်

ဒီနေ့က မိုးလေးညှို့နေပြီး အေးချမ်းတဲ့နေ့လေး တစ်နေ့ပါ ဒါပေမယ့် သစ်မပျော်ဘူးဖြစ်နေတယ် ။ အလုပ်လည်းမလုပ်ချင်ဘူး လူတွေနဲ့မျှတအောင်လည်း မနေချင်ဘူး လူတွေနဲ့အဝေးကို ခဏထွက်သွားချင်နေတာလေ ။ သစ်သစ်မေ့ထားတဲ့ အရိပ်မည်းကြီးက သစ်သစ်ကိုပြန်အစဖော်နေတယ်ဆိုလည်း မမှားပါဘူး ။


တစ်ခါတစ်လေ ဘ၀မှာ မထင်မှတ်တာတွေ ဖြစ်တတ်တယ်လေ ။ ဒီစာကိုရေးနေရင်းကနေ ဟိုးလွန်ခဲ့တဲ့ ၃နှစ်လောက်က ကိုယ့်ဘ၀ကိုပြန်စဉ်းစားမိတယ် ပျော်ရွှင်စရာများနဲ့ ပြည့်နေတယ်လို့ မဆိုနိုင်ပေမယ့် မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ စိတ်ကူးတွေလတ်ဆတ်ခဲ့တာတော့ အမှန်ပါပဲ ။ ထင်မှတ်မထားတဲ့အဖြစ်တွေနဲ့ ကိုယ့်ဘ၀ရဲ့ပိတ်ကားထဲက အခန်းတစ်ခုကို ကိုယ်သရုပ်ဆောင်ခဲ့ရတယ် ။ အရင်ဆုံးစပြီး ကိုယ့်အပူတွေကို ရှယ်ယာခွဲခဲ့တာကတော့ ကိုယ့်မိဘတွေပါ ကျနေတဲ့ကိုယ့်ရဲ့စိတ်ဓါတ်တွေကို အတူလိုက်ပါပြီး စီးမြောပေးခဲ့ကြတယ်လေ ။

နေ့တစ်နေ့ရဲ့ ညခင်းလေးမှာ အမောတကြီးနဲ့ အိမ်ကိုပြန်လာတဲ့ သမီးငယ်ကိုချက်ချင်း နှစ်သိမ့်မှုမပေးနိုင်ခဲ့ဘူးလေ....။ မင်သက်ဆွံအစွာနဲ့ ကြည့်ပြီး အိပ်ခန်းလေးဆီပြေးတက်သွားတဲ့ ကိုယ့်ကိုလိုက်ကြည့်နေခဲ့ကြတယ် ။ ကိုယ်တံခါးကို လော့ချပြီးတာနဲ့ ချက်ချင်းတံခါးလာခေါက်တာကတော့ ကိုယ့်အဖေပါပဲ.....ဘ၀တစ်လျှောက်မှာ ကျန်းမာရေးအတွက် ဆေးရုံဆိုတာတောင် မတက်ခဲ့ဘူးတဲ့ အဖေ ကိုယ့်အတွက်နဲ့ ဆရာဝန်ပေါင်းများစွာနဲ့ ဆွေးနွေးခဲ့တယ် ။

ဘာလုပ်သင့်တယ် ဆိုတာထက် သမီးစိတ်ဓါတ်မကျဖို့က သူ့အတွက်ပိုအရေးကြီးခဲ့တယ် ။ ဘယ်သူ့ကိုမှ မတွေ့ပဲအခန်းအောင်းသွားတဲ့ကိုယ့်ကို အမေကအခန်းရှေ့ကုတင်ကနေ မထတမ်းစောင့်နေခဲ့တယ် ။ နင်မစားရင် ငါလည်းထမင်းမစားဘူးဆိုလို့ အခန်းတံခါးဖွင့်ပြီးထွက်လာတဲ့ကိုယ့်ကို အမကထမင်းဝိုင်းနဲ့ ကြိုနေခဲ့တယ် ။ စီးပွားပျက်ပါစေရအောင်ကုမယ်ဆိုတဲ့ အမေ့ရဲ့စကား ဒါမလုပ်ရလို့ ငါ့သမီးဘ၀မတိုးတက်တော့ဘူးလားဆိုတဲ့ အဖေ့ရဲ့ဂရုဏာဒေါသတွေက အိမ်မှာညံစီနေခဲ့တယ်လေ...။

ပထမဆုံးအကြိမ် ဒေါက်တာကိုစိုးရိမ်တကြီးလိုက်တွေ့ကြတဲ့ အဖေ နှင့် အမေ မျက်နှာကို ဘယ်တော့မှမမေ့နိုင်ခဲ့ဘူး ။ ကိန်းဂဏန်း ၁၀ကျော်တဲ့ ၃လစာ ဆေးဖိုးတွေကို နှမြောချင်းမရှိ ကောင်တာမှာရှင်းနေကြတာ ကိုယ့်ဘ၀မှာအကြွေးတွေ တင်သလိုခံစားခဲ့ရတယ် ။ ၃လကြာလို့ပြန်စစ်တော့လည်း ဘာမှထူးခြားမလာတဲ့ ကိုယ့်ရောဂါကို စိတ်ဓါတ်မကျပဲ ကိန်းဂဏန်းများထပ်ပေးပြီး ထပ်ကုနေကြတဲ့မြင်ကွင်းက ကိုယ့်နှလုံးသားထဲမှာ တဖျတ်ဖျတ်ရိုက်ခဲ့တဲ့ သမိုင်းဝင်ပုံရိပ်တွေပါပဲ....။

မထူးခြားတော့တဲ့ ကိုယ့်အခြေအနေကို လုပ်ချင်ရာလုပ်တော့ဆိုပြီး စမ်းသပ်ခုံတွေမှာ ကိုယ်ထိုင်ပေးခဲ့တယ် ။ ငယ်ငယ်လေးနဲ့ဖြစ်ရလားဆိုတဲ့ ဆရာတွေရဲ့စုတ်သတ်ချက်တွေ အောက်မှာကိုယ်ဟန်ဆောင်ပြုံးနိုင်ခဲ့တယ် ။ အကြိမ်ကြိမ်ဖောက်ခဲ့တဲ့သွေးတွေ စစ်ခဲ့တဲ့စက်တွေ ဆေးရုံရဲ့အနံ့တွေကြားမှာ ကိုယ်၂လလောက်နေသားကျခဲ့တယ် ။

မနှစ်ကကိုယ်ပြန်တော့လည်း စိတ်တိုင်းကျအစစ်ခံပေးခဲ့တယ် ပြောင်းလဲမလာလို့ ကိုယ်ကတောင် မိဘတွေကိုအားနာခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ် ဒီမနက်မှာအဲဒီမှောင်လွန်းသောညများအကြောင်းကို ပြန်စဉ်းစားမိခဲ့တယ် ။ ရထားဘူတာကထွက်တော့ ကိုယ့်စိတ်မထိန်းနိုင်ပဲ အိမ်ကိုဖုန်းဆက်လိုက်တယ် ပြောလိုက်တာကတော့ သမီးကျန်းမာပါတယ်ပေါ့....ဟက်ဟက် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 27, 2009

သံယောဇဉ်

အခက်ကြုံလို့
တမ်းတလိုက်ချိန်
သူကကိုယ့်အနား
အမြဲရောက်တယ်


ဘာတွေဖြစ်လဲ
ပြောလိုက်တာနဲ့
သိမ်မွေ့စွာ
ဖြေရှင်းသွားတယ်

ကိုယ်ပင်ပန်းနေရင်
ဘယ်လိုစကား
ရွေးချယ်ရမယ်
သူသိတယ်

သူ့စကားက
အားဆေးတစ်ခွက် ဖြစ်ခဲ့ရင်
သေချာတယ်
ကိုယ်အားပြည့်နေပြီ

ရက်တွေလတွေ
ထပ်ကာတိုးလို့
သံယောဇဉ်တွေ
ပျိုးမိပြန်ပြီ

ဘယ်ခါမပြောင်း
မဟောင်းတော့မယ်
ဒီသံယောဇဉ်
ရစ်ပတ်မှာလား
ဖြတ်ပစ်မှာလား

ဆက်ဖတ်ချင်သေးရင်...

မှိတ်တုတ် မှိတ်တုတ် သူ့အချစ်

တိတ်ဆိတ်လို့ ညင်သာ
ကိုယ့်ရင်ထဲကို
သူတိုးလာ...


နေရာစုံအောင်
လျှောက်ကာသွားလို့
ကိုယ်လည်း ရူးနေချိန်လေးမှာ.....


မပြောမဆို
သူထွက်ခွာ
တားဆီးခွင့်တောင်မရလိုက်ပါ....


လမ်းတွေကြုံလို့
သူပြန်လာ
ငုတ်တုတ်လေးပဲ
စောင့်နေမှာ....


ဆက်ဖတ်ချင်သေးရင်...

ရှုပ်ထွေးနေတဲ့ ဒီတစ်ပတ်

ဒီတစ်ပတ်လုံး အလုပ်ရှုပ်တာကတော့ စာတောင်မဖွဲ့လိုတော့ပါဘူး ။ သစ်သစ်ဘ၀မှာ တကယ်ပါ ဒီလောက်ပင်ပန်းတာ အခုမှလုပ်ဖူးတာပါ ။ တစ်နေ့လုံး မနက် ၈နာရီခွဲကနေ ပုံတွေထိုင်ဆွဲလိုက်တာ ည၉နာရီမှ ပြန်ရတယ်ဆိုတာ အရင်အလုပ်တုန်းကလည်း မရှိခဲ့ပါဘူး ။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့ဆန်စားမှ ရဲရတော့မှာပေါ့နော် ...။ စကားပုံက မှန်မမှန်တောင် သိဘူး...ဟိ ။ ဒီကြာသပတေးမနက်မှာ မန်နေဂျာကပြောပါတယ် သစ်သစ်တဲ့နင်မနက်အိပ်ယာထနိုင်လားတဲ့ ငါတော့မနည်းထရတယ်တဲ့....။ သစ်သစ်က ငါလည်းမထနိုင်ဘူးလို့ ပြောလိုက်တယ် ဒါဆိုတို့မနက်ဖြန်သောကြာတော့ ၅နာရီခွဲ ပြန်ကျမယ်တဲ့ ကြိုတင်ပျော်ပြီးပို့စ်ရေးလိုက်တာပါ ။


အိုတီသာဆင်းတယ် ရတာနဲ့မကာမိပါဘူး ပြန်တိုင်းဘတ်စ်ပေါ်ကနေ ရန်ကုန်အိမ်ကိုဖုန်းဆက်တာ အိမ်ရောက်မှဖုန်းချဖြစ်တယ် ။ ကတ်ကုန်လည်း တိုက်ရိုက်ခေါ်တာပဲ ရဘူး လူကတော်တော်ပြိုင်းနေတာဆိုတော့ အိမ်ကသူတွေအသံကြားမှ စိတ်ကြည်တယ်လေ ။ အချစ်ကိုတော့ ဂျီကျလို့ရတော့ဘူးလေ သူကအလုပ်ရောက်သွားပြီဆိုတော့ အထီးကျန်အပြန်လမ်းလေးပေါ့နော် ....ဟဟ နုနေတာ သနားမလားလို့ ဟိုကလာကိုမဖတ်တာ ဒီဘလော့ကို.....း) ။ တစ်ခါတစ်လေ ဖတ်စေချင်တဲ့ပို့စ်ဆို သစ်သစ်ကဥာဏ်များတာပေါ့နော် ဘလော့ကိုကြည့်ပေးပါဦး ဟိုဟာလုပ်မရလို့ ဒီဟာလုပ်မရလို့ ဆိုပြီးတော့လေ....။ အခုလည်းအလုပ်များတော့ ရစ်ချိန်သိပ်မရှိတော့ သူလည်းလွတ်လပ်ရေးရနေတယ်ထင်တယ် ။ နေ့လည်ပိုင်းထမင်းစားချိန်လေးတွေ့တဲ့အချိန်မှာ စုပုံပြောရတာကလည်း အရသာတစ်မျိုးပါပဲလေ....။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်သောကြာညနေတော့ ပင်ပန်းလွန်းတဲ့ကိုယ့်ကိုကိုယ် သနားလို့စီးတီးဟောမှာ ပြုစုလိုက်ဦးမယ် ။ ပိန်မှာစိုးလို့.....ဟိဟိ ။ ၆နာရီနောက်ပိုင်း မြေအောက်ထပ်မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ တစ်ယောက်တည်းဆို ကိုယ်ပါပဲကွယ်....အလဲ့ ။ ဒီနေ့တော့ပြောလက်စနဲ့ တခါတည်းနောက်အပတ်သောကြာ ကိုယ်စောစောပြန်မှာလို့ မန်နေဂျာကိုပြောခဲ့လိုက်တယ်လေ ။ ဘာလို့လည်းဆိုတော့ ကိုယ့်အမလိုချစ်ရတဲ့ မမမောင် နဲ့တွေ့ဖို့ရှိတယ်လေကွယ်...အိုတီတွေဘယ်လောက်ပေးပေး ကိုယ်အဲဒီနေ့မလုပ်ပါဘူးကွယ် ။ တပတ်လုံးဘာပို့စ်မှ မတင်ဖြစ်လို့ အကျဉ်းချုပ်တင်လိုက်တယ်ကွယ် ကျေနပ်နိုင်ကြပါစေနော်...။

ဆက်ဖတ်ချင်သေးရင်...

Monday, August 24, 2009

ကာလာစုံတဲ့ နေ့တစ်နေ့

ကိုယ့်အတွက် ညနေ

လှပတဲ့ ဒီညနေ
သံသာချိုအေး သူ့အသံလေးနဲ့
ကျေနပ်စရာအတိနဲ့ ဒီညနေ
ပင်ပန်းသမျှတွေ ပြေပျောက်စေတဲ့
ဒီညနေနဲ့ဆို
ကိုယ်နေရတာ အဆင်ပြေနေတယ်


သူ့အတွက် မနက်

ကြည်လင်နေတဲ့ သူ့မနက်
အားအင်အပြည့်နဲ့ တက်ကြွနေပုံ
မြင်စေချင်စမ်း လူအကုန်
ချိုလွင်သံစုံ သူပြောမကုန်
ကိုယ်ကြားယုံနဲ့ အပျော်တွေဟုန်


လည်ပတ်နေတဲ့ ရာသီစက်ဝန်း
ကုန်ဆုံးသွားမှာ ကိုယ်ကြောက်မိတယ်
ကောက်လိုက် ချော့လိုက် နေ့ရက်တွေက
ကိုယ့်အတွက်တော့ မမေ့ရက်စရာပါ
ရပ်လို့ရရင် တခဏလောက်
ရပ်တန့်ချင်တယ် ကမ္ဘာရယ်


၂၄.၈.၀၉ ရက်နေ့အမှတ်တရ ပျော်ရွှင်ခဲ့တဲ့ နေ့ နဲ့ ည အမှတ်တရ ကောက်ခြစ်လိုက်တဲ့ စာစုလေးကို ဘလော့လေးထဲ သိမ်းဆည်းထားလိုက်ပြီ......သူ။

ဆက်ဖတ်ချင်သေးရင်...

အသိပေးခြင်း

ဒီနေ့ သစ်သစ် ရုံးမှာအလုပ်တစ်ကယ်များပါတယ် ။ ဒီပို့စ်ကို သစ်နေ့လည် ကော်ဖီသောက်ချိန်မှာ ကော်ဖီသောက်ရင်း ရေးလိုက်တာပါ. စာရေးခြင်းဟာ သစ်သစ်ရဲ့အပန်းဖြေစရာ တစ်ခုဆိုလည်း မမှားပါဘူး ။ အဓိက သစ်သစ်က ပျော်စရာလေးတွေ ရေးချင်ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း အမြဲလိုလိုပျော်ပျော် နေတတ်ပါတယ် ။ သစ်သစ် နဲ့ တွေ့ဘူးသူ ခင်မင်ဘူးသူတိုင်း သစ်သစ်စိတ်ဓါတ်ကို သိကြပါတယ် ။ အွန်လိုင်းကပဲ သိသိ အပြင်မှာပဲ သိသိ သစ်သစ် တစ်သားတည်းဆက်ဆံတတ်ပါတယ် ။ အခုပဲခင်ခင် နောက်ပဲခင်ခင် အတူတူပါပဲ ။


တစ်ခါတစ်လေ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်လို့ သစ်သစ် အစ်ကိုက ပြောပါတယ် အရာအားလုံးကို စိတ်မှာရှိတာ လျှောက်မပြောရဘူးလို့ ကြုံတိုင်းဆုံးမလေ့ ရှိပါတယ် ။ မိဘ မောင်နှစ်မ နဲ့ အဝေးမှာနေရတဲ့ သစ်သစ် အွန်လိုင်းက အစ်ကို အစ်မတွေကသာ တိုင်ပင်စရာ ချစ်ခင်စရာ ဆွေမျိုးတွေပါ ။ သစ်သစ်ကို ၀လို့ဝိတ်လျှော့ခိုင်းနေတဲ့ အစ်ကို အစ်မ တွေအများကြီးပါ ရင်ထဲကစေတနာတွေနဲ့ တစ်ကူးတစ်ကကိုပြောနေကြတာ သစ်သစ်သိရတော့ တကယ်ကိုကျေးဇူးတင်ပါတယ် ။ သစ်သစ်လည်းလျှော့နေပါတယ် (ထမီပါ ) ၊ မနက်တိုင်း ပြေးပါတယ် ( ကုတင်ပတ်ပြေးတာပါ ) ၊ ရေမချိုးခင် နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပါတယ် ( လက်ချောင်းလေးတွေပါ ) စတာပါ အားလုံးကို ပျော်စေချင်လို့ပါ ။

တကယ်ပါ သစ်သစ် ကျန်းမာရေးအရရော လှပဖို့ အရရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရ ပါ သင့်တင့်တဲ့ အားကစားတစ်ခုကို လုပ်ရမယ်ဆိုတာ နားလည်ပါတယ် ။ စိတ်ဓါတ်ကျမှုဆိုတာ မဖြစ်ရအောင် ထိုက်သင့်တဲ့ တရားထိုင်မှုတွေ စိတ်တည်ငြိမ်အောင် လုပ်ရမယ် ။ ဘာကြောင့်မလုပ်တာပါဆိုတဲ့ ဆင်ခြင်တွေဟာ သစ်သစ်အတွက် ပျင်းရိခြင်းကာဗာတွေပါ ။ အစားအစာကိုလည်း သမမျှတအောင်စားရမယ် ဆိုတဲ့အချက်တွေဟာ ၀နေသောသူအတွက် အဓိကအချက်တစ်ခုပါပဲ ။ လုပ်ငန်းခွင်မှာ အောင်မြင်တက်ကြွတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ဖို့က လှပဖို့ကလည်း အချက်တစ်ချက်ပါပဲဆိုတာ သစ်သစ်တက်ခဲ့တဲ့သင်တန်းတွေအရ သိထားပါတယ် ။

မဝေးတော့တဲ့ တစ်နေ့မှာ သစ်သစ်လည်း အားလုံးကဖြစ်စေချင်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ကြိုးစားနေတယ် ဆိုတာ ဒီပို့စ်လေးနဲ့အသိပေးလိုက်ပါတယ်နော် ။ သစ်သစ်ပုံတွေ တင်တယ်ဆိုတာ သူများကိုယ့်ကိုလှောင်စေချင်လို့ မဟုတ်ပါဘူး ။ မြင်ဘူးချင်တဲ့သူတွေအတွက် ကိုယ့်ဘလော့ကိုလာတဲ့ သူငယ်ချင်းတွေအားလုံး အတွက် ဘာကာလာမှမခြယ်ပဲ တင်ပေးထားခြင်း ဖြစ်ပါတယ် ။ နားလည်ပေးစေချင်ပါတယ် ဘယ်သူ့ကိုယ်မှ ရည်ရွယ်ခြင်း မဟုတ်ပါ ။ လာလည်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်...။

ဆက်ဖတ်ချင်သေးရင်...

Sunday, August 23, 2009

အလွမ်းပြေ


ဆရာ သမီးတို့တွေ မနေ့က ဆုံဖြစ်ကြတယ်....။ ဒီလို ၄ယောက်ဆုံဖြစ်ဖို့က တကယ်ကိုမလွယ်ပါဘူး အားလုံးကိုယ်စီကိုယ်ငှ အလုပ်တွေနဲ့ ရှုပ်နေကြတော့ တွေ့ဖို့ချိန်းရင် ပျက်တာကများပါတယ် ။ သမီးတို့တွေဆုံပြီး ဓါတ်ပုံတွေရိုက်တော့ ဆရာ့ကိုတော်တော်သတိရမိတယ် ။ လွန်ခဲ့တဲ့ ၄နှစ်လောက်ကလည်း ဒီ၎ယောက်ကို ဆရာကိုယ်တိုင်ကမ်းခြေမှာ ဓါတ်ပုံတွေရိုက်ပေးတာကိုလည်း ပြန်သတိရမိတယ်..။



ဆရာပျိုးထောင်ပေးတဲ့ပန်းလေးတွေ သူများနိုင်ငံမှာ အောက်မကျပဲအလုပ်လုပ်နိုင်ပြီလေ ဆရာ ....။ သမီးတို့ရဲ့သမိုင်းမှာ ဆရာပါဝင်ခဲ့တဲ့ အခန်းတွေကို ဘယ်တော့မှကျော်သွားလို့ရမယ် မထင်ပါဘူး....။ ၄ယောက်စလုံးထွက်သွားတာ ကျွန်တော့လက်တွေကိုဖြုတ်သွားသလို ခံစားရတယ်လို့ ဆရာကြီးဦးခင်မောင်တင့်ကို ပြောခဲ့တဲ့ဆရာ့အသံကို အခုထိအမှတ်ရနေဆဲပါ ။ ၂နှစ်လောက်ရှိတဲ့အချိန်ထိ ဖုန်းပြောတိုင်းဆရာပြောနေကျ ခင်ဗျားတို့၎ယောက်လိုမျိုး ကျွန်တော်ဘယ်တော့မှ မရနိုင်တော့ဘူးဆိုတဲ့ စကားကလေ သမီးတို့တွေ တာဝန်မကျေသလိုကို ခံစားနေရဆဲပါ ။

ဆရာ့ဆီမှာ လုပ်ခဲ့တဲ့၂နှစ်လုံးလုံး စိတ်ဆင်းရဲမှုဆိုတာ မရှိပဲ ဆရာစားမချန် တပည့်တွေကို ချော့လို့တစ်မျိုး ခြောက်လို့တစ်သွယ် တစ်ချို့အပိုင်းတွေမှာ မသိသလိုနေပြီး တပည့်တွေကို ဆုံးဖြတ်ရဲအောင် လမ်းကြောင်းပေးခဲ့တာတွေကို အခုထိမှတ်မိနေတုန်းပါပဲ ။ ဆရာ့ကျေးဇူးတွေအကြောင်းပြောရမယ်ဆိုရင် သမီးဘလော့လေးတောင်ပြည့်သွားနိုင်ပါတယ် ။ ဒါပေမယ့်မနေ့က ၄ယောက်ဆုံတုန်း ဆရာ့ကိုအားလုံးသတိရနေတာကတော့ ဖွင့်မပြောပေမယ့် အားလုံးရဲ့စိတ်ထဲမှာ ထပ်တူညီတဲ့ခံစားမှုလေးပါပဲ ။ သမီးတို့အားလုံး ဆရာလာလည်မယ့်အချိန်လေးကို မျှော်နေကြသလို ဆရာကျန်းမာပါစေလို့ နေ့စဉ်ဆုတောင်းပေးရင်း ဆရာ့အလွမ်းပြေပို့စ်လေးတစ်ပုဒ် တင်လိုက်မိတယ်ဆရာ.....။

ဆက်ဖတ်ချင်သေးရင်...

Saturday, August 22, 2009

လွမ်းတယ် ခိုင်ဇာ....

ပျာ်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးနဲ့ သူငယ်ချင်း သစ်တို့သူငယ်ချင်းတွေအတွက် သူပေးခဲ့တဲ့လက်ဆောင်

သစ်သစ်မှာ အထက်တန်းကတည်းက တွဲခဲ့ပြီး သိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ် ။ ကျောင်းတက်စဉ်ကတုန်းကလည်း အမြဲတမ်းတွဲနေကျဆိုတော့ သူ့ကိုမြင်ရင် သစ်သစ်ကိုမေးလေ့ရှိသလို သစ်ကိုမြင်ရင်လည်းသူ့ကိုမေးလေ့ရှိတာ အခုထိပါပဲ ။ သူကလည်း သစ်ကိုသိပ်ချစ်ပါတယ် ။ သစ်မြန်မာပြန်တုန်းက လေဆိပ်မှာ သူတို့မိသားစုလာကြိုကြတယ်လေ ...။ သူ့သားလေးကိုမြင်ဘူးချင်တာလေ သစ်က အရမ်းကိုမြင်ဘူးချင်နေတာ သူကတော့တော်တော်ကို လူကြီးဆန်သွားပါပြီ ။ သစ် သူ့ကိုတကယ်စိတ်ချသွားပါပြီ ။ အခုတော့သူက သစ်ကိုစိတ်မချ ပြန်ဖြစ်နေတာလေ ။


ကျောင်းတုန်းကဆို သစ် နဲ့ သူ စိတ်ကောက်ပြီး စကားမပြောတာ ကျောင်း၆လ လုံးပါပဲ လုံးဝကိုကောက်နေကြတာလေ ဒါပေမယ့် ထိုင်ခုံမှာတော့ ၂ယောက်အတူထိုင်တာနော် မခွဲကြဘူး ။ နောက်မှပြန်ခေါ်သွားတော့ ချစ်လိုက်ကြတာလည်း သူများအမြင်ကတ်ပါတယ် ။ သစ်က အရမ်းစိတ်ကောက်တတ်တယ် ဒါကြောင့်လည်းသူကသိနေတာလေ သစ်အကြောကို....ဟိဟိ ။ ကျောင်းပြေးတိုင်းသူနဲ့သစ်က အမြဲအတူပါပဲ စာမေးပွဲနီးလို့ စာမရဘူးဆိုလည်း အတူတူလေ ...။ ရေးနေရင်တောင် သတိရမိတယ် သူငယ်ချင်းရယ် ။ နောက်ပိုင်းသူ ဘီအီး မပါတော့သစ်တစ်ယောက်တည်း ငိုင်တိုင်တိုင်ကို ဖြစ်ခဲ့တယ်လေ ။ ဒီအချိန်မှာ သူကလုပ်ငန်းခွင်တွေဝင်ပြီး သစ်နဲ့အဆက်အသွယ်တွေ ပြတ်ခဲ့တယ်လေ ။ နောက်ပိုင်း သစ်လည်းအလုပ်တွေနဲ့ဆိုတော့ လုံးဝကိုအဆက်အသွယ်တွေ ပြတ်ခဲ့ပါတယ် ။

သစ်သူငယ်ချင်းက ကိုယ်လုံးလှလှလေးနဲ့ ညိုချောလေးပါ။ သူဘာဝတ်ဝတ်စတိုင်ကို ကျနေရောပဲ သူအ၀တ်အစားတွေဝတ်ရင် သစ်သူ့ကိုကြည့်လို့မ၀ခဲ့ပါဘူး ။ သူက အချုပ်အလုပ်လဲရတယ်လေ အချက်အပြုတ်ကတော့ ရှယ်ပါပဲလေ ။ ဒီလိုဝေးကွာနေရင်း တစ်နေ့သူ့မင်္ဂလာဆောင်ဖိတ်စာ သစ်အိမ်ကိုရောက်လာခဲ့တယ်လေ ။ သစ် သိပ်ဝမ်းသာသွားတယ် သူ့ဘ၀ကပင်ပန်းလွန်းလို့ သစ်သူ့ကိုငြိမ်းချမ်းစေချင်ပြီလေ ။ အခြားတဖက်ကလည်း သူ့အိမ်ထောင်ထိန်းသိမ်းတတ်ပါ့မလားဆိုပြီး စိတ်ကပူလိုက်သေးတယ် ။ ဒါပေမယ့် သူ့ကိုသစ်ယုံခဲ့တယ် သူ့အရည်အချင်းရောပဲပေါ့နော် သူငယ်ငယ်ကတည်းက သူ့မေမေဆုံးသွားပြီး သူ့ညီမ ၊ မောင်လေး တွေကို အမေတစ်ယောက်လို အုပ်ချုပ်ခဲ့တာ တကယ်အတုယူစရာပါ ။ သူ့ဖေဖေက အဝေးမှာပိုက်ဆံတွေ သွားရှာနေခဲ့ရတော့ သူသာလျှင် အဖေ ၊ အမေ ပေါ့..။ လွမ်းတယ် သူငယ်ချင်းရယ်.....။

သူ့မင်္ဂလာဆောင်ကို သစ်သစ် အစောကြီးသွားခဲ့တယ် IBC မှာဆောင်တာဆိုတော့ သစ်နေတဲ့နေရာနဲ့က သွားရတာနီးတယ်လေ ။ သစ်ရောက်တော့သူတို့မင်္ဂလာဓါတ်ပုံတွေ ရိုက်နေခဲ့တယ် ။ သစ် သူငယ်ချင်းကို တကယ်ကြည့်လို့မ၀ခဲ့ပါဘူး သူကလည်းပျော်နေတယ်လေ သစ်လည်းသိပ်ကိုပျော်နေခဲ့တာပေါ့ ။ သစ်သူမသိအောင် ကျလာတဲ့မျက်ရည်ကို ခိုးသုတ်လိုက်တာ သူမသိခဲ့ပါဘူး ။ နောက်သူအခမ်းအနားမထွက်ခင်နားနေတဲ့အခန်းလေးကို လိုက်သွားပြီးတစိမ့်စိမ့်ကို လိုက်ကြည့်နေမိတယ် ။ သစ်အဲဒီအချိန်တုန်းက ၀မ်းသာနေတာ သူသိအောင်ပြောမပြတတ်ခဲ့ပါဘူး ။

ဒီလိုနဲ့သစ်တစ်ယောက် နိုင်ငံခြားကိုထွက်လာတော့ သူသားလေးမွေးတယ်တဲ့လေ ကလေးပုံလေးတွေပို့ပေးတာကတော့ မျိုးစုံပါပဲလေ ။ သစ်ကအဝေးကနေချစ်နေရတာပေါ့ သစ်စလုံးမလာခင် သူ့အိမ်မှာသူငယ်ချင်းတွေ စုပြီးသွားတွေ့တော့ သူက ကိုယ်ဝန်ကြီးနဲ့လေ ကြေးအိုးသောက်ချင်တယ်ဆိုလို့ သူငယ်ချင်းတစ်ယောက်က ချက်ချင်းသွားဝယ်ပေးပြီး ညဘက်ကြီးစကားတွေပြောဖြစ်ခဲ့ကြသေးတယ်လေ ။ သစ်ဒီကိုမလာခင် ရန်ကုန်မှာသစ်သွားသမျှကို လိုက်နေလို့ မဗိုက်ရယ်မလိုက်ပါနဲ့တော့ ဆိုမှသူမလိုက်တော့တာလေ ဒါတောင်မမချောက လိုက်ချင်သေးတာလေ ...။

သစ် ရန်ကုန်ပြန်တော့ သူ့အိမ်မှာထုံးစံအတိုင်း စုကြတာပေါ့နော် သူငယ်ချင်းတွေ သူကသူ့တို့အလုပ်ကိုလည်း လိုက်ပြခဲ့တယ်လေ သူ့သားလေးကတောက်တောက်နဲ့ သစ်တို့နောက်လိုက်နေတာ တကယ်ချစ်စရာကောင်းလွန်းတယ် ။ နောက်သူက သစ်ကို လှည်းတန်းကိုကားလေးကိုယ်တိုင်မောင်းပြီးလိုက်ပို့ပေးတော့ ကားမောင်းနေတဲ့သူ့ကို သစ်ခိုးကြည့်လို့မ၀ခဲ့ပါဘူး ။ နင် ငါမောင်းတာစီးရဲသားပဲနော်လို့ သူပြောတော့သစ်မှာရီနေရပါသေးတယ် သူငယ်ချင်းရယ် နင်ဘာလုပ်လုပ် ဘယ်သွားသွားငါလိုက်ရဲပါတယ်လို့ မပြောခဲ့ရပါဘူး ။

ပြီးခဲ့တဲ့လက သစ်သူငယ်ချင်းက မတောင်းဆိုစဖူး တောင်းဆိုပါတယ် သစ်ချက်ပေးတဲ့ ကြက်စွပ်ပြုတ်ကို သောက်ချင်တယ်တဲ့လေ သစ်တကယ်ကိုစိတ်မကောင်းဖြစ်သွားတယ် ။ သူဒုတိယကိုယ်ဝန်ရှိလို့ အားငယ်နေချိန်မှာ သစ်သူ့အနားမှာမရှိခဲ့ဘူးလေ ။ သူကျန်းမာရေးမကောင်းလို့ သူ့သားလေးကိုတောင် ဒေါက်တာကချီခွင့်မပေးဘူးဆိုတော့ သူမျက်ရည်ကျတယ်ပြောတော့ ဒီမှာမိရွှေသစ်က စိတ်ကမခိုင်ချင်တော့ဘူးလေ ။ ဒါနဲ့သူ့ကို နင်ဘယ်တော့မွေးနိုင်မလဲဆိုတော့ နောက်နှစ်တဲ့ ဒါနဲ့သစ်လည်း နင်မွေးရင်ငါနင့်အနားကို ပြန်လာမယ်လို့ ဂတိပေးလိုက်တော့ သူအရမ်းဝမ်းသာသွားတယ်လေ ။ နောက်ကျန်းမာရေးမကောင်းလို့ ကြာကြာထိုင်လို့မရတော့ သူ့ကွန်ပျူတာကို ပိတ်ပြီးအနားယူခိုင်းလိုက်ရတယ် ။

ငါဒီအတိုင်း ငြိမ်ငြိမ်လေးနေရတာ ပျင်းတယ်ဆိုပြီး အွန်လိုင်းကိုလည်း တက်လာတတ်တယ်လေ ။ ဒါနဲ့ သစ်က ငါတို့တွေအကြောင်းစာတွေရေးနေတယ်ဆိုတော့ သူက ငါသိပ်ဖတ်ချင်တယ် သူငယ်ချင်းရယ် ဘယ်လိုလုပ်ရမလဲဆိုတော့ သစ်သူများကိုမေးပြီး သူ့ကိုပြောပြဖို့ စာလေးတောင်ရေးထားတယ် ဒီတစ်ခါတက်လာရင်တော့ သူ့ကိုသစ်ပြလို့ရပြီလေ ...။ ဒီပို့စ်လေးကို မြင်ရင်သူသိပ်ဝမ်းသာသွားမှာသေချာတယ်လေ ။ ချစ်တယ် သူငယ်ချင်းရယ် ကျန်းမာရေးဂရုစိုက်ပါလို့ပဲ အဝေးကနေ စိုးရိမ်နိုင်တဲ့ဘ၀ပါ...။ တစ်နေ့တို့တွေ ပြန်ဆုံကြတာပေါ့ဟာ......း( ။

ဆက်ဖတ်ချင်သေးရင်...

ထိုသူ......

သူငယ်ချင်းက တဂ်ချင်တယ် ရလားတဲ့ ရတယ်လို့ဆိုတော့ သူကသိပ်မခက်ပါဘူးတဲ့ နောက်နေ့ကျတော့ ဘာခေါင်းစဉ်လဲလို့ သွားကြည့်မိလိုက်တော့ ခေါင်းနှစ်ဆပိုကြီးသွားတယ်လေ ...လုပ်ရက်လိုက်တာပေါ့ ။ အခုငြိမ်းချမ်းနေတဲ့ သစ်သစ်ကို သူမမြင်ချင်တော့ဘူးလို့ ထင်လိုက်မိတယ် ။ တကယ်တော့ မိန်းကလေးတစ်ယောက်က အထူးသဖြင့် ချစ်သူရှိကာနီး မိန်းကလေးတစ်ယောက်အတွက် တော်တော်ကိုသတိထားရမယ့် တဂ် လေးပါ ။ တတ်နိုင်ဘူးလေ ခင်မိမှတော့ ရေးကြည့်ရတာပေါ့ ။ ချစ်ခဲ့တာနဲ့ သံယောဇဉ်ရှိခဲ့ဘူးတာနဲ့ တူမယ်ထင်လို့ရေးလိုက်ပြီ သယ်ချင်း....။


ကျောင်းတက်ခါစ အချိန်တစ်ခုပဲလို့ ဆိုကြပါစို့....။ ထိုစဉ်အခါက အပျော်တွေကလည်း လွန်နေတော့ အစပိုင်းမှာသတိကို မထားခဲ့မိပါဘူး ။ သူကကိုယ့်ထက်တစ်နှစ်စောပြီး ဆယ်တန်းအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဆိုလည်း မမှားပါဘူးကွယ် ။ ရှမ်းလူမျိုးဆိုတော့ သူ့အသားအရည်က သာမန်ထက်ဖြူပြီး ကြည့်ကောင်းနေတာကလည်း သူ့ကိုသတိထားမိစေတဲ့အချက်တစ်ခုပါပဲ ။ သူကဆရာမတွေနဲ့ ဆက်ဆံရေးတော်တော်ကို ပြေပြစ်ပြီး ဆရာများရဲ့အချစ်တော်ဆိုလည်း မမှားခဲ့ပါဘူး ။ စာလည်းတော်ပါတယ် ။ စပြီးသတိထားမိတာကတော့ ကျောင်းရဲ့ကထိန်ပွဲလေးမှာပါ ပဒေသာပင်တွေကို သူငယ်ချင်းတွေနဲ့သယ်ပြီး ဘုန်းကြီးကျောင်းရောက်တော့ ထမင်းတွေအတူစားခဲ့ကြတော့ သတိထားမိသွားခဲ့တယ်လေ ။

ဒီလိုနဲ့အတန်းတူတော့ နောက်ရက်တွေမှာလည်း သတိထားမိတယ်ဆိုပါစို့ ...။ ကိုယ်ကသူ့ကိုချစ်လို့ စိတ်လှုပ်ရှားလို့ လိုက်ကြည့်နေမိတာတော့ ဟုတ်မယ်မထင်ဘူး ဘာလို့လည်းဆိုတော့ ကိုယ်သူ့လိုတော်ချင်ပြီး မသိစိတ်က စာတွေလိုက်ပြိုင်နေမိတယ် ။ အိမ်ရောက်ရင်လည်း သူ့ကိုသတိရနေတယ် ဘာကြောင့်လည်းဆိုတော့ ဒီအချိန်ဆိုသူစာကြည့်နေမလားဆိုပြီး စာတွေဖိလုပ်ခဲ့တာ ကိုယ့်ကိုယ်ကို သတိရမိသွားတယ် ။ သူ့ထက်တော်သွားလို့ သူကိုယ့်ကိုသတိထားမိသွားမှာကို ကိုယ်လိုလားခဲ့တယ် ။ ကိုယ်သူ့ကိုအရိပ်လိုလိုက်မကြည့်နေဘူး ဒါပေမယ့် ကိုယ်သူ့သတင်းတွေ သိချင်နေတယ် ။ သူကလည်းကိုယ့်ကို ဘယ်တော့မှရိုးသားစွာနဲ့ စကားလာမပြောခဲ့တာ ၅နှစ်တိုင်တိုင်ပဲလေ သူသည်လည်းပဲစိတ်ထဲမှာ ဘယ်လိုရှိခဲ့လည်းဆိုတာ ကိုယ်သိချင်နေမိတာ မဆန်းပါဘူး ။ သူ့မှာချစ်သူရှိတာလည်း သစ်သစ်သိထားတာပဲလေ ။

ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ကို ဘာအတွက်ကြောင့်ပဲဖြစ်စေ စပြီးသတိထားမိတာသူဖြစ်နေလို့ ဒီပို့စ်လေးမှာ သူကဇာတ်ကောင်ဖြစ်သွားရှာတယ်ကွယ်.....ဆောရီးပါဟယ် ။ ကိုယ် နဲ့ သူ မျက်လုံးချင်းများစွာ ဆုံဘူးပါတယ် ၅နှစ်တောင်အတူကျောင်းတက်ခဲ့တယ် ဆိုတာနည်းလားနော် ။ ဒါပေမယ့် ကိုယ်တို့တွေသူများတွေထက်တော့ စိမ်းနေခဲ့တာ သေချာခဲ့တယ်လေ ။ နောက်ပိုင်းကွဲသွားကြတဲ့အချိန်မှာ သူ့အကြောင်းတွေမသိရတော့ဘူး ဒါပေမယ့်သူလေဆိပ်သစ်ဆောက်လုပ်ရေးမှာ လုပ်နေတယ်ဆိုတာ ကိုယ်သိခဲ့တယ် နောက်ကိုယ်နိုင်ငံခြားထွက်တာ သူသိသွားတယ်ဆိုတာရော ကိုယ်စလုံးရောက်ပြီး ၁နှစ်လောက်မှာ သူလက်ထပ်သွားတယ်ဆိုတာရော သိခဲ့ရတယ် ။ ကိုယ်ဘာမှမခံစားရပေမယ့် နုနယ်တဲ့ငယ်ရွယ်စဉ်မှာ စိတ်ကစားခဲ့တယ်ဆိုရင် စာပြိုင်ဖို့သက်သက်သာလျှင်ဖြစ်လို့ သန့်ရှင်းစွာနဲ့ ကိုယ်သတိရသွားတယ်ဆိုတာတော့ ၀န်ခံချင်ပါတယ် မသိစိတ်ရဲ့သူငယ်ချင်းလေးရယ် ...။ တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ လွဲကောင်းလွဲနိုင်ပေမယ့် သူသည်လည်း စိတ်ကစားတဲ့အရွယ်မှာ သတိထားမိခဲ့တဲ့ ပုရိသတစ်ယောက်ပေပဲမို့ ဒီလောက်နဲ့ပဲကျေနပ်ပေးပါ ကိုရွာသားရေ.....။

ဆက်ဖတ်ချင်သေးရင်...

Friday, August 21, 2009

ဖျက်လို့မရ သမိုင်းများ ၁၀

ဒီပို့စ်လေးကတော့ သစ်သစ်ကျောင်းတက်ခဲ့ရတဲ့ အကြောင်းတွေမှာ နောက်ဆုံးပို့စ်လေးပါ ။ သစ်သစ် B Tech နောက်ဆုံးနှစ်ဖြေပြီးလို့ အောင်စာရင်းထွက်တယ်ဆိုတော့ သွားကြည့်တာ မှတ်မိပါသေးတယ် ။ သစ်သူငယ်ချင်း ဆွေညွန့် ၊ မြမွန် ၊ ခိုင်ဇာ နှင့် သစ်သစ်တို့ လှည်းတန်းကနေ မှော်ဘီတပ်မတော်ဘော်လုံးစက်ရုံသို့ ကားကြီးကိုစီးပြီး အတွေးကိုယ်စီနဲ့ သွားခဲ့ကြတယ်လေ ...။ အရင်ကလောက်တောင် စကားကောင်းကောင်းမပြောနိုင်ကြပါဘူး ။ နန္ဒာပါလား မပါလား မမှတ်မိတော့ဘူး သယ်ချင်းပါတယ်ဆိုရင် ဖြည့်ဖတ်လိုက်နော် ....။ ပြောသာပြောရတာ သစ်သစ် သူငယ်ချင်း နန္ဒာကလေ သစ်သစ်ပို့စ်တွေကို တစ်ခုမှမဖတ်ဘူးတဲ့ ပုံကြည့်တယ် သီချင်းနားထောင်တယ် စီဘောက်ဖတ်တယ်တဲ့ ( မနေ့ကမှ ရင်နာစွာသိလိုက်ရတာပါ ) ။ ကျောင်းနဲ့နီးလေ ရင်ခုန်လေပေါ့နော် ။



ဒီလိုနဲ့ကျောင်းရောက်တော့ အ၀င်လေးမှာပဲ သစ်သစ်ကျောင်းကားစီးတာတူတဲ့ ညီမငယ်က အမဘာကျွေးမှာလဲဆိုတော့ သစ်သစ်ဆက်တက်ခွင့်ရတာ သိလိုက်ပါတယ် ။ ကျန်တဲ့သူတွေကတော့ စိတ်တွေလှုပ်ရှားနေကြတာပေါ့နော် ။ တက်ခွင့်ရတဲ့စာရင်းကို ကြည့်လိုက်တဲ့အခါ မြမွန် နဲ့ ခိုင်ဇာ ပါမလာခဲ့ပါဘူး ။ သူတို့အဲဒီအချိန်တုန်းကတော့ ၀မ်းနည်းခဲ့မှာပေါ့ ဒါပေမယ့် ပါမလာတဲ့သစ်သူငယ်ချင်း နှစ်ယောက်လုံးအခုဆို သစ်တို့ထက်တောင်သာလွန်တဲ့နေရာလေးတွေ ပိုင်ဆိုင်နေကြပါပြီ ။ သစ်သစ်စလုံးရောက်ကတည်းက မြမွန်ဆို ပီအာဖြစ်လို့ သစ်သစ်ကိုအများကြီး အကူအညီပေးခဲ့တဲ့ သူငယ်ချင်းကောင်းလေးပါ ။ ခိုင်ဇာဆိုလည်း ကိုယ်ပိုင်ကုမ္ပဏီလေးနဲ့ ရန်ကုန်မှာ ပျော်ရွှင်စရာမိသားစုလေး နဲ့ တကယ်ကိုအခြေတကျ ဖြစ်နေပါပြီ ။

ဒီလိုနဲ့ ဘီအီးဆိုတဲ့ တစ်နှစ်ကိုဆက်တက်လိုက်တော့ သစ်တို့အခန်းမှာ လူနည်းနည်းလေးကျန်ပါတော့တယ် ။ လူနည်းတော့လည်း ပိုပြီးစည်းရုံးတယ်လို့ ပြောလို့ရပါတယ် ။ ဒါပေမယ့် စာမသင်ချင်လို့ အပြင်မှာအတူထွက်ထိုင်နေကြ သူငယ်ချင်းလေးခိုင်ဇာ ပါမလာတော့ နှစ်စပိုင်းမှာ တကယ်ကို ဟာတာတာဖြစ်ခဲ့ပါတယ် ။ သစ်သစ်နဲ့ထိုင်တဲ့ သူငယ်ချင်းတွေက အသစ်တော့လည်းမဟုတ်ကြပါဘူး အရင်ကတည်းကတော့ ကျူရှင်တွေအတူတက်နေကျ သူငယ်ချင်းတွေပါပဲ ဒါပေမယ့် သစ်သစ်နဲ့ကတော်တော်ကို လမ်းကြောင်းကွဲတဲ့သူငယ်ချင်းတွေပါ သူတို့ကစာကိုအရမ်းကြိုးစားကြတယ်လေ ။ အမြဲစာလုပ်နေတော့ သစ်သစ်ပျင်းတာပေါ့ ပရောဂျက်တွေဆိုလည်း အပီအပြင်လုပ်ကြတယ် အချိန်အားရင်စာဆွေးနွေးကြတယ် တကယ်ကြီးကိုသစ်သစ်စိတ်ညစ်ခဲ့ပါတယ် ။


သစ်သစ်တို့နောက်ဆုံးနှစ်က ၄ဘာသာပဲသင်ရပါတော့တယ် ကျန်တာတွေအားလုံးက သင်လို့ပြီးသွားပြီဆိုပြီး course တွေက ထပ်နေခဲ့ပါတယ် ။ ဆရာတွေကလည်း သင်တာပဲ ကျောင်းပေါင်း၂၂ကျောင်းက ဆရာတွေ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးသင်ကြပေမယ့် မေးခွန်းထုတ်တဲ့အခါ သစ်တို့ကျောင်းကမသင်တာတွေပါလာပါတယ် ။ ဘာမှမတတ်နိုင်ပါဘူး ကျူရှင်မှာပိုသင်ထားတဲ့သူတွေ အားလုံးကိုလိုက်ဖတ်တဲ့သူတွေလောက်သာ ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ် ။ သစ်သစ်ကတော့ဖြေနိုင်တယ်ဆိုပေမယ့် ဂုဏ်ထူးမပါတော့ဘူးဆိုတာ အလိုလိုသိနေတော့ စာမေးပွဲပြီးကတည်းက ME ဆိုတာ စိတ်နဲ့တောင်မမှန်းတော့ပါဘူး ။ အောင်စာရင်းတွေထွက်တော့လည်း မထင်ထားတဲ့သူတွေကစာမေးပွဲတွေကျ ME ပါတဲ့သူတွေကလည်း တကယ့်ကိုလူနည်းစုဖြစ်ပြီး သစ်သစ်ကတော့ ပုံမှန်သာအောင်ခဲ့ပါတယ် ။ အဲဒီဘာသာမေးခွန်းထုတ်တဲ့ကျောင်းက ကျောင်းသားတွေကတော့ အောင်တဲ့သူတိုင်းလိုလို ME ပါသွားကြပါတယ် ။


ဒီလိုနဲ့သစ်သစ်ရဲ့ ကျောင်းသူဘ၀က ပြီးဆုံးခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်ကို ၀င်ရန်လိုအပ်တဲ့သင်တန်းများ တက်ခဲ့ပါတယ် ။ သင်တန်းပေါင်းများစွာတက်ပြီး လက်တွေ့မရှိတော့လည်း တိုးတက်မှုဆိုတာ ဖြစ်မလာခဲ့ပါဘူး ။ ဒါနဲ့ပဲ ဆရာဆီမှာ ဒီဇိုင်းနာတစ်ယောက်အနေနဲ့ ဆရာကြပ်မတ်သင်ကြားပေးတဲ့ လမ်းကြောင်းအတိုင်း ဆက်ချီတက်ခဲ့ပါတော့တယ် ။ သစ်သစ်ရဲ့ ဖျက်လို့မရသမိုင်းများ ပို့စ်ကို ၁ ကနေ ၁၀ ထိ မငြီးငွေ့ပဲ လိုက်ပါဖတ်ပေးတဲ့သူများရော ကွန်မန့်များပေးခဲ့တဲ့သူများရော သစ်သစ်ဒီနောက်ဆုံးပို့စ်လေးကနေ ကျေးဇူးအထူးပင်တင်ရှိကြောင်းပြောကြားရင်း ကျောင်းသူဘ၀ကို နိဂုံးချုပ်လိုက်ပါရစေရှင်....။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 20, 2009

အွန်လိုင်းဒေါက်တာ

သစ်သစ်ရောဂါများတာ အားလုံးသိကြတယ်နော် ။ တကယ်လို့မသိသေးရင်လေ သူဌေးသစ်သစ် ဆိုတဲ့ပို့စ်လေး ပြန်ဖတ်နော်....။ ဒီတော့ သစ်သစ်မှာ family doctor လိုပြီပေါ့နော် ။ ဒီလို နိုင်ငံဂျားမှာ ကိုယ့်ကိုအစဉ်အမြဲ ဂရုစိုက်ပြီး ရောဂါတွေအကြောင်း ဆွေးနွေးပေးဖို့ကလည်း ခက်သားလား ။ ပိုဆိုးတာက သစ်သစ်က ငတုံးလေ တစ်ခါလောက်ရှင်းပြရင် ဘယ်တော့မှ သဘောမပေါက်ဘူးလေ ။ ဒါကြောင့် သစ်ထုံ လို့တောင် အခေါ်ခံရဘူးတယ်လေ .....၀မ်းနည်းသွားတယ် ရေးရင်းနဲ့ပေါ့...း( ။


သစ်သစ် တစ်ယောက် ကုသိုလ်ကံထူးပုံများ တစ်ခါတစ်ရံ လိုက်လို့မမှီ တတ်ပါဘူးကွယ် ။ သစ်သစ် မေးသမျှ စိတ်ရှည်စွာနဲ့ ရောဂါတွေအကြောင်း မညီးမညူရှင်းပြပေးမယ့် အွန်လိုင်းဒေါက်တာ တစ်ယောက်ကို သစ်သစ်တစ်ယောက် ကံကောင်းထောက်မစွာရလိုက်တယ်လေ ။ ကျန်းမာရေးအတွက် ဘာတောင်ပူစရာမလိုတော့ဘူးလေ ။ သစ်ဒေါက်တာက နယ်နယ်ရရ ဟုတ်ဘူးနော်...အင်္ဂလန်က ဆရာဝန် ....အလိုလေး မြင့်လှချည်လားလို့ မထင်နဲ့နော် ဒို့ဒေါက်တာက ဆေးအကြောင်းရှင်းပြရရင် ထမင်းမေ့ ဟင်းမေ့ ပါကွယ် ။ စခဲ့တာကတော့ ၀တုတ်မ သစ်သစ် ကို ပိန်ဆေးအကြောင်း ပြောရာကနေစတာပေါ့နော် သစ်သစ်ရောဂါတွေ သိတော့ ဒေါက်တာတော်တော် စိတ်ညစ်သွားခဲ့တယ် ။ သစ်သစ်ရဲ့ BMI ကိုတွက်ပြီးတော့လည်း ဒေါက်တာတစ်ယောက် စိတ်လေသွားတယ်လေ ။ သောက်နေတဲ့ ၀ိုင် နဲ့ ဘဲကင်လေး တောင် အငွေ့ပျံသွားတယ်လေ ။ သစ်ဒေါက်တာကို လူသိများတဲ့ နာမည်ကတော့ အလောင်းစည်သူ တဲ့ ....။

သစ်သစ် ဒေါက်တာက သစ်မေးသမျှကိုတော့ စိတ်ရှည်လက်ရှည် ဖြေပါတယ် ။ သစ်သစ်ကိုလည်း ဆေးပညာဗဟုသုတ နည်းလွန်းတော့ သူအားရပုံမပေါ်ပါဘူး ။ တစ်နေ့ သစ်သစ်မျက်စိအကြောင်းပြောရင်း သူဒီက သစ်သစ်ဆေးစစ်တာတွေကို လိုက်ဖတ်ပေးပြီး တော်တော်လေသွားခဲ့ဘူးတယ်လေ ....ဟိဟိ ။ ဒီရောဂါပေါ့လို့မရဘူး ဆိုလို့ သစ်သစ်တစ်ယောက် အူးယားဖားယား ဆေးခန်းပြေးလိုက်ရတဲ့ အပြင် ဒေါက်တာကိုသူသိချင်တာတွေလည်း မေးခိုင်းလိုက်သေးတယ်လေ ။ သစ်က ဆေးခန်းကပြန်လာတော့ သစ်ဒေါက်တာကိုရီပို့တင်ရတော့တာပေါ့ တော်သေးတယ် သူလိုချင်တဲ့အချက်တွေသိလိုက်လို့ သိများမသိရင် သစ်သစ်တစ်ယောက် နေစရာတောင်ရှိမှာမဟုတ်ဘူးလေ ။

ဘာပဲဖြစ်ဖြစ် ရောဂါတစ်ခုဖြစ်လာရင် ဘာတွေဖြစ်နိုင်လဲဆိုတာ လိုက်စဉ်းစားပေးတဲ့ ဒေါက်တာကို ကျေးဇူးတကယ်တင်ပါတယ် ။ မအားတဲ့ကြားက မေးသမျှဖြေပေးတဲ့အတွက် ကျေးဇူးပါဒေါက်တာ...။ ဒေါက်တာကတော့ ရောဂါများတဲ့ သစ်သစ်ကို ဘုရားကဖန်ဆင်းပေးထားတဲ့ ကယ်တင်ရှင်တစ်ယောက်ပါပဲ ။ နောက်များမှာလဲ ဒေါက်တာကြွားသမျှ အဲလေ.......ညွှန်ကြားသမျှအတိုင်း နေထိုင်ပါ့မယ်ဒေါက်တာ ။ ကဲ ဒီလောက်ဆို သစ်သစ်ရဲ့ဒေါက်တာကြီးကို သိချင်နေကြလောက်ပြီပေါ့နော် ။ သစ်သစ်ဒေါက်တာက ဘလော့လည်းရေးပါတယ် ။ http://steveevergreen.blogspot.com/ ဒါကတော့ ဒေါက်တာရဲ့ဘလော့လေးပါ သစ်သစ်ဒေါက်တာက တစ်ခါတစ်လေလည်း သူများတဂ်ချင်တဂ် မတဂ်ချင်နေ သူ့ဘာသာလည်း တဂ်ပို့စ်တွေရေးလေ့ရှိပါတယ် ။ ခင်လို့စတာပါ စိတ်ဆိုးနဲ့နော် ဒေါက်တာ နောက်များမှာလည်း ကျန်းမာရေးအတွက် လိုအပ်တာများကို ညွှန်ကြားပေးပါဦးလို့ တောင်းဆိုရင်း ပို့စ်လေးနဲ့ သိုင်းကျူး ပြောလိုက်တယ်နော်......။

ဆက်ဖတ်ချင်သေးရင်...

ခံစားလို့မရတဲ့နေ့ကလေး

ဇန်န၀ါရီလ ၈ရက်နေ့ ကိုယ်ရန်ကုန်ကနေ မနက် ၁၀နာရီထွက်မဲ့ လေယာဉ်လေးနဲ့ ပြန်ရတော့မယ်လေ ..။ မပြန်ခင်ညကတည်းက ကိုယ်ပြင်ဆင်နေတာကိုကြည့်ပြီး မိဘတွေက မျက်နှာတွေပျက်နေပြီလေ ။ ကိုယ်မသိသလိုလေးပဲ နေလိုက်တယ် အဓိက ကတော့အမေ့နားမှာ အမေ့ကိုဖက်ထားမိတယ် ။ အမေကတော့ပြောပါတယ် ကလေးလည်းမဟုတ်ပဲနဲ့ သွား ...ဝေးဝေးနေတဲ့ ။ အမေလည်း ကိုယ်ခံစားနေတာ သိပုံရတယ် ။ အစ်ကိုတွေကတော့ မပြန်ခင် ၂ရက်လောက် ကတည်းကပြေးပြီလေ ။ အစ်မကတော့ ထည့်ပေးချင်တာတွေများတော့ ၀င်လိုက်ထွက်လိုက်နဲ့ လမ်းထိပ်နဲ့အိမ်ကို သူမမောနိုင်ပါဘူး ။ အဖေကလည်း ဝေ့လည်ကြောင်လည်နဲ့ သစ်သစ်အိတ်ကို ချိန်လိုက်နဲ့အလုပ်ရှုတ်ချင်ယောင် ဟန်ဆောင်နေတယ်လေ ။


ကိုယ် အဲဒီချိန်က ခံစားချက်ကိုပေါ်လွင်အောင် ရေးနိုင်မယ်မထင်ဘူး ။ နှုတ်ဆက်နေကြတဲ့ သူငယ်ချင်းများရဲ့ ဖုန်းသံကလည်း လူခြေတိတ်တဲ့ ၁၁နာ၇ီအထိ မစဲခဲ့ပါဘူး ။ အဲဒီည ကိုယ်အိပ်မပျော်ပါဘူး ငါနေခဲ့တဲ့ ဒီအခန်းလေးမှာ ငါကအခုဧည့်သည်ပဲ ပြန်ဖြစ်နေပြီလားဆိုပြီး ၀မ်းနည်းစွာနဲ့ တစ်ခန်းလုံးကို လက်နဲ့ထိတွေ့ကိုင်တွယ်နေမိတယ် ။ ကိုယ့်ရဲ့ရင်ထဲမှာ လှိုင်းလေးတွေတငြိမ့်ငြိမ့်သွားနေသလို ခံစားမှုက နာရီလက်တံတွေကို ကြည့်ပြီး တရိပ်ရိပ်နဲ့ဒီရေလို တက်လာခဲ့တယ်လေ ။ အမေက သူ့အခန်းကလှမ်းပြောတယ် ည၁နာရီ ရှိပြီ အိပ်သေးဘူးလားတဲ့ အမေတို့အိပ်တော့လေ ဆိုတော့ သမီးမအိပ်သေးလို့တဲ့ ကိုယ့်ရဲ့အမည်မသိခံစားချက်ကို မြိုသိပ်ရင်းကိုယ့်အခန်းမီးလေးကို ပိတ်လိုက်တယ် ။ ပြီးတော့ နက်ဖြန်လာကြိုဖြစ်လားလို့ စလုံးကိုဖုန်းဆက်တော့ သူခွင့်မရပါတဲ့ အင်း....ဒါဆိုလည်း ကိုယ့်ဘာသာပဲပြန်လာတော့မယ်လို့ ပြောပြီး ဖုန်းလေးကိုချထားလိုက်တော့တယ် ။

တလူးလူး တလှိမ့်လှိမ့်နဲ့ မိုးလင်းသွားခဲ့ပြီပေါ့ ဒီနေ့ကိုယ်ပြန်ရမယ်ဆိုတော့ ဘာလုပ်လုပ်နှေးကွေးနေမိတယ် ။ ကော်ဖီသောက် ဟိုစားဒီစားနဲ့ စိတ်တွေလွှဲလည်း မရခဲ့ဘူး ။ နောက်ဆုံးတော့ကိုယ်မခံနိုင်တော့ဘူး အဖေ နှင့် အမေကို တဖက်စီလက်ကိုဆွဲပြီး အိမ်ရှေ့ဒန်းလေးမှာ ထိုင်လိုက်တယ် ။ အဖေကတော့ ခဏပဲ ဘုရားရှိခိုးမယ်ဆိုပြီး ထွက်သွားတယ် အမေကတော့ မိန်းကလေးဆိုတာ ဟိုရောက်ရင် ဘယ်လိုနေ အစားလျှော့စား ကျန်းမာရေးဂရုစိုက် အပြင်သိပ်မထွက်နဲ့တဲ့ သမီးနေချင်တဲ့နေရာမို့ လွတ်ထားတာတဲ့ တစ်နေ့မှစိတ်မချဘူးတဲ့ သစ်သစ်ကတော့ အမေ့မျက်နှာကိုကြည့်ပြီး အင်းအင်း...ဆိုပြီး ခေါင်းဘယ်နှစ်ကြိမ်ငြိမ့်မိလည်းတောင် မသိတော့ပါဘူး ။ ခဲအိုကလည်း ကားပေါ်အိတ်တွေတင်နေပြီ အစ်မကလည်း ကားကိုဂိုထောင်က ထုတ်နေပြီ သစ်သစ်အမေ့လက်ကို ဆွဲထားတုန်းပဲ ၀မ်းနည်းတာကို အရမ်းကြီးထိန်းထားရတယ် ။ ဘုရားကန်တော့ အဖေ ၊ အမေ ကန်တော့ပြီးတာနဲ့ အိမ်ရှေ့က ရပ်ကွက်ထဲက အန်တီတွေကို နှုတ်ဆက် ကားပေါ်တက်ခဲ့တော့တယ် ။ လေဆိပ်အသွားလမ်းမှာ ဆရာကဖုန်းဆက် နှုတ်ဆက် တကယ်ဝမ်းနည်းစရာပါ ...။

ထုံးစံအတိုင်း အဖေက အိမ်စောင့်ကျန်တယ်လေ ။ အစ်မကတော့ ကားစမောင်းပြီဆိုတာနဲ့ကို မြည်တွန်တောက်တီးနေတာ လေဆိပ်မှာကားရပ်မှပဲ သူလည်းအသံတိတ်တယ်လေ ။ သူရွတ်နေတာတွေကိုလည်း အရင်ကဆို သစ်သစ်ကလည်း လိုက်ပြောနေကျ အခုတော့ဘာမှကိုမပြောနိုင်ဘူး ။ လေဆိပ်ရောက်တော့အားလုံးအမပဲလုပ်တာ သစ်ကအမေနားမှာပဲနေတယ် အမေ့ကိုပုံစံမျိုးစုံ ဓါတ်ပုံရိုက်တယ် ။ နောက်ဆုံးတော့သစ်သစ်ဝင်ရပြီလေ အချိန်ကိုဘယ်လိုမှ ဆွဲထားလို့မရခဲ့ဘူး ။ အမေ့ကိုနမ်းပြီးစိတ်ကတင်းထားဆဲပေါ့ အိတ်တွေအပ်ပြီးတာနဲ့ အပေါ်ကိုမတက်သေးပဲ မှန်နားကနေအမေ့ကိုပြေးကြည့်သေးတယ် ။ နောက်တော့ကြာကြာမကြည့်ဝံ့ပါဘူး ပြန်တော့လို့ပဲပြောခဲ့လိုက်တယ်လေ ....။

အင်မီဂရေးရှင်းဖြတ်ဖို့ စက်လှေခါးပေါ်တက်တော့ သစ်သစ်ရင်တွေတလှပ်လှပ်နဲ့ ကတုန်ကရင်ဖြစ်နေတယ် စိတ်ကိုတော်တော်တင်းပြီး တန်းစီနေလိုက်တယ် ။ သစ်သစ်စီးရမယ့် ဂိတ်ကိုလမ်းလျှောက်တော့လည်း အတွေးတွေကမျိုးစုံပါပဲ သစ်ကိုစစ်တဲ့မမက စနေတာတောင် သစ်မရီနိုင်ခဲ့ပါဘူး ။ ထိုင်ခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ငါရွေးချယ်တဲ့လမ်းမှားနေပြီလားလို့ အထပ်ထပ်စဉ်းစားနေတယ်လေ ။ ဒီလိုနဲ့ချန်ဂီလေဆိပ်ရောက်တော့လည်း စိတ်ကနည်းနည်းတည်ငြိမ်လာတယ် ။ နောက်ကြိုသူမဲ့နေတဲ့ လေဆိပ်ကြီးကို မြန်မြန်ပဲ ကျောခိုင်းပြီး တက်စီငှားပြီးပြန်လာခဲ့တယ်လေ ။ ကားပေါ်ကနေ အိမ်ကိုဖုန်းဆက်တော့ ရောက်ပြီလားတဲ့ အဖေ ရော အမေရော ဖုန်းနားမှာမျှော်နေတာတဲ့ နေ့လည်စာတောင် မစားသေးဘူးတဲ့လေ ... ။ ဒီလိုနဲ့ ကိုယ်နေတဲ့ အခန်းလေးကိုရောက်တော့ အိပ်ယာခင်းအသစ်ခင်းပြီးတာနဲ့ ချုပ်ထိန်းထားသမျှတွေ အားလုံးကိုလျှော့ချပြီး အားရပါးရငိုကြွေးလိုက်တယ် တကယ်ပါနောက်တော့မောပြီး အိပ်ပျော်သွားခဲ့တယ်လေ ။ အဲဒီနေ့လေး သစ်သစ်ဘ၀မှာတော့ တစ်ကယ်မမေ့စရာလေးပါပဲ .....။

ဆက်ဖတ်ချင်သေးရင်...

Wednesday, August 19, 2009

ခေါင်းစဉ်မဲ့

၂၀၀၉ မှာ သစ်သစ် တစ်ယောက်အချိုးအကွေ့ အရမ်းများပါတယ် ။ ရန်ကုန်က ပြန်လာပြီးပေါ့
ဆက်တိုက်ဆိုသလို တစ်ခုပြီးတစ်ခု ဖြစ်ခဲ့ပါတယ် ။ အားလုံးကိုတန်ပြန်ပြီး ကြိုးစားခဲ့ရတာလည်း ကိုယ်တိုင်ပါပဲလေ ။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ သစ်သစ်ကိုအားပေးခဲ့တဲ့သူတွေ တော်တော်များပါတယ် ။ ဘလော့လောကက ရှိသလို ပြင်ပကသူတွေရော မြင်ဘူးသူတွေရော မမြင်ဘူးတဲ့သူတွေရော စုံလို့ပါပဲ ဒီပို့စ်လေးကတော့ မမြင်ဘူးတဲ့သူတွေကို အဓိကရည်ရွယ်ပါတယ် ။

သစ်သစ် ရန်ကုန်ကပြန်လာပြီး အရင်ဆုံးမျက်စိနဲ့ပက်သက်ပြီး ဆေးရုံအရေးပေါ်ဌာနထိရောက်သွားတဲ့အထိ ဖြစ်ခဲ့တယ် နောက်တစ်ခုက တစ်နှစ်ခွဲကျော် လုပ်ခဲ့တဲ့အလုပ်က လူ၃၀ကျော်လျော့တဲ့ထဲပါသွားခဲ့တယ် ဧပြီမှာနွေပူတာလောက်ကတော့ သနားပါတယ် သစ်သစ်ရင်တွေတော်တော်ကို ပူလောင်ခဲ့ပါတယ် ။ အရာအားလုံးကိုအိမ်ကိုမပြောချင်တော့ ဒီအွန်လိုင်းကသူငယ်ချင်းတွေကိုပဲ ရင်တွေဖွင့် အရှုပ်တွေလုပ်ခဲ့ပါတယ် ။ စလုံးကသစ်သူငယ်ချင်းတွေက သစ်ကိုတတ်နိုင်သလောက် အားပေးခဲ့ပါတယ် လူချင်းတွေ့လို့တစ်မျိုး ဖုန်းဆက်ပြီးတော့ တစ်သွယ်ပေါ့လေ ။ သစ်သစ် အင်တာဗျူးရရင် လိုက်ပျော် အဆင်မပြေရင် နောက်ကြိုးစားပေါ့ ဘာတွေလုပ်နေလဲ ဘယ်လိုမပြေခဲ့တာလည်း မေးပြီးစိတ်တွေပူပေးကြတဲ့ သစ်သစ်သွားနေကြဘလော့စီဘောက်က ကိုဘ၊မျိုး၊မမခင်ဦးမေ ၊ ကာကာ မောင်နှမအရင်းသဖွယ် ဆက်ဆံခဲ့ကြတဲ့သူများကို ကျေးဇူးတင်ကြောင်းအရင်ပြောချင်ပါတယ် ။ ပြီးတော့ နေ့စဉ်သေချာပြီ အထုပ်ပြင်ထား ပြန်ရတော့မယ် လေယာဉ်လက်မှတ်လုပ်ပြီးပြီလား အားတက်စရာစကားတွေ ပြောပြီး သွယ်ဝိုက်ကာစိတ်ဓါတ်ခွန်အားပေးခဲ့တဲ့ ကိုဇူလိုင် ကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။

အလုပ်ပြန်ရပြီးမှ ပိုပြီးရင်းနှီးလာရတဲ့ မမ၀ါ ၊ ရွာသားလေး ၊ ပိုးပိုး ၊ ထောထော ၊ ဗစ်စတာ ၊ ကိုစတိ ၊ ဆင်ဆင် တို့ကိုလည်း ငယ်ကပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းအရင်းတမျှ ခင်ကြောင်းဒီပို့စ်လေးဖြင့် ထပ်လောင်းပြောကြားလိုက်ပါတယ် ။ နောက်နောင်မှာလည်း အပြောအဆိုမှားယွင်းမှုများ ရှိခဲ့လျှင် ခွင့်လွှတ်ပေးပါရန် ကြိုတင်ပြီးတောင်းဆိုထားပါရစေ...ဟိဟိ ။

နောက်ဆုံးကျေးဇူးတင်စကားပြောကြားချင်တာကတော့ သစ်သစ်ကို ဟိုး၂၀၀၈ အောက်တိုဘာလောက်ကစပြီး ယိမ်းယိုင်လာတဲ့ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြားမှာ ဘာကဘယ်လိုလုပ်သင့်တယ် ဘာကိုလုပ်ထားရင်မကောင်းဘူးလားဆိုပြီး သူဖြစ်ချင်တာကို ချမပြပဲ သွယ်ဝိုက်စွာလမ်းကြောင်းပေးတတ်တဲ့ သစ်အစ်ကိုအရင်းတမျှ အားကိုးရတဲ့ သစ်အစ်ကိုပါပဲ...။ အလုပ်ပြုတ်တော့ ခေတ်မှီသွားပြီဆိုပြီး ပျော်စရာများနဲ့ပြောတတ်ခဲ့သူပါ ။ အလုပ်ပြန်ရှာနေချိန် အလုပ်ပြန်ရချိန်မှာ သစ်သစ်နဲ့အတူ ထပ်တူလိုက်ခံစားပေးတာလည်း ဒီအစ်ကိုပါပဲ..။ လူတစ်ယောက်ဟာ ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာ ယေဘူယျဆုံးဖြတ်လို့မရပါဘူး အချိန်ဟာသိပ်ကိုစကားပြောပါတယ် ။ အချိန်တစ်ခုအတွင်းကိုယ်နဲ့ထပ်တူ လိုက်ပါခံစားပေးနေကြတာ ကိုယ့်အပေါ်တကယ် သူတို့စိတ်ရှိလို့ပါ ။ ဒီလောက်ရုန်းကန်နေရတဲ့ လောကကြီးမှာ သူများအတွက်လိုက်စဉ်းစားပေးတယ်ဆိုတာ တကယ်တော့မလွယ်ပါဘူး ။ နှုတ်အားဖြင့်စောင်မခြင်းသည် ဖီလင်ရှိနေတဲ့ ဝေဒနာသည်အပေါ် တကယ်ကိုအားဖြစ်စေပါတယ် ။ ဘာပဲဖြစ်ဖြစ် အခုအချိန်ထိ သစ်သစ်အပေါ်မှာ မပြောင်းလဲတဲ့မေတ္တာနဲ့ကူညီနေဆဲ အစ်ကို ကိုလည်းဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။ နောင်ရင်းနှီးခွင့်ရှိတဲ့အချိန်ထိ လိုအပ်တာမှန်သမျှ အမြင်မတော်တာမှန်သမျှကို အရင်လိုပဲ ဆုံးမပေးပါဦးလို့ ထပ်မံတောင်းဆိုလိုက်ပါတယ် အစ်ကို ...။

မမြင်ဘူးတဲ့ မေတ္တာတွေကြားမှာ ပျော်နေပြီဖြစ်တဲ့ သစ်သစ်တစ်ယောက် ဒီလအကုန်မှာ အစ်မအရင်းသဖွယ် ချစ်ခင်ရတဲ့ မမ၀ါကိုဆုံတွေ့ခွင့်ရပါတော့မယ် ။ ဒါပထမဆုံးစမြင်ဘူးပြီး တွေ့ခွင့်ရမယ့် အစ်မပါ ။ စလုံးကိုလာဖို့ မမကိုယ်တိုင် စိတ်လှုပ်ရှားနေသလို မမကိုတွှေချင်တဲ့ ဒီကမောင်နှမများကလည်း မမတို့မိသားစုကို နွေးထွေးစွာကြိုဆိုနေပါတယ်လို့ ဒီပို့စ်လေးနဲ့ ပြောကြားလိုက်ပါရစေနော် မမမောင် ။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။


ခေါင်းစဉ်တပ်ရင် ပေါ့သွားမှာစိုးလို့ တကယ်ကိုလေးနက်တဲ့ခေါင်းစဉ်ရှာမရခဲ့ပါဘူး ဒါကြောင့် ခေါင်းစဉ်မဲ့လို့ပဲ တပ်လိုက်ပါရစေနော်..။

ဆက်ဖတ်ချင်သေးရင်...

Tuesday, August 18, 2009

တွေ့ကြုံစုံလင် ရန်ကုန်တစ်ခွင်

ဒီလိုနဲ့ ဘားအံမှာ မေမေ့ရဲ့ခရစ်စမတ်ကို မောင်နှမအားလုံးပျော်ရွှင်စွာနဲ့ ကျင်းပပြီး ၁ပတ်လောက်အနားယူကာ သစ်သစ်ရန်ကုန်ပြန်လာခဲ့တယ်လေ ...။ ရန်ကုန်အိမ်မှာလူမရှိလို့ အဖေကကျန်ရစ်ခဲ့ရတာကိုး.....။ ဘားအံခရီးကို သစ်သစ်မရေးတာက ဒီခရီးဟာ သစ်သစ်အတွက် အိပ်တာစားတာလောက်ပဲ ရှိတယ်လေ အထူးတလည် လေ့လာစရာလည်း မရှိလို့ပါ ။ ဒီလိုနဲ့ရန်ကုန်ရောက်တယ် ဆိုပါစို့.....။

ရန်ကုန်ရောက်တော့မှပဲ အဖေ့ကို အသားကုန်ချွဲ စိတ်ကောက် ဘယ်နှစ်ရက်ခံတယ် ထင်ပါသလဲ ၂ရက်ထက်မပိုပါဘူး....ဟိဟိ ။ အရင်ဆုံးသွားတာက ရွှေတိဂုံ အိမ်ကလိုက်ပို့မယ်ဆိုတော့ ငါဘတ်စ်ကားစီးချင်တယ်လို့ပြောလိုက်တော့ အမသနားပါတယ် မနက်၅နာရီခွဲလောက်ကြီး ၉၇ကားကိုပတ်စီးပြီး မြေနီကုန်းကိုသွားကြတယ် နောက်ဘုရားရောက်တယ်ပေါ့နော် ။

၉နာရီလောက်ကျတော့ ဘုရားကပြန်ဆင်းလာခဲ့တယ်လေ နောက်မြေနီကုန်းကနာမည်ကြီး မုန့်ဟင်းခါးဆိုင်တဲ့ သစ်သစ်မှာ မျိုလို့တောင်မကျပါဘူး ဈေးကြီးလွန်းလို့ပါ တစ်ပွဲ၇၀၀တဲ့ လက်ဖက်ရည်တစ်ခွက်က ၃၀၀တဲ့ ခွက်ကသေးလွန်းလို့ ခွက်တောင်ဝါးစားချင်တယ် ဂယ်ပဲ.... နောက်မြန်မာမုန့်တွေ အမက၅မျိုးလောက်မှာတယ် သစ်ကမစားချင်ဘူး ဈေးကြီးလွန်းလို့ပါ ကောက်ညှင်းရွှေကြည် ၂တုံးပဲပါတဲ့ တစ်ပွဲ၃၀၀ တဲ့ သစ်ကတော်ပြီ ဈေးမှာဆိုတစ်တုံး ၅၀ပဲဆိုတော့ အမက ၁၀၀ဖြစ်သွားပြီတဲ့...ဟူးးးးးးး ရင်မောရတယ် ။ ပြန်လာတော့အမက ရှေ့ခန်းစီးခိုင်းတယ်လေ နောက်ကလူဒီလောက်ချောင်တာ နောက်မှာပဲစီးမယ်ဆိုတော့ တစ်ယောက်၂၀၀တဲ့ ဘုရား ဘုရား....။ ကားကလည်း လိုက်အေ့စ်လေးတွေဆိုတော့ ဂျက်ကတောင်အရှုံးပေးရပါတယ် လူကလည်း၈ယောက်လောက်ပဲပါတာလေ အင်းစိန်ကိုဘယ်လိုရောက်သွားမှန်းတောင်မသိတော့ဘူး ။ ရပ်ကွက်ထဲက ဂျာနယ်ဆိုင်မှာ သစ်က ဒီအပတ်ထွက်သမျှကို ၃၀၀၀ဖိုးဝယ်တော့ သစ်အမက မျက်လုံးပြူးနေပါတော့တယ် ဟိဟိ ။ ညနေသူငယ်ချင်းလင်မယားကလာခေါ်တော့ ညနေခင်းရန်ကုန်ကို သူတို့ကားလေးနဲ့လိုက်ကြည့်ဖြစ်ပါတယ် ဘယ်အချိန်ပြန်လာမလဲ အမေကဖုန်းဆက်လွန်းလို့ စောစောပဲပြန်လာလိုက်တယ် နောက်နေ့လည်း ဘယ်မှမသွားပဲ တစ်နှစ်စာနာရေးကြော်ငြာတွေကို ထိုင်ဖတ်နေလိုက်တယ်လေ ။ အမေတို့က သူတို့မျက်စိရှေ့မှာနေတာပဲလိုချင်တာဆိုတော့ ဒီအချိန်လေးကို အပြည့်အ၀ပေးမယ်ဆိုပြီး အိမ်မှာပဲနေတာလေ ။ အိမ်ကစပယ်ယာလေးကတော့ စိတ်ညစ်သွားတယ်လေ သစ်ကတစ်ခြံလုံးရှင်း အပင်တွေခုတ် အိမ်နောက်ကသစ်သားပုံကြီးကို ထင်းစိုက်လို့ရအောင် သူ့ကိုခွဲခိုင်းနဲ့ နေ့တိုင်းမအားပါဘူး ။ သစ်တို့အိမ်ကလမ်းနဲ့နီးတော့ ဖုံတက်တယ်လေ တစ်နေ့၃ကြိမ်လောက် ကြမ်းတိုက်ရတော့ အိမ်အကူကောင်မလေးလဲ ကျောကော့နေတော့တာပဲလေ ။ ညနေဆိုသူ့ကို အိမ်ပေါ်ထပ်တစ်ခုလုံး အုန်းဆံဖတ်နဲ့ကြမ်းတိုက်ခိုင်းတာလေ ပြီးရင်သစ်ကဖျာလေးခင်းပြီး စာအုပ်တစ်ပုံနဲ့ပေါ့ ပျဉ်းကတိုးသားကအေးတာကို သစ်ကသဘောကျတာလေ ...။ အမေက ဘေးကနေအိမ်ရဲ့စီးပွားရေးအတက်အကျတွေကိုလာပြောနေတာ အပြင်ကိုလျှောက်လည်တာထက် သစ်ပျော်ပါတယ် ။ အုတ်တံတိုင်းကိုဆေးသုတ်တော့ အမယောက်ျားကိုပါ သစ်ခိုင်းတော့တာပါပဲ သူကပြောတယ်လေ တော်သေးတယ် မင်းညီမ၃ပတ်ပြန်လာလို့တဲ့ ...ဟိဟိ ။ အပြင်မထွက်လို့ သူငယ်ချင်းတွေက လာတွေ့ကြတာအိမ်မှာလည်း လူမစဲပါဘူး ။ လှည်းတန်းတစ်ရက်သွားပြီးလုပ်ချင်တာတွေ အားလုံးစုပုံလုပ်တာ မနက်၁၀နာရီလောက်ကသွားတာ ညနေ၅နာရီမှပြန်လာတယ် ၀ယ်လာတာကလည်း စာအုပ်တွေစားစရာတွေဆိုတော့ တော်တော်ကိုလေးနေပါတယ်ပထမတော့၂၂၆ နန်းသီတာကားကို စီးဖို့စဉ်းစားပြီး ကားဂိတ်မှာစောင့်လိုက်သေးတယ် အာပါးပါး လူကြပ်တာများ သစ်အထုတ်နဲ့ဘယ်လိုမှမဖြစ်လို့ နှမြောတသစွာနဲ့ တက်စီကိုငှားလိုက်တော့ ၃၀၀၀တဲ့ ဘယ်လိုမှဈေးဆစ်လို့မရဘူး နောက်ဆုံး၂၈၀၀နဲ့ မျက်စိမျက်နှာပျက်ပြီး ငှားလာခဲ့တယ်လေ ....။ ဆက်ပြောမယ်နော်..

ဆက်ဖတ်ချင်သေးရင်...

Monday, August 17, 2009

အိမ်ပြန်ခရီး

သစ်သစ် ဒီနေ့ပို့စ်တစ်ခုလောက် တင်ချင်နေတယ် ဒါပေမယ့် ဘာရေးရင်ကောင်းမလဲဆိုတာလည်း စဉ်းစားလို့မရဘူး ဖြစ်နေတယ်လေ ဟားဟား....နာမည်ကြီးတွေပြောနေကျ မုဒ်မ၀င်တာများလားဆိုပြီး နည်းနည်းမာန်တက်လိုက်သေးတယ် ။ နောက်တော့ကိုယ့်အတင်းပဲ ကိုယ်ချမယ်ဆိုပြီး ကိုယ့်အကြောင်းကို သေချာစဉ်းစားသုံးသပ်နေလိုက်ပါတယ် ။ ဒီဇင်ဘာပြန်တုန်းကဆိုလေ အိမ်ရောက်လို့ထမင်းစားပြီးတာနဲ့ စကားပြောချင်နေကြတဲ့သူတွေကို ဘေးထားပြီး ကိုယ့်အခန်းကိုဝင်အိပ်နေတာလေ ။ ဆူညံ ဆူညံ နဲ့ ၂နာရီလောက်အိပ်ပြီး နိုးလာတော့ ဘုရား ဘုရား သစ်ကုတင်ပတ်လည်မှာ အိမ်ရှိလူအကုန်ပါပဲလေ အတင်းတွေပြောနေလိုက်ကြတာ နားနဲ့မဆန့်ဘူး ။ အသားအရည်ကဘယ်လို လူကဘယ်လောက်ဝလာတယ် မျက်နှာကဖောလာတယ် အိပ်တာကလည်း အရင်ကအတိုင်းပဲ အစားအသောက်တွေ ငတ်နေလို့ပိန်မယ်ထင်တာ ပိုဆိုးလာတယ် ဟူးးးးးးးးးးး စိတ်များတောင် ညစ်မိပါတယ်ကွယ် ။ အင်းးး ဆိုပြီး သံရှည်ဆွဲလည်း ရပ်မသွားပါဘူး သူတို့ကသစ်နဲ့စကားပြောချင်နေကြတာလေ သစ်ကအားလုံးကိုပစ်ပြီးအိပ်နေတာ....ဟဲဟဲ ။

ဝါးဆိုပြီး အော်လိုက်ပြီး ကုတင်ပေါ်ထထိုင်လိုက်တော့ အမေကပြောပါတယ် အရင်လိုပေါတုန်းပါပဲလားတဲ့..... ။ သစ်စလုံးမှာချို့တဲ့စွာအလုပ်လာလုပ်တာကို သူတို့ကနတ်ပြည်ကပြန်လာတယ်များထင်နေလားမသိပါဘူး ။ နိုးလာတာနဲ့ပန်းနဲ့ပေါက်သလို အမေ့စက်သေနတ်ကို ရင်ဆိုင်ရတော့တာပါပဲ ကိုယ့်ကိုယ်ကိုမထိန်းဘူး မသွားခင်ကဘယ်လို အခုတော့ဘယ်လို ဆိုပြီး ပြောနေလိုက်တာ မမောနိုင်ပါဘူး ။ သစ်သစ်ကလူလည်လေ သိတယ်မှတ်လား ဟယ် ....အမေရယ် ပိန်သွားလိုက်တာ အဖေကလည်း ခြေသလုံးလေးသေးသွားသလိုပါပဲလား ကိုကြီးက၀လာလိုက်တာ အမကိုလည်း နင့်ဖို့ငါရှယ်ဝယ်လာတယ်ဆိုပြီး အားလုံးကိုဖိန့်လိုက်တာပေါ့ ။ အိတ်ရောဆိုတော့ အမေက နေပူတောင်လှန်းထားလိုက်ပြီတဲ့ ဘာမှတောင်မပြောလိုက်ရဘူး...ဟိဟိ ။ နိုးတာနဲ့ကျေးဇူးရှင်ဆရာကို ချက်ချင်းဖုန်းဆက်ပြီး ချောမောစွာရောက်ကြောင်း ညနေလာတွေ့မယ်လို့ တစ်ခါတည်း ချိတ်လိုက်ပါတယ် ။ နောက်တော့စလုံးမှာကတည်းကပြုစုလာတဲ့ စားသောက်စာရင်းကို အဖေ့လက်ထဲ အပ်လိုက်ပါတယ် ။ စားချင်သောနေရာဘေးမှာ ချက်ပြုတ်ရမယ့် လူနာမည်ပါထည့်ထားပါတယ် ။ ဥပမာ- တာလပေါ့ဟင်း = ယောင်းမ ၊ ဆူးပုပ်ကြက်ဥကြော် = အဖေ ၊ ပုစွန်ခေါင်းငရုပ်ချက် = အမ ၊ ငါးငရုပ်ချက် = အမေ စသဖြင့်ပေါ့လေ ။ ဆရာ့အိမ်ကပြန်တဲ့ညဘက် လမ်းမှာအစ်ကိုနဲ့ကြေးအိုးဝင်သောက်ပြီး အိမ်ရောက်တော့အမေက ထမင်းစားပဲစောင့်နေပြန်ရောလေ ဒါနဲ့ပဲ နောက်တစ်ထပ်ပေါ့လေ ။ အဖေကစကားပြောချင်နေတာကိုအချိန်ပေးရမယ်ဆိုတာ သိနေတယ် နောက်နေ့ပြောမယ်ဆိုပြီးတော့ အိပ်လိုက်တာ နောက်နေ့၆နာရီလောက် အမေကလာနိုးတယ် မျက်နှာသစ်တဲ့ အားလုံးအဆင်သင့်ဖြစ်နေပြီ နင်ကားပေါ်တက်ဖို့ပဲ ကျန်တော့တာတဲ့ ဘယ်လဲဆိုတော့ ဘားအံသွားမယ်တဲ့ လူလည်းအူကြောင်ကြောင်နဲ့ ကောက်ညှင်းပေါင်းကော်ဖီသောက်ပြီး ကားပေါ်တက်ခဲ့လိုက်ရတယ်လေ ။ အဆက်တွေကြီးပဲလို့ မထင်ပါနဲ့ ဆင်ဆင် အစအဆုံးဆိုတော်ချုံ့ရေးရမှာစိုးလို့ပါနော် ။ သီးခံဖတ်ပါကွယ်....း) ။

ဆက်ဖတ်ချင်သေးရင်...

Sunday, August 16, 2009

သစ်သစ်ခရီးသွားနေသည် ခရီးစဉ် ၂ - ရွာကလေး

ဒီလိုနဲ့ ဆရာ့အမေရွာကို ညနေ၆နာရီလောက်ရောက်လာခဲ့ပါတယ် ။ ရွာနားတွင် တံတားလေးတစ်စင်း ရှိပါတယ် ။ သစ်သစ်တို့တွေကို ဆရာ့ဦးကြီးလင်မယားအိမ်မှာ အိပ်စေပါတယ် ။ ဆရာတို့က ဆရာ့အမေရဲ့ညီမအိမ်မှာ အိပ်ကြပါတယ် ။ သစ်သစ်တို့အိပ်တဲ့အိမ်လေးက ၂ထပ်ပျဉ်ထောင်လေးပါ ဆရာတို့အိပ်တဲ့ အိမ်လေးကမြေစိုက်အိမ်လေးပါ ။ သစ်သစ်တို့ကတော့ အရာအားလုံးထူးဆန်းနေတာပေါ့နော် ရွာဆိုတဲ့အငွေ့အသက်က သစ်သစ်ဒီအရွယ်ထိ တစ်ခါမှမရှိဘူးလေ ။ ရုပ်ရှင်တွေထဲမှာပဲ မြင်ဘူးတာပေါ့နော် ။ သစ်သစ်တို့အုပ်စုကြီးကိုလည်း ရွာကသူတွေအားလုံးက ကြည့်နေကြတယ်လေ ပျော်တာပေါ့နော် ရန်ကုန်မှာဆို ကိုယ့်ကိုကြည့်မယ့်သူမှမရှိတာလေ....ဟီဟီ ။ ဆရာတို့ရွာရောက်တော့ သစ်သစ်ဘော်ဒါကဆရာ့တူမလေး ၆နှစ် ဆိုတော့ သူနဲ့သိတဲ့ကလေးတွေနဲ့ သစ်သစ်ကလိုက်သိနေရတာပေါ့နော် ။ သူကအဲဒီရွာခဏခဏသွားနေတော့ သူ့ဘော်ဒါတွေကအများသားလားနော် ။ အားလုံးကအသက်၁၂နှစ်မကျော်ကြပါဘူးလေ ။ သစ်သစ်ကလည်း ကင်မရာတစ်လုံး ကလေးတစ်အုပ်နဲ့ပေါ့ နောက်တစ်နေ့ရွာရိုးကိုးပေါက်သွားတာပေါ့...။ ဆရာကျတော့ တစ်နှစ်တစ်ခါရောက်တော့ ရွာထဲကအမျိုးတွေကို လိုက်ကန်တော့နေတဲ့အချိန်မှာ သစ်သူငယ်ချင်းတွေက အိမ်မှာပဲနေကြတယ်လေ ။ သစ်ကတော့ကလေးတစ်အုပ်နဲ့ ရွာကစေတီရော ရွာနောက်က ချောင်းရိုးရောစုံနေအောင်ရောက်တာ နောက်ဆုံးကလေးတွေက သစ်ကိုရွာသင်္ကျိုင်းကုန်းကိုပါခေါ်သွားတယ်လေ ။ သူတို့လည်းလိုက်ပြစရာနေရာမရှိတော့ဘူးလေ သစ်ပြန်လာတော့ဆရာ့ကိုပြောပြတော့ ကလေးတွေအဆူခံရတယ် ...ဟိဟိ ။

ကလေးတွေကရိုးသားပွင့်လင်းတယ် ဟန်မဆောင်တတ်ဘူး သစ်ကိုယ်တိုင်ကလည်း ကလေးအရမ်းချစ်တယ် ဒါကြောင့်တည့်တာလဲပါတယ် ။ နေ့လည် ၂နာရီလောက်ကျတော့ သစ်တို့တွေပျင်းလာပြန်ရော ဆရာ့အဒေါ်ယောက်ျားက ကလေးမတွေပျင်းနေလို့ ချောင်းရိုးတစ်လျှောက်စက်လှေနဲ့လိုက်ပို့မယ်ဆိုတော့ ပျော်လိုက်တာဆိုတာ မပြောနဲ့တော့ ကြီးကြီးက ထုံးစံအတိုင်း စိတ်မချပြန်ဘူးလေ သစ်တို့၆ယောက်ရယ် ကလေး ၁၂ နှစ်သား ၂ယောက်ရယ် ဆရာရယ် စက်လှေမောင်းတဲ့ ဦးလေးကြီးရယ် သွားကြတာပေါ့။ ချောင်းရိုးအတိုင်းသွားရင်း နေတွေကလည်းပူ လေပူတွေကလည်းတိုက်နဲ့ သွားလိုက်တာ ချောင်းရိုးကတဖြည်းဖြည်းကျယ်လာတယ်လေ ။ နောက်ဘဒွေးက မြို့သူတွေကို သဲဖြူကျွန်းလိုက်ပို့မယ်လို့ပြောပါတယ် ဆရာကအတင်းငြင်းပါတယ် သစ်တို့ကလည်း ဘာကြောင့်လဲဆိုတာမသိဘူးလေ နောက်တော့သဲဖြူကျွန်းက ပင်လယ်ဝဘက်မှဆိုတော့ လှိုင်းကအရမ်းကြီးတယ် စက်လှေမှောက်မှာစိုးလို့ ဆရာကမသွားခိုင်းတာ သိလိုက်ရတယ် ။ ဒါနဲ့ငါးခြောက်တွေလုပ်တဲ့ ဆင်ခေါင်းရွာဆိုတာကိုတော့ ရောက်သွားခဲ့ပါတယ် ။ သူကလည်းပင်လယ်ဝနဲ့သိပ်မဝေးပါဘူး သဲဖြူကျွန်းကို လှမ်းမြင်ရတဲ့အပြင် လှိုင်းကြီးတွေကိုအဝေးကနေလှမ်းမြင်၇ပါတယ် ။ တကယ်ကိုကြောက်စရာကောင်းပါတယ် ။ ဆင်ခေါင်းဆိုတဲ့ရွာလေးမှာ တံငါလုပ်ငန်းလုပ်ပါတယ် ။ တရွာလုံးငါးခြောက်လုပ်ကြပါတယ် သစ်တို့စက်လှေကမ်းကပ်တော့ တစ်ရွာလုံးထွက်ကြည့်ကြတယ်လေ ။ မိန်းမကြီးတွေကလည်း ကလေးတွေချီလို့ပေါ့ သစ်တို့ကို ဘဒွေးကတစ်ကျွန်းလုံးလိုက်ပြတယ် ကျွန်းကသေးသေးလေးပါ ။ ရွာကသူတွေက ဘဒွေးကိုသိကြတယ်လေ ။နောက်တော့စက်လှေပေါ်တက်ပြီးနောက်တစ်ကျွန်းကို သွားကြပါတယ် အဲဒီကျွန်းက ဘဒွေးသူငယ်ချင်းက အုန်းရည်တွေတိုက်ပြီး ဧည့်ခံလိုက်တာမှတ်မိပါသေးတယ် ။ သစ်တို့စက်လှေပေါ်ကဆင်းတော့ ရေကအနေတော်လေ သစ်တို့ပြန်လာတော့ ရေကအရမ်းကိုကျသွားတယ် စက်လှေပေါ်တက်ဖို့သစ်တို့တော်တော်အခက်တွေ့သွားတယ်လေ ဒီလိုနဲ့စက်လှေကိုဘဒွေးက ပုံမှန်မောင်းပြီးပြန်လာတော့ ရွာကိုရောက်ခါနီးလောက်ကျတော့ ဆရာ့ညီကနောက်စက်လှေတစ်စီးနဲ့ လိုက်လာခဲ့တယ်လေ ။ ညနေ၅နာရီထိုးပြီပြန်မလာလို့ ကြီးကြီးက စက်လှေပျက်လားဆိုပြီး လိုက်ခိုင်းလိုက်တာလို့ပြောပါတယ် ။ တကယ်တော့ ဘဒွေးကလွဲပြီး ဘယ်သူမှရေမကူးတတ်ကြဘူးလေ ။ ရွာကသစ်တို့လှေပေါ်တက်တဲ့ဆိပ်ကမ်းလေးရောက်တော့ ကြီးကြီးရယ်လေ သနားပါတယ် သစ်တို့ကိုစိတ်ပူပြီး အပင်ခြေရင်းမှာရပ်စောင့်နေတာလေ သစ်တို့တစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်တတ်တဲ့ ကြီးကြီးပါ ။လှေဆိပ်က တံတားလေးက သစ်တို့သွားတုန်းက လှေနဲ့တပြေးတည်းလေ ပြန်လာတော့ရေကျပြီး တော်တော်ကွာသွားတယ်လေ ဘဒွေးလည်းသစ်တို့ဆင်းရလွယ်အောင် အကောင်းဆုံးနေရာကိုကပ်ပေးပါတယ် ဒါပေမယ့်နွံတွေကြီးပဲဆိုတော့ သစ်တို့ခြေထောက်တွေ ဗွက်နစ်နေတာပေါ့နော် ရုန်းလေနစ်လေပဲလေ ဒါပေမယ့်သစ်ကတော့အရမ်းပျော်တယ် ။ ကြီးကြီးက သစ်တို့တွေရေချိုးပြီး ထမင်းစားတော့မှ သူ့မှာကျေနပ်တော့တယ်လေ ။ သစ်တို့ရေချိုးတာကလည်း နောက်မှသိတော့ တော်တော်အားနာစရာကောင်းပါတယ် ။ စဉ်းအိုးလေးထဲကနေ သစ်တို့ခပ်ချိုးတဲ့ ရေတွေကလေ ကလေးတွေကဲ့ပေးထားတာတဲ့ သစ်တို့ကရေသုံးကြမ်းတော့ စဉ်းအိုးတစ်လုံးကို လူ၂ယောက်ပဲချိုးကြတယ်လေ ... ။ နောက်မှတော်တော်ကိုအားနာနေတာ ။ ထမင်းစားပြီးတော့ သစ်သူငယ်ချင်းတွေက အိပ်ဖို့ဟိုးဘက်အိမ်ကိုသွားကြတယ်လေ သစ်ကမသွားပဲ ကြီးကြီးညီမအိမ်မှာ ဒိုးဇက်ကို ကလေးတွေနဲ့ နှဖူးတောက်ကြေးဆော့နေတာလေ ဆရာကလည်း ဆော့ချင်ဆော့နောက်မှ ဟိုဘက်အိမ်လိုက်ပို့ပေးမယ်ဆိုတော့ သစ်ကျန်ခဲ့ပြီးဆော့လိုက်ငြင်းလိုက်နဲ့ ဆူညံနေတော့တာပဲလေ သစ်ကလူကြီးဖြစ်ပြီးကလေးတွေကို ညစ်တာလေ ဆရာကသိတော့ သစ်ကိုဆူ သစ်ကဆရာဆူလို့ ပိုညစ်နောက်ဆုံးတော့ ဆရာ့ကိုစိတ်ကောက်ပြီး ဟိုဘက်အိမ်ကိုဆရာလိုက်မပို့နဲ့ အခြားသူပဲပို့ဆိုပြီး ပြန်သွားတယ်လေ ဆိုးချက်နော်.....။ နောက်နေ့မနက်ရွာက ပြန်တော့မယ်ဆိုတော့ စိတ်ထဲမှာတစ်မျိုးကြီး ဖြစ်နေရောလေ ကလေးတွေကလည်း ဆရာတို့အိမ်က ကားကြီးရောက်လာတော့ သစ်တို့ကိုလိုက်ပို့ကြတယ်လေ ....။ ဒီလိုနဲ့ပဲ.......


ဆက်ဖတ်ချင်သေးရင်...

Friday, August 14, 2009

တကယ် မရည်ရွယ်တာပါ

့ဒီနေ့ သောကြာဆိုတော့ အိမ်ရောက်ရင်တစ်ခုခုစားဖို့ စဉ်းစားပြီးသားပါ ။ ဒါနဲ့တစ်ခါမှ မလုပ်ဖူးတဲ့ ကြေးအိုးလုပ်မယ်ပေါ့နော် ။ လုပ်ပုံလုပ်နည်းကိုလည်း မေးလိုက်ရတာ လူကုန်ပါတယ် ။ မလုလုဘလော့က လုပ်နည်းကိုတောင် ရုံးကနေ ပရင့်ထုတ်သွားခဲ့သေးတယ် ဒီလိုကြိုးစားတာလေ ...ဟိဟိ ။ ရထားပေါ်မှာလည်း စဉ်းစားလာရတာ အမောပါ ဒီလိုနဲ့ဆင်းရမယ့် ဘူတာရောက်တော့ ဈေးဝင်ဝယ်ဖြစ်တယ်လေ ။ အဲဒီအချိန်လေးမှာပဲ ဘယ်လိုမှမစဉ်းစားထားတဲ့ သူတို့တွေက ကိုယ့်ကိုမြူဆွယ်လာခဲ့တယ်လေ အစုံပါပဲ နားရွက် ၊ အသဲ ၊ နှလုံး ၊ ကျောက်ကပ် ၊ အူချို ၊ အူမကြီး ၊ အသားပေါ့နော် ။ ကိုယ့်လက်တွေ သူတို့ဆီကို လှမ်းမိသွားခဲ့တယ် ။ သူတို့နဲ့ပက်သက်တဲ့ ကြာဆံကြော်ဖို့ ဂေါ်ဖီထုပ် နားရွက်သုတ်မှာ ထည့်မယ့်သခွားသီး အိုးးးးး အစုံပါပဲလေ ။ ကိုယ်ပိုက်ဆံရှင်းပြီးလို့ အပြင်ရောက်တဲ့အချိန်မှာ ကိုယ့်လက်ထဲမှာ ငရုပ်သီးဆော့စ်ရယ် ၊ ဂျင်း ကြက်သွန်ဖြူဆော့စ်ရယ် က ကိုင်ရက်သားလေး ဖြစ်နေပြီလေ ။ မှားလား မှန်လား စဉ်းစားရင်း ကိုယ်စီးရမယ့် ၉၇၀ ရောက်လာခဲ့တယ် ။ ဒီလိုနဲ့ အိမ်ရောက်ပြီး ၇နာရီ က စချက်လိုက်တာ ည ၉နာရီမှာ ပန်းကန်ထဲက ပုံစံဖြစ်လာခဲ့တယ်လေ ။ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး နောက်ဆုံးတော့လည်း မတတ်နိုင်ပဲ ပုံလေးရိုက်ပြီး အဆူခံမယ်ဆိုပြီး ဒီပို့စ်လေးရေးလိုက်မိပါတယ် ။
စားပြီးတော့ ကိုယ်ကပိန်ချင်သူမဟုတ်လား ။ ဒီသေးသွယ်တဲ့ ပါးစပ်လေးကို မထိန်းနိုင်လို့ ဒီလိုမလှမပ ကိုယ်ခန္ဓာရလေခြင်း ဆိုတဲ့ နောင်တတရားကို ရင်ဝယ်ပိုက်ပြီး အောက်ကခွက်ထဲကလို သံပရာသီးလေးပေါင်းများစွာကို ပွက်ပွက်ဆူနေတဲ့ ရေနွေးမှာ မညှာမတာစိမ်ပြီး အစေ့များကို အညှိုးကြီးစွာဝါးစားခဲ့ရတယ်လေ ။ တတ်နိုင်ဘူး ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုလားပဲ....။ မှားရင်ပြင်ပေးဦးနော်..ဟိဟိ ။

ဒီပို့စ်ရေးပြီးသော အခါသမယတွင် အဆီရစ်ကာ လေလေးတဖြူးဖြူုးဖြင့် စက်တော်ခေါ်ရန် ကုတင်ကိုပြူးကာပြဲကာ ရှင်းနေရပါတော့လေသတည်းးးးးးးးးးးးး ။

ဆက်ဖတ်ချင်သေးရင်...

သစ်သစ် ခရီးသွားနေသည် ခရီးစဉ် ၂ -ငပလီ

ဒီလိုနဲ့ အလှူပြီးတော့ ဆရာတို့မိသားစုက သစ်တို့ကိုလိုက်ပို့ဖို့ စစီစဉ်ပါတယ် ။ အဓိကတော့ ငပလီပေါ့နော်...။ ဆရာက ကဲနောက်နေ့ငပလီသွားမယ်ဆိုတော့ ၀တ်စုံတစ်စုံအပိုယူသွားကြတာပေါ့လေ ။ မနက်စာစားပြီးတာနဲ့ စထွက်ကြတာပေါ့ ဆရာတို့အိမ်က ကားနဲ့သွားကြတာပေါ့ ။ လူကလည်းသွားရတော့မယ်ဆိုတော့ လက်ဆတ်နေတာပေါ့နော် ။ တလမ်းလုံးပျော်လို့ ရွှင်လို့ပေါ့ ဒီလိုနဲ့သံတွဲကိုရောက် နောက်ငပလီကို ခရီးဆက်ကြတာပေါ့။ ဟိုရောက်တော့ လူကအသားကုန်ပျော်နေတာပေါ့နော် ။ ဆရာ့အမေကလည်း စိတ်မချလို့လိုက်လာပါတယ် ။ နေ့လည်စာကို ဆရာက သစ်နဲ့သူ့ညီမကို အားလုံးအတွက် သွားမှာဆိုတော့ သိတယ်ဟုတ် ပင်လယ်စာကြီးပဲ ရှယ်မှာတော့တာပေါ့ ပြီးတော့ ကမ်းခြေဘက်မှာ စားပွဲကိုပြင်ခိုင်းတာလေ စားကောင်းလွန်းလို့ အခုရေးရင်းတောင် သတိရပါတယ် ။ မှာထားတာ အများကြီးနဲ့ မိုက်မှမိုက်ပဲလေ ။ ဆရာတို့က သိပ်မစားကြပါဘူး သစ်တို့၆ယောက်ကတော့ အသားကုန်စားတာပေါ့...ဟီဟီ ။ နောက်ဆရာက ဘမ်ဂလိုတစ်လုံးကို တစ်နေ့လုံးငှားလိုက်ပါတယ် ။ သစ်တို့ရေချိုး အနားယူဖို့တဲ့ ပြီးတော့ ကမ်းခြေမှာ အဆီရစ်ပါတယ် ။ သစ် သူငယ်ချင်းတစ်ယောက်က ငပလီမှာ ဆိုဒ်အင်ဂျင်နီယာလာလုပ်နေတော့ သူကလည်း သစ်တို့ကိုလာတွေ့ပါတယ် ။ သစ်တို့ကစကားတွေ ဖောင်ဖောင်ကြဲလို့ပေါ့နော် ဆရာ့အမေက နေပူသေးလို့ ရေထဲမဆင်းခိုင်းသေးပါဘူး ။ သစ်တို့က ကမ်းခြေဘက် ရေသူမဘက် သွားပြီး ဓါတ်ပုံတွေ ရှယ်ရိုက်တာပေါ့နော် ။ ပြီးတော့မောပြီးပြန်လာကြတယ်လေ နောက်ညနေ ၄ နာရီလောက် ကြတော့မှ ကြီးကြီးက ရေကူးတော့ဆိုမှ ကမ်းခြေဘက်ကိုပြေးဆင်းကြပါလေရော ။ ကြီးကြီးက စိတ်မချလို့ ဆရာ့ညီ ကိုပေါက်ကို ရေထဲမှာစောင့်ခိုင်းပါတယ် ။ သစ်တို့မိန်းကလေး ၆ ယောက်မှာ ၂ယောက်က မဆင်းပါဘူး သစ်တို့၎ယောက်က လက်လက်ထတွေဆိုတော့ ဆင်းတာပေါ့ ။ အထင်မကြီးပါနဲ့ သစ်ရေကြောက်ပါတယ် ပြီးတော့ပင်လယ်ဆိုတာ အခုမှစမြင်ဘူးပေါ့ လုံးဝမဆင်းရဲပါဘူး ။ သူငယ်ချင်းတွေဆွဲချတာပါ ....။ သူတို့တွေက ရေနက်ပိုင်းကိုသွားကြတယ် သစ်ကမလိုက် အတင်းဆွဲခေါ် လှိုင်းကပုတ်လို့ ခြေထောက်လွတ်သွားတာနဲ့ ဒေါ်သစ်သစ် ကားယားကြီးပါပဲ ...။ ဆရာ့ညီက ဘာမှမဖြစ်ဘူး ဒီကိုသွား ဟိုကိုသွားနဲ့ အော်ပြောနေပါတယ် ။ သစ်တို့ကလည်း ပျော်ကြတာပေါ့နော် ဘမ်ဂလိုက ကြည့်နေတဲ့ ကြီးကြီးက စိတ်ပူပြီး ဆရာ့ကိုသွားကြည့်စမ်း ကလေးမတွေကို ဆိုတော့ ဆရာကမ်းခြေလိုက်လာပါတယ် ။ သူအဝေးကကြည့်တာ သူ့တပည့်တွေက တော်တော်ရေနက်ပိုင်းကိုရောက်တယ် ထင်နေတာတဲ့ ဒီရောက်မှသိတယ် သဲလူးနေတာပါလားတဲ့ ...ဟိဟိ ။ သစ်တို့က လာတဲ့လှိုင်းကို ကမ်းခြေကစောင့်နေတာလေ ရေထဲမသွားပဲနဲ့ ဥာဏ်ကြီးရှင်တွေလေ ။ ဆရာကသွား ဟိုးဘက်ကိုဆက်သွား ပြောပါတယ် သွားပါဘူး သတ်ချင်သတ်ပါကွယ် ။ နေစောင်းသွားတော့ ဆရာ့အမေရွာလေးမှာ ပြန်အိပ်မယ်ဆိုတော့ သစ်သစ်တို့ ရေချိုးကြပါတယ် ။ ရေချိုနဲ့ဘမ်ဂလိုမှာ ပြန်ချိုးတာပါ ဆူညံနေတာကတော့ ဆိုဘွယ်ရာမရှိပါဘူး ။ ပြီးတော့ လက်ဆောင်လေးတွေဝယ်ဖို့ ဈေးတန်းလေးသွားပြီး ပြန်လာခဲ့ကြပါတယ် ။ နှုတ်ဆက်ခဲ့တယ် ငပလီရယ်....။ ဒီလိုနဲ့ ဆရာ့အမေ ရွာကိုရောက်တော့.........ဆက်ရန်။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 13, 2009

သစ်သစ်ခရီးသွားနေသည် ခရီးစဉ် ၂ - အဆက်

သစ်သစ် မှာ အကြောင်းတစ်ခုကြောင့် ဘလော့မရေးတာ တစ်ပတ်လောက်ကြာသွားပါတယ် ။ ပို့စ်အသစ်မရှိပေမယ့် လာရောက်လည်ပတ်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ် ။ သစ် ဒီနေ့တော့ ခရီးသွားတာလေးကို ဆက်ရေးပေးချင်ပါတယ် ။ ဒီလိုနဲ့မိုးလင်းလာတော့ သစ်သစ်တို့ ၆ယောက် လှုပ်စိလှုပ်စိပေါ့နော် ။ ဆရာတို့အိမ်က ရွာမှာဆိုပေမယ့် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဆရာကအိမ်ပေါ်အိမ်အောက် ရေချိုးခန်းတွေနဲ့ အိမ်မကြီးကိုလည်း နောက်ဖက်ကိုထပ်ချဲ့ထားတာ တကယ်ကိုအကျယ်ကြီးပါ ။ သွားတိုက် မျက်နှာသစ်ပြီးတော့ ပြတင်းပေါက်တွေဖွင့် ဟိုကြည့်ဒီကြည့်ပေါ့ မနေနိုင်တာက သစ်သစ်လေ အိမ်အောက်ကို တစ်ယောက်တည်းဆင်း ဆရာ့အမျိုးတွေကိုသွားရော စကားတွေပြော ဆရာ့တို့ဆိုင်လေးထဲ လျှောက်သွား နောက်ကတော့ ဆရာ့တူမလေး ကလေးတစ်အုပ်နဲ့လေ...ပိုင်တယ်နော် ။ သစ်သူငယ်ချင်းတွေက အခန်းထဲကမထွက်သေးတဲ့အချိန်မှာ သစ်ကအိမ်ကိုနှံ့နေပြီလေ မြို့ကြီးသူတွေအထာကိုင်တယ် ဖြစ်မှာစိုးတာရယ် ကိုယ်ကလည်းစပ်စုချင်တာရယ်ပေါ့နော်။ ဆရာ့အမေက တကယ်ကိုချောတဲ့ ကြီးကြီးပါ အလုပ်ကိုလုံးဝမပျက်ပါဘူး မိုးလင်းကတည်းက ဆက်တိုက်လုပ်နေတာ မိုးချုပ်မှရပ်ပါတယ် ။ ဆရာ့အဖေက ဘေးကအထက်တန်းကျောင်းက ဆရာပါ ဆုံးသွားတာကြာပါပြီ ။ ဆရာ့အမ လင်မယား ၊ သူတို့သမီးလေး ၂ယောက် ၊ ဆရာ့ညီ ကိုလေးတို့ လင်မယား ၊ သမီးလေး၂ယောက် ၊ ဆရာ့ညီ ကိုပေါက်တို့ လင်မယား ၊ ညီမအငယ်ဆုံး အပျိုကြီး အားလုံးက တကယ်ကိုခင်မင်စရာကောင်းပြီး ရိုးသားကြပါတယ် ။ ဒါ့အပြင် ဆွေမျိုးများအားလုံးကလည်း အလှူပြီးရင် သူတို့ရွာကိုလိုက်ခဲ့ဖို့ ဖိတ်ကြပါတယ် ။ သစ်သစ်ကတော့ ဆရာ့နားမှာ ကွစိကွစိနဲ့ ဟိုလိုက်ချင်တယ် ဒီလိုက်ချင်တယ်နဲ့ အသားကုန်ပူဆာတာပါ ။ ဆရာက ၆ယောက်လုံးကိုတော့ အရမ်းအလိုလိုက်တယ် ဆူလည်းဆူတယ် ဆူရင်ငိုတယ် စိတ်ကောက်ပြီး ဆရာနဲ့စကားမပြောကြဘူး အခန်းမှာအောင်းနေကြတယ် ကျန်တဲ့သူတွေက အတင်းတံခါးကိုလာခေါက်ပြီး ချော့တယ် ။ ကိုယ်တွေက အပေါ်ကြောနဲ့ ထမင်းဆင်းစားတယ် ဆရာမှလွဲပြီး ကျန်တဲ့သူတွေအားလုံးနဲ့ စကားတွေဖောင်ဖောင်ကြဲတယ် (အဲလောက်ဆိုးတာနော်) ။ ကလေးတွေနဲ့ရွာထဲမှာ လက်လက်ထအောင်ကဲတာနော် ။ ဆရာတို့အိမ်နားက ရွှေလှေတံတားမှာ ဓါတ်ပုံတွေသွားရိုက် ဒီလိုနဲ့အလှူနေ့ ရောက်လာခဲ့တယ် ။ ကူညီချင်ပေမယ့် ကိုယ်လုပ်မှ ရှုတ်သလိုဖြစ်မှာစိုးလို့ အပေါ်ကပဲလိုက်ကြည့်နေတာ ချာချာလည်နေတာပဲလေ ။ ဓါတ်ပုံရိုက်ချင်သော်လည်း ဘာသာရေးအရ မကြိုက်မှာစိုးလို့ မရိုက်ခဲ့ကြပါဘူး ။ လာစားတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး ကျွေးတဲ့သူတွေလည်း ပြင်ဆင်မထား တကယ်ကိုရိုး၇ှင်းတဲ့ အလှူတစ်ခုပါ ထမင်းကိုအိမ်ရှေ့က ဖြတ်တဲ့သူတိုင်းခေါ်ကျွေးတာပါ ။ ပျော်စရာတကယ်ကောင်းပါတယ် ။ ဒီလိုနဲ့အလှူပြီးတော့........ဆက်ရန်။

ဆက်ဖတ်ချင်သေးရင်...

Saturday, August 8, 2009

မိန်းကလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံ

ကိုယ် ပြင်ဆင်ချင်တယ် ပြင်ခွင့်ပေးဦးမှာလား ။ ကိုယ် မှားခဲ့ဘူးတဲ့ တစ်ကြိမ်လေးကို မင်းခွင့်လွှတ်ပေးမှာလား ။ ကိုယ် အခုမင်းနဲ့ တွေ့တာနောက်ကျလို့ နောင်တရတတ်နေပြီ ။ ဘာလို့မင်းနဲ့တွေ့ချိန်အထိ ကိုယ့်ကိုဖြူစင်စွာ စောင့်နေခွင့်မပေးခဲ့တာလဲ ...။ မင်းရှေ့မှာကျခဲ့တဲ့မျက်ရည်တွေကို မုန်းတယ် ။ ကိုယ် မင်းရှေ့ရောက်ရင် အရမ်းကိုသိမ်ငယ်နေမိတာ သိလား ။ မင်း ဒါကိုခံစားမိရဲ့လား ချစ်သူ ။ ကိုယ် မင်းကိုအနိုင်ယူတာတွေ ရှိပါတယ် တန်ဖိုးရှိတဲ့မင်းအချိန်တွေ ကိုယ်သုံးစွဲခဲ့ဘူးတယ် ။ အဲဒါတွေအတွက် ကျေးဇူးလို့ ကိုယ်မပြောချင်တော့ဘူး မင်းဘာသာနားလည်ပေးမယ်လို့ မျှော်လင့်တယ် ။ ကိုယ်လိုအပ်ချိန်တွေဆို မင်းရောက်လာတတ်တာကို ကိုယ်သိပ်အံ့သြတယ် သိလား ။ စိတ်ချင်းဆက်နေတယ်လို့ပြောရင် ကိုယ့်ကိုကလေးဆန်တယ် ပြောဦးမှာလား ဟင် ။ မင်းပြောနေတဲ့ ချာတိတ်ပေါ့ ...။ ဟေး ချာတိတ် ကိုယ်ကမင်းထက်အများကြီး အသက်ကြီးတယ် သိလားကွ ဆိုပြီးပြောတာကို အခုတွေးအခုရီချင်တယ် ။ ချာတိတ် တစ်ခု ၊ ကိုယ်တစ်ခု ဆိုပြီး ၀ယ်လိုက်တဲ့မုန့်တုန်းကလည်း ကိုယ်လေဒီဘက်ကနေ တော်တော်ကိုရီချင်နေမိတယ် ။ ချာတိတ်ဆိုတဲ့ ခေါ်သံကို ကိုယ်ချိုမြိန်နေပြီ ဆိုရင်ရော မယုံဘူးမဟုတ်လား ။ တစ်ခါတစ်လေ နေ့ နဲ့ ည ကို ကိုယ်မုန်းတယ် ဒါပေမယ့် တစ်ဖက်ကလည်း ကိုယ်အိပ်ချိန်တွေမှာ မင်းအလုပ်လုပ်နေတယ်ဆိုတဲ့ အသိက ကိုယ့်ကိုကျေနပ်စေပြန်ရောလေ ။ မင်းအလုပ်ကပြန်လို့အနားယူချိန်တွေဆို ကိုယ်အရင်ကလို မဆိုးတော့ဘူးနော် ငြိမ်ငြိမ်လေးပဲနေတတ်လာတာကို သတိထားမိလားချစ်သူ...။ မင်းကိုအေးချမ်းစေချင်တယ်။ မင်း က အဟမ်း ဘာတွေလုပ် ဆိုမှ ကိုယ်စာတွေပြန်ရိုက်တတ်လာတယ်လေ အရင်ကဆိုရင်လေ ကိုယ်ပြောချင်တာကို ဇွတ်ပြောတတ်တဲ့ ကိုယ့်အကျင့်ကိုလည်း ပြင်ဆင်ထားတယ်လေ မင်းဘက်ကပြောလာတာလေးတွေကိုပဲ သေချာလေးပြန်ပြောနေမိတယ် ။ ဘာပဲဖြစ်ဖြစ် ပြင်ဆင်လို့ မရတော့တဲ့ကိုယ့်အတိတ်တွေကြောင့် ကိုယ်မင်းကိုပြောင်းလဲပက်သက်ရတော့မယ်...။ ကိုယ် အရမ်းခံစားရတယ် ဒါပေမယ့် မင်းအနားကထွက်ခွာသွားစရာ မလိုသေးလို့ ကိုယ်ကျေနပ်နေမိတယ် ။ ဘယ်တော့မှမမုန်းကြေးနော် ...။ စတွေ့တုန်းကအစ်ကို ပြောခဲ့တဲ့စကားလေးကို တည်အောင်ညီမကြိုးစားပါ့မယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, August 7, 2009

ခုတစ်လော

၁။တွေးနေမိတာက >>>ညနေဘာချက်စားရင်ကောင်းမလဲနော်
၂။ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက>>>အ၀လွန်နေပြီ
၃။ကျန်းမာရေး>>>နီးနေပြီ
၎။ဖတ်ဖြစ်နေတဲ့ စာအုပ်လေးတွေ>>>ချက်နည်းပြုတ်နည်းတစ်ရာ
၅။ရောက်ဖြစ်နေတာက>>>မလုလုဘလော့
၆။ရေးဖြစ်နေတာက>>>ကိုယ့်အကြောင်း
၇။နားထောင်ဖြစ်နေတာက>>>စားမှာပဲ သီချင်း
၈။ရွတ်မိနေတာက>>>ဘာနဲ့ဘာတွဲချက်ရင်ကောင်းမလဲနော်
၉။ဖြစ်ချင်နေတာက>>>စလင်းဘော်ဒီဖြစ်ချင်ဒယ်
၁၀။စားဖြစ်နေတာက>>>ဂယ်ရေးရမှာလား ရေးတော့ဘူး မဆန့်မှာစိုးတယ်
၁၁။သနားနေမိတာက>>>ဖြစ်သလိုစားနေရတဲ့ကိုယ်
၁၂။လွမ်းနေမိတာက>>>ချက်လို့အရမ်းကောင်းပြီး ပေါက်သွားတဲ့ ဒယ်အိုးလေး
၁၃။မေ့လျော့ပစ်နေမိတာက>>>စားနေကျ လှည်းတန်းက ဒုတ်ထိုးဆိုင်
၁၄။ခါးသက်နေမိတာက>>>ဘာစားစားကောင်းတဲ့ ကိုယ့်ရဲ့လျှာ
၁၅။တမ်းတနေမိတာက>>>၅တန်းတုန်းကကိုယ့်ရဲ့ ဘော်ဒီလေး
၁၆။ကြိတ်ပြီးချီးကျူးနေမိတာ>>>ဒီဝိတ်နဲ့လျှောက်နိုင်သေးတဲ့ ကိုယ့်ခြေထောက်
၁၇။ကြိတ်ပြီးအထင်သေးနေမိတာ>>>၀က်ပုပ်ကိုယ်လုံး
၁၈။ဆန္ဒမရှိတဲ့နေရာ>>>ကိုယ်ကာယလေ့ကျင့်ခန်းမ
၁၉။ဆန္ဒရှိတဲ့နေရာ>>>ဘူဖေးရောင်းတဲ့ ဘယ်နေရာမဆို
၂၀။မုန်းတီးနေမိတာက>>>ဆာနေတတ်တဲ့ ကိုယ့်အစာအိမ်
၂၁။ချစ်နေမိတာက>>>အစားမရွေးတတ်တဲ့ကိုယ့်ရဲ့စိတ်
၂၂။စိတ်ပျက်နေမိတာက>>>တိုးလာတဲ့ပေါင်ချိန်
၂၃။စွဲလန်းနေမိတာက>>>ခိုင်သင်းကြည်ရဲ့ကိုယ်လုံးလေး ( ဝေးခဲ့ပြီ )
၂၄။လိုအပ်နေတာ>>>စားဖို့သောက်ဖို့ပိုက်ဆံ
၂၅။တောင်းနေမိတဲ့ဆု>>>နောက်ဘ၀ မ ၀ ပါရစေနဲ့
၂၆။ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>>ပိန်မှပိန်ပါဦးမလား
၂၇။ဝန်ခံချင်တာက>>>ကိုယ် သိပ်ဝတယ်ချစ်သူရယ်........း(

ထောရေခုတလောဆိုလို့ ရေးလိုက်ပြီနော် ။ ကျေနပ်တော့...။

ဆက်ဖတ်ချင်သေးရင်...

သစ်သစ်ခရီးသွားနေသည် ခရီးစဉ် ၂

သစ်သစ် မိသားစုမပါပဲ သူငယ်ချင်းတွေနဲ့ ဒုတိယအကြိမ်သွားတဲ့ ခရီးစဉ်လေးပါ ။ ရင်ခုန်စရာတစ်ခုပါပဲ..။ ဆရာစီမှာအလုပ်မ၀င်ခင်လေးပေါ့ ။ ဆရာတို့က အလှူလုပ်မယ်ဆိုပြီး ရွာကိုပြန်ပါတယ် မိသားစုအားလုံးဆုံကြတာပေါ့နော် ။ သစ်သစ်တို့သူငယ်ချင်း ၆ယောက်ကလည်း လိုက်ချင်တယ်ဆိုတော့ ဆရာတကယ်ခေါ်သွားခဲ့ပါတယ် ။ ဆရာ့ဆွေမျိုးများနဲ့ အားလုံးဆုံခဲ့ရသည့်အပြင် ဆရာတို့ရွာလေးတွေနဲ့ ဓလေ့မျိုးစုံကိုလည်း တွေ့ခဲ့ရပါတယ် ။ ဆရာ့အိမ်ကရိုးမတက်တဲ့ ကားကြီးနဲ့ပေါ့ သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ် ။ သွားမယ့်ညကဆရာ့အိမ်မှာ လူစုကြပါတယ် ။ ဆရာရယ် ဆရာ့ညီမ ကျူတာမမြင့်ရယ် သစ်သစ်တို့ ၆ယောက်ရယ် ကားမောင်းတဲ့ ဆရာ့ညီရယ် စပယ်ယာရယ် ဒါပဲပါတယ်လေ ။ ကားတ၀က်ကိုတော့ ကုန်တွေတင်ထားခဲ့တာပေါ့ ။ သစ်တို့ပါမယ်ဆိုလို့ ဆရာကကုန်ကိုအပြည့်မတင်ခိုင်းတာဆိုတာ နောက်မှသိခဲ့ရပါတယ် ။ ခရီးစဉ်စထွက်တော့ ည၈နာရီလောက်ပါ ဂွလမ်းဘက်ကသွားပါတယ် ။ ညဘက်ကြီးဘာမှမမြင်ရတော့ ဘာမှကိုပြောစရာမရှိပါဘူး ။ ည၁နာရီလောက်ကျတော့ တောင်ပေါ်က ဆိုင်တစ်ဆိုင်ကိုရောက်ပါတယ် သစ်တို့ကိုကော်ဖီသောက်ဖို့ လာနှိုးတော့ သူ့တပည့်မတွေက အိပ်နေတာသိုးနေတာပါပဲ သောက်ဖို့ဘယ်သူမှစိတ်မ၀င်စားကြပါဘူး ။ ဖွင့်ထားတဲ့သီချင်းလေးနားထောင်လိုက် အိပ်လိုက်နဲ့ မိုးလင်းသွားပါတယ် ။ မိုးလင်းတော့တပည့်မများ တောင်ကြည့်မြောက်ကြည့်နဲ့ နိုးလာပါတယ် မြို့တစ်မြို့ရောက်တော့ မျက်နှာသစ် ထမင်းကြော်စားပါတယ် ။ ဆရာကခရီးမသွားခင် သစ်တို့၆ယောက်ကို မုန့်ဖိုးတစ်ယောက် ၂သောင်းစီပေးပါတယ် ။ လမ်းမှာလိုချင်တာဝယ်ဖို့ပေါ့ သစ်တို့တပြားမှကို မကုန်လိုက်ပါဘူး တလမ်းလုံးကို ဆရာပဲရှင်းပါတယ် ။ ဒီလိုနဲ့ကားဆက်စီးလာတော့ ၁၁နာရီလောက်မှာ ကမ်းသာယာရောက်ပါတယ် ။ သစ်တို့အားလုံးကို ဆရာက ကမ်းသာယာမှာ နေ့လည်စာကျွေးပါတယ် အရမ်းစားလို့ကောင်းပါတယ် ။ နောက်ကမ်းသာယာကမ်းခြေမှာ ဓါတ်ပုံရိုက် ရေထဲဆင်းပေါ့လေ ဆရာတို့က စောင့်ပေးတာပေါ့ သစ်တို့ကို...။ နောက်ခရီးဆက်ထွက်ခဲ့တာ ညနေ၆နာရီလောက် သံတွဲကိုရောက်ပါတယ် ။ သံတွဲကဆရာ့အစ်မကြီး မိသားစုကိုဝင်ခေါ်ပြီး ခရီးဆက်ခဲ့တာပါ ။ သစ်တို့ကတော့ပင်ပန်းပြီး ဒေါင်းနေကျပြီလေ ။ ပြုံးပဲပြုံးပြနိုင်တော့တယ် ....ဟိဟိ ။ နောက်ဆုံး အလှူလုပ်မယ့် ဆရာ့ရွာလေး ရွှေလှေ ဆိုတာကို ည၈နာရီမှာ ရောက်ခဲ့ပါတယ် ။ အလှူမှာကူညီဖို့ ဆရာ့အမျိုးတွေများစွာက ကြိုရောက်လို့နေပါပြီ ။ သစ်တို့ဧည့်သည်တွေကို ၀မ်းသာအားရကြိုဆိုကြပါတယ် ။ ရွာကဆရာတို့အိမ်က အကျယ်ကြီး ၂ထပ်ပါ အောက်ထပ်တစ်ထပ်လုံး လိုတာရမယ့်ဆိုင်ကြီးဖွင့်ထားပါတယ် ။ အားလုံးရပါတယ် ဘေးမှာက ရွှေလှေအထက်တန်းကျောင်းကြီး ရှိပါတယ် ။ ညဘက်ကြီးအမျိုးတွေကလည်း ဆူညံပြီး ပျော်စရာတော်တော်ကောင်းပါတယ် ။ ဆရာတို့က လူမျိုးခြားပါ ဒါပေမယ့် သစ်တို့တွေကို အရိပ်လိုကြည့်နေကြပါတယ် ။ ဘာလိုချင်လည်းဆိုတာကို ကလေး ၊ လူကြီး လုပ်ပေးဖို့ အဆင်သင့်ပါပဲ ။ ဒီလိုနဲ့နောက်နေ့မိုးလင်းတော့ စပ်စုစိန် သစ်သစ်......ဆက်မယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 6, 2009

ဆရာသည်သာ အားထားရာ ၁

သစ်သစ် ဒီနေ့ သစ်အရမ်းကို လေးစားအားကျရတဲ့ ဆရာအကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ ကျောင်းပြီးခါစ သစ်သစ်မှာ အစိုးရ၀န်ထမ်းလုပ်မလား အပြင်companyမှာ လုပ်မလားဆိုပြီး ဝေခွဲမရဖြစ်ခဲ့ဘူးပါတယ် ။ အဖေကတော့ သစ်သဘောပါ သစ်ဝန်ထမ်းလုပ်မယ်ဆိုပြီး စစဉ်းစားတော့ အဖေက စည်ပင်မှာသွင်းပေးမယ်စပြောပါတယ် ။ စည်ပင်မှာသစ်မလုပ်ချင်တာနဲ့ငြင်းပြီး အပြင်အလုပ်လျှောက်ပါတယ် ။ သတင်းစာကခေါ်တာပါ ၀ါဝါ၀င်းကွန်စထရက်ရှင်ပါ သစ်ရဲ့ပထမဆုံးအင်တာဗျူးပါပဲ လူတွေဆိုတာအများကြီးပါ တော်တော်ကိုများတာပါပဲ အင်တာဗျူးကိုဒေါ်သစ်သစ်က စာမေးပွဲဖြေသလို စာတွေကြည့်နေကြတယ်လေ သူများတွေက စတယ်နဲ့ သစ်သစ်ကစာတွေကြည့်လို့ပေါ့ ပြန်စဉ်းစားရင် တော်တော်ကိုရီရပါတယ် ။ တကယ်လည်းမေးရော ကျောင်းအကြောင်းရယ် မိသားစုအကြောင်းရယ်ပါ ။ မရခဲ့ပါဘူး ဘာမှလုပ်သက်မရှိလို့တဲ့ မလျှော့သေးပါဘူး မက်စ်မြန်မာမှာထပ်လျှောက်ပါတယ် အင်းစိန်မြို့သစ်နားမှာ ဗျူးရပါတယ် လုံးဝမမေ့ပါဘူး သစ်သစ်ခုံကိုလက်နဲ့လှဲပြီးထွက်ခဲ့တဲ့ အင်တာဗျူးလေ .... ဟဟ ။ မင်းတို့ဘီအီးတွေက အခုဆို မြက်လောက်ပေါတယ်လို့ပြောလို့ သစ်ထိုင်တဲ့ဘေးကခုံကို ဆွဲလှဲပြီး ဒါဆိုအဲဒီမြက်တွေရွေးဆိုပြီး ၀ုန်းခနဲထွက်ခဲ့တာပါ ။ နောက်ဆုံးအင်တာဗျူးလေးပါ ။ နောက်ဘယ်တော့မှမလျှောက်ဘူး အိမ်စီးပွားရေးပဲလုပ်တော့မယ်ဆိုပြီး နေလိုက်တာ တစ်နေ့သူငယ်ချင်းတွေက သင်တန်းတစ်ခုတက်ကြမယ် ငါတို့တွေလူစုမယ်ပေါ့ ၈ယောက်လောက်ဆို တ၀ိုင်းတောင်းလို့ရတယ်ဆိုပြီး ဆရာ့အိမ်သွားခဲ့ပါတယ် ။ သစ်ရယ် ၀တ်ရည်ဆိုတဲ့ သူငယ်ချင်းရယ်ပါ ။ အဲဒီမှာစပြီး နောင်တစ်ချိန်ဘယ်တော့မှမေ့လို့မရတဲ့ သစ်ဆရာ သေးသေးလေးကို တွေ့ခဲ့ပါတယ် ။ ဆရာကဘယ်တော့မှ မျက်နှာပြုံးမနေပါဘူး စိတ်လည်းအရမ်းတိုပါတယ် ။ သစ်တို့သွားတက်တော့ တော်တော်ကိုကြောက်ပါတယ် ။ ဆရာ့နာမည်က ဦးစိုးနိုင်ပါ Etabs & Design course ကိုသင်ပါတယ် ။ ဆရာကသင်တန်းတွေအများကြီးပါပဲ သစ်တို့တက်တုန်းကဆိုလေ ကွန်ပျူတာက ၃လုံးနဲ့ ဆော့ဝဲလည်းသင်ပါတယ် ။ တိုက်ခန်းလေးက ကျဉ်းကျဉ်းလေးနဲ့ တပည့်တွေကအရမ်းများပါတယ် ။ သစ်တို့သင်တန်းချိန်က မနက်၁၀နာရီဆိုပြီးပါတယ် ပြီးတာနဲ့ဆရာက ဆိုဒ်တွေကိုသွားပါတယ် ။ အဲဒီအချိန်မှာ ဆရာ့ဆီမှာ အမတစ်ယောက်ခန့်ထားပါတယ် ။ ဆရာသွားရင် အဲဒီအမက ဆရာ့ဒီဇိုင်းတွေကို ကူညီလုပ်ပေးတဲ့ အမပါ ။ နောင်အခါသစ်တို့ကို သင်ပေးတဲ့ ချစ်မကြီးပေါ့...။ ဆရာသွားပြီဆို သစ်တို့က တစ်အိမ်လုံးဘယ်သူမှမရှိတော့ဘူးလေ အရမ်းပျော်ပါတယ် ။ ဆရာက ညီမလေးတစ်ယောက်နဲ့ နေတာပါ ။ မိသားစုမရှိပါဘူး ။ သစ်တို့က အလုပ်ကလည်းမရှိတော့ တနေ့လုံးနေပါတယ် ပြီးရင်ထမင်းတွေစား ဆရာ့အိမ်က ထမင်းတွေလေ ...။ ဆရာက လေးလွှာမှာနေတာဆိုတော့ မုန့်သည်တွေခေါ်စား ကွန်ပျူတာကျင့်တာ နည်းနည်းလေ ဆရာပြန်လာခါနီး ညနေ၃နာရီလောက်ဆို သစ်သစ်တို့ပြန်လာကြတယ်လေ...။ ဆရာရောက်ရင် ကွန်ကိုင်ပြီးကျင့်တဲ့သူက ပျားတုပ်တာပဲလေ ကိုယ်ကဟိုလိုနှိပ်နေရင် ဆရာကနောက်မှာရပ်နေပြီဆို အမှားမှန်သမျှကို နှိပ်တော့တာပဲလေ ။ ဆရာကလည်းအော်ဆိုရင်တော့ ပွဲကပြီးပါပြီ မျက်ရည်စက်လက်နဲ့ ဆရာ့ကိုစိတ်ကောက်ပြီး ပြန်တာပဲလေ....။ ဆက်ရန်...။

ဆက်ဖတ်ချင်သေးရင်...

Tuesday, August 4, 2009

သစ်သစ် ခရီးသွားနေသည် ခရီးစဉ် ၁

သစ်သစ် ဘီတက်ခ်ျတက်နေတဲ့ အချိန်မှာ သစ်တို့သူငယ်ချင်းတွေ စုပြီးကျိုက်ထီးရိုးသွားကြတဲ့ အကြောင်းပြောပြချင်ပါတယ် ။ သစ်သစ် ၊ ခိုင်ဇာ ၊ ချိုမာ ၊ မယု ၊ အေးမြ ၊ သီရိ ရယ် ၆ယောက်ပါ ။ သစ်ဘ၀မှာ ပထမဆုံးမိဘမပါတဲ့ ခရီးစဉ်လေးပါပဲ ။ ဘယ်တော့မှမမေ့နိုင်ပါဘူး ။ ရန်ကုန်-ကျိုက်ထီးရိုး ကားလက်မှတ်ကို အောင်မင်္ဂလာအဝေးပြေးစခန်းကနေ၀ယ်ပြီး သွားခဲ့ကြတာပေါ့ ။ နေ့လည် ၁၁နာရီ ကားလေးပါ တောင်ခြေရောက်တော့ ညနေဖြစ်နေပြီလေ ။ တလမ်းလုံးလည်း ပျော်စရာကြီးပါပဲ အားလုံးကလည်း ငယ်ရွယ်သူတွေဆိုတော့ လွတ်လွတ်လပ်လပ်ကို ပျော်ကြတာပေါ့နော် ။ တောင်ခြေမှာ အပြန်ကားကို မနက်၁၀နာရီလက်မှတ် ဖြတ်လိုက်တယ်လေ ။ ပြီးတော့ ကားနဲ့ရင်ပြင်အခြေအထိတက်ပါတယ် ။ လမ်းလျှောက်ဖို့အချိန်မရှိတော့ဘူးလေ ။ ညနေဘက်ကြီးရောက်သွားခဲ့တာကိုး ... ။ တည်းခိုစရာနေရာရှာပြီး ရေချိုးဘုရားဖူးကြတယ်လေ ။ ဆောင်းတွင်းကြီးအေးတာများ လူကခုန်နေရတယ်လေ ။ သစ်သူငယ်ချင်းတွေက အရမ်းကိုအေးဆေးကြပါတယ် ဘုရားဖူးပြီးတာနဲ့ တည်းခိုတဲ့နေရာပြန်ပြီး အိပ်ကြပါတယ် ။ သူတို့က အိပ်မယ်ဆိုတာကြီးပါပဲ သစ်ကဈေးတန်းမှာ လျှောက်သွားချင်တယ် သူတို့က စိတ်မပါဘူး ။ သစ်က ည၁နာရီလောက် အကြော်သွားစားချင်တယ် သူတို့က အိပ်တာသိုးနေတာပါပဲ ။ အခန်း၂ခန်းမှာ ၃ယောက်တစ်ခန်းယူကြတာပေါ့လေ ။ သစ်ကပေါက်ကရတွေပြော သူတို့ကရီနောက်ဘေးအခန်းက အစ်ကိုကြီးတွေကလည်း အပြင်သိပ်မသွားကြပါဘူး ။ တစ်ခန်းကပြောတာကို ၃ခန်းလုံးကရီ သူတို့တွေက သစ်တို့ငြိမ်သွားပြီဆို ဘာလုပ်နေသလဲ မမြ၀င်းဆိုပြီး အသံဗြဲကြီးနဲ့အော်ပါသေးတယ် ။ တကယ်တော့သစ်တို့က ကြောက်လို့ငြိမ်နေကြတာလေ ။ နောက်နေ့ကျောက်ထပ်ကြီးကို သွားကြပါတယ် တနေကုန်တယ်လေ သိတဲ့အတိုင်းပဲ မိန်းကလေးတွေဆိုတော့ အခြားအဖွဲ့တွေက လိုက်စပေါ့နော် ။ ကောင်လေးတစ်ဖွဲ့က တလမ်းလုံးသစ်တို့နောက်ကနေ စလာလိုက်တာ ကျောက်ထပ်ကြီးကအပြန် သူတို့ကလည်းနောက်ကပေါ့နော် သစ်သစ်လေသိတယ်ဟုတ် တခုခုဖြစ်လိုက်ရမှ ဆိုတော့ မှောက်လဲပါလေရောလေ သူတို့ထဲကတစ်ယောက်က လာထူပါတယ် ရှက်ရှက်နဲ့တွန်းလိုက်တာ အဲဒီလူလည်း ဖင်ထိုင်ရက်ကြီးဖြစ်သွားပါတယ် ။ နောက်တော့မှ အားနာနေတာ ဘယ်သူမှန်းမသိတော့ပါဘူး ။ နောက်နေ့ကျီးကန်းပါးစပ်သွားကြပါတယ် သူတို့နဲ့ထပ်တွေ့ပါတယ် မနေ့ကအရှိန်နဲ့ သစ်တို့မျက်နှာတွေက တင်းမာနေတော့ သူတို့လုံးဝလာမနှုတ်ဆက်ရဲပါဘူး ။ ကျီးကန်းပါးစပ်က ပြန်လာတော့ နေ့လည်ကြီးလေ ကာရာအိုကေ သွားဆိုကြပါတယ် ။ နောက်နေ့ဆိုပြန်ရတော့မှာလေ ညနေဘက်ရင်ပြင်မှာ ထိုင်ရင်း ဓါတ်ပုံတွေရိုက်ကြတယ်ပေါ့နော် ။ နောက်နေ့မနက် အာရုဏ်ဆွမ်းကပ်ပြီး သစ်သစ်တို့အုပ်စု မာရသွန်ပဲလေ တောင်ခြေကို၁၀နာရီကားမှီဖို့ ပြေးဆင်းကြပါတယ် ။ ရသေ့တောင်ကနေ ကားစီးပြီး တောင်ခြေရောက်မှ ပင့်သက်ချနိုင်ပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်လေးက သစ်ဘ၀မှာအမြဲအမှတ်ရနေတော့မှာပါပဲလေ ...။ ပြန်မှမရနိုင်တော့တာပဲကိုး....။

ဆက်ဖတ်ချင်သေးရင်...

ဆယ်တန်းတုန်းက အမှတ်တရ

သစ်သစ် ဒီနေ့ဆယ်တန်းတုန်းက အကြောင်းလေးတွေ စမြုံ့ပြန်မယ်လို့ စဉ်းစားထားပါတယ် ။ သစ်သစ် ဆယ်တန်းတုန်းက လုံးဝတီဗွီမကြည့်ရပါဘူး ။ ကျောင်း နဲ့ ကျူရှင် ပတ်ချာလည်နေတယ်လေ ။ ညဘက်ဆိုလည်း စာကြည့်ရပါတယ် ။ ဘယ်အချိန်ထိလို့ မသတ်မှတ်ထားပေမယ့် တနေ့စာတနေ့ကျေအောင် ကြည့်ရတယ်လေ ။ သစ် အခန်းက အမေ့အိပ်ခန်းနဲ့ နီးပါတယ် ။ သစ်တို့ ညီအမတွေက တစ်ယောက်တစ်ခန်း ဘေးချင်းဆိုင်ပါ ။ အပေါ်ထပ်ထောင့်ခန်းလေးပါ မနက်ပိုင်းဆို နေလို့တော်တော်ကောင်းပါတယ် ။ ညနေဆိုရင်တော့ နေထိုးတဲ့ဘက်ဆိုတော့ ပူပါတယ် ။ သစ်ကို သင်ပေးတဲ့ ဂိုက်မမက အရမ်းစာတော်တဲ့ မမပါ ။ ကျောင်းတက် ကျူရှင်တက်နဲ့ သစ်သစ်တစ်ယောက် နှစ်ဝက်လောက်က ချာချာလည်ပါပဲ ။ သစ်ကိုစာလာသင်တဲ့ ဂိုက်မမက စာကြည့်ခုံမှာဆို သစ်ကအိပ်ယာပေါ်ကနေ စာပြန်ဆိုပါတယ် ။ အစကတော့ မမက အလိုလိုက်ပါတယ် နောက်အဲဒီလို လုပ်လို့မရတော့ပါဘူး ။ သစ် နေမကောင်းဘူးဆိုပြီး ကြက်သွန်နီချိုင်းကြားညှပ်ပြီး နေတော့လည်း သစ်အိပ်ယာဘေးမှာ စာတွေလာရွတ်ပြနေပါတယ် သစ်ကိုနားထောင်ခိုင်းတယ်လေ ။ ဒီကဂိုက်အချိန်မတက်ချင်ပါဘူးဆိုနေမှ ကြက်သွန်နီကြီးနဲ့ သစ်မှာစောင်ခြုံပြီး ငြိမ်နေရတဲ့ အဖြစ်ကို မြင်ယောင်ကြည့်ပါလေ .... ဟိဟိ ။ လူမှုရေးစာအုပ်ကြားမှာ ကာတွန်းစာအုပ်ဖတ်ပြီး ငြိမ်နေရင် အမေက သစ်သစ်ကို စာကိုအသံထွက်ဖတ်ခိုင်းတော့ ပါးစပ်က အော်နေပြီး မျက်စိက ကာတွန်းစာအုပ်မှာလေ......ပိုင်သလားတော့မမေးနဲ့ ။ စာကျက်ရင်လည်း အပေါ်ထပ်တစ်ထပ်လုံးကို ဘယ်သူမှ တက်လို့မရအောင် သစ်က လှေခါးထိပ်မှာ စာလုပ်နေသည် ကန့်သတ်နယ်မြေ ဆိုပြီး ဘုတ်ထောင်ထားတယ်လေ ။ တစ်ယောက်ကလာလိုက် လှေခါးထိပ်ကနေ ညီမလေး ဟိုဟာယူပေးပါဦး ဒီဟာယူပေးပါဦးနဲ့ စာကျက်တာပိုအာရုံနောက်လို့ ဘုတ်ဖြုတ်လိုက်ရပါတယ် ။ သစ်က စာကျက်ရင် အသံဗြဲကြီးနဲ့ အော်ကျက်ပါတယ် ပြီးရင် လမ်းလျှောက်ပြီး အမူအယာနဲ့ ကျက်တတ်ပါတယ် ။ သမိုင်းတွေကျက်ရင် အစ်ကိုတွေက ပြောတယ်လေ အောက်ကနေကြည့်ရတာ ငါ့ညီမလေး က နေသလိုပဲတဲ့ ...။ ဘိုင်အိုတွေကျက်ရင်လည်း စာရွက်တစ်ရွက်နဲ့ ရေးကျက်တတ်တယ်လေ ။ သစ် မကြိုက်ဆုံးက ဖစ်ဆစ်ဘာသာပါ ။ ဘယ်လိုမှကို စိတ်မ၀င်စားဘူး တော်သေးတယ် ၃၀ဖိုးစာပဲ ဖြေရလို့ ၁၀၀ဖိုးသာဆို ၄၀လောက်နဲ့ အောင်မှာသေချာတယ် ။ မနက်၎နာရီတော့ အမြဲတမ်းထတယ် စာထကျက်တာလေ ၄နာရီလောက်က ကျက်တဲ့စာက ၅နာရီခွဲလောက်မှ အရှိန်ရတယ် ။ ထပြီးရင် သွားတိုက် မျက်နှာသစ် သနပ်ခါးလူးပြီးတာနဲ့ လှချင်လို့လူးတာမဟုတ် အေးနေတော့ မျက်စိကျယ်အောင်လေ ဟိဟိ ။ ပြီးရင် ဂွမ်းစောင်ကို မတ်တပ်ရပ်ပြီး ၃ပတ်လောက်ပတ်လိုက်တယ် မီးကင်းသမားလိုလေ ။ နောက်စငိုက်တော့တာပါပဲလေ ။ ညဘက်ဆိုလည်း အိမ်အောက်ထပ်မှာ အသံတိုးတိုးလေးကြည့်နေတဲ့ တီဗွီကို လှေခါးကနေ ခေါင်းကိုဇောက်ထိုးချပြီး ကြည့်တာလေ အခုအဲလိုကြည့်ဆို ကြည့်တတ်တော့ဘူး ... ဟီးးးး ။ ဒီလိုနဲ့စာမေးပွဲဖြေမယ့်နေ့ရောက်လာတယ်လေ သူများတွေလို စိတ်လည်းမပူဘူး အိမ်မှာစိတ်ကောက်နေတာလေ သစ် စာမေးပွဲဖြေကာနီးမှ အိမ်ကကားကို အမေကရောင်းပြီး နောက်ကားလဲဖို့ ကားပြန်ရှာနေတဲ့အချိန်ဆိုတော့ သစ်သစ်ကျောင်းပို့ဖို့ ကားမရှိဘူးဖြစ်နေတယ်လေ စာမေးပွဲထက် ဒေါ်သစ်သစ်က ကားအတွက်ပိုစိတ်ပူနေတာလေ ...။ တက်ဆီငှားပေးမယ်ဆိုလည်း ဆိုင်းဘုတ်ပါလို့ စီးချင်ဘူး ဆိုပြီး ဂျီတိုက်နေတာ နောက်ဆုံးအစ်ကိုက သူ့သူငယ်ချင်းအိမ်စီးကားကို ငှားပေးရတယ်လေ အခုပြန်စဉ်းစားရင် ဘာမှလည်းမဟုတ်တာကို ဂျီတိုက်တယ်ဆိုပြီး ကိုယ့်ကိုကိုယ်တောင် အံ့သြမိတယ် ။ စာမေးပွဲဖြေပြီးပြန်လာရင်လည်း ကြေးအိုးသောက်ချင်ရတာနဲ့ ဘာစာချင်ရတာနဲ့ စားပြီးရင်လည်း အိပ်လိုက်သေးတယ်နော် ညနေလောက်မှ စာကိုစကြည့်တယ် ။ နွေကျောင်းပိတ်တော့လည်း အေးဆေးပဲ သူငယ်ချင်းတွေက အမှတ်တွေကြိုကြည့် ကိုယ်ကစိတ်ကိုမ၀င်စားတာလေ ။ အခုနေပြန်စဉ်းစားရင် အဲဒီတုန်းကများ ဖိဖိစီးစီးလုပ်ခဲ့ရင် ဆိုပြီး နောင်တရမိတယ် ။ အောင်စာရင်းထွက်တဲ့နေ့ကလည်း အိမ်မှာ အစ်ကိုတွေကမရှိလေ အစ်မပဲရှိတယ် မနက်၇နာရီ သူများတွေကြည့်ပြီး ပြန်လာပြီး ဒေါ်သစ်သစ်က အိပ်မက်ထဲမှာချာချာလည်တုန်းပဲလေ ။ အဖေကလာနှိုးတယ် သမီးငယ်အောင်စာရင်းထွက်ပြီ ဆိုတော့ အင်းအင်းဆိုပြီး ဆက်အိပ်တယ် အစ်မကလာနှိုးတယ် မထသေး နောက်ဆုံးအမေတက်လာတယ် သစ်သစ်အခန်းကို မနှိုးတော့ဘူး ကုတင်ပေါ်ကနေ လှေခါးဝထိ ဆွဲချသွားတယ် သစ်သစ်ကအော်တာပေါ့ အိပ်ယာပေါ်မှာ ထမီကျန်ခဲ့တယ်လေ ... ဟိဟိ ။ စူပုပ်ပွနေတဲ့ မျက်နှာပေးနဲ့ မနက်စာကို ဇိမ်ဆွဲစားနေတယ် အိမ်နီးနားချင်းတွေကလည်း အောင်လားမေးနေကြပြီ ဒို့ကအေးဆေး....။ ကျောင်းကိုဒရိုင်ဘာကားမောင်းပို့တော့ အမလိုက်လာတယ် ကြည့်နေတဲ့သူတွေက အများကြီးပဲလေ တိုးကြည့်မှရတာဆိုတော့ ကြည့်ချင်ဘူး အစ်မကတိုးနေပြီ သစ်သစ်က အတန်းပိုင်ဆရာမကို သစ်သစ်အောင်လားမေးတော့ ဆရာမက ဂုဏ်ထူး၂ခုပါတယ် ဆိုတော့ သစ်ကကားပေါ်မှာ ပြန်ထိုင်နေလိုက်တယ် ။ အမက ချွေးတလုံးလုံးနဲ့ ထွက်လာပြီး ငိုကြီးချက်မနဲ့ ရောက်လာတယ် သစ်သစ် ဆရာဝန်မဖြစ်တော့ဘူးဆိုပြီးတော့ သစ်ကတော့ အေးဆေးပဲ ။ ဘယ်သူတွေဘယ်လောက်ရလဲ မသိချင်ဘူး ဦးနှောက်မှာ အကြံထုတ်နေတာ အိမ်ရောက်ရင်အဆူမခံရအောင် ဘာလုပ်မလဲဆိုပြီးတော့လေ ။ ကားကခြံေ၇ှ့လည်း ရောက်ရောဆူခံထိမှာစိုးလို့ အသံကျယ်ကြီးနဲ့အော်ငိုပြီး ကားပေါ်ကနေဆင်းတာလေ အိမ်နီးနားချင်းတွေက ကျတယ်ထင်ကြတယ်လေ ။ အိမ်ပေါ်တက်တာနဲ့ သမီးတာဝန်မကျေပါဘူး အမေတို့အပေါ်မှာ ဆိုပြီး ပြောလိုက် အခြေအနေကြည့်လိုက် ပြန်ငိုလိုက်လုပ်နေတာ..ဟိဟိ ။ ဆူမယ့်သူတွေက သစ်ကိုချော့လို့ပေါ့....း) ။ အဲဒီချိန်မှာ သစ်သူငယ်ချင်းတွေရောက်လာတယ်လေ သူတို့တွေကလည်း စတော်တွေကြီးပဲလေ သစ်ကမျက်နှာသေလေးနဲ့ပေါ့ သူတို့အားလုံးက ဟဲ့.....ငါတို့အားလုံး၂ဒီတွေပဲ ဆိုမှ ဒေါ်သစ်သစ်ကပြုံးနိုင်တာလေ စိတ်အရမ်းပုတ်တာလေ ...ဟဲဟဲ။ အစ်ကိုတွေဖုန်းဆက်တော့လည်း မျက်ရည်လေးတွေချူလို့ရသလောက် ချူပေါ့နော် ။ အမှတ်စာရင်းထွက်တော့မှပဲ အသက်ရှူချောင်သွားတော့တယ် ။ အခုပြန်စဉ်းစားတော့ သစ်သစ်ငယ်ငယ်က မိသားစုအပေါ်တော်တော်ကို မာယာများခဲ့တာ သတိထားမိတယ် ။ အမှတ်တရလေးတစ်ခုပါပဲလေ ..။

ဆက်ဖတ်ချင်သေးရင်...

Monday, August 3, 2009

ကိုကြီးနဲ့ပက်သက်ပြီး အမှတ်ရစရာများ

သစ် အစ်ကိုအကြီးဆုံးနဲ့ သစ်က အသက်တော်တော်ကွာပါတယ် ။ သစ် ငယ်စဉ်က အိမ်မှာဘုရားအနေကဇာ တင်ပါတယ် ။ သစ် က မှောက်ပြီးရှေ့တိုးနောက်ငင် အရွယ်ပဲရှိသေးတယ်တဲ့ ...။ အဖေက ဘုန်းကြီးသွားပင့်နေတယ် အမေက ဆွမ်းအတွက်ချက်ပြုတ်နေတဲ့ အချိန်မှာ ကလေးထိန်းဖို့ ကိုကြီး တာဝန်ကျလာခဲ့တယ်လေ ။ကိုကြီး က သစ်ထက် ၁၄နှစ်ကြီးပါတယ် ။ သစ်ကအရမ်းငိုနေတာတဲ့ ကိုကြီးက သစ်မငိုအောင် ဦးရွှေရိုးကပြမယ်ဆိုပြီး ဘုရားစင်မှာတင်ထားတဲ့ အဘိုးမျက်မှန်ကို ယူလိုက်တာ အနေကဇာတင်မယ့် ဘုရားနဲ့ငြိပြီး ဘုရားကစင်ပေါ်က ကျပြီး နားရွက်ပဲ့ထွက်သွားပါတယ် ။ အဖေကလည်း ဘုန်းကြီးတွေနဲ့ပြန်လာတော့မယ် ဧည့်သည်တွေကလည်း လာတော့မယ် အားလုံးလည်း အဆင်သင့်ဖြစ်နေပြီတဲ့ သစ်ကလည်းငိုနေတုန်းပဲတဲ့ ဘာလုပ်ရမှန်းမသိပဲ အမေ့ကိုပြေးပြောတယ်တဲ့ အမေကလည်း သူ့သားအရိုက်ခံရတော့မှာသိတော့ တောင်တွင်းကြီးက သူငယ်ချင်းအိမ်ကို သူ့သားကိုပြေးခိုင်းလိုက်တယ်တဲ့ သစ်ကလည်းငိုပြီးလိုက်မယ်ဆိုတာကြီးပဲတဲ့.....း) ။ ကိုကြီးသွားပြီး မကြာဘူး အဖေက ဘုန်းကြီး၅ပါးနဲ့ အိမ်ကိုရောက်လာတော့ အမေလည်း အဖေ့ကိုတိုးတိုးတိတ်တိတ်ခေါ်ပြောရတာပေါ့ စိတ်အရမ်းတိုတတ်တဲ့ အဖေက ဒေါသတွေထွက်တာ နောက်ဆုံးဘုန်းကြီးက အနေကဇာမတင်ပဲ ဒေါသအကြောင်းတရားဟောပြီး ပြန်ကြွသွားတယ်တဲ့...။ ဒီလိုပဲ သစ်တို့ရန်ကုန်မှာ အခြေချဖို့ သစ်၃နှစ်သမီး ရန်ကုန်ပြောင်းလာတော့ ရွှေဘုံသာလမ်းက မျက်မှန်ဆိုင်မှာအဖေမျက်မှန်သွားလုပ်တော့ အဖေ့အချစ်တော် သစ်ပါပြန်ရောလေ ။ ဒီတော့ သစ်ကိုထိန်းဖို့ ကိုကြီးလိုက်ရပြန်ရောလေ အဖေ ဆရာဝန်နဲ့တွေ့နေတဲ့အချိန်မှာ ကိုကြီးက ကြံရည်သောက်ပြီး သစ်ဆော့တာကို စောင့်ကြည့်နေတယ် ။ ဟိုငေးဒီငေးပေါ့နော် သစ်ကဆော့ရင်းလမ်းမပေါ်ပြေးတက်သွားတာ ကားတစ်စီးကအလာ သစ်ကားအောက်ရောက်သွားရောတဲ့ ကိုကြီးကဆို ညီမလေးဆိုပြီးမကြည့်ရဲတော့ဘူးတဲ့ အဖေလည်းပြေးထွက်လာတယ်တဲ့ ကားဆီကိုပြေးလာတာပေါ့ လူတွေလည်းဝိုင်းလာတာပေါ့နော် ။ သစ်ကို သေပြီဆိုပြီး ကားအောက်ကိုကြည့်တော့ သစ်ကအားလုံးကိုရီပြတယ်တဲ့ သမီးလေးလာလာ ဆိုတော့ သစ်က ကားအောက်ကနေ တွားပြီးထွက်လာတယ်တဲ့ ကိုကြီးကတော့ လူရှေ့မှာအထိုးခံလိုက်ရပါတယ် (အဖေ့လက်သီး ပြင်းမှပြင်း) ။ သစ် ငယ်စဉ်က မော်လမြိုင်ကို မောင်နှမလေးယောက်ရယ် အမေရယ် အဘွားရယ် သင်္ဘောစီးလာကြတော့ ဆိပ်ကမ်းမှာ သစ်ကိုမေ့ကျန်ခဲ့ပါတယ် ။ အိမ်ပြောင်းတာဆိုတော့ သယ်ရမှာတွေက အရမ်းများတယ်လေ သစ်အမကို ကလေးကြည့်ခိုင်းထားတာပေါ့နော် ။ သင်္ဘောပေါ်တက်တော့ သစ်ကဆော့ရင်း ကျန်ခဲ့ပါတယ် ။ သင်္ဘောကမ်းကခွာလို့ တော်တော်လှမ်းမှ အစ်မကို အမေက သမီးငယ်ရောဆိုတော့ သစ်ပါမလာတော့ပါဘူး ။ သင်္ဘောမာလိန်မှူးကိုပြောတော့ လှေနဲ့သွားခေါ် ကျောက်ခဏချပေးမယ်ဆိုတော့ ဒီကိုကြီးပဲ ဆိပ်ကမ်းမှာသစ်ကိုလာခေါ်ပါတယ် ။ သစ်ကတော့ ငိုနေတာပေါ့ ။ မော်လမြိုင်ဆိုတော့ ရေစီးကလည်းကြမ်း လှေကလည်း လူးနေတာပေါ့ ။ သင်္ဘောနားလှေကပ်တော့ပိုဆိုးပါတယ် သစ်ကရီနေတာတဲ့ အမေပြောပြတာလေ ...ဟိဟိ။ ရန်ကုန်ကိုမိသားစုလိုက် ရထားနဲ့ပြောင်းလာတော့လည်း သာစည်ဘူတာမှာ သစ်ပျောက်သွားပါတယ် ။ အဲဒီတုန်းကလည်း ကိုကြီးထိန်းတာပါ သစ်ကို လူတွေကအရမ်းများတော့ သစ်ပျောက်သွားတာတဲ့ ။ အဖေက ရထားရုံပိုင်ကို သွားပြောတော့ ကြံပန်းခိုင်သည်လေးက ကလေးတစ်ယောက်ငိုနေလို့ လာပို့တာတဲ့ လက်ထဲမှာလည်း ကြံကိုစုပ်လို့ဆိုပဲ ....။ ကိုကြီး က သစ်ကို မြင်တော့ ညီမလေး ဘယ်တွေသွားတာလည်း နောက်မသွားရဘူးနော်ဆိုတော့ သစ် က ခေါင်းညိမ့်ပြတယ်တဲ့....။ တော်သေးတာပေါ့ နို့မို့ဆို အခုလောက်ဆို ဘူတာမှာရေရောင်းနေရလောက်ပြီ..ဟီးးးးး ။ ကိုကြီးနဲ့ပက်သက်တာကတော့ ပြောလို့တကယ်မကုန်ပါဘူး ။ သတိရတယ် ကိုကြီးရယ် .....။

ဆက်ဖတ်ချင်သေးရင်...

အချစ်နှင့်ဝိုင်

တကယ်ချစ်တာလား သိချိန်မှာ
ဝိုင်ကချိုနေပြန်ရော
မချစ်ဘူးထင်ပြီး သွားခဲ့ချိန်မှာ
ဝိုင်ကအေးစက်ခဲ့ပြန်ရော
အရမ်းကိုသတိရချိန်မှာ
ဝိုင်က ပြင်းရှနေပြန်တယ်
မျှော်လင့်နေတဲ့ နေရက်တွေမှာ
ကိုယ့်ခွက်ထဲမှာ ၀ိုင်မရှိခဲ့ဘူး
အခုကိုယ် ၀ိုင် တစ်ခွက်ကို
ရူးရူးမူးမူး သောက်ချင်နေတယ်
ဒါဆို ကိုယ်ဘာဖြစ်တယ်လို့
မင်းဆိုဦးမလဲ ၀ိုင်ရယ်.....

ဆက်ဖတ်ချင်သေးရင်...

Sunday, August 2, 2009

ထောက်ပံ့သူ

သစ်သစ် ရေးချင်တဲ့ ခံစားချက်တွေ ကြည့်ချင်တာတွေ သီဆိုချင်တာတွေ မငြီးမငြူပဲ လိုက်ဖြည့်ဆည်းပေးတတ်တဲ့ သူလေးပါ ။ မိုးလင်းလို့ သစ်သစ်နိုးရင် သူလည်း နိုးပြီ သစ်သစ်အိပ်ရင် လိုက်အိပ်တတ်တယ်လေ ။ ဒီနေ့ညကတော့ လက်ဖက်သုတ်အကျိုးကြောင့် မနက်၃နာရီခွဲနေပြီ မအိပ်သေးဘူးလေ သူလေးလည်း တာဝန်ကျေစွာ အဖော်လုပ်ပေးတုန်းပါပဲ ။ စာတွေရေးနေရင်းနဲ့ သူမရှိရင် ဆိုတာကို စဉ်းစားမိပြီး ရင်တွေတော်တော်ပူသွားပါတယ် ။ ကိုယ့်ဘာသာလည်း အပြစ်တင်မိတယ် ။ ဘာကြောင့် ငါ့ရဲ့အဓိက ထောက်ပံ့သူကို ကျေးဇူးတင်ကြောင်း ပို့စ်မရေးမိပါလားဆိုပြီး ချက်ချင်းဓါတ်ပုံရိုက်ပြီး ကောက်တင်လိုက်တာပါ ။ သစ် ကို ချစ်ရင် သူ့ကိုလည်း ချစ်ရမယ်နော်...။

ဆက်ဖတ်ချင်သေးရင်...

Saturday, August 1, 2009

ငမိုက်သား

မျက်စိကိုပိတ်
ကြိတ်မှိတ်အိပ်ရင်း
ပိတ်ရက်တွေကို
ဖြတ်သန်းနေတယ်....
ဘောပင်ကိုဆွဲ
အံကိုခဲ၍
စာစုလေးတွေ
ရေးစပ်နေတယ်....
တင်မယ်ရေးမယ်
ပို့စ်ကိုကွယ်
ခေါင်းစဉ်တွေက
ပျောက်ဆုံးနေတယ်.....
လေလွင့်တဲ့စိတ်
စုကာစည်းလို့
ဘာလုပ်ရမလဲ
စဉ်းစားနေတယ်....
ဒီလိုဆက်သွား
ငမိုက်သား
ကျဆုံးတော့မှာ
သေချာနေတယ်...

ဆက်ဖတ်ချင်သေးရင်...

ထင်မထားတဲ့ တိုက်ကွက်တစ်ခု

မနေ့က သောကြာညလေးမှာ သစ် ကောင်းကောင်းနားမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပြန်လာခဲ့ပါတယ် ။ အိမ်မှာအတူနေတဲ့ မမ က ဖျားနေတော့ ကြက်စွပ်ပြုတ်လေး လုပ်ပေးမယ်ဆိုပြီး ဈေးဝင်ဝယ်တော့ အိမ်ရောက်တာနောက်ကျသွားခဲ့တယ်လေ ။ အဲဒါရဲ့အကျိုးဆက်ကတော့ သစ်သူနဲ့မတွေ့လိုက်ရတော့ပါဘူး သူကအလုပ်ကိုသွားပြီလေ ။ သစ်ဒီအပတ်စိတ်မကြည်ပါဘူး ပြောရရင် သစ် ဘာမှအဆင်မပြေပါဘူး ။ ဘာလုပ်လုပ်ကို အဆင်မပြေတာပါ ။ သူနဲ့စကားပြောလည်း မပြေပါဘူး ။ သစ်တကယ်ကို ပြေလည်ချင်ပါတယ် ဘာရယ်မှမတွေးပဲ တိုင်ပင်ဖော်တစ်ယောက် အနေနဲ့ကို ပြေလည်ချင်တာပါ ။ ကဲ ထားလိုက်ပေါ့ သစ်ကအမြဲတမ်း ဒါအတွက်ပဲရေးနေတော့ စာဖတ်တဲ့သူလည်း ငြီးငွေ့လာနိုင်ပါတယ်လေ ။ မနေ့ညက စားသောက်ပြီးလို့ သစ်သစ်နားတဲ့ အချိန်မှာ တချိန်က သစ်အရမ်းကို မျှော်လင့်တောင့်တဖူးတဲ့ သူတစ်ယောက်စီက ဖုန်းဝင်လာပါတယ် ။ မထင်မှတ်တဲ့ ဖုန်းနံပါတ် နဲ့ မထင်တဲ့အချိန်မှာ ဆက်တော့သစ် အငိုက်မိသွားခဲ့ပါတယ် ။ သူလို့သိလိုက်တဲ့အချိန်မှာ သစ်ရင့်သီးတဲ့ စကားများစွာကို စိတ်မထိန်းနိုင်ပဲ ပြောလိုက်မိပါတယ် ။ သူက သစ်ဒေါသတွေကို ပြီးအောင်နားထောင်ပါတယ် နောက်တော့ အရင်ကသစ်လိုချင်ပြီး သူ့ကိုဖွင့်မပြောခဲ့တဲ့ အရာအားလုံးကို သူပြောခဲ့ပါတယ် ။ သစ်တို့ရဲ့အကြောင်းတွေ ပြီးသွားတဲ့နောက်မှာ သူသစ်အတွက် ဘာတွေလုပ်နေတာရယ် အခုသူလိုချင်တဲ့ အခြေအနေကို ရောက်လို့သစ်ဆီကို ပြန်လာခဲ့ပြီဆိုတာလည်း ပါတယ် ။ အချိန်တစ်ခုပေးပြီး သစ်ကျေနပ်အောင် ပြန်လည်ပေးဆပ်တော့မယ် ဆိုတာရောလည်း ပါသေးတယ် ။ တကယ်တော့သူဟာ မျှော်လင့်ချက်တွေနဲ့ ပြန်လာခဲ့တာပါ ။ ဒါပေမယ့် သူပြောနေစဉ်မှာရော ပြောပြီးချိန်မှာရော သစ်ဘယ်လိုမှခံစားမှု မရှိတော့ပါဘူး ။ သစ်ရင်ထဲမှာသူမရှိတော့ဘူးဆိုတာ သစ်သေချာစွာ သိလိုက်ရတယ်လေ ။ ကောင်းသည်ဆိုးသည် တစ်ခုမှ မပြောပဲ ၂နာရီကျော် ဖုန်းပြောပြီးတဲ့နောက်မှာ သစ်ဖုန်းချခွင့်တောင်းခဲ့ပါတယ် ။ ဒီလိုနဲ့သစ်အိပ်ပျော်ပြီးတဲ့နောက် မနက်၃နာရီလောက်ကြီး အိပ်ယာနိုးလာပါတယ် နိုးနိုးချင်းသစ်အရမ်း သတိရသွားတာကတော့ ဒီအချိန်ဆို အလုပ်တွေလုပ်နေမယ့် သစ်သိပ်ချစ်ရတဲ့ ချစ်သူလေးကိုပါပဲ ။ အိပ်မရတာနဲ့အတူ လုပ်စရာရှိတာတွေကို ထိုင်လုပ်နေလိုက်တာ မိုးလင်းသွားပြန်ရောပေါ့နော် ။ စနေဆိုတဲ့ မနက်တိုင်း သစ်အိမ်ကိုဖုန်းဆက်လေ့ ရှိပါတယ် ။ ထူးခြားစွာအဖေကလည်း သစ်ကိုအရွယ်မငယ်တော့လို့ အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ ရှိသလား မရှိရင် မိဘတွေစီစဉ်မယ်ပေါ့နော် ။ သစ် အဖေ့ကို ဘာမှမပြောပဲ ရီနေလိုက်ပါတယ် ။ သစ် မိဘတွေက အသက်ကြီးပြီဆိုတော့ အိမ်ထောင်ပြုဖို့ ကျန်တဲ့သစ်ကို စိတ်ပူနေကြပါတယ် ။ မိဘရဲ့ဆန္ဒကိုလည်း မလိုက်လျောနိုင် သစ်ကိုယ်တိုင်လည်း ဘာမှမပြနိုင်တော့ သစ်စိတ်ညစ်သွားတယ်လေ ။ ဒါနဲ့သစ် သီချင်းတွေဆိုပြန်တယ် ပိတ်ရက်ဆိုတော့ ကွန်ကမကောင်းတော့ ဆိုတဲ့အပုဒ်တိုင်း ထစ်နေပြန်တယ် ( အဆင်မပြေပုံများနော် ) ။ နောက်ဆုံးတော့ သစ်စိတ်ထဲရှိရာချရေးမယ် ဆိုပြီး ဒီပို့စ်ကောက်ရေးလိုက်တာပါ ။ သစ်စာကို အမြဲလာဖတ်တဲ့သူများကို သစ်တောင်းဆိုချင်ပါတယ် သစ်ကိုတကယ်ချစ်တယ်ခင်တယ် ဆိုရင် သစ်ရဲ့နေရာကနေ ခံစားပြီးသင့်တော်တဲ့ အကြံဥာဏ်များကို ကွန့်မန့်တွင်ပေးသွားစေလိုပါတယ် ။ ဝေခွဲမရ စိတ်ပျက်စွာနဲ့ ပိတ်ရက်တွေကို ဖြတ်သန်းရပေဦးမယ်ကွယ်။

ဆက်ဖတ်ချင်သေးရင်...